အစမှအဆုံးထိ ဝမ်လင်းသည် မိန်းမငယ်လေးကို တစ်ချက်ပင် ကြည့်မသွားချေ။ မိန်းမငယ်လေးက ဝမ်လင်း ထွက်သွားသည့်ဘက်ကို ကြည့်ပြီး သူမ၏ မျက်ဝန်းထဲတွင် ဝေခွဲ မရနိုင်မှုများဖြင့် ပြည့်လာသည်။ ယခင်ကဆိုလျှင် မိုင်လျန်းသည် သူမကို အဆက်မပြတ် စိတ်ရှုပ်အောင် လုပ်သည်။ သူမက သူ့ကို အော်ပြော၊ ရိုက်နှက်လျှင်တောင်မှ သူက လက်မလျှော့ခဲ့ပေ။
သူမနှင့် မိုင်လျန်းသည် ရွာတစ်ခုတည်းတွင် အတူတူ ကြီးပြင်းခဲ့ကြ၏။ သူတို့၏ မိသားစုများကလည်း အလွန်ရင်းနှီးပြီး ကြီးလာလျှင် သူတို့နှစ်ယောက်ကို လက်ထပ်ပေးရန် စီစဉ် ထားခဲ့ကြသည်။ နောက်ပိုင်းတွင် သူတို့နှစ်ယောက်လုံး စစ်နတ်ဘုရား ဗိမာန်သို့ ဝင်ရောက်ခဲ့ကြ၏။ ထိုအချိန်မှစ၍ မိုင်လျန်းကို ကြည့်လိုက်တိုင်း တောသားလူနုံ တစ်ယောက်ကဲ့သို့ မြင်လာသည်။ သူတို့ နှစ်ယောက်သည် စေ့စပ် ကြောင်းလမ်းထားပြီး ဖြစ်သော်လည်း သူမက ထိုအကြောင်းကို ကောင်းကောင်း ဖုံးကွယ်ထားနိုင်ခဲ့သည်။ သူမက စေ့စပ်ကြောင်းလမ်းမှုကို အသုံးပြုပြီး မိုင်လျန်းကို ပြင်ပတိုက်ပွဲ မြေပြင်ထဲသို့ လွှတ်လိုက်ခြင်း ဖြစ်သည်။ သူသာ တိုက်ပွဲမြေပြင် အတွင်းမှ ပြန်လာနိုင်ခဲ့လျှင် သူမ၏ လက်တွဲဖော်အဖြစ် ရွေးချယ်မည်ဟု ပြောခဲ့သည်။
ယခု မိုင်လျန်းက ပြန်လာနိုင်ခဲ့သော်လည်း သူမကို လုံးဝလျစ်လျူ ရှုသွား၏။ ထိုအခါ သူမ၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားမှု တစ်ခုကို ခံစားလိုက်ရသည်။
ဝမ်လင်းကတော့ အချိန် တော်တော်ကြာအောင် ပျံသန်းပြီး နောက်တွင် တောင်တန်းတစ်ခု၌ ရပ်တန့်လိုက်သည်။ မိုင်လျန်း၏ မှတ်ဉာဏ်များအရ ဤနေရာသည် ကျော်ကြားသော မီးတောင်တန်းတစ်ခု ဖြစ်သည်။
ဟိုဖန်၏ သမိုင်းကြောင်းတွင် ဟိုဖန်းနိုင်ငံတွင် မီးတောင်များ တစ်ခါမှ မပေါက်ကွဲခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံသူများက အစီအရင်များဖြင့် ပိတ်ထားခြင်းကြောင့် ဖြစ်သည်။
ဝမ်လင်းက ဘေးပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုရင်း ရွာတစ်ရွာ၏ အပြင်ဘက်သို့ ရောက်လာသည်။ ရွာထဲတွင် ကလေးများက ပြေးလွှား ဆော့ကစားနေကြ၏။ ထိုမြင်ကွင်းကို ကြည့်ပြီး ဝမ်လင်း၏ နှလုံးသားထဲမှ စစ်ခနဲ နာကျင်သွားသည်။ အချိန်တော်တော် ကြာပြီးနောက်မှ သူက ရွာထဲသို့ ဖြည်းဖြည်းချင်း လမ်းလျှောက် ဝင်သွားလိုက်သည်။
စွန့်ပစ်ထားသည့် အိမ်တစ်လုံးထဲတွင် ရေပုံးတချို့တွေကို ရှာပြီး ရေဖြည့်ကာ အဝေးသို့ ပျံသန်းထွက်ခွာ သွား၏။
မီးတောင်များ ရှိရာသို့ ပြန်ရောက်လာပြီးနောက် သူက သဘာဝ ဂူတစ်လုံးကို တွေ့လိုက်ရသည်။ သူက ချက်ချင်း ဂူကိုပိတ်ကာ ကျောက်တုံးများဖြင့် အကာအကွယ် ဝင်္ကပါ အစီအရင်များ ပြုလုပ်လိုက်၏။ အကုန်လုံး သေချာ စီစဉ်ပြီးနောက်တွင် ထိုင်ချကာ ကျင့်ကြံခြင်းကို စတင်လိုက်သည်။
ကျင့်ကြံနေသည့် အချိန်တွင် ဝမ်လင်း၏ မျက်နှာက သွေးရောင်လုံးဝ မရှိပေ။ ပြင်ပတိုက်ပွဲ နယ်မြေထဲတွင် သူသည် ဒဏ်ရာ အပြင်းအထန် ရခဲ့ပြီး သူ၏ နတ်ဘုရား စိတ်အာရုံသည် အပိုင်းပိုင်း ကွဲကြေ သွားခဲ့ရသည်။ သူက ဒဏ်ရာများကို လျစ်လျူရှုပြီး သူ၏ ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံ အမျှင်လေးဖြင့် လွတ်မြောက်ခဲ့ရသည်။
ကျင့်ကြံခြင်းကို စတင်ပြီးနောက် သူက လေကို ပြင်းပြင်ရှူလိုက်ပြီး သူ၏ဝိညာဉ်ကို ပြုစု ပျိုးထောင်ရန် မျက်လုံးကို ပိတ်လိုက်သည်။ ထို့နောက် သူ၏ အတွေးများက ကိုယ်ပိုင် အသိစိတ်ထဲသို့ နစ်မြုပ်သွား၏။
ဝမ်လင်း၏ အသိစိတ်ပင်လယ်သည် ရွှေရောင်ဖြစ်သော်လည်း အသိစိတ် ပင်လယ်၏ အစိတ်အပိုင်း အများစုကို မီးခိုးရောင် မြူများက ဖုံးအုပ်ထား၏။ သေးငယ်သော အစိတ်အပိုင်းလေး တစ်ခုတွင် မီးခိုးရောင်မြူများက ဖုံးအုပ်ထားခြင်း မရှိဘဲ အနက်ရောင် အလင်းဆူးများက မီးခိုးရောင် မြူများကို ကာကွယ်ပိတ်ဆို့ ထား၏။
ထိုနေရာတွင် ၃ လက်မ ဓားတစ်ချောင်းက ထောင်မတ်ပြီး ရှိနေသည်။ ထိုအလင်းဆူးများသည် ဓားဆီမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ ဓား၏ ကိုယ်ပေါ်တွင် နီးနီးကပ်ကပ် ကြည့်မှသာ မြင်နိုင်သော အက်ကွဲနေသည့် အက်ကြောင်းများ ရှိ၏။
အသိစိတ် ပင်လယ်ထဲရှိ တခြားတစ်ဖက်တွင် အဖြူရောင် နယ်မြေတစ်ခု ရှိ၏။ ထိုနေရာတွင် မီးခိုးရောင် ကျောက်လုံးတစ်ခု ရှိပြီး မီးခိုးရောင် မြူများက မီးခိုးရောင် ကျောက်လုံးလေးနှင့် ၁၀ ပေအတွင်းသို့ မလာရဲ ကြချေ။
ဝမ်လင်း၏ အသိစိတ် ပင်လယ်ထဲတွင် ထိုနေရာ နှစ်ခုမှလွဲ၍ နေရာတိုင်းကို မီးခိုးရောင် မြူများက ဖုံးအုပ်ထားခြင်း ဖြစ်သည်။
ရုတ်တရက် အနီရောင် လျှပ်စီးတစ်ခုက ဖြတ်သန်းသွားသောကြောင့် မီးခိုးရောင်မြူများသည် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပြီး လျှပ်စီးတန်း ဖြတ်သွားရာတစ်လျှောက် မြူများက ဘေးသို့ ဖယ်ပေးကြရ၏။
ပြင်ပတိုက်ပွဲ မြေပြင်တွင် ဝမ်လင်း၏ နတ်ဘုရား စိတ်အာရုံသည် အလုံးစုံ ပြိုကွဲ သွားသော်လည်း ဂျိနယ်ပယ် နတ်ဘုရားစိတ်အာရုံ အမျှင်တန်းလေး တစ်ခုအဖြစ်သို့ သိပ်သည်း လိုက်နိုင်၏။ ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံသည် အလွန်ပါးလွှာ သေးငယ်သော်လည်း ယခင် နတ်ဘုရား စိတ်အာရုံထက် အဆပေါင်းများစွာ အစွမ်းထက်၏။
ယခင် နတ်ဘုရားစိတ်အာရုံသည် အလွန် ကြီးမားသော်လည်း လောကနိယာမကို မယှဉ်နိုင်ပေ။ သို့သော်လည်း ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံကတော့ လောကနိယာမကို တောင့်ခံပြီး လွတ်မြောက်စေနိုင်ခဲ့သည်။ ထို့ကြောင့် ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံ၏ စွမ်းအားသည် သာမန် မဟုတ်သည်မှာ ထင်ရှားနေလေသည်။
ထိုအနီရောင် လျှပ်စီးတန်းသည် ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံ အမျှင်တန်းလေး ဖြစ်သည်။
အနီရောင် လျှပ်စီးတန်းက ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မီးခိုးရောင် မြူများက လမ်းဖယ်ပေးနေရ၏။ လျှပ်စီးတန်းကြောင့် မြူများက တည်ငြိမ်မှု ပျက်ပြားလာ၏။ အနီရောင် လျှပ်စီးတန်းက ဓားဘေးသို့ ရောက်လာသည်နှင့် ဓားထဲသို့ ဝင်ပြီး ပြန်ထွက်သွား၏။
ထိုအခါ အစိမ်းရောင်ဓားသည် ချက်ချင်း တဝီဝီ မြည်လာပြီး အနီရောင် လျှပ်စီးတန်း၏ နောက်သို့ လိုက်သွားလေသည်။
အလင်းတန်းနှစ်ခုက မြူထဲသို့ ဖြတ်သန်းသွားသောအခါ ရွှေရောင် ပင်လယ်ကြီးက လှိုင်းများ ထလာသည်။ အလင်းတန်းနှစ်ခုက ပုတီးစေ့ဆီသို့ ရောက်သောအခါ ပုတီးစေ့ကလည်း သူတို့နောက်သို့ လိုက်ပြီး မီးခိုးရောင်မြူထဲမှ ထွက်လာ၏။
ရုတ်တရက် ဝမ်လင်းက မျက်လုံးကို ဖွင့်လိုက်ပြီး လက်နှစ်ဖက်ဖြင့် အစီအရင် တစ်ခုကို ပြုလုပ်ကာ အစီအရင်ကို နဖူးပေါ်သို့ ဖိလိုက်၏။ ရုတ်တရက် နဖူးမှ အလင်းနှစ်ခု တောက်ပလာပြီး ဓားတစ်ချောင်းနှင့် ပုတီးစေ့တစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။
ဝမ်လင်းက ထိုပစ္စည်းနှစ်ကို ကြည့်တောင် မကြည့်ဘဲ မျက်လုံးကို ပြန်မှိတ်လိုက်သည်။ သူ၏ အနီရောင် အလင်းတန်းက အသိစိတ်ပင်လယ်မှ ထွက်လာပြီး မူမမှန်သည့် အရာများကို လှည့်ပတ် ရှာနေပြီးနောက် မတွေ့မှ ရွှေရောင်ပင်လယ်ထဲသို့ ငုပ်လျှိုးသွား၏။
ရွှေရောင်ပင်လယ်၏ အနက်ပိုင်းတွင် အနီရောင် လျှပ်စီးတန်းသည် ရွှေရောင်ပင်လယ်မှ စွမ်းအင်များကို တဖြည်းဖြည်း စုပ်ယူရင်း အနားယူနေသည်။
သူ၏ ဂျိနယ်ပယ် နတ်ဘုရားစိတ်အာရုံက ရွှေရောင်ပင်လယ်ထဲ၌ တဖြည်းဖြည်း ကြီးထွား လာသည်ကို ဝမ်လင်း ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ ထိုဖြစ်စဉ်က နှေးကွေးနေသော်လည်း သူ အသက်ရှင်နေသမျှ ပတ်လုံး သူ၏ဝိညာဉ်က ဆက်လက် ကြီးထွားနေပြီး တစ်ရက်တွင် မူလ အရွယ်အစားထိ ပြန်ရောက် နိုင်သည်ကိုလည်း ခံစားသိရှိနေသည်။
ထိုရက်ကသာ အမှန်တကယ် ရောက်လာခဲ့ပါက လောကနိယာမသည် သူ၏ မျက်လုံးထဲတွင် ဘာမှ မဟုတ်တော့ပေ။ ပျက်စီးခြင်း လောကထဲကိုလည်း စိတ်ရှိတိုင်း ဝင်ထွက် သွားလာနိုင်မှာ ဖြစ်သည်။
ဝမ်လင်းက သူ့ရှေ့မှ အလင်းနှစ်ခုကို ကြည့်ပြီး သိုလှောင်အိတ် ၂ ခုကို ထုတ်ယူလိုက်သည်။ သိုလှော်အိတ်ထဲမှ မှော်ရတနာ ပစ္စည်းများ အားလုံးသည် လောကနိယာမကို တားဆီးရာတွင် အသုံးပြုခဲ့ပြီး ဖြစ်သည်။
တခြား ပစ္စည်းများကိုတော့ လိပ်ခွံအကာအကွယ် ဝင်္ကပါ အစီအရင် ပြုလုပ်သည့် အချိန်က အမျိုးအစား ၃ မျိုး ခွဲခြားထားခဲ့၏။ ဝမ်လင်းက သိုလှောင်အိတ်အတွင်းမှ သူ၏ လက်ဝါးအရွယ် အနက်ရောင် သတ္တုတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုသတ္တု အပိုင်းအစသည် ချပ်ဝတ်တန်ဆာ တစ်ခုမှ ဖြစ်သည်ကို ကြည့်ရုံဖြင့် သိနိုင်သည်။ ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။ သူသည် သတ္တုပစ္စည်းများနှင့် ပတ်သက်လျှင် အသိပညာ နည်းပါးလှသည်။ သူ့ထံတွင် သိုလှောင်အိတ် ၂ လုံးအပြည့် သတ္တုပစ္စည်းများ ရှိနေသော်လည်း ဘယ်လို အသုံးပြုရမည် ဆိုတာကို သူ မသိချေ။
သူ့လက်ထဲတွင် ရှိသည့် သတ္တုအပိုင်းအစသည် သန့်စင်သတ္တု အပိုင်းအစ ဖြစ်သည်ကိုတော့ သူ သိ၏။
သန့်စင်သတ္တုကို ဟုန်ယွီဂိုဏ်းတွင် ရှိနေစဉ်က လဲလှယ်ပွဲ၌ တွေ့ခဲ့ရခြင်း ဖြစ်သည်။ သန့်စင် သတ္တုသည် ဓားပျံများ ပြုလုပ်ရာတွင် အရေးကြီးသော ပစ္စည်းတစ်ခု ဖြစ်၏။
ဝမ်လင်းက သိုလှောင်အိတ်ကို သိမ်းလိုက်ပြီးနောက် ယခု ကျင့်ကြံခြင်း ပြီးဆုံးသွားလျှင် ဝင်္ကပါ အစီအရင်များကို သတ္တုပစ္စည်းများဖြင့် ကြိုးစားကြည့်မည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။
ဝမ်လင်းက သန့်စင်သတ္တုကို လေထဲသို့ ပစ်ပြီးနောက် အစိမ်းရောင်ဓားက ချက်ချင်း လှုပ်ရှားသွားကာ သတ္တုထဲသို့ ထိုးစိုက်သွား၏။ သန့်စင်သတ္တု၏ အလယ်မှ အစိမ်းရောင် အလင်းစက် တစ်စက် ပေါ်လာကာ နောက်ဆုံးတွင် အစိမ်းရောင် အလင်းက တဖြည်းဖြည်း ပျံနှံသွားပြီး ဓားချီတစ်ခု ထွက်ပေါ်လာသည်။ (ဝမ်လင်းရဲ့ အသိစိတ် ပင်လယ်ထဲက ထုတ်လာတဲ့ အစိမ်းရောင်ဓားက ကိုယ်ထည် မရှိတော့တဲ့ အစိမ်းရောင် ဓားလေးရဲ့ ဓားဝိညာဉ်ပါနော်)
ဝမ်လင်းသည် ထိုမြင်ကွင်းကို ကြည့်ပြီး ခါးသက်စွာ ပြုံးလိုက်သည်။ မှော်ရတနာ တစ်ခုကို မည်သို့ သန့်စင်ရမည်ကို ဝမ်လင်း မသိချေ။ ဤအရာက သူလုပ်နိုင်သည့် အကောင်းဆုံးအရာ ဖြစ်သည်။
ဝမ်လင်းက စိတ်ထဲမှတစ်ဆင့် ဓားကို စေခိုင်းလိုက်ရာ သန့်စင်သတ္တု အပိုင်းအစက ဖျတ်ခနဲ သူ့ရှေ့တွင် ပေါ်လာသည်။ ထို့နောက် သန့်စင်သတ္တု အပိုင်းအစ၏ ထောင့်စွန်းများသည် နီရဲလာပြီး အရည်ပျော်ကျကာ မြေပြင်ပေါ်သို့ ကျသွား၏။
ထို့နောက် ဝမ်လင်းက မသိမသာ သက်ပြင်းချလိုက်ပြီး သတ္တု အပိုင်းအစ၏ အပူချိန်ကို လျော့ချကာ သိုလှောင်အိတ်အတွင်းသို့ သိမ်းထားလိုက်သည်။
ထို့နောက် သူက ပုတီးစေ့၏ ပုံရိပ်ကို ကြည့်ပြီး ပုတီးစေ့သည် သူ၏ ဝိညာဉ်နှင့် ဆက်သွယ်မှုတစ်ခု ရှိသည်ဟု ခံစားရသည်။ ဝမ်လင်းက လက်ကို ဝှေ့ယမ်းပြီး လက်ဝါး ဖြန့်လိုက်ရာ ပုတီးစေ့ပုံရိပ်က သူ့လက်ပေါ်သို့ ကျလာပြီး တဖြည်းဖြည်း အစိုင်အခဲ ဖြစ်လာသည်။
ပုတီးစေ့ပေါ်တွင် သစ်ရွက်ပုံနှစ်ခု ရှိနေ၏။ ဝမ်လင်းက အချိန်မဆွဲဘဲ ရေပုံးထဲသို့ ပုတီးစေ့ကို ထည့်လိုက်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် ဝမ်လင်းက ပုတီးစေ့ကို ထုတ်ယူပြီး ရေကို သောက်လိုက်သည်။ ရုတ်တရက် စိတ်စွမ်းအင်များက သူ့ကိုယ်ထဲသို့ စီးဝင်လာသည်ကို ခံစားမိလိုက်ပြီး နောက်ထပ် ရေပုံး ၃ ပုံးကိုလည်း ပုတီးစေ့ ထည့်လိုက်၏။ ထို့နောက် ဝမ်လင်းသည် ပုတီးစေ့ကို စိုက်ကြည့်ပြီး အိပ်မက် နယ်မြေအတွင်းသို့ ဝင်ရောက်သွား၏။
အိပ်မက် နယ်မြေထဲသို့ ရောက်သောအခါ ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီး စစ်ထူနန် ရှိသည့် နေရာသို့ သွားလိုက်၏။
စစ်ထူနန်၏ စဦးစိတ်ဝိညာဉ်သည် ယခုအချိန်တွင် ပုံမှန်လူတစ်ယောက် အရွယ်အစား၏ ၁၀ ပုံ ၁ ပုံခန့်သာ ရှိတော့ပြီး ယခင် အရွယ်အစားနှင့် ယှဉ်လိုက်ပါက မိုးနှင့်မြေလို ကွာခြားလှသည်။
စဦးစိတ်ဝိညာဉ်က အလွန် မှိန်နေပြီး ခြောက်ကပ်ကပ် နိုင်လှသည့်အပြင် မျက်လုံးများက ပိတ်ထား၏။ စဦး စိတ်ဝိညာဉ်ဘေးတွင် အားနည်းသော အလင်းရောင်နှစ်ခု ရှိနေသည်။
ဝမ်လင်းသည် ထိုအလင်း မှိန်မှိန်လေး နှစ်ခုကို ကြည့်ပြီး မျက်ရည်များ စီးကျလာကာ ဒူးထောက် လိုက်၏။
အချိန်တော်တော် ကြာပြီးနောက် ခြေချိတ်ထိုင်ပြီး ရေပုံး ၄ ပုံးထဲမှ ရေကို သောက်ကာ ကျင့်ကြံမှုကို စတင်လိုက်သည်။
ယခု ဝမ်လင်း၏ ခန္ဓာကိုယ်သည် ကျင့်ကြံခြင်းကို မစတင်ရသေးသော ခန္ဓာကိုယ်ကဲ့သို့ ဖြစ်နေ၏။ ထို့ကြောင့် ကျင့်ကြံခြင်းကို အစမှ ပြန်ကျင့်ရသည်။ သို့သော်လည်း ဝမ်လင်း၏ ခန္ဓာကိုယ်ဖြစ်စေ၊ မိုင်လျန်း၏ ခန္ဓာကိုယ်ဖြစ်စေ ခန္ဓာကိုယ် နှစ်ခုစလုံးသည် ချီစုစည်းခြင်း အဆင့်တွင် အတွေ့အကြုံ ရှိသဖြင့် ပြန်လည် ကျင့်ကြံရသည်မှာ ဝမ်လင်းအတွက် လွယ်ကူနေသည်။
တဖြည်းဖြည်းနှင့် အချိန်များက ကုန်ဆုံးလာပြီး အိပ်မက် နယ်မြေထဲတွင် ၇ နှစ် ကုန်သွား၏။
စတင် ကျင့်ကြံကတည်းက အိပ်မက်နယ်မြေ သို့မဟုတ် အပြင်ဘက်တွင် ရှိနေသည့် အချိန် အားလုံးကို ကျင့်ကြံခြင်းတွင်သာ အသုံးချခဲ့သည်။ မလေ့ကျင့် ဖြစ်သည့် အချိန်သည် စိတ်ဝိညာဉ် ပြုလုပ်သည့် အချိန်သာ ရှိ၏။
အိပ်မက်နယ်မြေ အတွင်း၌ ၃ နှစ်မြောက်တွင် ဝမ်လင်းသည် ချီစုစည်းခြင်း အလွှာ ၁၅ သို့ ရောက်ရှိသွားပြီး နောက်ထပ် ၂ နှစ် ကျော်သောအခါ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်သို့ ရောက်သွား၏။ နောက်ဆုံး တစ်နှစ်ကျော်တွင် ဝမ်လင်းက ယခင် သူ၏ ကျင့်ကြံခြင်း အဆင့်ဖြစ်သည့် ခန္ဓာကိုယ် သန့်စင်ခြင်း အလယ်အဆင့်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
သူ၏ ဂျိနယ်ပယ်နတ်ဘုရား စိတ်အာရုံနှင့် ဆိုလျှင် ဝမ်လင်းသည် ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် အားလုံးကို အနိုင်ယူနိုင်စွမ်း ရှိပြီး အမြုတေ ဖွဲ့တည်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူကိုပင် တိုက်ခိုက် နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိသည်။ သူသာ ခန္ဓာကိုယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကို ရောက်ရှိ သွားပါက အမြုတေဖွဲ့တည်ခြင်း အစောပိုင်း အဆင့်တစ်ယောက်ကို သတ်ဖြတ်နိုင်ရန် ၇၀ ရာခိုင်နှုန်းအထိ အောင်မြင် နိုင်လိမ့်မည်ဟုလည်း ခံစားရသည်။
အလားတူစွာပင် သူက အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်သွားလျှင် စဦး စိတ်ဝိညာဉ် အဆင့်အောက် ကျင့်ကြံသူများတွင် ပြိုင်ဘက်ကင်း တစ်ယောက် ဖြစ်သွားလိမ့်မည် ဖြစ်၏။
ထိုအရာသည် ဂျိနယ်ပယ်၏ စွမ်းအား ဖြစ်သည်။
ဂျိနယ်ပယ်နှင့် ဝမ်လင်း၏ ကြားထဲရှိ ဆက်ဆံရေးသည် ရေနှင့်ငါးကဲ့သို့ ဖြစ်သည်။ ဂျိနယ်ပယ်က အစွမ်း ထက်သော်လည်း သူက အစွမ်းမထက်လျှင် ဂျိနယ်ပယ်က အစွမ်း ပြနိုင်တော့မည် မဟုတ်ချေ။ သူ၏ကျင့်ကြံခြင်း အဆင့်ကသာ မြင့်လာပါက ဂျိနယ်ပယ်၏ စွမ်းအားသည်လည်း အားကောင်းလာမည် ဖြစ်သည်။
ယခုအချိန်တွင် ဝမ်လင်းသည် မိုင်လျန်း၏ ခန္ဓာကိုယ်နှင့် အပြည့်အဝ ပေါင်းစပ်သွားပြီး ဖြစ်သည်။ မသက်မသာ ခံစားရမှုများ မရှိတော့သော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းမှ အေးစက်မှုသည် ပိုမို ပြင်းထန်လာသည်။ ထိုအအေးဓာတ်သည် မည်သူကမှ အရည်ပျော်အောင် မလုပ်နိုင်သည့် နှစ်တစ်သောင်း ရေခဲတုံးကြီးကဲ့သို့ အေးစက် လွန်းလှသည်။
***