Switch Mode

အခန်း (၁၂၆)

ဟိုဖန်နိုင်ငံ

ဂျိနယ်ပယ်ဝိညာဉ်ကြောင့် လက်ကြီးက ရုတ်တရက် ရပ်တန့်သွားသည့် အချိန်တွင် ဝမ်လင်း၏ ခန္ဓာကိုယ်က ရွှေ့ပြောင်းရေး အစီအရင် အတွင်းမှ ပျောက်ကွယ်သွား၏။

ထိုအခါ ကြီးမားသော လက်ကြီးသည် အနက်ရောင် လိုင်းများအဖြစ် ပြောင်းလဲသွားကာ အချိန် တော်တော်ကြာအောင် ရွှေ့ပြောင်းရေး အစီအရင်နားတွင် ရစ်သီရစ်သီ လုပ်ပြီးနောက် နောက်ဆုံးတွင် ပျောက်ကွယ်သွား၏။

ဂျိနယ်ပယ်၏ တည်ရှိမှုကြောင့် ဝမ်လင်းသည် ပျက်စီးခြင်းလောကမှ သက်ရှိ လောကဆီသို့ သွားနိုင်ခဲ့သော ပထမဆုံး ဝိညာဉ်စားသုံးသူ တစ်ယောက် ဖြစ်လာခဲ့သည်။ သူ၏ ဝိညာဉ်က ဂျိနယ်ပယ် စိတ်ဝိညာဉ် အစိတ်အပိုင်း အသေးလေးအဖြစ် သန့်စင်ခြင်း ခံလိုက်ရသော်လည်း ဝိညာဉ်စားသုံးသူ တစ်ယောက်၏ အဆီအနှစ်များသည် သူနှင့်အတူ ရှိနေသေး၏။

***

ဟိုဖန်နိုင်ငံသည် အဆင့် (၃) ကျင့်ကြံခြင်း နိုင်ငံတစ်ခုဖြစ်ပြီး ဆုဇခုဂြိုလ်၏ တောင်ဘက် အစိတ်အပိုင်း တစ်ခုပေါ်တွင် တည်ရှိပြီး နတ်ဆိုးပင်လယ်၏ တောင်ဘက်တွင် ရှိ၏။

ဤနေ့တွင် ဟိုဖန်နိုင်ငံ၏ အလယ်ရှိ မီးတောင်ထိပ်ပေါ်၌ စစ်နတ်ဘုရားဗိမာန်မှ လူတစ်စု မတ်တတ်ရပ်နေသည်။

စစ်နတ်ဘုရားဗိမာန်၏ စဦးစိတ်ဝိညာဉ်အဆင့် (၆) ယောက်သည် ဟိုဖန်နိုင်ငံတွင် ထိပ်ဆုံး၌ ရပ်တည်နေသာ ကျင့်ကြံသူများ ဖြစ်၏။ ထို့ကြောင့် သူတို့က ပြင်ပတိုက်ပွဲမြေပြင် ဝင်ရန်အတွက် ပြိုင်ပွဲကို ဖျက်ဆီးပစ်ပြီး သူတို့တစ်ဂိုဏ်းတည်းသာ ပြင်ပတိုက်ပွဲမြေပြင် အတွင်းသို့ ဝင်ရောက်ခဲ့ကြ၏။

ထိုလူစုကို ဦးဆောင်နေသည့် လူသည် စဦးစိတ်ဝိညာဉ် အဆင့်တစ်ယောက် မဟုတ်သော်လည်း ဟော်ဟုန်းဖိန်ဟု အမည်ရှိသော အမြုတေ ဖွဲ့တည်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူ၏ ကျင့်စဉ်နည်းစနစ်က ကောင်းကင်လမ်း ဖြစ်သောကြောင့် သူ၏အသက်သည် (၂၀၀) ရှိနေပြီဟု မထင်ရဘဲ ခန့်ညားသော သက်လတ်ပိုင်းလူကြီး တစ်ယောက်၏အသွင် ရှိ၏။

ကောင်းကင်လမ်းကျင့်စဉ်သည် စစ်နတ်ဘုရား ဗိမာန်၏ ထိပ်ဆုံးကျင့်စဉ် နည်းစနစ်တစ်ခု ဖြစ်သည်။ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်သို့ ရောက်လျှင် ထိုနည်းစနစ်ကို အသုံးပြုနိုင်၏။ ထိုနည်းစနစ်သည် အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်အောင် ကူညီပေးနိုင်သည်ဟု တချို့က ပြောကြ၏။ မည်သို့လုပ်ရသည်ကိုတော့ အပြင်လူများ မသိကြချေ။

ကောင်းကင်လမ်း ကျင့်စဉ်က ဤကဲ့သို့ အစွမ်းထက်နေသည့်အတွက် တခြားဂိုဏ်းများက လုယူချင်သော်လည်း စစ်နတ်ဘုရားဗိမာန်ကို ယှဉ်နိုင်သည့် စွမ်းရည်မျိုး မရှိကြချေ။

သို့သော်လည်း တခြားလူများက ခဏခဏ ခိုးယူရန် ကြိုးစားနေကြသောကြောင့် နောက်ဆုံးတွင် စစ်နတ်ဘုရားဗိမာန်က နှစ် (၂၀) တိုင်းတွင် ကောင်းကင်လမ်း ကျင့်စဉ်ကို ကြည့်ခွင့်ပေးရန် ဆုံးဖြတ်ခဲ့ရသည်။ သို့သော်လည်း ကောင်းကင်လမ်း ကျင့်စဉ်ကို ကြည့်ရန်အတွက် စိတ်ဝိညာဉ် ကျောက်တုံးများ လုံလုံလောက်လောက် ပေးချေရမည် ဖြစ်သည်။ ထို့အပြင် နားလည်သဘော ပေါက်မပေါက်ကတော့ သူတို့နှင့်သာ သက်ဆိုင်ပေသည်။

ရလဒ်အနေဖြင့် စစ်နတ်ဘုရား ဗိမာန်သည် ကောင်းကင်လမ်း ကျင့်စဉ်ကို စိုးရိမ်နေစရာ မလိုတော့သည့်အပြင် ကြီးမားသည့် ဝင်ငွေပမာဏကိုလည်း ရရှိ၏။ ထို့ကြောင့်လည်း သူတို့က ကျေနပ်ရသည်။

ထိုကောင်းကင်လမ်း ကျင့်စဉ်သည် စာလုံး (၁၀၀) သာရှိပြီး တစ်လုံးချင်းစီတိုင်းက နားလည်ရန် ခက်ခဲလှသည်။

ဟော်ဟုန်ဖိန်သည် စစ်နတ်ဘုရားဗိမာန်မှ ပင်ကိုယ်စွမ်းရည်ရှိသော အဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီး ကောင်းကင်လမ်း ကျင့်စဉ်ကို သူ့ဘဝသက်တမ်း တစ်ဝက်ကျော် လေ့လာခဲ့ပြီး ဖြစ်သည်။ ထိုကျင့်စဉ်က အစွမ်း ထက်ရုံသာမက ရုပ်ရည်ကိုလည်း ထိန်းသိမ်းပေးနိုင်စွမ်း ရှိ၏။ ထို့ကြောင့် ကောင်းကင်လမ်း ကျင့်စဉ်သည် စစ်နတ်ဘုရားဗိမာန်မှ တပည့်များ၏ အကြိုက်တစ်ခု ဖြစ်နေရသည်။

ဟော်ဟုန်ဖိန်၏ဘေးတွင် လူတစ်စု ရပ်နေသည်။ ထိုလူစုထဲတွင် အလွန်လှပသော အမျိုးသမီးငယ်လေးက သူ့ဘေးမှ အရပ်ရှည်ရှည် ကောင်လေးတစ်ယောက်နှင့် မပွင့်တပွင့် စကား ပြောနေလေသည်။ သူမ၏ မျက်ဝန်းထဲတွင် ကြင်နာမှု အရိပ်အယောင်များကလည်း ပေါ်နေသည်။

ရုတ်တရက် ရွှေ့ပြောင်းရေး အစီအရင်က ပွင့်လာသောအခါ လူတိုင်း၏ အကြည့်က ရွှေ့ပြောင်းရေး အစီအရင်ပေါ်သို့ ရောက်သွားကြ၏။ ရွှေ့ပြောင်းရေး အစီအရင်က တောက်ပသည်ထက် တောက်ပလာပြီး လူ (၃) ယောက်၏ ပုံရိပ်များက ပေါ်လာသည်။

ဟော်ဟုန်းဖိန်က မျက်မှောင်ကြုတ်ပြီး မသိမသာ သက်ပြင်း ချလိုက်သည်။ ပြင်ပတိုက်ပွဲ မြေပြင်သည် ပျက်စီးလာသည့်အတွက် တပည့်အများစုသည် ပြန်မလာနိုင်ကြဟု သူ ကြားထား၏။ သို့သော်လည်း လူ (၃) ယောက်ကို မြင်သောအခါ သူ့စိတ်ထဲတွင် ပြင်ဆင်ထားတာတောင်မှ ဝမ်းနည်းမှုကို ခံစားလိုက်ရသေး၏။

ထို (၃) ယောက်ထဲမှ တစ်ယောက်က ကျိုးဇီဟောင် ဖြစ်သည်ကို မြင်ရသောအခါ စိတ်သက်သာရာ ရသွား၏။ ကျိုးဇီဟောင်သည် သူ၏ တပည့်ဖြစ်ပြီး အလွန်လည်း ခေါင်းမာလေသည်။ သူမက ပြင်ပတိုက်ပွဲမြေပြင် အတွင်းသို့ သွားချင်သည်ဟု သူ့ကို ပြောသည့် အချိန်က သူက အပြင်းအထန် သဘောမတူခဲ့ပေ။ သို့သော်လည်း သူမသည် မရမက တောင်းဆိုခဲ့၏။

နောက်ဆုံးတွင် ဟောဟုန်းဖိန်သည် ကူရာမဲ့ဖြစ်ပြီး သူမကို မှော်ရတနာ ပစ္စည်းတချို့ ထည့်ပေးလိုက်ကာ အင်တင်တင်ဖြင့် ခွင့်ပြုပေးခဲ့ရသည်။ ယခု သူမက ပြန်လာပြီ ဖြစ်သည့်အတွက် သူလည်း စိတ်သက်သာရာ ရသွားပြီး ဖြစ်သည်။

သူတို့ (၃) ယောက်က ပေါ်လာသည်နှင့် သူ့ရှေ့မှ လူစုကို ပြုံးပြလိုက်၏။ သို့သော်လည်း သူတို့ (၃) ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး စိတ်များ လေးလံနေကြသည်။

ယခုအချိန်တွင် သူတို့ ကြောက်လန့်နေကြသည်မှာ ဝမ်လင်း အသက်ရှင်မရှင် ဖြစ်သည်။ အကယ်၍ ဝမ်လင်းသာ သေဆုံးသွားခဲ့ပါက သူတို့လည်း သေဆုံးသွားရပေလိမ့်မည်။

ဟောဟုန်ဖိန်ကို သူ့တို့ကို ကြိုဆိုပြီးနောက် သူက ပြောလိုက်သည်။

“မဆိုးဘူး … အားလုံးရဲ့ ကျင့်စဉ်က အများကြီး တိုးတက်လာကြတာပဲ … ဇီဟောင်နဲ့ ယန်ရှုံး … မင်းတို့နှစ်ယောက်က ‌ခန္ဓာကိုယ်သန့်စင်ခြင်း နှောင်းပိုင်အဆင့်ကို ရောက်သွားပြီပဲ … လင်းတောက် … မင်းကတော့ သူတို့ထက် နည်းနည်းလေး နောက်ကျနေတယ် … ဒါပေမဲ့လည်း အားလုံးက နောက်တစ်ဆင့် ဝင်ရောက်ဖို့ အလွန်နီးကပ်နေပြီ … အရမ်းကောင်းတယ် … မင်းတို့ ရလာတဲ့ အတွေ့အကြုံတွေနဲ့ဆိုရင် မင်းတို့ရဲ့ ကျင့်စဉ်က အများကြီး တိုးတက်သွာဦးမှာ … ဒါပေမဲ့ တပည့် နည်းနည်းလေးပဲ ပြန်လာနိုင်တာက ဝမ်းနည်းစရာတော့ ကောင်းတယ် …“

ကျိုးဇီဟောင်က သက်ပြင်းချပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ဆရာ … ပြင်ပတိုက်ပွဲ မြေပြင်က ရုတ်တရက် ပျက်စီးလာပြီးတော့ ထူးဆန်းတဲ့ သက်ရှိတွေ အများကြီး ထွက်လာခဲ့တယ် … သူတို့က ကျင့်ကြံသူတစ်ယောက်ပေါ် ခုန်တက်လာပြီ ဆိုတာနဲ့ … အဲဒီ ကျင့်ကြံသူက ချက်ချင်း သေဆုံးသွားရတယ် … အဲဒီသက်ရှိတွေကို ဘယ်သူမှလည်း မခုခံနိုင်ကြဘူး … သာမန်ဆိုရင် တပည့်တို့ရဲ့ ရရှိလာတဲ့ အကျိုးအမြတ်တွေက အရမ်းပဲ များပါတယ် … ဒါပေမဲ့ အခုတော့ … “

ထိုစကားကို ပြောပြီးသည်နှင့် သူ၏မျက်နှာက ချက်ချင်း သုန်မှုန်သွား၏။

ဟော်ဟုန်းဖိန်က လက်ကို ဝှေ့ယမ်းပြီး သုံးယောက်လုံးကို ကြည့်၍ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဒီအကြောင်းကို နောက်မှ ပြောကြတာပေါ့ … ငါ့ကို ပြောပြစမ်းပါဦး … မင်းတို့ရဲ့ အသွင်အပြင်က ဘာလို့ မပြောင်းလဲရတာလဲ… “

တိုက်ပွဲမြေပြင် အတွင်းတွင် ရုပ်ရည်က မပြောင်းလဲသော်လည်း အပြင်သို့ ရောက်သည်နှင့် နှစ် (၅၀) စာ ရုပ်ရည်က ပြောင်းလဲသွားရပေမည်။ သူတို့၏ ကျင့်စဉ်က ရုပ်ရည်ကို ထိန်းပေးနိုင်သည် ဆိုသော်လည်း သူတို့ ဝင်သွားသည့် အချိန်ကနှင့်တော့ တစ်ထပ်တည်းတူရန် မဖြစ်နိုင်ပေ။

ယန်ရှုံးက အကြီးဆုံး တပည့်ဖြစ်ပြီး ဂိုဏ်းခေါင်းဆောင်၏ ဂုဏ်ယူရသည့် တပည့်တစ်ယောက် ဖြစ်သည်။ သူက ဟော်ဟုန်ဖိန်း၏ စကားကို ကြားသည်နှင့် အလျင်အမြန် ပြောလိုက်သည်။

“တိုက်ပွဲ မြေပြင်ထဲမှာ ဂျူနီယာညီလေး မိုင်လျန်းက ဆေးတစ်မျိုးကိုရပြီး ကျွန်တော်တို့ကို လာပေးတယ် … ကျွန်တော်တို့ (၃) ယောက်လုံးက သူ့ဆီက ဆေးလုံ (၂) လုံးစီကို လက်ခံယူခဲ့တယ် … အဲဒီဆေးက နှစ်တစ်ရာလောက်ထိ ကျွန်တော်တို့ရည်ကို ထိန်းသိမ်းပေးနိုင် လောက်တဲ့အထိ အစွမ်းထက်တယ် … “

ထိုအခါ ဘေးနားရှိ တပည့်များ အားလုံးသည် အားကျ၊ မနာလိုသည့် အကြည့်များဖြင့် သူတို့ကို ကြည့်လိုက်ကြသည်။ အထူးသဖြင့် အမျိုးသမီးငယ်လေး ဖြစ်သည်။ သူမက ကျိုးဇီဟောင်ကို ကြည့်ပြီး မေးလိုက်သည်။

“ဂိုဏ်းတူအစ်မကျိုးမှာ အဲဒီဆေးလုံး ရှိသေးလား… “

ကျိုးဇီဟောင်က သူမကို အေးစက်စွာ ကြည့်ပြီး ပြန်ပြောလိုက်သည်။

“ဂိုဏ်းတူမောင်လေး မိုင်လျန်းကို မင်း မေးသင့်တယ် … “

ထိုအမျိုးသမီးငယ်သည် စိတ်ထဲတွင် ခုသွားသော်လည်း ပြုံးပြကာ ဆက်မပြောတော့ပေ။ သူမ စိတ်ထဲတွင် မိုင်လျန်းက သေသွားပြီ ဖြစ်သည့်အတွက် သူမက ဘယ်လိုလုပ် မေးနိုင်တော့မလဲဟု တွေးနေလေသည်။ ကျိုးဇီဟောင်သည် သူမကို မပြောပြချင်သည်မှာ ထင်ရှားနေ၏။

သူမဘေးမှ အရပ်ရှည်ရှည် လူငယ်လေးက သူမ၏နားတွင် ကပ်ပြီး တစ်ခုခု ပြောလိုက်ရာ သူ၏ လျှာက သူမ၏နားကို ထိသွားသည့်အတွက် သူမ၏ မျက်နှာလေးက နီရဲသွား၏။

ဟော်ဟုန်းဖိန်းက ထိုနှစ်ယောက်ကို လျစ်လျူရှုပြီး ကျိုးဇီဟောင်တို့ လူစုကို ကြည့်ကာ ပြောလိုက်သည်။

“ကောင်းပြီ … အားလုံးလည်း ပြန်လာပြီဆိုတော့ ငါတို့ ပြန်ရအောင် … ဘိုးဘေးလွမ်ဖန်းက တံခါးပိတ် ကျင့်ကြံနေရာက ထွက်ပြီး မင်းတို့ဆီက ပြင်ပတိုက်ပွဲမြေပြင်က ကိစ္စတွေကို သိချင်နေတယ် …“

လင်းတောက်က အနည်းငယ် တုံ့ဆိုင်းနေပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ဂိုဏ်းတူညီလေးမိုင်လျန်း အထဲမှာပဲ ရှိသေးတယ် … အခြေအနေတွေက ရှုပ်ထွေးနေတော့ သူက ကျွန်တော်တို့ကို အရင်သွားခိုင်းလိုက်တာ … “

ဟော်ဟုန်းဖိန်၏ မျက်ခုံးနှစ်ဖက်သည် မြင့်တက်သွားပြီး အံ့အားသင့်သော အသံဖြင့် ပြောလိုက်သည်။

“မိုင်လျန်းလား … သူလည်း အသက်ရှင်နေသေးတာလား … “

ထိုစကားကို ပြောလိုက်သည်နှင့် စစ်နတ်ဘုရားဗိမာန်မှ တပည့်များ၏ အမူအရာသည် ထူးဆန်းသွား၏။ အထူးသဖြင့် မိန်းမငယ်လေး ဖြစ်သည်။ သူမက မေးလိုက်သည်။

“မိုင်လျန်း မသေသေးဘူးလား … “

ကျိုးဇီဟောင်၏ အမူအရာက ထူးဆန်းသွားပြီး ထိုမိန်းမငယ်ကို ကြည့်ကာ ပြောလိုက်သည်။

“ဂိုဏ်းတူညီမလေး စိတ်အေးလက်အေး နေနိုင်ပါတယ် … ဒီနှစ် (၅၀) အတွင်းမှာ သူ့ရဲ့ ပုံစံတွေက ပြောင်းလဲသွားပြီဖြစ်လို့ သူနဲ့ပတ်သက်ပြီး ဂိုဏ်းတူညီမလေး စိတ်ရှုပ်ရမှာ မဟုတ်တော့ဘူး … “

မိန်းမငယ်လေးက မျက်မှောင်ကြုတ်ပြီး ခေါင်းကို ခါရမ်းကာ ပြောလိုက်သည်။

“တခြားသူတွေ နားမလည်ပါဘူး … သူက ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ … “

ဟော်ဟုန်းဖိန်က သူမကို စိုက်ကြည့်ပြီး အော်ပြောလိုက်သည်။

“ဘယ်လို အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေတာလဲ … မင်းက မိုင်လျန်းကို သေစေ ချင်နေတာလား … မင်းရဲ့ ဆရာကရော ဒီလိုပဲ သင်ပေးထားတာလား … “

မိန်းမငယ်လေးသည် ရှေ့ဆက် မပြောရဲတော့ဘဲ ခေါင်းငုံ့လိုက်၏။ သူမ၏ ဘေးနားမှ လူငယ်က သူမကို ပြောလိုက်သည်။

“မင်း ဘာတွေ ကြောက်နေတာလဲ … သူက မင်းကို ထပ်ပြီး စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ရဲရင် … ငါ ရှိနေတာပဲ … “

ယန်ရှုံးက သက်ပြင်းချပြီး လေးလေးနက်နက် ပြောလိုက်သည်။

“ဂိုဏ်းတူညီမလေး … မိုင်လျန်းက ထပ်ပြီး စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မှာ မဟုတ်ပါဘူး … စိတ်ချလက်ချ နေနိုင်ပါတယ် … “

ပြောပြီးသည်နှင့် စိတ်ထဲတွင်လည်း တွေးလိုက်သည်။

“စီနီယာရဲ့ အမူအရာတွေက အရမ်းအေးစက်တဲ့ဟာကို ဘယ်လိုလုပ် နင့်လို လူမျိုးကို ကြိုက်ပါ့မလဲ … “

ထိုအချိန်တွင် ရွှေ့ပြောင်းရေး အလင်းတန်းက ရုတ်တရက် လင်းလက် သွားပြန်သည်။ ထို့နောက် အစီအရင်ထဲမှ ပိန်ပါးပြီး အားနည်းသည့် ပုံရိပ်တစ်ခု ထွက်လာသည်ကို အားလုံး မြင်လိုက်ရသည်။

ထိုလူ ထွက်လာသည်နှင့် အားလုံး၏ စိတ်ထဲတွင် အေးစက်မှုကို ရုတ်တရက် ခံစားလိုက်ရ၏။ သူတို့၏ အေးစက်မှုသည် ခန္ဓာကိုယ်အတွင်းမှ လာသည် မဟုတ်ဘဲ သူတို့၏ ဝိညာဉ်မှ ဖြစ်သည်။

ထိုလူငယ်သည် သူတို့၏ ဝိညာဉ်ကို အေးခဲနိုင်လောက်သည့် ရေခဲတုံးတစ်တုံးကဲ့သို့ သူတို့၏ စိတ်ကို ဖိအားပေးနေလေသည်။

ဂျိနယ်ပယ်၏ လွှမ်းမိုးတက်သော သဘာဝကို သူတို့ ပထမဆုံးအကြိမ် ခံစားဖူးခြင်း ဖြစ်သည်။

ရှုစီဆိုသည့် မိန်းမငယ်‌လေးသည် တုန်ယင်သွားပြီး စိတ်ထဲတွင်လည်း ရှုပ်ထွေးသွားရသည်။ ထိုလူသည် မိုင်လျန်းနှင့် တူသော်လည်း သူ၏အော်ရာက ယခင်ကနှင့် လုံးဝမတူတော့ချေ။

ဝမ်လင်းက အပြင်သို့ လျှောက်လာပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူက ဟော်ဟုန်းဖိန်ကို သတိပြုမိပြီး အလျင်အမြန် လက်နှစ်ဖက်ကို ဆုပ်ပြီး အရိုအသေပေးကာ ပြောလိုက်သည်။

“တပည့်မိုင်လျန်းက အကြီးအကဲဟော်ကို အရိုအသေ ပေးပါတယ် … “

ဟော်ဟုန်းဖိန်၏ မျက်လုံးများက တောက်ပသွားပြီး ပြန်ပြောလိုက်သည်။

“မင်း ပြန်လာနိုင်တာ အရမ်းကောင်းတယ် … “

သူက ပြောပြီးသည်နှင့် ဝမ်လင်းကို စိုက်ကြည့်လိုက်သည်။

အေးစက်စက် အမူအရာနှင့် ဝမ်လင်းက ဟော်ဟုန်းဖိန်ကို ကြည့်ပြီး ခွင့်တောင်းသကဲ့သို့ ပြောလိုက်သည်။

“တပည့်မှာ အရေးကြီးတာတစ်ခု လုပ်စရာရှိနေသေးတာမို့ … လုပ်ပြီးသွားရင် ဂိုဏ်းကို ပြန်လာပါ့မယ် … “

ဟောင်ဟုန်းဖိန်က မျက်မှောင်ကြုတ်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ဝမ်လင်းက သိုလှောင်အိတ် တစ်ခုကို ပစ်ပေးပြီး ပြောလိုက်သည်။

“ဒါက နှစ် (၅၀) လုံး တပည့် စုဆောင်းလာတဲ့ ပစ္စည်းတွေပါ … မှော်ရတနာ အားလုံးကတော့ ပျက်စီးသွားပြီ ဖြစ်လို့ တခြားပစ္စည်းတွေပဲ ကျန်ပါတော့တယ် … “

ပြောပြီးသည်နှင့် ဝမ်လင်းက လေထဲသို့ ပျံတက်သွားပြီး အဝေးဆီသို့ ပျံသန်းသွား၏။

ဟော်ဟုန်းဖိန်သည် သိုလှောင်အိတ်ကို နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် သူ၏ အမူအရာက ထူးဆန်းသွား၏။ သိုလှောင်အိတ်ထဲတွင် ပါသော ပစ္စည်းများသည် အလွန် တန်ဖိုးရှိ၏။ ထို့နောက် သူက ခေါင်းကို မော့ပြီး ဝမ်လင်း ပျံသန်းသွားသည့်ဘက်ကို ကြည့်လိုက်သည်။ သူက ဝမ်လင်း နောက်သို့ လိုက်မသွားပေ။ သူ့စိတ်ထဲတွင် ဂိုဏ်းကို ပြန်ပြီး သတင်းပို့သင့်သည်ဟု ခံစားနေရ၏။

အရေးကြီးဆုံး အကြောင်းပြချက်က ဝမ်လင်းကို တားဆီးရန် လွယ်ကူမည် မဟုတ်ဟု ခံစား ရသောကြောင့် ဖြစ်သည်။ ဝမ်လင်းထံမှ ရသော အေးစက်မှုက သူ့ကို အလွန် ထိတ်လန့်စေသည်။

ဝမ်လင်းကို နေရန် အတင်းအကြပ် ဖိအားပေးသည့်အခါ စိတ်မကောင်းစရာ အဖြစ်နှင့်သာ အဆုံးသတ်သွားပါက တပည့်များရှေ့တွင် မျက်နှာပျက်ရပေမည်။ ထိုအကြောင်းကို စဉ်းစားဆုံးဖြတ် ပြီးနောက် သူက ဝမ်လင်းကို တားလျှင် ပေးဆပ်ရမည်တန်ဖိုးက မတန်ပေ။ ထို့ကြောင့် ဝမ်လင်း နောက်သို့ မလိုက်ခဲ့ခြင်း ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset