Switch Mode

အခန်း (၁၂၄)

လောကနိယာမ

လေလွင့်ဝိညာဉ်သည် ရွှေ့ပြောင်းရေး အစီအရင်ဆီသို့ ဦးတည် ပျံသန်းနေ၏။ ဝမ်လင်း၏မျက်လုံးများက လေလွင့်ဝိညာဉ်ကို ကြည့်ပြီး တောက်ပနေသည်။ ရွှေ့ပြောင်းရေး အစီအရင်အတွင်းရှိ လူများသည် လေလွင့်ဝိညာဉ်က သူတို့ထံသို့ လာနေသည်ကို မြင်သောအခါ ကြောက်လန့်တကြားဖြင့် နောက်သို့ ဆုတ်ပြီး သူတို့၏ မှော်လက်နက်များကို ထုတ်လိုက်ကြသည်။

လေလွင့်ဝိညာဉ်က နီးကပ်လာသည်နှင့် အထဲမှ လူများသည် ပိုမို၍ ကြောက်လန့်လာကြသည်။ လေလွင့်ဝိညာဉ်သည် ရွှေ့ပြောင်းရေး အစီအရင်၏ အကာအကွယ်ကို ဝင်တိုက်လိုက်သည်။

အကာအကွယ်ကို ထိသွားသည်နှင့် လေလွင့်ဝိညာဉ်သည် မီးခိုးအဖြစ် ပြောင်းသွား၏။ ထိုအခါ အထဲရှိ လူများသည် အားတက်သွားကြပြီး ရွှေ့ပြောင်းရေး အစီအရင်၏ အကာအကွယ်က သူတို့ကို ကာကွယ်နိုင်သည်ဟု ယုံကြည်မှု ပိုရှိသွားကြသည်။

“ဝိညာဉ် စားသုံးသူ အသစ်လေး … အဲ့တာက အသုံးမဝင်ဘူး … အဲ့ဒီအစီအရင်က သက်ရှိလောကရဲ့ ဂိတ်ပေါက်ပဲ … ဘယ်ဝိညာဉ်မဆို အကာအကွယ်ကို ထိသွားတာနဲ့ လောကနိယာမက ချက်ချင်း ဖျက်ဆီးပစ်လိမ့်မယ် …”

အသံတစ်ခုက ဝမ်လင်း၏စိတ်ထဲသို့ ရောက်လာ၏။ ထို့နောက် ဝမ်လင်းက ရွှေ့ပြောင်းရေး အစီအရင်ကို ယခင် အမူအရာနှင့်ပင် ကြည့်ပြီး စဉ်းစားလိုက်သည်။ အချိန် တော်တော်ကြာပြီးနောက်တွင် သူ၏မျက်လုံးများက တောက်ပလာပြီး လေထဲသို့ လက်ကို အကြိမ်ပေါင်းများစွာ ညွှန်လိုက်ရာ လေလွင့်ဝိညာဉ် ၁၀ကောင်ကျော်က သူ့ဆီသို့ ရုန်းကန်ရင်းဖြင့် ရောက်လာသည်။

ဝမ်လင်းက နှာခေါင်း တစ်ချက်ရှုံ့ပြီး ရွှေ့ပြောင်းရေး အစီအရင်ဆီသို့ ညွှန်ပြလိုက်ရာ ထို လေလွင့်ဝိညာဉ်များသည် တစ်ဟုန်ထိုး ပြေးဝင်သွား၏။ အရေအတွက် များလာသော်လည်း အကာအကွယ်ကို မဖောက်နိုင်ဘဲ အားလုံးသည် မီးခိုးဘဝသို့ ပြောင်းသွားကြသည်။

ဝမ်လင်း၏မျက်လုံးများက တောက်ပလာပြီး အကာအကွယ်၏အကြောင်းကို တစ်ခုခုကို သတိပြုမိလိုက်သည်။ လေလွင့်ဝိညာဉ်များ နီးကပ်လာသောအခါ အကာအကွယ်ပေါ်တွင် အနက်ရောင် လိုင်းများက ပေါ်လာသည်။ အကာအကွယ်ကို ထိသွားသည်နှင့် အနက်ရောင်လိုင်းများက လေလွင့်ဝိညာဉ်များ၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွား၏။ လေလွင့်ဝိညာဉ်များကို သတ်ပစ်သည့်အရာသည် ထိုအနက်ရောင် လိုင်းများ ဖြစ်သည်။

အနက်ရောင်လိုင်းက ပေါ်လာသော်လည်း သေသေချာချာ မြင်ရန်အတွက် ဝမ်လင်း၏ နေရာသည် အကာအကွယ်နှင့် တော်တော်ဝေးနေသည်။ ထို့ကြောင့် သူ၏မျက်နှာပေါ်တွင် သံသယများ ပေါ်နေလေသည်။

ဝမ်လင်းက နတ်ဘုရား စိတ်အာရုံဖြင့် လေလွင့်ဝိညာဉ် ၁၀၀၀ကျော်ကို ထပ်မံ ဖမ်းဆီးပြီး ရွှေ့ပြောင်းရေး အစီအရင်ဆီသို့ လွှတ်လိုက်၏။ ထိုအခါ လေလွင့်ဝိညာဉ် ထောင်ကို မြင်ပြီး အစီအရင်အတွင်းမှ ကျင့်ကြံသူများသည် အလန့်တကြားဖြင့် အော်ဟစ်လိုက်ကြသည်။ လေလွင့်ဝိညာဉ်များသည် တစ်ကောင်၊ နှစ်ကောင်မဟုတ်ပေ။ အကောင်၁၀ကောင်ကျော် လာစဉ်ကပင် စိတ်ထဲတွင် အလွန် ထိတ်လန့်ရသည်။ ယခု အကောင်တစ်ထောင် ကျော်လာသောအခါ ကြောက်လန့်စိတ်ကို ထိန်းချုပ်၍ မရနိုင်တော့ချေ။

တချို့ဆိုလျှင် မျှော်လင့်ချက် မဲ့သွားဟန်ဖြင့် မျက်လုံးကို မှိတ်ထားလိုက်ကြသော်လည်း အများစုကမူ သူတို့၏ စိတ်ထဲတွင် အကာအကွယ် အပေါ်ကို မျှော်လင့်ချက်လေး ထားထားကြသေး၏။ သို့သော်လည်း လေလွင့်ဝိညာဉ်များသာ အထဲသို့ ဝင်လာနိုင်ပါက ချက်ချင်း ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ပြင်ဆင်ထားကြသည်။

လေလွင့်ဝိညာဉ်များသည် အကာအကွယ်ကို ထိသွားသည်နှင့် ကျယ်လောင်စွာ အော်ဟစ်ပြီး ပျောက်ကွယ်သွားကြ၏။ လေလွင့်ဝိညာဉ် အားလုံးကို လေပြင်း တစ်ခုဖြင့် အဝေးသို့ ရောက်အောင် မှုတ်ထုတ်လိုက်သကဲ့သို့ သူတို့အားလုံးသည် အစအနပင် မကျန်ဘဲ ပျောက်ကွယ်သွားကြရသည်။

ထိုမြင်ကွင်းကြောင့် ဝမ်လင်းသည် မတ်တတ်ထရပ်မိသွား၏။ မည်သို့ ဖြစ်ပျက်သွားသည်ကို ဝမ်လင်းက ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ လေလွင့်များက မည်သည့် အရပ်မျက်နှာမှ တိုက်ခိုက်ပါစေ အနက်ရောင်လိုင်းများက ထွက်ပေါ်လာပြီး လေလွင့်ဝိညာဉ်များကို ချက်ချင်း ဖျက်ဆီးပစ်လိုက်၏။

ထိုအနက်ရောင်လိုင်းများသည် သူ၏အိမ်နီးနားချင်း ၃ကောင်ပြောသော လောက နိယာမနှင့် ဆက်စပ် နေသည်မှာ သေချာ သွားလေပြီ။

ဝမ်လင်း၏အကြည့်က အေးစက်လာပြီး နောက်ထပ် လေလွင့်ဝိညာဉ် ၂၀၀၀ကျော်ကို ထပ်လွှတ်လိုက်၏။

အစီအရင်အတွင်းရှိ ကျင့်ကြံသူများသည် စိတ်သက်သာရာ ရသွားသော်လည်း အရေအတွက် ၂၀၀၀ကျော်ကို မြင်သောအခါ နောက်တစ်ကြိမ် ကြောက်လန့် လာရပြန်သည်။ သူတို့က အကာအကွယ်ကို မယုံလို့တော့ မဟုတ်သော်လည်း လေလွင့်များက ဤနေရာတွင် ဆင့်ကဲပြောင်းလဲမှုများ ဖြစ်ပေါ်သွားမည်ကို ကြောက်လန့်နေခြင်း ဖြစ်သည်။

ဝမ်လင်း၏နောက်မှ ဝိညာဉ်သည် အသနားခံသည့် အမူအရာဖြင့် မလှုပ်ရဲဘဲ ရပ်နေလေသည်။

ဝမ်လင်းက သူ့နောက်မှ ဝိညာဉ်ကို ကြည့်လိုက်သည်။ လေလွင့်ဝိညာဉ်များသည် အသိဉာဏ် တချို့ကို ပိုင်ဆိုင်ထားသည် ဆိုသော်လည်း အသနားခံသည့် အမူအရာဖြင့် လေလွင့်ဝိညာဉ်ကို ပထမဦးဆုံး မြင်တွေ့ဖူးခြင်း ဖြစ်သည်။ ဝမ်လင်းက လေလွင့်ဝိညာဉ်ကို စိုက်ကြည့်ပြီး သူ၏မျက်လုံးများက အေးစက်သွား၏။

လေလွင့်ဝိညာဉ်ထံမှ ကျယ်လောင်စွာ ငိုသံတစ်ချက် ထွက်ပေါ်လာသည်။ သို့သော်လည်း ဝမ်လင်း၏ နတ်ဘုရား စိတ်အာရုံကို တောင့်မခံနိုင်သဖြင့် သူလည်းပဲ အစီအရင်ဆီသို့ ပြေးဝင်သွားရ၏။ ထိုလေလွင့်ဝိညာဉ် ပြေးထွက်သွားသည်နှင့် တခြား လေလွင့်ဝိညာဉ်များသည် သူ၏လမ်းကြောင်းမှ ဖယ်ပေးလိုက်သည်ကို ဝမ်လင်း မြင်တွေ့လိုက်ရသည်။ ထိုလေလွင့်ဝိညာဉ်ကို တခြားလေလွင့်ဝိညာဉ်များက ကြောက်လန့်ကြသည်မှာ အသိသာကြီး ဖြစ်သည်။

လေလွင့်ဝိညာဉ် နှစ်ထောင်ကျော်က အကွာအကွယ်ကို ထိလိုက်သည်နှင့် အနက်ရောင်လိုင်းများက ပေါ်လာပြီး ချက်ချင်း ဖျက်ဆီး သွား၏။ ထိုအခိုက်အတန့်တွင် ထူးခြားသော လေလွင့်ဝိညာဉ်ကလည်း ရောက်ရှိလာသည်။

အနက်ရောင် လိုင်းတစ်ခုက ထိုလေလွင့်ဝိညာဉ်၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားသော်လည်း လေလွင့်ဝိညာဉ်၏ ခန္ဓာကိုယ် တစ်ဝက်သည် အကာအကွယ် အတွင်းသို့ ဝင်သွားလိုက်နိုင်၏။

ထိုအခါ လေလွင့်ဝိညာဉ်သည်လည်း နာကျင်နေသော အမူအရာဖြင့် အကာအကွယ် အတွင်းသို့ ဝင်ရောက်လာပြီး ကျင့်ကြံသူ တစ်ယောက်၏ခန္ဓာကိုယ်ပေါ်သို့ ခုန်လိုက်သည်။ ထိုကျင့်ကြံသူသည် မချိမဆန့် အော်ဟစ်လိုက်ရပြီး မံမီ ရုပ်အလောင်းကဲ့သို့ ဖြစ်သွား၏။

ထိုအချိန်တွင် အနက်ရောင် လိုင်း၁၀ခုကျော် ပေါ်လာပြီး မံမီ ရုပ်အလောင်းထဲသို့ ဝင်သွား၏။ ထိုအခါ လေလွင့်ဝိညာဉ်သည် နာကျင်နေသည့် အမူအရာဖြင့် မံမီ ခန္ဓာကိုယ်အတွင်းမှ ပြန်ထွက်လာသည်။ သို့သော်လည်း နောက်ထပ် တစ်နေရာရာသို မသွားနိုင်တော့ဘဲ ဖျက်ဆီးခံလိုက်ရ၏။

မံမီကဲ့သို့ အလောင်းကို ကြည့်ပြီး အစီအရင်အတွင်းရှိ ကျင့်ကြံသူများ၏ အမူအရာများက ရုတ်တရက်‌ ပြောင်းလဲသွားကြသည်။ အမျိုးသမီး ကျင့်ကြံသူ တစ်ချို့သည် စတင်၍ ငိုကြေးလာကြ၏။

ယန်ရှုံးသည် မသိမသာ သက်ပြင်းချလိုက်ပြီး မံမီအလောင်းကို အစီအရင်၏ အပြင်ဘက်သို့ ကန်ထုတ်လိုက်သည်။

ဝမ်လင်းက အကာအကွယ်ကို စူးစိုက်ကြည့်ပြီး သူ၏နတ်ဘုရားစိတ်အာရုံကို ထုတ်ကာ ရွှေ့ပြောင်းရေး အစီအရင်ဆီသို့ ထုတ်လွှတ်လိုက်သည်။ နတ်ဘုရား စိတ်အာရုံက နီးကပ်လာသည်နှင့် အနက်ရောင်လိုင်း တစ်ခုက လျှပ်စီးကဲ့သို့ လျင်မြန်စွာဖြင့် သူ၏နတ်ဘုရား စိတ်အာရုံအတွင်းသို့ ဝင်ရောက်လာသည်။

ဝမ်လင်းက သူ၏နတ်ဘုရား စိတ်အာရုံကို အလျင်အမြန် နောက်သို့ ဆုတ်ပြီး ရှောင်သော်လည်း အနက်ရောင် လိုင်းကလည်း လိုက်သည့်ဘက် ပြောင်းကာ ဝမ်လင်း၏နတ်ဘုရား စိတ်အာရုံဆီသို့ လိုက်လာသည်။

ဝမ်လင်းက အံကြိတ်လိုက်သည်။ သူ၏ နတ်ဘုရား စိတ်အာရုံက ရှောင်လည်း မလွတ်နိုင်တော့သောကြောင့် အနက်လိုင်းနှင့် ပေးတွေ့လိုက်သည်။ အနက်ရောင်လိုင်းက မည်မျှအထိ အစွမ်းထက်သည်ကို သူမြင်ချင်သည်။ ယခင်က မစမ်းသပ်ရဲသော်လည်း ထူးခြားသော လေလွင့်ဝိညာဉ်က အနက်ရောင်လိုင်းအား ခုခံနိုင်ခဲ့သည်ကို မြင်ပြီး စိတ်ထဲတွင် အန္တရာယ် အများကြီး မရှိဘူးဟု ထင်မိသွား၏။

အနက်ရောင်လိုင်းက လျင်မြန်စွာဖြင့် ဝမ်လင်း၏ နတ်ဘုရား စိတ်အာရုံအတွင်းသို့ ဝင်သွား၏။ ထို့နောက် နတ်ဘုရား စိတ်အာရုံအတွင်းတွင် ဖျက်ဆီးခြင်းအား တစ်ခုက ပေါက်ကွဲထွက်လာပြီး ဝမ်လင်း၏ ခန္ဓာကိုယ်ဆီသို့ ပြေးဝင်လာသည်။

ဝမ်လင်း မျက်လုံးများက တောက်ပသွားကာ နတ်ဘုရား စိတ်အာရုံဖြင့် ထိုဖျက်ဆီးခြင်းအားကို လျင်မြန်စွာ ဝိုင်းရံပြီး လေ့လာကြည့်လိုက်သည်။

အချိန် တော်တော်ကြာပြီးနောက်တွင် ဝမ်လင်းက သက်ပြင်းချပြီး နတ်ဘုရား စိတ်အာရုံဖြင့် ဖျက်ဆီးခြင်းအားကို အစိတ်စိတ်အမွှာမွှာ လုပ်လိုက်၏။ ထိုဖျက်ဆီးခြင်းအားကို အပြည့်အဝနားမလည်သော်လည်း အနက်ရောင်လိုင်းများသည် သူ၏ဝိညာဉ်ကို အကြီးအကျယ် ထိခိုက်စေနိုင်သည်ကိုတော့ သိလိုက်၏။

ထိုအနက်ရောင်လိုင်းများက အများကြီး ရှိသည့်အတွက် သူကိုယ်တိုင်လည်း တောင့်ခံနိုင်လိမ့်မည် မဟုတ်သည်ကို သိ၏။

ဝမ်လင်းက မျက်လုံးပိတ်ပြီး အချိန် တော်တော်ကြာသည်အထိ စဉ်းစားနေလိုက်ပြီး ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်၏။ ထို့နောက် သိုလှောင်အိတ်၃ခုကို ထုတ်ပြီး အထဲတွင် မွှေနောက် ရှာဖွေလိုက်သည်။ မိုင်လျန်း၏သိုလှောင်အိတ်ထဲမှ အလယ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံးများစွာကို ထုတ်ယူလိုက်သည်။

ရှုဟောင်နှင့် ကောယန်သည် ကံမကောင်းကြပေ။ မိုင်လျန်းကို သတ်ပြီးနောက်တွင် လေလွင့်ဝိညာဉ် အုပ်စု တစ်ခုနှင့် ပက်ပင်းတိုး၏။ သူတို့က လွတ်အောင် ပြေးနိုင်ခဲ့ကြသော်လည်း မည့်သည့် အကြောင်းကြောင့်မှန်းမသိ လေလွင့်ဝိညာဉ်များနှင့် အချိန်တိုင်း လိုလို ပက်ပင်းတိုးနေရသည်။ တခြား ကျင့်ကြံသူ တစ်ယောက်ကို လိုက်နေသည့် လေလွင့် ဝိညာဉ်များသည်လည်း သူတို့နှစ်ယောက်ကို မြင်သည်နှင့် ထိုလူကို လွှတ်ပြီး သူတို့ နှစ်ယောက်၏နောက်သို့ လိုက်ကြ၏။ လမ်းတွင်တွေ့သည့် လေလွင့်ဝိညာဉ် တစ်ကောင်ဆိုလျှင် သူတို့ နှစ်ယောက်ကို တွေ့သည်နှင့် စားလက်စ ဝိညာဉ်တစ်ဝက်ကို လွှင့်ပစ်ပြီး သူတို့နှစ်ယောက် ဆီသို့ ခုန်ဝင်လာသည်။

နောက်ဆုံးတွင် သူတို့နှစ်ယောက်သည် မလွတ်မြောက်နိုင်တော့ဘဲ သေဆုံးသွားရ၏။ သူတို့သည် အချိန်တိုင်း ပြေးနေရသဖြင့် မိုင်လျန်း၏သိုလှောင်အိတ်ကို ဖွင့်ကြည့်ရန် အချိန်ပင် မရလိုက်ချေ။ ထို့ကြောင့် မိုင်လျန်း၏သိုလှောင်အိတ်ထဲတွင် မည်သည့်ပစ္စည်းမှ အပျောက်အရှ မရှိခဲ့ပေ။

သို့လှောင်အိတ် ၃ခုလုံးကို ရှာကြည့်ပြီးနောက် ဝမ်လင်းသည် အလွန် အံအားသင့်သွား၏။ သိုလှောင်အိတ် ၂ခုထဲတွင် စိတ်ဝိညာဉ် ကျောက်တုံးများ၊ မှော်ရတနာများ သို့မဟုတ် သတ္တုများ စသည့် ပစ္စည်းများ အမြောက်အများ ရှိနေသည်။

ထိုအရာများသည် သူတို့နှစ်ယောက်၏ နှစ် ၅၀ လုံးလုံး ကြိုးစားပမ်းစား ရှာထားသည့် ပစ္စည်းများ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

သူတို့နှစ်ယောက်၏ သိုလှောင်အိတ်ထဲတွင် အလယ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံး တစ်မျိုးတည်းပင် ၂၀၀၀ ကျော် ရှိနေ၏။ ဝမ်လင်းက စိတ်ဝိညာဉ် ကျောက်တုံးကို ကိုင်ထားရင်း သူလေ့လာခဲ့သော ဝင်္ကပါ အစီအရင်များထဲမှ လိပ်ခွံ အကာအကွယ်ဆိုသည့် ဝင်္ကပါ အစီအရင်ကို သတိရသွား၏။ ထိုဝင်္ကပါ အစီအရင်တွင် တိုက်ခိုက်မှု မပါဘဲ ခုခံမှု တစ်ခုတည်းသာ ပါ၏။ ထို့အပြင် လူနှင့်အတူ ရွှေ့လျားနိုင်သော ဝင်္ကပါ အစီအရင်များထဲမှ တစ်ခုလည်း ဖြစ်သည်။

ထိုအစီအရင်သည် စိတ်ဝိညာဉ်ကျောက်တုံး အများအပြားလိုအပ်သည်။ ယခုအချိန်တွင် သူ့ထံ၌ စိတ်ဝိညာဉ်ကျောက်တုံးများ ရှိနေသဖြင့် ဝင်္ကပါအစီအရင်အနည်းငယ်ကို ပြုလုပ်သင့်သည်ဟု တွေးမိလိုက်သည်။

သူက ရွှေ့ပြောင်းရေးအစီအရင် ပွင့်မည့်အချိန်ကို တွက်ချက်လိုက်ပြီးနောက် လက်ထဲမှ စိတ်ဝိညာဉ်ကျောက်တုံးကို ချေမွပစ်လိုက်သည်။ ထို့နောက် သူ၏လက်ချောင်း တစ်ချောင်းဖြင့် စိတ်ဝိညာဉ် ကျောက်တုံး အမှုန့်များကို တို့ပြီး လေထဲတွင် သင်္ကေတ တစ်ခုကို ရေးဆွဲလိုက်သည်။ သူက သင်္ကေတ စုတ်ချက်များပေါ်တွင် အာရုံအပြည့် စိုက်ထား၏။ သင်္ကေတကို ပြုလုပ်၍ ပြီးသွားသောအခါ စိတ်ဝိညာဉ် အပိုင်းအစတစ်ခုကို သင်္ကေတအတွင်းသို့ ထည့်လိုက်သည်။

ထိုအခါ သင်္ကေတက မှိန်ဖျော့ဖျော့ တောက်ပလာပြီး လေထဲတွင် မျောနေလေသည်။ ဝမ်လင်းက နောက်ထပ် စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံးကို ချေမွပြီး နောက်ထပ် သင်္ကေတတစ်ခုကို ရေးဆွဲလိုက်သည်။

အလယ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံးသည် သင်္ကေတ တစ်ခုသာလျှင် ရေးဆွဲ၍ ရပြီး ယခုအချိန်တွင် စိတ်ဝိညာဉ် ကျောက်တုံး ၇၀ကို ချေမွပြီး ဖြစ်သည်။

သင်္ကေတများ ပြုလုပ်ရာတွင် ကျရှုံးမှု အနည်းငယ်တော့ ရှိ၏။ ဝမ်လင်းသည် သီအိုရီပိုင်းအရ နားလည် သဘောပေါက်သော်လည်း လက်တွေ့ ပြုလုပ်သည့်အခါ အမှား အနည်းငယ်တော့ ရှိနေသေး၏။

သူ့ရှေ့တွင် မျောနေသော သင်္ကေတ ၄၉လုံးကို ကြည့်ကာ ဝမ်လင်းသည် သက်ပြင်းချလိုက်၏။ ဤဝင်္ကပါသည် ကုန်ကျမှု အရမ်းများလွန်းလှသည်။ ယခင် အခြေအနေဖြင့် ဆိုလျှင် ဝမ်လင်းသည် ရှိသမျှ ရတနာပစ္စည်း အားလုံး ရောင်းချလျှင်တောင်မှ ဤဝင်္ကပါကို ပြီးမြောက်အောင် တည်ဆောက်နိုင်လိမ့်မည် မဟုတ်ချေ။

ဝမ်လင်းက ဝင်္ကပါ အစီအရင်၏မျက်လုံးကို ပြုလုပ်ရန် နောက်ထပ် စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်ပြီး လက်ကို ဝေ့ရမ်းလိုက်ရာ သင်္ကေတများက စိတ်ဝိညာဉ် ကျောက်တုံးပေါ်သို့ တစ်ခုပြီးတစ်ခု ကျရောက်သွား၏။ စိတ်ဝိညာဉ် ကျောက်တုံးပေါ်သို့ သင်္ကေတ တစ်ခု ကျလာတိုင်း စိတ်ဝိညာဉ် ကျောက်တုံးသည် ပိုမို၍ လင်းလက် တောက်ပလာသည်။

သင်္ကေတ ၄၉ခုလုံး ကုန်သွားပြီးနောက် စိတ်ဝိညာဉ် ကျောက်တုံးသည် သလင်းကျောက်ကဲ့သို့ ကြည်လင်နေ၏။ ဝမ်လင်းက လက်ကို ဆန့်ထုတ်လိုက်ရာ ဝင်္ကပါ အစီအရင် မျက်လုံးက သူ့လက်ထဲသို့ ကျလာ၏။

ထို့နောက် သူက နဖူးကို လက်ချောင်းဖြင့် ညွှန်လိုက်ရာ မမြင်နိုင်သော အလွှာတစ်ခုက သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွား၏။ တစ်ယောက်ယောက်ကသာ သေချာမကြည့်လျှင် သတိပြုမိရန် မဖြစ်နိုင်ချေ။

မကြာမီ ဝမ်လင်းသည် နောက်ထပ် ဝင်္ကပါ အစီအရင် တစ်ခုကို ထပ်ပြီး ပြုလုပ်လိုက်သည်။ ဤတစ်ကြိမ်တွင် ယခင်ကထက် ပိုပြီး အမှားနည်းလာသည်။ ဒုတိယမြောက် ဝင်္ကပါ အစီအရင်ကို စိတ်ဝိညာဉ် ကျောက်တုံး ၆၀ နှင့် ပြီးစီးသွား၏။

အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာပြီး ရွှေ့ပြောင်းရေး အစီအရင် ပွင့်မည့် အချိန်သို့ပင် ရောက်လာသည်။ အစီအရင်အတွင်းမှ လူတိုင်းသည် အစီအရင်ကို မြန်မြန်ပွင့်ပြီး ဤကြောက်စရာ ကောင်းသော နေရာမှ မြန်မြန် ထွက်သွား ချင်နေကြသည်။

ဤရက်များတွင် ပြင်ပတိုက်ပွဲ မြေပြင်သည် ဆက်လက် ပျက်စီးနေပြီး လေဟာနယ် အက်ကွဲကြောင်းများကလည်း ပိုမို များပြားလာသကဲ့သို့ တစ်ကြိမ်ထက် တစ်ကြိမ် ပိုမို ကြီးမားလာသည်။ ပြင်ပတိုက်ပွဲ မြေပြင်၏ ကြီးမားသော အစိတ်အပိုင်းကြီး တော်တော်များများသည် ပျက်စီးသွားပြီး ဖြစ်သည်။

ရွှေ့ပြောင်းရေး အစီအရင် ပွင့်လာသည့် အခိုက်အတန့်လေးတွင် ဝမ်လင်းကလည်း သူ၏နောက်ဆုံး ဝင်္ကပါ အစီအရင်ကို သူ၏ကိုယ်ပေါ်တွင် ထားလိုက်၏။ ထို့နောက် မတ်တတ်ထရပ်ပြီး ရွှေ့ပြောင်းရေး အစီအရင်ကို လေးနက်သော အမူအရာဖြင့် စိုက်ကြည့်နေလိုက်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset