ရုတ်တရက် လင်းတောက်၏မျက်လုံးသည် အရောင် တောက်သွားပြီး နောက်သို့ လှည့်ကြည့်လိုက်၏။ သူ၏မျက်လုံးများက အကြံအစည် ရှိနေသည်ကို ဖော်ပြနေသော်လည်း မကြာမီ ပုံမှန် အမူအရာ ပြန်ဖြစ်သွား၏။
ရွှေ့ပြောင်းရေး အစီအရင်နှင့် နီးကပ်လာသည် နှင့်အမျှ လမ်းတွင် ကျင့်ကြံသူ အရေအတွက်လည်း များလာသည်။ သူတို့၏ပန်းတိုင်သည် သူတို့၏ရှေ့ရှိ ရွှေ့ပြောင်းရေး အစီအရင် ဖြစ်သည်။
ဝမ်လင်းသည် အစောကြီး ကတည်းက နေရာ တစ်ခုလုံးကို စောင့်ကြည့်ရန် နတ်ဘုရား စိတ်အာရုံကို အသုံးပြုထား၏။ ရွှေ့ပြောင်း အစီအရင် အနီးအနားတွင် စုစည်းနေသော လူတချို့ရှိပြီး သူတို့သည် ရွှေ့ပြောင်းရေး အစီအရင် ပွင့်မည့် အချိန်ကို စောင့်နေခြင်း ဖြစ်သည်။ အဖြူရောင် အလင်း မျက်နှာပြင် တစ်ခုက ရွှေ့ပြောင်းရေး အစီအရင်ကို ဝန်းရံထားပြီး အလင်းမျက်နှာပြင်၏အပြင်ဘက်တွင် မံမီ ရုပ်အလောင်းများ လေထဲ မျောနေလေသည်။ လေလွင့်ဝိညာဉ်များက ထိုအလောင်းများ၏ကိုယ်ထဲမှ ဝင်လိုက်၊ ထွက်လိုက် လုပ်နေကြ၏။
ရွှေ့ပြောင်းရေး အစီအရင်သည် သာမန် အချိန်များတွင် ပိတ်နေပြီး သတ်မှတ်ထားသည့် အချိန်ရောက်မှသာ ပွင့်ခြင်း ဖြစ်သည်။ ယခုအချိန်သည် ရွှေ့ပြောင်းရေး အစီအရင် ပွင့်ရန်အတွက် ၂ရက်ကျော်ကျော် လိုနေသေး၏။
ရွှေ့ပြောင်း အစီအရင် အတွင်းရှိ လူများသည် ရွှေ့ပြောင်းရေး အစီအရင်၏အကာအကွယ် အပြင်ဘက်ရှိ လေလွင့်ဝိညာဉ်များ လှုပ်ရှားသွားတိုင်း ထိတ်လန့်နေရသည်။ သို့သော်လည်း တဖြည်းဖြည်းဖြင့် လေလွင့်ဝိညာဉ်များသည် ရွှေ့ပြောင်းရေး အလင်းတန်း၏ အကာအကွယ် အပြင်ဘက်တွင်သာ နေနိုင်ကြသည်ကို နားလည်သွား၏။ လေလွင့်ဝိညာဉ်များသည် ရွှေ့ပြောင်းရေး အစီအရင်၏အကာအကွယ်ကို မထိရဲကြချေ။
ထိုအကြောင်းကို အထဲမှ လူများ သိသွားမှသာ စိတ်သက်သာရာ ရသွားကြ၏။
ပျံသန်းနေရင်း ဝမ်လင်းသည် ရွှေ့ပြောင်း အစီအရင်ကို လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် သူ၏အိမ်နီးနားချင်း ဝိညာဉ် တစ်ကောင်က သူရှာခိုင်းထားသည့် လူ၂ယောက်သည် သေဆုံးနေပြီ ဖြစ်ကြောင်း၊ သူတို့၏ သိုလှောင်အိတ်ကို လေလွင့်ဝိညာဉ် တစ်ကောင်နှင့် ပို့လိုက်ကြောင်း လှမ်းပြောလာသည်။
မကြာမီ ချိုနှစ်ချောင်းပါသော လေလွင့်ဝိညာဉ် တစ်ကောင်သည် သူတို့၏ မြင်ကွင်းထဲတွင် ပေါ်လာသည်။ အစက သူတို့သည် ထိုလေလွင့်ဝိညာဉ်ကို စိတ်ထဲ မထားသော်လည်း လေလွင့်ဝိညာဉ်သည် သူတို့နှင့် နီးလာသောအခါ သူတို့က ဝမ်လင်းကို ကြည့်လိုက်ကြ၏။
လေလွင့်ဝိညာဉ်သည် သူတို့၏ရှေ့တွင် ရပ်တန့်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်က တုန်ခါသွားပြီး သိုလှောင်အိတ် ၃ခုကို ဝမ်လင်းဆီသို့ ပစ်ပေးလိုက်သည်။
လေလွင့်ဝိညာဉ်က သိုလှောင်အိတ်ကို ပေးပြီးသည်နှင့် နောက်သို့ လှည့်ကာ လျင်မြန်စွာ ထွက်ခွာသွား၏။
လေလွင့်ဝိညာဉ်ကို ကြည့်ပြီး ဝမ်လင်း၏ မျက်လုံးက အရောင်တောက်သွားကာ ပြောလိုက်သည်…
“ရပ်လိုက်…”
လေလွင့်ဝိညာဉ်သည် ရပ်တန့်လိုက်၏။ သူ၏ ခန္ဓာကိုယ်သည် တုန်ယင်နေပြီး နောက်သို့ လှည့်ကာ ဝမ်လင်းကို ကြည့်လိုက်သည်။
ဝမ်လင်းက ကျိုးဇီဟောင်တို့ အုပ်စုကို ကြည့်တောင် မကြည့်ဘဲ လေလွင့်ဝိညာဉ်၏အနားသို့ သွားလိုက်သည်။ ဝမ်လင်း၏စိတ်ထဲတွင် ဤလေလွင့်ဝိညာဉ်သည် တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားနေရသည်။
ယခင်က သူဝါးမျိုခဲ့သော လေလွင့် ဝိညာဉ်များသည် အသက်ရှိသော နတ်ဘုရား စိတ်အာရုံနှင့်တူပြီး ဉာဏ်ရည်က အနိမ့်ဆုံးတွင် ရှိကာ အရာအားလုံးကို မည်သို့ ဝါးမျိုစားသောက် ရသည်ကိုသာလျှင် သိ၏။
သို့သော်လည်း သူ့ရှေ့မှ လေလွင့်ဝိညာဉ်သည် ယခင် လေလွင့်ဝိညာဉ်များနှင့် သိသိသာသာ ကွာခြားနေသည်။ တစ်ခုခုကို ဝါးမျိုထားပြီး အစားမကြေသေးသကဲ့သို့ လေလွင့်ဝိညာဉ်၏နတ်ဘုရား စိတ်အာရုံသည် ရှုပ်ထွေးနေ၏။ ထို့အပြင် အလွန်နက်သော အမာရွတ်များလည်း ရှိနေသည်။
ထိုအမှတ်အသားများသည် လေလွင့်ဝိညာဉ်အား ပြောင်းလဲမှုကို ဖြစ်စေနိုင်သည်။ ဝမ်လင်းက လေလွင့်ဝိညာဉ်ကို အချိန် တော်တော်ကြာအောင် ကြည့်ပြီးနောက် သူ၏မျက်လုံးများက တောက်ပလာသည်။ လေလွင့်ဝိညာဉ်ကို ကြည့်နေသည့် အချိန်တွင် စစ်ထူနန်၏စဦး စိတ်ဝိညာဉ်ကို ကြည့်သည့်အခါ ရသော ခံစားချက်ကို ပြန်လည် ခံစားရ၏။
ထိုခံစားချက်က သူတို့နှစ်ခု ကြားတွင် တူညီမှု တစ်ခုခု ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ထို့နောက် ဝမ်လင်းက ညာလက်ဖြင့် လင်းတောက်ကို ညွှန်ပြီး အမိန့်ပေးလိုက်သည်… “သူ့ကို သတ်… “
ဝမ်လင်း၏စကားသံ ထွက်ပေါ်လာသည်နှင့် ကျိုးဇီဟောင်တို့ ၃ယောက်၏မျက်နှာများသည် ပျက်သွား၏။ အထူးသဖြင့် လင်းတောက်။ သူ၏မျက်နှာသည် ဖြူရော်သွား၏။ သူက ချက်ချင်း နောက်သို့ ဆုတ်လိုက်သော်လည်း လေလွင့်ဝိညာဉ်က ဝမ်လင်း၏အမိန့်ကို ကြားသည့်နှင့် သူ့ဆီသို့ ချက်ချင်း ခုန်ဝင်လာသည်။
ကျိုးဇီဟောင်က အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမက ဝမ်လင်းကို ရပ်ရန် ပြောချင်သော်လည်း စကားတစ်ခွန်းမှ ထွက်မလာပေ။ စီနီယာ အစ်ကိုယန်သည်လည်း စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် သက်ပြင်း ချလိုက်၏။
လင်းတောက်က သူ၏အမြန်ဆုံးနှုန်းကို အသုံးပြုပြီး ပြေးလျှင်တောင်မှ မလွတ်နိုင်မှန်း သိသဖြင့် နောက်သို့ ဆုတ်ရှောင်ကာ ရှေ့သို့ ပြန်တိုးလာသည်။
ထို့နောက် သူက အလျင်အမြန် ပြောလိုက်သည်… “စီနီယာ… ကျွန်တော်က မိုင်လျန်းနဲ့ ဘာရန်ငြိုးရန်စမှ မရှိပါဘူး… သူနဲ့ စကားပြောဖြစ်တဲ့ အကြိမ် အရေအတွက်တောင် အလွန်ကို ရှားပါတယ်… ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ခွင့်လွှတ်ပေးပါ… ကျွန်တော် … ကျွန်တော်… စီနီယာရဲ့ ကျွန်တစ်ယောက် ဖြစ်ချင်ပါတယ် …”
လေလွင့်ဝိညာဉ်က သူနဲ့ နီးကပ်လာသဖြင့် လင်းတောက်က စိုးရိမ်တကြီး ပြောလိုက်သည်။ ထိုအခါ ဝမ်လင်းက မသိမသာ ပြုံးပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ လေလွင့်ဝိညာဉ်က ချက်ချင်း ရပ်လိုက်၏။
လင်းတောက်သည် သူ၏နဖူးပြင်တွင် ချွေးများ စိုရွှဲနေသည်ကို သိသော်လည်း မသုတ်ပစ်ရဲချေ။ သူက လေးစားစွာဖြင့် ဝမ်လင်းကို ပြောလိုက်သည်… “စီနီယာက အဆင့်မြင့် တိုင်းပြည်တစ်ခုက အရမ်း အစွမ်းထက်တဲ့ ကျင့်ကြံသူ တစ်ယောက် ဖြစ်လိမ့်မယ် … ကျွန်တော်က လိုလိုလားလားနဲ့ ကျွန်တစ်ယောက် ဖြစ်ဖို့ ဆန္ဒရှိပါတယ်… ကျွန်တော့်မှာ တခြား ရည်ရွယ်ချက် မရှိပါဘူး …”
ပြောပြီးသည်နှင့် သူ့လက်က လှုပ်ရှားသွားပြီး အစီအရင် တစ်ခုကို ဖန်တီးကာ နဖူးပြင်ကို ဖိလိုက်သည်။ ထိုအခါ ရွှေရောင် သွေးစက်တစ်စက်က နဖူးပြင်မှ ထွက်လာပြီး ဝမ်လင်းဆီသို့ ပျံသန်းသွား၏။
ရွှေရောင် သွေးစက်က ထွက်သွားသည်နှင့် လင်းတောက်၏ခန္ဓာကိုယ်သည် တော်တော် အားနည်းသွား၏။ သူက ဝမ်လင်းကို ကြောက်လန့်သော အမူအရာဖြင့် ကြည့်လိုက်သည်။
ဝမ်လင်းက လက်ကို ဝေ့ရမ်းပြီး သွေးစက်ကို ဖမ်းယူထားလိုက်သည်။ ထို့နောက် သူ့အကြည့်က စီနီယာ အစ်ကိုကျန်းဆီသို့ ရောက်သွား၏။
ဝမ်လင်းက သူ၏သွေးစက်ကို လက်ခံလိုက်သည်ကို ကြည့်ပြီး လင်းတောက်သည် အလွန် စိတ်သက်သာရာ ရသွား၏။ သူ၏အသက်သည် လောလောဆယ် လုံခြုံသွားပြီ ဖြစ်သည်။ သူက မိုင်လျန်းနှင့် ပတ်သက်၍ တစ်ခုခု မှားနေသည်ကို အရင်ကို ခံစားမိသည့်သူဖြစ်ပြီး နောက်ပိုင်းတွင် မိုင်လျန်းသည် သေဆုံးသွားပြီး သူ၏ခန္ဓာကိုယ်ကို တစ်ယောက်ယောက်က အပိုင် စီးထားကြောင်းကိုလည်း အရင်ဆုံး နားလည်ခဲ့သည်။ သို့သော်လည်း ထိုအကြောင်းကို တခြား နှစ်ယောက်အား ထုတ်မပြောရဲချေ။
ဝမ်လင်း၏နောက်ကို လိုက်ခြင်းကသာလျှင် အသက်ရှင်နိုင်သည်ကို လင်းတောက် ကောင်းကောင်းသိ၏။ ဝမ်လင်းက သူ့ကို မသတ်ဘဲ ထားခဲ့လျှင်တောင်မှ ဤနေရာတွင် သူက ကျိန်းသေ သေသွားလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် တခြားအရာများကို တွေးမနေတော့ဘဲ အသက်ရှင်ရန် လမ်းကိုသာ ရွေးလိုက်ခြင်းဖြစ်သည်။ ဝမ်လင်းက လေလွင့်ဝိညာဉ်ကို သူ့အား သတ်ရန် အမိန့်ပေးလိုက်ကတည်းက သူသိနေသည်ကို ဝမ်လင်းကလည်း သိထားကြောင်း နားလည်လိုက်သည်။
ဤအချင်းအရာများသည် လင်းတောက်၏ ဉာဏ်ကောင်းမှုကို ဖော်ပြနေ၏။ ထို့ကြောင့်လည်း သူက တုံ့ဆိုင်းခြင်းမရှိဘဲ ကျွန်ဖြစ်ချင်သည်ဟု ပြောကာ ဝိညာဉ် အဆီအနှစ်သွေးတစ်စက်ကို ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။
သူ၏သွေးစက်ကို ဝမ်လင်း ရသွားသည်နှင့် ဝမ်လင်းသည် သူ့အား အတွေးတစ်ချက်ဖြင့် သတ်ပစ်နိုင်သည်။ သို့သော်လည်း သူ့ထံတွင် တခြား ရွေးချယ်စရာ မရှိချေ။ ဝမ်လင်းနောက်ကို လိုက်နေသမျှ ထိုအရာသည် ဖြစ်လာမည်တော့ မဟုတ်ပေ။
လင်းတောက်က အလျင်အမြန် ဝမ်လင်း၏ဘေးတွင် ရပ်တန့်လိုက်သည်။ သူက ချက်ချင်း ဓားဖြင့် တခြားနှစ်ယောက်ကို ချိန်လိုက်သည်။ ယခုအချိန်တွင် သူက ကျွန်တစ်ယောက် ဖြစ်နေသဖြင့် လုပ်ရန် လိုအပ်သည့် အရာများကို သူ လုပ်ရပေမည်။
ယန်ဟု အမည်ရသော တပည့်သည် မဲ့ပြုံး ပြုံးလိုက်၏။ ထို့နောက် သူက နဖူးပြင်ကို ရိုက်လိုက်ရာ ဝိညာဉ် အဆီအနှစ် သွေးစက် တစ်စက် ထွက်လာပြီး ဝမ်လင်းဆီသို့ ပျံသန်းသွား၏။
သူ၏တွက်ချက်မှုများသည်လည်း လင်းတောက်အောက် မလျော့ပေ။ ယခု သူ့အလှည့်ကို ရောက်လာသဖြင့် သူက အလျင်အမြန် ဆုံးဖြတ်ချက် တစ်ခုကို ချပြီး ဝမ်လင်း၏ ကျွန်ဖြစ်ရန် ရွေးချယ်လိုက်သည်။ အသက်နှင့် ယှဉ်လျှင် ဂုဏ်သိက္ခာသည် ဘာမှမဟုတ်ပေ။ ထို့အပြင် မိုင်လျန်း၏ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော လူသည် အဆင့်မြင့်နိုင်ငံမှ ကျင့်ကြံသူ တစ်ယောက် ဖြစ်နိုင်သည်။ ထို့ကြောင့်လည်း လေလွင့်ဝိညာဉ်များက ကြောက်ကြခြင်း ဖြစ်ရပေမည်။ သူက ထိုလူနောက်သို့ နောက်လျှင် နောင်အနာဂါတ်တွင် ယခုထက်ပိုပြီး ကောင်းမွန်သည့် အခွင့်အရေးများ ရလာနိုင်သည်။
သူက ဝိညာဉ်အဆီအနှစ် သွေးစက်ကို ပေးလိုက်ပြီးနောက် သူ၏ဂျူနီယာညီမ ကျိုးဇီဟောင်ကို ဝေခွဲရခက်သော အမူအရာဖြင့် ကြည့်ပြီး ပြောလိုက်သည်… “ဂျူနီယာညီမ … မင်း …”
ကျိုးဇီဟောင်က အောက်နှုတ်ခမ်းကို ကိုက်ပြီး ဝမ်လင်းကို ကြည့်ကာ မေးလိုက်သည်…
“စီနီယာ… သင်က မိုင်လျန်းရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်ဆိုတော့… သူက သေသွားပြီလား … ဒါမှမဟုတ် အသက် ရှင်နေသေးလား …”
သူမ၏အကြည့်များက တည်ငြိမ်လားပြီး ဝမ်လင်းကို စူးစိုက် ကြည့်နေ၏။
ဤမေးခွန်းသည် မိုင်လျန်းနှင့်ပတ်သက်၍ တစ်ခုခုမှားနေသည်ကို သိလိုက်ရသည့် အချိန်တွင် မေးချင်နေသည့် မေးခွန်းဖြစ်သည်။
ဝမ်လင်းက သူမကို ကြည့်ပြီး ပြန်ဖြေလိုက်သည်…
“သေပြီ …”
ကျိုးဇီဟောင်သည် သက်ပြင်းချလိုက်၏။ ထို့နောက် သူမကလည်း ဝိညာဉ် အဆီအနှစ် သွေးစက်ကို ဝမ်လင်းဆီသို့ ပေးလိုက်လေသည်။
ရွှေရောင် သွေးစက် ၃စက်က ဝမ်လင်း၏ရှေ့ရှိ လေထဲတွင် ရှိနေသည်။ ဝမ်လင်းက ပါးစပ်ကို ဟပြီး သွေးစက်၃စက်အား စုပ်ယူလိုက်၏။ ထိုအခါ သူ၏နတ်ဘုရား စိတ်အာရုံအတွင်း၌ မီးပွား၃ခု ပေါ်လာလေသည်။
ဝမ်လင်းက သူတို့နှင့် တွေ့ကတည်းက ဘာကိုမှ မဖုံးကွယ်ခဲ့ပေ။ မိုင်လျန်းနှင့် သိခဲ့ဖူးသော လူများသည် သူနှင့်ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေသည်ကို ခန့်မှန်းမိကြမည်မှာ ကျိန်းသေနေသောကြောင့် ဖြစ်သည်။ ယခုအချိန်တွင် လေလွင့်ဝိညာဉ်များက သူ့ကို ကြောက်နေသည့်အတွက် အနာဂတ် ပြဿနာများကို အခုကတည်းက ရှင်းထားသင့်သည်။
ဝမ်လင်းသည် သူတို့ ၃ယောက်အား မသတ်ချင်ပေ။ သို့သော်လည်း သူတို့က ဉာဏ်မကောင်းလျှင်တော့ သူ့မှာလည်း တခြား ရွေးချယ်စရာ မရှိတော့ချေ။ သူက အပြင် ရောက်သွားလျှင် တစ်ခြားသူများသည် သူ့ကို သတိပြုမိကြလိမ့်မည် မဟုတ်ပေ။ နှစ်၅၀ဆိုသည့် အချိန်က လူတစ်ယောက်၏ အကျင့်စရိုက်ကို ပြုပြင် ပြောင်းလဲသွားစေရန် လုံလောက်သော အချိန်ပမာဏ တစ်ခု ဖြစ်သောကြောင့် ဖြစ်၏။
ကျိုးဇီဟောင်၊ ယန်ရှုံးနှင့် လင်းတောက်တို့သည် ဝမ်လင်း၏ကျွန်များ ဖြစ်လာကြပြီးနောက် အနည်းငယ် စိတ်သက်သာရာ ရသွားပြီး ဝမ်လင်း၏နောက်တွင် ရပ်နေလိုက်ကြ၏။ ကျိုးဇီဟောင်၏စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးနေသည်။ သူမသည် အလွန် ဆွဲဆောင်မှု ရှိသည်ကို သူမကိုယ် သူမ သိ၏။ ဂိုဏ်းထဲတွင်လည်း သူမကို ပိုးပန်းနေသည့် လူများစွာ ရှိပြီး အားလုံးကို သူမက ငြင်းပစ်ခဲ့သည်။
ကျိုးဇီဟောင်သည် အမြုတေ ဖွဲ့တည်ခြင်း အဆင့် မရောက်ခင်အချိန်အထိ လက်တွဲဖော်မရှာဘူးဟု ဆုံးဖြတ်ချက် ချထား၏။ သို့သော်လည်း ယခုအချိန်တွင် တစ်ယောက်ယောက်၏ကျွန် ဖြစ်နေရသည်။ သူမ၏သခင်ကသာ တောင်းဆိုလာခဲ့လျှင် သူမက ငြင်းဆန်၍ မရနိုင်ပေ။ ထိုအကြောင်းကို တွေးပြီး သူမ၏နှလုံးသားသည် ရှုပ်ထွေးလာရသည်။
ဝမ်လင်းကတော့ သူမအား စိတ်မဝင်စားသည်ကို သူမ မသိချေ။
သွေးစက် ၃စက်လုံးကို စုပ်ယူပြီးနောက် ဝမ်လင်းက လေလွင့်ဝိညာဉ်ကို ကြည့်ပြီး မေးစေ့ကို ပွတ်ကာ သူ၏အိမ်နီးနားချင်း ၃ကောင်ဆီသို့ အသံမက်ဆေ့ လှမ်းပို့လိုက်သည်။
“ငါ ဒီလေလွင့်ဝိညာဉ်ကို လိုချင်တယ်…”
အိမ်နီးနားချင်း ၃ကောင်လည်း အနည်းငယ် စဉ်းစားပြီး ပြန်ဖြေပေးလိုက်ကြ၏။
“ဝိညာဉ်စားသုံးသူ အသစ်လေး … မင်း နားမလည်တာ တစ်ခု ရှိသေးတယ်… မင်းက ဝိညာဉ်တစ်ကောင်အဖြစ် မွေးဖွားလာရင် မင်း ဒီနေရာကနေ ထွက်သွားလို့ မရနိုင်ဘူး… “
“လေလွင့်ဝိညာဉ်ကလည်း ဝိညာဉ်အမျိုးအစား တစ်မျိုးပဲ … သူတို့က မိစ္ဆာတွေလောက် မသန်မာပေမဲ့လည်း ဝိညာဉ်ရှိတဲ့ ဘယ်အရာမဆို သူတို့ရဲ့ အစာပဲ… ပြောရမယ်ဆိုရင် လေလွင့်ဝိညာဉ်တွေက ငါတို့ရဲ့ အစာဖြစ်သလိုပဲ … မိစ္ဆာတွေကလည်း သူတို့ရဲ့ အစာပဲ…”
“ငါတို့လို ဝိညာဉ်စားသုံးတွေက လူတွေရဲ့ဝိညာဉ်ကို တိုက်ရိုက် ဝါးမျိုလို့ မရဘူး… ငါတို့က လေလွင့်ဝိညာဉ်တွေကို စားသုံးပြီးတော့ပဲ သန်မာအောင် လုပ်လို့ရတယ် …”
“အားကောင်းတဲ့ လေလွင့်ဝိညာဉ်တစ်ကောင်ကို အဆင့်နိမ့်တဲ့ ကျင့်ကြံသူတွေက မခုခံနိုင်ဘူး… အဆင့်မြင့်တဲ့ ကျင့်ကြံသူတွေ ဆိုရင်တောင်မှ လေလွင့်ဝိညာဉ် အရေအတွက် လုံလုံလောက်လောက် ရှိနေရင် သူတို့လည်း သေရမှာပဲ … ပြီးတော့ လေလွင့်ဝိညာဉ်ဆိုတာ ငါတို့ရဲ့ လက်နက်၊ ကျွန်၊ အစာတွေပဲ … လေလွင့်ဝိညာဉ် တစ်ကောင်သာ သက်ရှိလောကမှာ ပေါ်လာရင် ဖြစ်လာမဲ့ အကျိုးဆက်တွေကို စဉ်းစားပြီးပြီလား …”
“ဝိညာဉ်စားသုံးသူ အသစ်လေး … ငါ့ကို ရှင်းရှင်းလင်းလင်း ပြောပြစမ်းပါ… လေလွင့်ဝိညာဉ်တွေသာ သက်ရှိလောကမှာ လျှောက်သွားနေရင် သူတို့က အများကြီး မဟုတ်လည်း … ကပ်ဆိုးကြီးတစ်ခုလို ဖြစ်သွားလိမ့်မယ်… လေလွင့်ဝိညာဉ်တွေကို သက်ရှိလောကမှာ မိစ္ဆာလို့ ခေါ်ကြတယ် … ”
“သက်ရှိလောကထဲကို လေလွင့်ဝိညာဉ်တွေ အများကြီး ရောက်သွားရင် ငါတို့ အရင်နေခဲ့တဲ့ နေရာလို သက်ရှိလောကကြီးက ပျက်စီးလာလိမ့်မယ်… ပြီးတော့ လေလွင့်ဝိညာဉ်တွေကြားထဲမှာ တစ်ကောင်က ဝိညာဉ်စားသုံးသူ ဖြစ်လာလိမ့်မယ်… ”
“ဒါက သက်ရှိလောကနဲ့ ပျက်စီးခြင်းလောကကြားက စည်းမျဉ်းတစ်ခုပဲ… တစ်ယောက်ယောက်က ချိုးဖြတ်ဖို့ ကြိုးစားရင် အသတ်ခံရလိမ့်မယ်… ”
သူတို့ပြောသော အကြောင်းအရာများထဲတွင် ဝမ်လင်း မသိသေးသော အရာများ ပါနေသည်။ သူက အနည်းငယ် စဉ်းစားပြီး ထပ်မေးလိုက်သည်… “ဒါဆို ဒီပြင်ပတိုက်ပွဲ မြေပြင်က ဘယ်လိုနေရာမျိုးလဲ…”
“ဒီနေရာကို သက်ရှိလောကထဲက အစွမ်းထက်တဲ့ ကျင့်ကြံသူတွေက ဖွင့်သွားခဲ့တာပဲ… ဒီနေရာက သက်ရှိလောကနဲ့ ပျက်စီးခြင်း လောကကြားထဲက လေဟာနယ်ထဲမှာ တည်ရှိတယ်… ပုံမှန်ဆိုရင် လေလွင့်ဝိညာဉ်တွေက ဒီနေရာကို မဝင်နိုင်ဘူး… ငါတို့ ဝင်လာပြီးမှပဲ သူတို့က ဝင်လာလို့ရတယ်… ”
“မင်းက မထွက်သွားနိုင်ရင်တောင်မှ သူတို့လည်း မထွက်သွားနိုင်ဘူးလို့တော့ မဆိုလိုဘူး… “
“မင်းက အဲ့ဒီလေလွင့်ဝိညာဉ်ကို လိုချင်ရင် ငါ မင်းကို ပေးလိုက်လို့ရတယ်… ဒါပေမဲ့ မင်းက သက်ရှိလောကကို ပြန်ဖို့ လုပ်နေတုန်းပဲ ရှိသေးတယ်… “
အိမ်နီးနားချင်း ၃ယောက်၏အသံများသည် တဖြည်းဖြည်းနှင့် တိုးပြီး ပျောက်ကွယ်သွား၏။ ဝမ်လင်းသည် သူတို့ပြောသည့် စကားများကို နားထောင်ပြီး ငြိမ်သက်စွာဖြင့် ရပ်နေလေသည်။
သူ့နောက်မှ ၃ယောက်သည်လည်း တိတ်ဆိတ်စွာ ရပ်နေကြသော်လည်း သူတို့၏နှလုံးသားများသည် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် တဒုံးဒုံး ခုန်နေလေသည်။
လင်းတောက်သည် ဝမ်လင်းက သူ့ကို သတ်ချင်နေသေးလျှင် မည်သို့ လုပ်သင့်သလဲဟု စိုးရိမ်ပူပန်စွာ တွေးနေလေသည်။
ကျိုးဇီဟောင်သည် ဝမ်လင်းက သူမကို လိုချင်နေလျှင် မည်သို့ လုပ်ရမည်နည်းဟု တွေးနေ၏။
ကျိုးဇီဟောင်ကတော့ အတွေးများ လွန်ကဲစွာ တွေးနေပြီး တခြားနှစ်ယောက်ထက် ပိုမို ကြောက်လန့်နေလေသည်။ သူ့က အသက်ဆုံးရှုံးရမည်ကို မကြောက်လန့်သော်လည်း ဝမ်လင်းက သူ၏ခန္ဓာကိုယ်အား အပိုင်စီးသွားမည်ကိုတော့ ကြောက်လန့်ပေသည်။
ထိုအချိန်တွင် ဝမ်လင်းက သုန်မှုန်နေသော မျက်နှာထားဖြင့် ရွှေ့ပြောင်းရေး အစီအရင်ဆီသို့ ပျံသန်းသွားလိုက်၏။ သူ့နောက်တွင် ကျွန်သုံးယောက်နှင့် လေလွင့်ဝိညာဉ်တစ်ကောင်က လိုက်ပါလာလေသည်။
ရှေ့သို့ ပိုပြီး သွားလေ သူတို့တွေ့ရသည့် အလောင်းများက ပိုများလာလေ ဖြစ်သော်လည်း ဝမ်လင်း၏ရှေ့တည့်တည့်တွင် ရှိနေသော လေလွင့်ဝိညာဉ်များသည် ဝမ်လင်းက အနီးသို့ ရောက်လာသည်နှင့် လမ်းမပိတ်ရဲဘဲ အလျင်အမြန် ဖယ်ပေးကြသည်။
ထိုအဖြစ်အပျက်က တခြား ကျင့်ကြံသူများ၏အာရုံကို ဆွဲဆောင်သွားပြီး တစ်ယောက်ယောက်က ဦးဆောင်ကာ သူတို့လေးယောက်နောက်မှ လိုက်သွားကြ၏။ ဝမ်လင်းက သူတို့ကို တစ်ချက်ပင် မကြည့်ဘဲ ဆက်လက် ပျံသန်းနေသည်။
လေလွင့်ဝိညာဉ်များသည် တုံ့ဆိုင်းနေပြီး ဂရုတစိုက်ဖြင့် နောက်ဆုံးမှ ကျင့်ကြံသူ တစ်ယောက်ကို ခုန်အုပ်လိုက်၏။ သို့သော်လည်း ဝမ်လင်းက လှည့်ပင်မကြည့်ချေ။ ထိုအခါ လေလွင့်ဝိညာဉ်များသည် ဝမ်လင်းက ဂရုမစိုက်သည်ကို မြင်ပြီး နောက်မှ လိုက်လာသော ကျင့်ကြံသူ အုပ်စုပေါ်သို့ ခုန်ဝင်သွားကြ၏။ ဝမ်လင်းနောက်မှ လိုက်လာသော ကျင့်ကြံသူအုပ်စုထဲမှ အော်ဟစ်သံများ ထွက်လာပြီး ကိုယ်ပိုင်အုပ်စုနှင့် သွားကြသော ကျင့်ကြံသူများကတော့ လွတ်မြောက်သွားကြ၏။
တစ်ရက်ကြာပြီးနောက် ရွှေ့ပြောင်းရေး အစီအရင်ကြီးသည် သူတို့၏မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။ ရွှေ့ပြောင်းရေး အစီအရင်တစ်ဝိုက်တွင် မံမီအလောင်းများနှင့် လေလွင့်ဝိညာဉ်များက ပြည့်နေသည့်အတွက် ကျင့်ကြံသူများသည် ရှေ့မတက်ရဲကြတော့ချ။ သို့သော်လည်း နေရာတစ်ခုတွင် လေလွင့်ဝိညာဉ်များကို စုပြုံအောင် လုပ်ပြီး ကျင့်ကြံသူများက အထဲသို့ အမြန်ဆုံးနှုန်းဖြင့် ပြေးဝင်ကြ၏။ ကံကောင်းသည့်လူများကတော့ အစီအရင် အထဲထိ ရောက်အောင် သွားနိုင်ခဲ့ကြသည်။
အချင်းဝက် ၁၀ကီလိုမီတာအတွင်း၌ ယခုအချိန်တွင် ဝမ်လင်းတို့ လူစုနှင့် အစီအရင်အတွင်းသို့ ရောက်ရှိသွားပြီး ဖြစ်သည့် လူများမှ လွဲ၍ အသက်ရှင်သည့်လူ တစ်ယောက်မှ မရှိတော့ချေ။
ဝမ်လင်းက အဝေးမှနေ၍ ရွေ့ပြောင်းရေး အစီအရင်ကို ကြည့်ပြီး ပြောလိုက်သည်…
“မင်းတို့၃ယောက် ရွေ့ပြောင်းရေးအစီအရင်ထဲကို အရင်ဝင်နှင့် …”
သူတို့ ၃ယောက်သည် ဝမ်လင်း၏အမိန့်ကို မနာခံဘဲ မနေရဲသဖြင့် အံ့ကြိတ်ကာ ရွှေ့ပြောင်းရေး အစီအရင်ဆီသို့ ပျံသန်းသွား၏။ လေလွင့်ဝိညာဉ်များသည် အမိန့်တစ်ခုကို ရထားသည့်အလား သူတို့ကို မတိုက်ခိုက်ကြပေ။ ထို့ကြောင့် သူတို့သည် ရွှေ့ပြောင်းရေး အလင်းတန်းထဲသို့ အန္တရာယ်ကင်းကင်း ရောက်သွားကြ၏။
ဝမ်လင်းသည် အနီးအနားတွင် ခြေချိတ်ထိုင်ပြီး ရွှေ့ပြောင်းရေး အစီအရင်ဆီသို့ စိုက်ကြည့်လိုက်သည်။
သူက လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ရာ တုန်ယင်နေသည့် လေလွင့်ဝိညာဉ် တစ်ကောင်က သူ့ဆီသို့ ချက်ချင်း ပျံသန်းလာ၏။ ဝမ်လင်းက ရွှေ့ပြောင်းရေး အစီအရင်ဆီသို့ ညွှန်ပြလိုက်ရာ လေလွင့်ဝိညာဉ်သည် ငြင်းဆန်ရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် ရွှေ့ပြောင်းရေး အစီအရင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလိုက်ရ၏။
***