Switch Mode

အခန်း (၁၂၂)

စစ်နတ်ဘုရားဗိမာန်မှ ၁၀ယောက်သည် လွန်ခဲ့သော ၃ရက်ကတည်းက တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြရာ ယခုအချိန်တွင် ၃ယောက်သာ ကျန်တော့၏။ ကျိုးဇီဟောင်သည် နာကြည်းစွာ ရယ်မောပြီးသည်နှင့် နောက်မှ နီးကပ်စွာ ပါလာသော ထူးဆန်းသော သက်ရှိများကို လှည့်ကြည့်ပြီး မျှော်လင့်ချက် မရှိတော့သည့် ဟန်ဖြင့် မျက်လုံးကို မှိတ်လိုက်ရာ ရုတ်တရက် မိုင်လျန်းကို သတိရသွား၏။

“မိုင်လျန်းက သေရမှာကို အရမ်းကြောက်တတ်တဲ့ ကြွက်ကလေး တစ်ကောင်လိုပဲ… ဒါပေမဲ့ ဂျူနီယာညီမထုံက သူ့ကြောင့် စိတ်ရှုပ်ရလို့ ပြင်ပတိုက်ပွဲမြေပြင်ထဲ လွှင့်ပစ်ပြီး အပြတ် ရှင်းလိုက်တာပဲ… ငါကသာ သူ့ကို သနားပြီး ခဏခဏ မကယ်ခဲ့ရင် သေနေတာ ကြာလောက်ပြီ… လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ့ကို ရုပ်ရည်ထိန်းသိမ်းဆေးတစ်လုံး လာပေးသွားတယ်… ဒါကို ကြည့်ရင် သူ့မှာ အသိစိတ်လေးတော့ ရှိတယ်လို့ ဆိုရမယ်…”

ထိုအချိန်တွင် သူမ၏ စီနီယာ အစ်ကိုထံမှာ အော်ပြောသံ တစ်ခုကို ကြားလိုက်ရသည်…

“မိုင်လျန်း… မြန်မြန်ပြေး…”

ကျိုးဇီဟောင်သည် ထိတ်လန့်တကြား မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ လူငယ်တစ်ယောက်က သူတို့ဆီသို့ ပျံသန်းပြီး လာနေသည်ကို တွေ့လိုက်ရ၏။ ထိုလူငယ်၏ မျက်လုံးများသည် အေးစက်နေပြီး ရင်ဘတ်တွင်လည်း သွေးကွက်တစ်ခု ရှိနေလေသည်။

“ဂျူနီယာညီလေးမိုင်… ငါတို့တောင်မှ ဒီဘေးဒုက္ခကနေ လွတ်မြောက်ဖို့ ခက်ခဲတယ်…”

စီနီယာ အစ်ကိုယန်သည် သက်ပြင်းချပြီး ပြောလိုက်သည်။

ဝမ်လင်းက သူတို့၃ယောက်ကို ကြည့်ပြီး စကားတစ်ခွန်းမှ မပြောချေ။ ထိုအချိန်တွင် သူတို့နောက်မှ လိုက်လာသော လေလွင့်ဝိညာဉ်များသည် ဝမ်လင်းကို မြင်ပြီး ရပ်တန့်သွားကာ တုံ့ဆိုင်းသည့်အမူအရာများ ပေါ်လာသည်။

ဝမ်လင်းက နတ်ဘုရား စိတ်အာရုံဖြင့် အသံမက်ဆေ့ တစ်ခုကို ထုတ်လွှတ်လိုက်သည်။

“ထွက်သွားစမ်း…”

လေလွင့်ဝိညာဉ် ၁၀ကောင်သည် အသံမက်ဆေ့ကို ရသည်နှင့် ချက်ချင်း ကြောက်လန့်တကြားနှင့် ထွက်ပြေးသွား၏။

ကျိုးဇီဟောင်သည် ရှေ့မှ အဖြစ်အပျက်ကို ကြည့်ကာ မှင်တက်နေလေသည်။ ထိုသက်ရှိများသည် မည်သည့် အကြောင်းကြောင့် ထွက်ပြေးသွားသည်ကို နားမလည်နိုင်ပေ။ သူက ဝမ်လင်းကို ကြည့်ပြီး စိတ်ထဲတွင် တွေးလိုက်သည်…

“ဒီသက်ရှိတွေက မိုင်လျန်းကို ကြောက်တာလား…”

စစ်နတ်ဘုရားကျောင်းမှ တခြားနှစ်ယောက်သည် စိတ်ထဲတွင် ရှုပ်ထွေးနေသော်လည်း အန္တရာယ်ရှိသော အခြေအနေမှ လွတ်မြောက်လာသည့် အတွက် အလွန် ပျော်ရွှင်သွားကြသည်။

စီနီယာအစ်ကိုယန်က သူတို့ထဲတွင် အကြီးဆုံး ဖြစ်သဖြင့် သူက အခြေအနေကို ဆင်ခြင်သုံးသပ်ပြီး ပြောလိုက်၏…

“ဂျူနီယာညီမ… ဒီထူးဆန်းတဲ့ သက်ရှိတွေ ထွက်သွားပေမဲ့လည်း ဒီနေရာက မလုံခြုံသေးဘူး… ငါတို့ ရွှေ့ပြောင်းရေး အစီအရင်ဆီကို အမြန်ဆုံး သွားရမယ်…”

ကျိုးဇီဟောင်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားကာ ခေါင်းညိတ်လိုက်သည်… “ဂျူနီယာ မောင်လေးမိုင် … မင်းက ငါတို့ထဲမှာ အားအနည်းဆုံးပဲ… သတိထားပါ… အဲဒီ ထူးဆန်းတဲ့ သက်ရှိတွေနဲ့ မထိမိစေနဲ့… ထိမိရင် သေသွားလိမ့်မယ်…”

တခြား တပည့်တစ်ယောက်က စိတ်မရှည်စွာဖြင့် ပြောလိုက်သည်…

“မင်းတို့တွေ ဒီမှာပဲ စကား များနေတော့မှာလား… မင်းတို့ မသွားသေးရင် ငါ့ဘာငါပဲ အရင်သွားတော့မယ်…”

သူက ပြောပြီးသည်နှင့် ချက်ချင်း လျင်မြန်စွာဖြင့် ပျံသန်းထွက်ခွာသွား၏။ ထိုတပည့်သည် လင်းတောက် ဖြစ်ကြောင်း မိုင်လျန်း၏ မှတ်ဉာဏ်မှတစ်ဆင့် ဝမ်လင်း သိလိုက်သည်။

စီနီယာ အစ်ကိုယန်သည်လည်း ဤနေရာတွင် ကြာကြာ မနေချင်ဟန်ဖြင့် ချက်ချင်း ထွက်သွား၏။ ကျိုးဇီဟောင်သည် အနည်းငယ် တုံ့ဆိုင်းနေပြီး ဝမ်လင်းကို ကြည့်ကာ ပြောလိုက်သည်…

“ဂရုစိုက်ပါ… ”

ထို့နောက် သူမလည်း သူတို့နောက်သို့ လိုက်သွား၏။

တစ်ချိန်လုံး ဝမ်လင်းသည် စကားပြောဖို့ အခွင့်အရေးပင် မရလိုက်ချေ။ သို့သော်လည်း သူတို့နောက်မှ အသာအယာ လိုက်သွားလိုက်သည်။ သူတို့၃ယောက်ကို ကယ်လိုက်ရခြင်းက သူ့တွင် အကြောင်းပြချက် ရှိ၏။ မိုင်လျန်း၏ မှတ်ဉာဏ်ထဲတွင် ကျိုးဇီဟောင်သည် မိုင်လျန်းကို ခဏခဏ ကူညီပေးဖူး၏။ သူက မိုင်လျန်း၏ ခန္ဓာကိုယ်ကို ယူလိုက်သည့် အတွက် မိုင်လျန်းကို ပြန်လည် ကူညီသည့် အနေဖြင့် ကိစ္စ အနည်းငယ်ခန့်ကို လုပ်ပေးသင့်သည်ဟု ခံစားရသောကြောင့် ဖြစ်သည်။

သူတို့သည် ဂရုတစိုက်ဖြင့် ပျံသန်းနေကြ၏။ သူတို့သည့် စိတ်စွမ်းအင် ပြန်လည်ဖြည့်တင်းရန် ဆေးလုံးများသည် သောက်သည့် အခါတွင်လည်း သတိထားနေကြ၏။ ကျိုးဇီဟောင်သည် ဆေးလုံးကို သူမ အတွက်တင်သာမက အပိုတစ်လုံးကိုပါ ထုတ်ယူပြီး ဝမ်လင်းကို ကမ်းပေးလိုက်သည်။ ဝမ်လင်းက ဆေးလုံးကို ကြည့်ပြီး သူ၏ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့အကြောင်း တွေးမိသွား၏။ ပုတီးစေ့မှ ရသော စိတ်ဝိညာဉ် အရည်သည် စိတ်စွမ်းအင် ပြန်လည်ဖြည့်တင်းရာတွင် အကောင်းဆုံး ဆေးဝါးဖြစ်သည်။

ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့သည် သူ၏ဝိညာဉ်ထံတွင် ရှိနေသည်ကို ခံစားသိရှိနေပြီး သူ၏ သွေးသန့်စင်ခြင်း နည်းစနစ်ဖြင့် သန့်စင်ထားသော ဓားကိုလည်း အာရုံခံမိနေသည်။ သို့သော်လည်း ဤအချိန်သည် စစ်ဆေးနေရမည့် အချိန်မဟုတ်ပေ။ ဤနေရာမှ ထွက်ပြီးလျှင် တစ်နေရာရာ ရှာပြီး တံခါးပိတ် ကျင့်ကြံနေတော့မည်ဟု တွေးလိုက်သည်။

ပြင်ပတိုက်ပွဲ မြေပြင်အတွင်းရှိ ကျင့်ကြံသူအားလုံးသည် ပြင်ပတိုက်ပွဲ မြေပြင် ပျက်စီးသည့် အမြန်နှုန်းက အနည်းငယ် လျော့ကျသွားသည်ကို သိသော်လည်း သူတို့အတွက် ကြောက်မက်ဖွယ်ကောင်းသော ထူးဆန်းသည့် သက်ရှိများနှင့် စာလျှင် အရေးမပါပေ။

ပြင်ပတိုက်ပွဲမြေပြင်ပျက်စီးလျှင် ဤနေရာကြီးနှင့်အတူ သူတို့သည်လည်း ပျောက်ကွယ် သွားရပေမည်။ သို့သော်လည်း ထူးဆန်းသော သက်ရှိများ၏ တိုက်ခိုက်ခြင်းကို ခံရပါက နာကျင်စွာဖြင့် သေဆုံးရမည်ဖြစ်ပြီး အလောင်းကလည်း မံမီအလောင်းကဲ့သို့ ဖြစ်သွားပေမည်။

ထိုကျင့်ကြံသူများ ကိုသာ ဘယ်လိုသေဆုံးမလဲ ရွေးချယ်ခိုင်းလျှင် ပြင်ပတိုက်ပွဲ မြေပြင်ပျက်စီးခြင်းနှင့် အတူ သေဆုံးခြင်းကိုသာ ရွေးကြပေလိမ့်မည်။

ပြင်ပတိုက်ပွဲ မြေပြင်အတွင်းတွင် ရွှေ့ပြောင်းရေး အစီအရင်၄ခုရှိပြီး ဝမ်လင်းတို့သည် အနီးဆုံး တစ်ခုဆီသို့ သွားနေကြခြင်းဖြစ်သည်။ ရွှေ့ပြောင်းရေး အစီအရင်ဖြင့် ပြန်နိုင်ရန် ပြင်ပတိုက်ပွဲ မြေပြင်အတွင်းသို့ ဝင်သည့်အချိန်တွင် ပေးလိုက်သော ကျောက်စိမ်းပြား လိုအပ်ပေသည်။ ထိုကျောက်စိမ်းပြားသည် သံမဏိလေများကို ကာကွယ်ပေးသကဲ့သို့ ရွှေ့ပြောင်းရေး အစီအရင်ကို အသုံးပြုရာ တွင်လည်း သုံးနိုင်သည်။

ဝမ်လင်းထံတွင် ကျောင်းနိုင်ငံမှ တံဆိပ်ပြားမရှိပေ။ ထို့ကြောင့် ရွှေ့ပြောင်းရေး အစီအရင်ကို အသုံးပြုပြီး မပြန်နိုင်ပေ။ ထို့အပြင် သူက ယခု မိုင်လျန်း၏ န္ဓာကိုယ်ကို ယူထားသဖြင့် မိုင်လျန်း၏ ဟိုဖန်နိုင်ငံကို ပြန်ခြင်းကသာ အကောင်းဆုံးဖြစ်သည်။

ကျောက်စိမ်းပြား တစ်ပြားကို အရယူရန်အတွက် ကျိုးဇီဟောင်တို့ အုပ်စုကို ကယ်တင်ပေးခဲ့သည့် နောက်ထပ် အကြောင်းပြချက် တစ်ခုလည်း ဖြစ်သည်။

အမှန်တကယ်တွင် ရှုဟောင်နှင့် ကောယန်ကို တွေ့လျှင် အကောင်းဆုံးဖြစ်သည်။

သူတို့နှစ်ယောက်သည် ဝမ်လင်း မဖြစ်မနေ သတ်ရမည့် လူနှစ်ယောက် ဖြစ်သည်။ မိုင်လျန်းအတွက် လက်စားချေပေးခြင်း မဟုတ်သော်လည်း မိုင်လျန်း သေသွားသည်ကို သူတို့နှစ်ယောက် သိထားခြင်းကြောင့် ဖြစ်သည်။ အနာဂတ်တွင် ပြဿနာများ ဖြစ်မလာစေရန် သူတို့နှစ်ယောက် သေကိုသေရပေမည်။

လမ်းတစ်လျှောက်တွင် ဝမ်လင်းသည် မိုင်လျန်း၏ မှတ်ဉာဏ်ထဲမှ ရှုဟောင်နှင့် ကောယန် အကြောင်းကို အိမ်နီးနားချင်း ဝိညာဉ်၃ကောင်ကို ပြောပြထား၏။ ပြင်ပတိုက်ပွဲ မြေပြင်တွင် လေလွင့်ဝိညာဉ်များ အားလုံးသည် သူ၏ မျက်စိနှင့်နားများ ဖြစ်သည်။ သူတို့နှစ်ယောက် ပေါ်လာသည်နှင့် အိမ်နီးနားချင်း ဝိညာဉ်၃ကောင်သည် သူ့ကို ချက်ချင်း ပြောပြကြမည် ဖြစ်၏။

နောက်ဆုံးအချိန်ထိ သူတို့နှစ်ယောက်၏အကြောင်းကို မကြားရလျှင် သေဆုံးသွားပြီဟု သတ်မှတ်လိုက် ပေတော့မည်။

တစ်ပတ်လုံး ပျံသန်းလာပြီးနောက် ကျိုးဇီဟောင်တို့ အုပ်စုသည် အလွန်အံ့အားသင့်နေ၏။ အဘယ်ကြောင့် ဆိုသော် လေလွင့်ဝိညာဉ် များသည် သူတို့ကို မြင်လည်း ဘာမှမလုပ်ဘဲ ထွက်သွားသောကြောင့် ဖြစ်သည်။

သူတို့ဆီသို့ ပြေးလာသော လေလွင့် တချို့ရှိခဲ့သော်လည်း ထူးဆန်းစွာဖြင့် ရုတ်တရက် ရပ်တန့်သွားပြီး နောက်ကြောင်း ပြန်လှည့်ကာ ထွက်ပြေးသွားကြ၏။

လမ်းတစ်လျှောက်တွင် ကြောက်လန့်လာခဲ့ရသော်လည်း သူတို့သည် အန္တရာယ်ကိုတော့ မကြုံခဲ့ရပေ။ နောက်ဆုံးတွင် သူတို့သည် လေလွင့်ဝိညာဉ် များကို မြင်သော်လည်း ယခင်ကဲ့သို့ မရပ်တန့်တော့ဘဲ အရှိန်ကိုသာ လျှော့လိုက်ကြပြီး လေလွင့်ဝိညာဉ်များ ထွက်ခွာသွားမှ သူတို့လည်း အရှိန်တင်၍ ပျံသန်းကြ၏။

တစ်ကြိမ်တွင် ပိုပြီး ထူးဆန်းမှုတစ်ခု ဖြစ်သွားသေး၏။ လေလွင့်ဝိညာဉ် တစ်ကောင်သည် ရုတ်တရက် ပေါ်လာပြီး ကျိုးဇီဟောင် ဆီသို့ ခုန်ဝင်သွား၏။ သို့သော်လည်း လေလွင့်ဝိညာဉ်က သူမကို ထိသည်နှင့် ရုတ်တရက် ကြောက်မက်ဖွယ် အသံဖြင့် စူးစူးဝါးဝါး အော်ဟစ်ပြီး ထွက်ပြေးသွားခဲ့သည်။

နောက်ပိုင်းတွင် သူတို့၃ယောက်သည် မအံ့ဩတော့ဘဲ သူတို့၏စိတ်ထဲတွင် သံသယများ တိုးပွားလာသည်။ ထိုအဖြစ်အပျက်များသည် မိုင်လျန်းနှင့် ဆက်စပ်နေရမည်ဟု သူတို့၏စိတ်ထဲတွင် တွေးနေကြ၏။

ကျိုးဇီဟောင်က တစ်ခုခု ပြောရန် ပါးစပ် ဟလိုက်သော်လည်း တခြားနှစ်ယောက်က ဘာမှ မဖြစ်သကဲ့သို့ ဟန်ဆောင် နေသောကြောင့် သူမလည်း ပါးစပ်ပြန်ပိတ်ခဲ့ရသည်။

ဘာကြောင့် ဖြစ်ရသည်ကို သူတို့က မမေးချင်တာ မဟုတ်ဘဲ မမေးရဲခြင်းဖြစ်၏။ သူတို့ကသာ မတော်တဆ မိုင်လျန်းကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့လျှင် သူတို့၏ အသက်များသည် ဤနေရာတွင် ဆုံးရှုံးသွားရပေလိမ့်မည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset