ကျင့်ကြံခြင်းအဖွဲ့သည် အလွန်ကြီးမားသော အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး လူအနည်းငယ်မှ လွဲ၍ ကျင့်ကြံခြင်း အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ မည်မျှရှိသည်ကို မည်သူကမှ မသိကြချေ။
နိုင်ငံတစ်ခု အတွက် ကျင့်ကြံခြင်းအဖွဲ့၏ အစစ်အမှန် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရန် အနိမ့်ဆုံး လိုအပ်ချက်သည် အဆင့်၆ နိုင်ငံတစ်ခု ဖြစ်ရမည်ဖြစ်ပြီး ကိုယ်ပိုင်ဂြိုဟ် တစ်ခုကိုလည်း ပိုင်ဆိုင်ထားရပေမည်။
ယေဘုယျအားဖြင့် နိုင်ငံပေါင်းများစွာသည် ကျင့်ကြံခြင်း အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည်။ သို့သော်လည်း ကျင့်ကြံခြင်းအဖွဲ့က နိုင်ငံအားလုံးကို စီမံပေးရန်မှာ မဖြစ်နိုင်ချေ။ ထို့ကြောင့် အဆင့်၅နှင့် အောက်အဆင့်မှ နိုင်ငံများကို အဆင့်၆နိုင်ငံက အုပ်ချုပ်ရန် စီမံလိုက်ခြင်းဖြစ်သည်။
ဆုဇခုနိုင်ငံသည် အဆင့်၁နိုင်ငံမှ အဆင့်၆နိုင်ငံ အဖြစ်သို့ နှစ်ပေါင်း ၁သိန်းအတွင်းတွင် ရောက်ရှိသွားသည့် နိုင်ငံတစ်ခု ဖြစ်သည်။ အဆင့်၆နိုင်ငံ ဖြစ်လာပြီး နောက်တွင် ကိုယ်ပိုင်ကျင့်ကြံခြင်း ဂြိုဟ် တစ်ခုကို ရရှိခဲ့သည်။ ထိုဂြိုဟ်ကို ကျင့်ကြံခြင်းအဖွဲ့က ဆုဇခုဂြိုဟ်ဟု အမည်ပေးခဲ့၏။
ဆုဇခုဂြိုဟ်ပေါ်တွင် ဆုဇခုနိုင်ငံ၏ အမိန့်သည် နတ်ဘုရားများ၏ အမိန့်ကဲ့သို့ ဖြစ်သည်။
ဆုဇခုဂြိုဟ်တွင် အဆင့်၅နိုင်ငံ ၁၈ခု ရှိပြီး နိုင်ငံတစ်ခုက အဆင့်၅နိုင်ငံသို့ တိုးတက်လာသည့် အချိန်တိုင်း ဆုဇခုနိုင်ငံမှ ပြင်ပတိုက်ပွဲ မြေပြင်တစ်ခုကို လက်ဆောင်ပေး၏။
ဆုဇခုဂြိုဟ်ပေါ်တွင် ပြင်ပတိုက်ပွဲမြေပြင် ၁၈၀ရှိပြီး ပြင်ပတိုက်ပွဲ မြေပြင်တစ်ခု ပျက်စီးသွား လျှင်လည်း အများကြီး ကျန်နေသေး၏။ ထို့အပြင် ပြင်ပတိုက်ပွဲ မြေပြင်သည် တန်ဖိုး အလွန်များသဖြင့် အဆင့်နိုင်ငံမှ ပြင်ပတိုက်ပွဲ မြေပြင်ကို ဝယ်ရန် ဆန္ဒမရှိကြခြင်းဖြစ်သည်။
ပြင်ပတိုက်ပွဲမြေပြင်ကို မည်သို့ တည်ဆောက်ထားပြီး လေဟာနယ် အက်ကွဲကြောင်းများက မည်ကဲ့သို့ ဆက်သွယ်ထားသည် ကိုလည်း မည်သည့်အဆင့်၅နိုင်ငံမှ မည်သူမဆို မသိကြပေ။
အဆင့်၅နိုင်ငံသည် အဆင့်၄နိုင်ငံများကို အုပ်ချုပ်ရပြီး အဆင့်၄နိုင်ငံများသည် အဆင့်၃နိုင်ငံများကို အုပ်ချုပ်ရ၏။
အဆင့်၁နှင့် အဆင့်၂ နိုင်ငံများအတွက်မူ ကျင့်ကြံခြင်းအဖွဲ့ကြီးက သူတို့၏ တိုးတက်မှုများကို နှောင့်ယှက်မည့် သူများထံမှ ကာကွယ်ရန် စည်းမျဉ်းများ ချပေးထားသည်။
ကျောင်းနိုင်ငံသည် အဆင့်၄ နဂါးစိမ်းနိုင်ငံက အုပ်ချုပ်ရသော အဆင့်၃နိုင်ငံတစ်ခု ဖြစ်၏။ နဂါးစိမ်းနိုင်ငံကို မူ အဆင့်၅ လူ့ဘီလူးနတ်ဆိုး နိုင်ငံမှ အုပ်ချုပ်သည်။
ပြင်ပတိုက်ပွဲ မြေပြင်အတွင်းတွင် တိုက်ပွဲများဖြစ်တိုင်း ကျောင်းနိုင်ငံမှ စဦးစိတ်ဝိညာဉ် အဆင့်များ အားလုံးကို တိုက်ခိုက်ပေးရန် အတွက် ဆင့်ခေါ်ခြင်း ခံရ၏။ အကယ်၍ မသွားခဲ့ပါက မသွားသည့် ဂိုဏ်းသည် အမြစ်ပါမကျန် သုတ်သင်ခံရပေလိမ့်မည်။
ထို့သို့ ဖြစ်ရပ်များသည် အဆင့်၃နိုင်ငံများ အားလုံးနီးပါးတွင် ဖြစ်ပွားလေ့ ရှိ၏။
ဤအရာသည် အင်အားကြီးသည့်လူက အင်အားငယ်သည့် လူကို အနိုင်ယူသည့် သဘောသဘာဝပင် ဖြစ်သည်။ အခြေအနေနှင့် လိုက်လျောညီထွေ နေနိုင်မှသာ ကျင့်ကြံခြင်း လောကတွင် အသက်ရှင် နေထိုင်နိုင်မည် ဖြစ်၏။
ရှေးယခင် အချိန်များက ကျင့်ကြံခြင်း ဆိုသည်မှာ မိုးကောင်းကင်ကို နားလည် သဘောပေါက်ခြင်း ဖြစ်ပြီး ကိုယ်ပိုင် တာအိုကိုသာ လမ်းကြောင်းများ ရှိကြသည်။ ထိုခေတ်က ကျင့်ကြံသူများသည် သာမန်လူများကို ကြီးကျယ်မြင့်မြတ်သည့် ခံစားချက်များကို ပေးစွမ်းခဲ့ကြ၏။
သို့သော်လည်း ရှေးဟောင်း ကျင့်ကြံခြင်းလောကသည် ဘေးဒုက္ခတစ်ခုကြောင့် ပျက်စီးသွားခဲ့ရသည်။ ထို့နောက် ကျင့်ကြံခြင်း အဖွဲ့သည် တိုးတက်လာပြီး ထိုအချိန် ကတည်းက လောကတာအို သည်လည်း အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့ရ၏။
ကျင့်ကြံခြင်း အဖွဲ့ကြီး၏ အမိန့်များအောက်တွင် ယခုလက်ရှိ ကျင့်ကြံသူများသည် ရှေးဟောင်း ကျင့်ကြံခြင်းလောက၏ ကျင့်ကြံသူများထက် သန်မာနေသည်မှာ အမှန်ဖြစ်သည်။
***
ယခု လူ့ဘီလူးနတ်ဆိုးကလန်၏ လက်အောက်ရှိ ပြင်ပတိုက်ပွဲ မြေပြင်တစ်ခု အတွင်းတွင် ထူးဆန်းသော ဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့နေရ၏။ နတ်ဘုရား စိတ်အာရုံကို ရရှိထားခဲ့သော ကျင့်ကြံသူ အားလုံးသည် ထိုဖြစ်ရပ်ကြောင့် ကြောက်စိတ်များ ဝင်လာကြသည်။
ပြင်ပတိုက်ပွဲမြေပြင်အတွင်းရှိ နတ်ဘုရား စိတ်အာရုံ အပိုင်းအစများ အားလုံးသည် နေရာတစ်ခုတည်းသို့ တစ်ဟုန်ထိုး သွားနေကြ၏။
မကြာမီ ပြင်ပတိုက်ပွဲ မြေပြင်တစ်ခုလုံးသည် အင်အားကြီးအားလှသော နတ်ဘုရားစိတ်အာရုံကို တောင့်မခံနိုင်သဖြင့် ပျက်စီးလုနီးပါး ဖြစ်လာ၏။ ထို့နောက် ပြင်ပတိုက်ပွဲ မြေပြင်အတွင်းတွင် ကြီးမားသော တွင်းပေါက်ကြီး တစ်ခု ပေါ်လာသည်။ ထိုတွင်းပေါက်ကြီးသည် ပြင်ပတိုက်ပွဲ မြေပြင်ကြီး၏ ကြီးမားသော အစိတ်အပိုင်း တစ်ခုကို ချက်ချင်း စုပ်ယူပစ်လိုက်၏။
တစ်ချိန်တည်းမှာပင် ကြီးမားသော နတ်ဘုရား စိတ်အာရုံ တစ်ခုသည် လေဟာနယ် အက်ကွဲကြောင်းထဲမှ ထွက်လာသည်။ သူ့နောက်တွင်လည်း ထူးဆန်းသော သက်ရှိများ ပါလာ၏။
ထိုကဲ့သို့ အဖြစ်များသည် ပြင်ပတိုက်ပွဲ မြေပြင်အတွင်းရှိ တခြားနေရာများ တွင်လည်း ဖြစ်ပျက်သွား၏။ ပြင်ပတိုက်ပွဲ မြေပြင်၏ပျက်စီးမှုကြောင့် ကြီးမားသော နတ်ဘုရား စိတ်အာရုံ၃ခုက ထွက်လာခြင်းဖြစ်သည်။
များပြားလှသော သက်ရှိများသည် အပြင်သို့ ရောက်လာသည်နှင့် တွေ့မြင်သမျှ အရာများပေါ်သို့ ခုန်တက်လိုက်ကြ၏။
ကျင့်ကြံသူတိုင်းသည် ထိုသက်ရှိများ လက်မှလွတ်ရန် ရှိသမျှအား အကုန်သုံးပြီး ရွှေ့ပြောင်းရေး အစီအရင်ဆီသို့ ပြေးကြသည်။
ကြီးမားသော ဝိညာဉ်၃ခု ထွက်ပေါ်လာသည်နှင့် ဝမ်လင်းသည် သူတို့ကို ချက်ချင်း သတိပြုမိသွား၏။ ထိုဝိညာဉ် ၃ကောင်သည် သူနှင့် အလွန်ရင်းနှီးပြီး အိမ်နီးနားချင်း ဟုပင် ပြော၍ရသည်။
ထိုအချိန်တွင် လွန်ခဲ့သည့် ၃နှစ်ကတည်းက ဖြတ်တောက်ခဲ့သော နတ်ဘုရား စိတ်အာရုံ အပိုင်းအစ အားလုံးသည် သူ့ထံသို့ တဖြည်းဖြည်း ပြန်ရောက်လာနေသည်။ သူ့ထံသို့ နတ်ဘုရား စိတ်အာရုံ အပိုင်းအစ အားလုံး ပြန်ရောက်လာသော အခါ သူ၏ နတ်ဘုရား စိတ်အာရုံသည် ယခင်အရွယ်အစားသို့ ပြန်ရောက်သွား၏။
ထိုအခါ ဝမ်လင်းသည် ခြေချိတ်ထိုင်ပြီး မိုင်လျန်း၏ ခန္ဓာကိုယ်ကို အသုံးပြုကြည့် လိုက်သည်။ ထူးဆန်းသော သက်ရှိ အများအပြားသည် ဝမ်လင်းကို တွေ့သွားပြီး အနည်းငယ် တုံ့ဆိုင်းသွား၏။ သို့သော်လည်း ဆွဲဆောင်မှုကို တောင့်မခံနိုင်သည့် အလား ဝမ်လင်းထံသို့ ခုန်ဝင်လိုက်ကြသည်။
သူတို့သည် ဝမ်လင်းနှင့် ၁၂မီတာခန့်သို့ ရောက်သောအခါ ဝမ်လင်းသည် မျက်လုံးကိုဖွင့်ပြီး အော်လိုက်သည်…
“ကိုယ်အဆင့် ကိုယ်သိ…”
ဝမ်လင်းက သူ့၏နတ်ဘုရား စိတ်အာရုံကို ရုတ်တရက် ဖြန့်ကြက်လိုက်သဖြင့် သက်ရှိများသည် သူတို့၏ သဘာဝရန်သူကို တွေ့လိုက်ရသည့်အလား စူးစူးဝါးဝါး အော်ဟစ်ကာ ထွက်ပြေးသွားကြသည်။
သို့သော်လည်း သူတို့ မလွတ်မြောင်ခင် မှာတင် ဝမ်လင်းက သူတို့ကို ဖမ်းမိသွားကာ ချက်ချင်း ဝါးမျိုလိုက်၏။ သူက သက်ရှိများကို တစ်ကောင်ပြီး တစ်ကောင် စားသောက်နေသော အခါ ကြီးမားသော နတ်ဘုရား စိတ်အာရုံတစ်ခုက သူ့ကို တားရန် ရောက်ရှိလာသည်။
ဝမ်လင်းက အေးစက်စွာ နှာခေါင်း ရှုံ့လိုက်သည်။ ဝမ်လင်းက နောက်မဆုတ်ရုံသာမက သူ့ကို ဝါးမျိုချင်နေသော သက်ရှိများ အားလုံးကို စားသုံးလိုက်၏။ တခြားဝိညာဉ်ကလည်း သက်ပြင်းသာ ချလိုက်ပြီး ဘာမှမပြောတော့ချေ။
ဝမ်လင်းသည် ပြင်ပတိုက်ပွဲ မြေပြင်အတွင်းရှိ နတ်ဘုရား စိတ်အာရုံ အပိုင်းအစများ အာလုံးကို ပြန်ရသွားသော်လည်း ပြင်ပတိုက်ပွဲ မြေပြင်တွင် မရှိတော့သည့် နတ်ဘုရား အစိတ်အပိုင်း တချို့ကိုမူ ပြန်မရခဲ့ပေ။ သို့သော်လည်း ဆုံးရှုံးသွားသော နတ်ဘုရား စိတ်အာရုံသည် မဆိုစလောက်သာ ဖြစ်သည်။
“ငါ သွားတော့မယ်…”
ဝမ်လင်းက နတ်ဘုရား စိတ်အာရုံဖြင့် ပြောလိုက်သည်။ ထိုနတ်ဘုရား စိတ်အာရုံက ပြင်ပတိုက်ပွဲ မြေပြင်တစ်ခုလုံးကို ပျံ့နှံ့သွားပြီး ပျော်ရွှင်စွာ စားသောက်နေကြသော နတ်ဘုရား စိတ်အာရုံရှိသည့် ဝိညာဉ်၃ကောင်ကို ရုတ်တရက် ရပ်တန့်သွားစေသည်။
မကြာမီ သူတို့ကလည်း တစ်ယောက်ပြီး တစ်ယောက် ဝမ်လင်းဆီသို့ မက်ဆေ့တစ်ခုစီ လှမ်းပြောကြသည်။
“မင်းက အရမ်း သန်မာပါတယ်… ဒါပေမဲ့ မင်း ဒီက ထွက်သွားနိုင်လိမ့်မယ်လို့ ငါ မယုံဘူး…”
“ဒီနေရာက ပျက်စီးတော့မယ်… ငါတို့ ဝိညာဉ် စားသုံးသူတွေက ဒီနေရာ တစ်ခုလုံးကို ဝါးမျိုပစ်ရမှာ ငါ့တို့ အလုပ်ပဲ… မင်းလည်း ဝိညာဉ်စားသုံးသူ တစ်ယောက်ပဲ… ဘာလို့ ဖောက်ထွက်ချင်နေရ တာလဲ…”
“ဝိညာဉ်စားသုံးသူ အသစ်လေး… ငါ့ရဲ့လေလွင့်ဝိညာဉ်တွေက မင်းကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်လို့ မင်းက သူတို့ကို ဝါးမျိုလိုက်တယ်… ဒါပေမဲ့ ဒီနေရာကို ဝါးမျို စားသုံးပစ်ဖို့က ငါတို့လို ဝိညာဉ် စားသုံးသူတွေရဲ့ အလုပ်လေ… ငါတို့ မွေးဖွားလာတယ် ဆိုတာကလည်း ဒီအတွက် မွေးဖွားလာကြတာ… ဒီနေရာကို ငါတို့က မစားရင်လည်း တခြားဝိညာဉ်စားသုံးသူတွေက စားသွားလိမ့်မယ်…”
ဝိညာဉ်၃ကောင်သည် ဝမ်လင်းဆီသို့ သူတို့ပြောချင်သည့် စကားများကို မက်ဆေ့ပို့ပြီးသည်နှင့် ဆက်လက် မစားသောက်တော့ဘဲ ဝမ်လင်းဆီမှ အဖြေကို စောင့်နေလေသည်။ သူတို့၏အမြင်တွင် ဝမ်လင်းသည် သူတို့နှင့် အဆင့်တူ တစ်ယောက် ဖြစ်သည်။
ဝမ်လင်းက မိုင်လျန်း၏ မှတ်ဉာဏ်ကို ကြည့်လိုက်သည့်အခါ ရွှေ့ပြောင်းရေး အစီအရင်သည် မကြာမီ ပွင့်တော့မည် ဖြစ်သည်။ ပြင်ပတိုက်ပွဲ မြေပြင်တစ်ခုလုံး ပျက်စီးသွားမည့် အချိန်တွင် ရွှေ့ပြောင်းရေး အစီအရင် ပွင့်မည်၊ မပွင့်မည်ကိုတော့ သူလည်း မသေချာပေ။
ထို့ကြောင့် ဝမ်လင်းက ဝိညာဉ်၃ကောင်လုံးဆီသို့ အနည်းငယ် တောင်းဆိုလိုက်သည်။
“ငါ မင်းတိုကို ရပ်ဖို့ မပြောချင်ပါဘူး… ဒါပေမဲ့ ဒီနေရာကို အချိန်နည်းနည်း ကြာအောင် ရပ်တည်နိုင်ဖို့ အတွက် မင်းတို့ရဲ့စားသုံးမှုကို အရှိန်နည်းနည်းလောက် လျှော့ပေးဖို့ မျှော်လင့်ပါတယ်…”
“အဆင်ပြေတယ်…”
“မင်း သဘောအတိုင်း လုပ်ပေးမယ်…”
“ငါလည်း သဘောတူတယ်… ဒါပေမဲ့ လေလွင့်ဝိညာဉ်တွေကိုတော့ မင်း မတားဆီးနိုင်ဘူး…”
ဝိညာဉ်၃ကောင်လုံးဆီမှ သဘောတူညီချက် ရသည်နှင့် ဝမ်လင်းက မိုင်လျန်း၏ မှတ်ဉာဏ်ထဲကတိုင်း ရွှေ့ပြောင်းရေး အစီအရင်ဆီသို့ ထွက်ခွာသွား၏။ လမ်းတစ်လျှောက်ရှိ လေလွင့်ဝိညာဉ် အားလုံးသည် ဝမ်လင်းကို မြင်သည်နှင့် ကြောက်လန့်ပြီး လမ်းဖယ်ပေးကြ၏။
လမ်းတစ်လျှောက်တွင် ဝမ်လင်းသည် မိုင်လျန်း၏ ခန္ဓာကိုယ်နှင့် အသားမကျသေးပေ။ မိုင်လျန်း၏ ပင်ကိုအရည်အသွေးနှင့် စိတ်ဝိညာဉ် အရင်းအမြစ်သည် မူလခန္ဓာကိုယ်ထက် အဆပေါင်းများစွာ သာလွန်ပေသည်။ ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ပြီးလျှင် ထိုခန္ဓာကိုယ်ကို အပြည့်အဝ ပိုင်ဆိုင်နိုင်ရန် အတွက် ခန္ဓာကိုယ်ကို သန့်စင်ရန် အချိန်လိုပေသည်။
ယခု သူ၏ခန္ဓာကိုယ်ထဲတွင် စိတ်စွမ်းအင်များ မရှိသေးသောကြောင့် သွားလာလှုပ်ရှားရန် အတွက် နတ်ဘုရား စိတ်အာရုံကိုသာ အသုံးပြုနေရ၏။
ပျံသန်းနေရင်းဖြင့် ဝမ်လင်းသည် ရုတ်တရက် ရပ်တန့်ပြီး အရှေ့မြောက်အရပ်ကို ကြည့်လိုက်သည်။ ထို့နောက် အနည်းငယ် စဉ်းစားပြီး ထိုအရပ်သို့ ပျံသန်းသွားသောအခါ သူ့ဆီသို့ ပျံသန်းလာနေသော အလင်းတန်း ၃ခုကို မြင်တွေ့လိုက်ရသည်။ သူတို့၏နောက်တွင် လေလွင့်ဝိညာဉ် ၁၀ကောင်က နီးကပ်စွာဖြင့် လိုက်လာလေသည်။
ကျိုးဇီဟောင်သည် စစ်နတ်ဘုရားဗိမာန်မှ တပည့်တစ်ယောက် ဖြစ်ပြီး သူမသည် အလွန်လှပ၏။ သို့သော်လည်း ယခုအချိန်တွင် သူမ၏ ဆံပင်များက ရှုပ်ပွနေပြီး တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနေကာ သူမ၏ ကိုယ်ထဲရှိ စိတ်စွမ်းအင်များ အားလုံးသည်လည်း ကုန်နေလေပြီ။ သူမ၏မျက်နှာသည် ဝမ်းနည်းမှုများဖြင့် ပြည့်နေပြီး သူမ၏ စီနီယာ အစ်ကို၂ယောက်ကို ကြည့်လိုက်သည်။ သူတို့၏ မျက်နှာတွင်လည်း ဝမ်းနည်းမှုများ ဖြည့်နေ၏။
“စစ်နတ်ဘုရား ဗိမာန်က တပည့်တွေထဲမှာ ငါတို့၃ယောက်ပဲ ကျန်တော့မှာကို ကြောက်တယ်…”
ကျိုးဇီဟောင်သည် နာကြည်းစွာဖြင့် ရယ်မောလိုက်သည်။ လွန်ခဲ့သည့် ၃ယောက်သည် စစ်နတ်ဘုရား ဗိမာန်မှ တပည့်၁၀ယောက် ကျန်သေး၏။ သို့သော်လည်း ထူးဆန်းသော သက်ရှိများ ထွက်ပေါ်လာလိမ့်မည်ဟု မည်သူကမှ ထင်မထားခဲ့ကြချေ။ ထိုသက်ရှိများ မီသွားသည့် ကျင့်ကြံသူတိုင်းသည် သေဆုံးသွားရပြီး သူတို့၏ ခန္ဓာကိုယ်များသည် မံမီအလောင်းကောင်များကဲ့သို့ ဖြစ်သွား၏။
ကြည့်ရသည်မှာ ထိုသက်ရှိများသည် မံမီအလောင်းကောင် များထဲတွင် ပုန်းအောင်း နေရသည်မှာ ကြိုက်နှစ်သက်ကြဟန် ရှိသည်။ ကျင့်ကြံသူများသည် သေဆုံးသွားသည့် ခန္ဓာကိုယ်များကို တွေ့သည့်အခါတိုင်း သူတို့သည် အလွန်ကြောက်လန့်နေကြရ၏။
*****