ရှုဟောင်သည် အဆင့်(၃) ကျွီလုနိုင်ငံ၏ စိတ်ဝိညာဉ်ဂိုဏ်းမှ (၆)ဆက်မြောက် မျိုးဆက် တပည့်တစ်ယောက် ဖြစ်သည်။ သူက ကျောက်တုံးကြီး တစ်ခုပေါ်တွင် ထိုင်ပြီး ရရှိထားသော ပစ္စည်းများကို အမျိုးအစားခွဲနေစဉ်တွင် အသံထုတ်လွှင့်ခြင်း ကျောက်စိမ်းပြားမှ ရုတ်တရက် တုန်ခါလာ၏။
ရှုဟောင်က မျက်ခုံးကို တွန့်ပြီး ကျောက်စိမ်းပြားကို နဖူးပေါ်တွင် တင်လိုက်ရာ အလျင် လိုနေသော အသံတစ်ခုက သူ့စိတ်ထဲတွင် ပေါ်လာသည်။
“မြန်မြန် … အရှေ့မြောက် (၄၈)ဒီဂရီကို မြန်မြန်လာခဲ့ … ပိုင်ရှင်မရှိတဲ့ နတ်ဘုရားစိတ်အာရုံ အပိုင်းအစ တစ်ခု ပေါ်လာတယ် …“
အသံကို ပို့လိုက်သည့် လူသည် ပြင်ပတိုက်ပွဲ မြေပြင်တွင် ခင်မင်သွားသော မိတ်ဆွေကောင်း ကောယန်ဖြစ်သည်။ သူတို့နှစ်ယောက်စလုံးသည် ခန္ဓာကိုယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်များ ဖြစ်ကြပြီး တစ်ခါတစ်ရံတွင် နှစ်ယောက်ပေါင်း၍ တခြားသူများထံမှ ပစ္စည်းများ လုယက်ကြ၏။ ထို့ကြောင့် သူတို့၏ ဆက်ဆံရေးသည် အလွန်ကောင်းမွန်နေခြင်း ဖြစ်သည်။
ရှုဟောင်က ထိုအကြောင်းကို ကြားသည်နှင့် သူ၏အမူအရာက ပြောင်းလဲသွားပြီး အလွန် စိတ်လှုပ်ရှားသွား၏။ ပြင်ပတိုက်ပွဲ မြေပြင်တွင် နတ်ဘုရားစိတ်အာရုံသည် တန်ဖိုးအရှိဆုံး ရတနာတစ်မျိုး ဖြစ်သည်။
အလွန်အစွမ်းထက်သော ကျင့်ကြံသူများ၏ စဦး စိတ်ဝိညာဉ်များသာလျှင် သူတို့၏ ခန္ဓာကိုယ်ကို အဆုံးရှုံးခံပြီး ထွက်ပြေးလွတ်မြောက် နိုင်၏။ သို့သော်လည်း သေသွားသည့်အခါ နတ်ဘုရားစိတ်အာရုံ ကျန်ရစ်နိုင်သည့် အခွင့်အရေး သေးသေးလေး ရှိသေး၏။
ရှုဟောင်သည် နတ်ဘုရားစိတ်အာရုံ၏ အသုံးဝင်ပုံကို တိတိကျကျ မသိသော်လည်း သူတို့ ပြင်ပတိုက်ပွဲ မြေပြင်သို့ ဝင်ရောက်ချိန်တွင် တမန်တော်က အဆင့်မြင့် နိုင်ငံများက လိုချင်နေသော ပစ္စည်းများကို စာရင်းထုတ်ပြခဲ့သည်။ ထိုစာရင်းထဲတွင် နတ်ဘုရား စိတ်အာရုံသည် ထိပ်ဆုံးပစ္စည်း (၁၀)မျိုးထဲတွင် ပါဝင်နေ၏။
ထိုစာရင်းထဲမှ ပစ္စည်းများကိုသာ ရခဲ့လျှင် ဂိုဏ်းသို့ ပြန်ရောက်သောအခါ ဆုများ ကျိန်းသေ ချီးမြှင့် ခံရလိမ့်မည် ဖြစ်သည်။ ထိုအကြောင်းကို တွေးပြီး ရှုဟောင်သည် အရှေ့မြောက် အရပ်သို့ လျင်မြန်စွာ ပြေးထွက်သွား၏။
ရှုဟောင် ရောက်သွားသည့် အချိန်တွင် ထိုနေရာတွင် လူအုပ်စုကြီး ရှိနေသည်ကို တွေ့လိုက်ရသည်။ လူအုပ်ကြီးနှင့် အဝေးတစ်နေရာတွင် အပြာရောင် အစက်ကလေး တစ်ခုကို ဝိုင်းရံထားသော အတားအဆီးကြီး တစ်ခု ရှိနေ၏။ ထိုအပြာရောင် အစက်ကလေးသည် လေထဲတွင် ဦးတည်ရာမဲ့ မျောနေလေသည်။
ရှုဟောင်၏ မျက်လုံးထဲတွင် လိုချင်တပ်မက်သည့် အရိပ်အယောင်များ ပေါ်လာပြီး သိုလှောင်အိတ်ထဲမှ အနက်ရောင် ခက်ရင်းခွ လက်နက်ကို ထုတ်ယူကာ ရှေ့သို့ ပြေးဝင်သွား၏။
***
ဝမ်လင်းကတော့ ပေါ်လာမည့် လေဟာနယ် အက်ကွဲကြောင်းများကို တိတ်ဆိတ် ငြိမ်သက်စွာဖြင့် စောင့်နေလေသည်။ ရုတ်တရက် လေဟာနယ် အက်ကွဲကြောင်း (၈)ခုက သူ၏ နတ်ဘုရား စိတ်အာရုံအောက်တွင် ပေါ်လာ၏။
ဝမ်လင်းက နတ်ဘုရားစိတ်အာရုံ အပိုင်းအစများကို လေဟာနယ် အက်ကွဲကြောင်းများ အတွင်းသို့ အလျင်အမြန်ထည့်ပြီး ဖြတ်တောက်ပစ်လိုက်၏။
ဝမ်လင်းသည် နောက်ထပ် လေဟာနယ် အက်ကွဲကြောင်းများ ပေါ်လာတိုင်း နတ်ဘုရား စိတ်အာရုံ အစိတ်အပိုင်းများကို ပစ်ထည့်နေသဖြင့် သူ၏ နတ်ဘုရားစိတ်အာရုံသည် တဖြည်းဖြည်းနှင့် သေးလာလေသည်။
***
ကုန်ဆုံးသွားသော (၃)နှစ်အတွင်းတွင် ပြင်ပတိုက်ပွဲ မြေပြင်သည် ထူးဆန်းသော အခြေအနေတစ်ခု ဖြစ်ပွားခဲ့၏။ ရှုဟောင်နှင့် ကောယန်သည် နတ်ဘုရားစိတ်အာရုံ အပိုင်းအစများကို ရရှိခဲ့ကြသည်။ နတ်ဘုရားစိတ်အာရုံ အပိုင်းအစများသည် နေ့တိုင်း ထွက်ပေါ်လာသဖြင့် ပြင်ပတိုက်ပွဲ မြေပြင်အတွင်းရှိ ကျင့်ကြံသူအားလုံးကို ရူးသွားလောက်အောင် ဖြစ်စေခဲ့သည်။
ဤမျှ များပြားလှသော နတ်ဘုရား စိတ်အာရုံများ ပြင်ပတိုက်ပွဲ မြေပြင်တွင် ပေါ်လာလိမ့်မည်ဟု မည်သူမှ အိပ်မက်ထဲ၌ပင် ထည့်မမက် ဖူးကြပေ။ အဆင့်မြင့် နိုင်ငံများကသာ ဤအဖြစ်အပျက်ကို ကြားသိပါက သူတို့သည် ချက်ချင်း ပြင်ပတိုက်ပွဲ မြေပြင်အတွင်းသို့ ရောက်လာကြမည် ဖြစ်သည်။ သို့သော်လည်း ဤ(၃)နှစ်အတွင်းတွင် ပြင်ပတိုက်ပွဲ မြေပြင်အတွင်းသို့ မည်သည့် ကျင့်ကြံသူကိုမှ ထပ်မပို့ ကြတော့ချေ။
ပြင်ပတိုက်ပွဲ မြေပြင်သည် ယခုအချိန်တွင် မတည်ငြိမ်သည့် အခြေအနေသို့ ရောက်ရှိနေ၏။ မသိရသော အကြောင်းပြချက် တချို့ကြောင့် အထဲမှ ကျင့်ကြံသူများသည် အပြင်သို့ မထွက်နိုင်သကဲ့သို့ အပြင်မှ ကျင့်ကြံသူများသည်လည်း အထဲသို့ ဝင်လို့ မရနိုင်ခဲ့ပေ။
ထိုပြဿနာကို ဖြစ်စေသော အဓိက တရားခံသည် လေဟာနယ် အက်ကွဲကြောင်းများ ဖြစ်သည်။ ဝင်ပေါက် အနည်းငယ်တွင် များစွာသော လေဟာနယ် အက်ကွဲကြောင်းများဖြင့် ပြည့်နေသောကြောင့် ဖြစ်၏။
အဆင့် (၄) နှင့် အဆင့် (၅) နိုင်ငံမှ ထိပ်ပိုင်းအဆင့် ကျင့်ကြံသူများက ပြင်ပတိုက်ပွဲ မြေပြင်သည် ပျက်စီးတော့မည်ဖြစ်၍ ဤသို့ ဖြစ်ရကြောင်း သုံးသပ်ခဲ့ကြပြီး ပြင်ပတိုက်ပွဲ မြေပြင်ကို ပြန်ပြင်ရန် အတွက် အဆင့် (၆) နိုင်ငံသို့ မေးလိုက်ရာ ပြန်ပြင်မည့် စရိတ်သည့် အလွန်ကြီးမား နေသည်။
သူတို့သည် ပြင်ပတိုက်ပွဲ မြေပြင်တွင် နတ်ဘုရားစိတ်အာရုံများ အမြောက်အမြား ထွက်ပေါ် နေသည်ကို သိနေလျှင်တောင်မှ ပြန်ပြင်လိမ့်မည် မဟုတ်ပေ။
ထို့အပြင် ပြင်ပတိုက်ပွဲ မြေပြင်သည် တစ်ခုတည်းရှိတာ မဟုတ်သည့်အတွက် ကုန်ကျစရိတ် ကြီးမားစွာဖြင့် ပြန်ပြင်ရန် မလိုအပ်ပေ။ အားလုံးသည်လည်း ပြင်ပတိုက်ပွဲ မြေပြင်တစ်ခုက ပျက်စီးတော့မည်ဆိုလျှင် စွန့်ပစ် ကြသည်ချည်းသာ ဖြစ်၏။
ထိုအကြောင်းအရာများ အားလုံးသည် ဝမ်လင်းကြောင့် ဖြစ်လာရသည်ကို သူတို့ မသိကြ ခဲ့ကြချေ။ ဝမ်လင်းသာ လေဟာနယ် အက်ကွဲကြောင်းများကို ဝင်ဆောင့်ပြီး မဖျက်ဆီးလျှင် ဤသို့ ဖြစ်လာမှာ မဟုတ်ပေ။
ဟင်းလင်းပြင်ထဲမှ အချိန်စီးဆင်းမှုနှင့် ပြင်ပတိုက်ပွဲ မြေပြင်အတွင်းရှိ အချိန်စီးဆင်းမှုသည် မတူညီချေ။ ဟင်းလင်းပြင်ထဲတွင် နှစ် (၁၀၀) ဆိုလျှင် ပြင်ပတိုက်ပွဲ မြေပြင်တွင် (၁) နှစ်ဖြစ်သည်။
အတိအကျ တွက်ရလျှင် ဝမ်လင်းသည် လေဟာနယ် အက်ကွဲကြောင်းများကို ဟင်းလင်းပြင် ထဲတွင် နှစ် (၇၀၀) ခန့် ဝင်ဆောင့်ခဲ့သည်။
ဝမ်လင်း၏နှစ် (၇၀၀) ခန့် ဆက်တိုက် လုပ်ဆောင်ခဲ့မှုက ပြင်ပတိုက်ပွဲ မြေပြင်၏ ပျက်စီးနှုန်းကို ပိုမိုလျင်မြန် လာစေခဲ့သည်။ ထို့ကြောင့် ယခုအချိန်တွင် အဆင့် (၄) နှင့် အဆင့် (၅) နိုင်ငံမှ ကျင့်ကြံသူများပင် ပြင်ပတိုက်ပွဲ မြေပြင်အတွင်းသို့ မဝင်ရောက် ရဲကြတော့ချေ။
သူ့တို့က အထဲတွင် ရှိနေသော ကျင့်ကြံသူများကို အသံမက်ဆေ့များ ပို့လိုက်ကြ၏။ နတ်ဘုရား စိတ်အာရုံများ အားလုံးကို ရသလောက် အတူတကွ စုဆောင်းပြီး ရွှေ့ပြောင်းခြင်း အစီအရင်ဖြင့် ထွက်လာကြရန် ပြောလိုက်ကြသည်။
ဝမ်လင်းသည် ယခုအချိန်တွင် သူ၏ ဝိညာဉ်က အရွယ်အစား အလွန်သေးနေပြီး နတ်ဘုရား စိတ်အာရုံကလည်း နောက်ထပ် ပိုင်းဖြတ်၍ မရတော့ချေ။ ထို့ကြောင့် သူက ကြီးမားသော လေဟာနယ် အက်ကွဲကြောင်းကြီး တစ်ခုကို စောင့်နေလိုက်တော့၏။
ဤနေ့တွင် ဝမ်လင်း၏ နတ်ဘုရား စိတ်အာရုံအောက်တွင် ယခင်ကထက် အဆပေါင်းများစွာ ကြီးမားသော လေဟာနယ် အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာသည်။ ထိုအခါ ဝမ်လင်းသည် တုံ့ဆိုင်းမနေဘဲ ချက်ချင်း ဝင်လိုက်၏။
***
မိုင်လျန်းသည် မှော်ရတနာ တစ်ခုပေါ်တွင် အကြည့်က ရောက်နေ၏။ ၎င်းမှော်ရတနာသည် ယခင်တစ်ခါ မြင်တွေ့ခဲ့ရသော အနက်ရောင် အလင်းတန်းကဲ့သို့ အသိစိတ်ရှိသဖြင့် ရတနာကို ရရန် (၃) ရက်လုံးလုံး မနားမနေ လိုက်ဖမ်းခဲ့ရသည်။ ထို့ကြောင့် ယခုအချိန်တွင် သူ၏ တစ်ကိုယ်လုံး ခြေကုန်လက်ပန်းကျကာ ပင်ပန်းနွမ်းနယ် နေလေသည်။
မိုင်လျန်းသည် သူ့ရှေ့မှ ခရမ်းရောင်ဓားကို ကြည့်ပြီး စိတ်ထဲတွင် တွေးလိုက်သည်။ သူ၏ လွန်းရတနာကိုသာ လုယူ မခံလိုက်ရပါက ဤဓားကို အလွယ်တကူ ရရှိနိုင်ပြီး ဤမျှအထိ ပင်ပန်း နေလိမ့်မည် မဟုတ်ချေ။
လွန်းရတနာ အကြောင်းကို တွေးမိပြီး အနက်ရောင် အလင်းတန်း အကြောင်းကိုပါ တွေးမိသွား၏။ မိုင်လျန်းသည် ဤ (၁၀) နှစ်အတွင်းတွင် ထိုမှော်ရတနာအကြောင်းကို တွေးမိပြီး အကြိမ်ကြိမ် စိတ်ကူးယဉ် အိမ်မက်များ မက်နေတတ်၏။ ထိုရတနာကို လူ့ဘီလူး နတ်ဆိုးကလန်၏ အဖွဲ့ဝင် တစ်ယောက်က လိုက်ဖမ်းနေပုံကို ကြည့်ခြင်းအားဖြင့် ထိုရတနာသည် အလွန်တန်ဖိုးရှိသော ရတနာတစ်ခု ဖြစ်ရပေမည်။
ထို့နောက် မိုင်လျန်းသည် သက်ပြင်းချပြီး ရေရွတ်လိုက်သည်။
“ရွှေ့ပြောင်းခြင်း အစီအရင်က စောရင်ပဲ ဖြစ်ဖြစ်၊ နောက်ကျရင်ပဲ ဖြစ်ဖြစ် မဖွင့်ဘူး … ဒါပေမဲ့ ဒီနေ့က ငါ ဒီကို ရောက်တာ နှစ် (၅၀) ပြည့်တဲ့နေ့ပဲ … ဘာကိစ္စပဲ ရှိနေရှိနေ ငါ အိမ်ကို ပြန်နိုင်ရမယ် … ဒီနှစ်တွေ အတွင်းမှာ ပိုင်ရှင်မရှိတဲ့ နတ်ဘုရား စိတ်အာရုံတွေကြောင့် ဒီနေရာက အလွန် အန္တရာယ်များတဲ့ နေရာတစ်ခု ဖြစ်နေပြီ… ငါကလည်း ဒီဓားပျံကို ရသွားပြီဆိုတော့ စုရပ်ကို သွားရမယ့် အချိန်ရောက်ပြီ… ဟီး … ဟီး … ဂျူနီယာ ညီမလေးရေ … ငါ့ကို စောင့်နေပေတော့… မင်းရဲ့ စီနီယာ အစ်ကိုကြီးကို မင်း ငြင်းပယ်နိုင်မှာ မဟုတ်တော့ဘူး … ငါက မင်းကို တစ်ကယ် ချစ်မြတ်နိုးလို့ပါ … “
“ဒါပေမဲ့ နှစ် (၅၀) တောင် ကြာလာပြီး ဂျူနီယာ ညီမလေးရော ဘယ်လိုရုပ်ရည် ဖြစ်နေပြီလဲ မသိဘူး … လှနေမှာပါ … သူမက စစ်နတ်ဘုရား နည်းစနစ်ကို လေ့ကျင့်နေတာပဲ … အဲဒီနည်းစနစ်က ငယ်ရွယ်နုပျို စေတယ်လို့တော့ ကြားဖူးတယ် … ဒါကြောင့် ဂျူနီယာ ညီမလေးက အသက် (၃၀) အရွယ်လောက်တော့ ရှိနေမှာပဲ … ဂျူနီယာ ညီမလေးက အဘွားကြီးအို ဖြစ်သွားရင်တော့ ငါ လက်လျော့သင့်ရင် လျော့ရမယ်… ဟမ့် … ပြီးတော့ ဒီကိုလာတုန်းက စစ်နတ်ဘုရား ဗိမာန်က လူတွေ အများကြီး လွှတ်လိုက်တာ အခုကျန်ရင် (၁၀) ယောက်လောက်ပဲ ကျန်တော့မယ် … ငါသာ ပြန်ရောက်ရင် အကြီးအကဲတွေက ငါ့ကို ကျင့်ကြံခြင်းမှာ အထောက်အကူ ပြုစေဖို့ အရင်းအမြစ်တွေ ထောက်ပံ့မှာပဲ … ပြီးတော့ ငါ အရင်တစ်ခါ ရထားတဲ့ ပုလင်းထဲက ဆေးတွေက အရမ်း အစွမ်းထက်တယ် … တစ်လုံးတည်းကတောင် ငါ့ရဲ့ ငယ်ရွယ်မှုကို ထိန်းပေးထားနိုင်တယ် … ငါ ဒီက ထွက်တာနဲ့ အသက် (၂၀) အရွယ် ကောင်လေးတစ်ယောက်လို ဖြစ်နေမှာပဲ … ဒါဆိုရင် ငါ ကြိုက်တဲ့ ဘယ်မိန်းကလေးကိုမဆို ရနိုင်ပြီ… “
မိုင်လျန်းသည် ပြောင်စပ်စပ်အပြုံး ပြုံးလိုက်၏။
မိုင်လျန်းသည် ကိုယ့်ကိုယ်ကို ဂုဏ်ယူနေခိုက်တွင် အလင်းတန်းနှစ်ခုက သူ့နောက်မှ လျင်မြန်စွာ နီးကပ်လာသည်။ မျက်တောင်တစ်ခတ် အတွင်းမှာတင် လူနှစ်ယောက် ရောက်ရှိလာ၏။ အလင်းတန်း တစ်ခုက သူ့ကို ကျော်သွားပြီးမှ ရပ်တန့်လိုက်ပြီး နောက်အလင်းတန်း တစ်ခုက သူ့နောက်တွင် ရပ်တန့်သွား၏။
သူတို့နှစ်ယောက်ကို ကြည့်ပြီး မိုင်လျန်းသည် မျက်နှာပျက်သွားကာ ပြောလိုက်သည်။
“ရှုဟောင်နဲ့ ကောယန် … “
သူ၏ရင်ထဲတွင် တင်းကျပ်သွား၏။ သူတို့နှစ်ယောက်သည် လူသတ်ပြီး မှော်ရတနာ ပစ္စည်းများကို လုယူတတ်သောကြောင့် ယခင်ကတည်းက မိုင်လျန်းသည် သူတို့နှစ်ယောက်ကို မြင်လျှင် ဝေးဝေးက ရှောင်နေတတ်သည်။
မိုင်လျန်းက ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် သိုလှောင်အိတ်ကို ဖြုတ်ပြီး ရှုဟောင်ထံသို့ ပစ်ပေးကာ တောင်းပန်လိုက်၏။
“ရောင်းရင်းရှုဟောင် … ဒီနှစ် (၅၀) အတွင်းမှာ စုထားတဲ့ ပစ္စည်းတွေ အကုန်လုံး အဲဒီထဲမှာ ရှိတယ် … အားလုံးကို ယူလိုက်ပါ … ငါ့အသက်ကိုတော့ ချမ်းသာပေးဖို့ တောင်းပန်ပါတယ် … “
ရှုဟောင်က အံ့ဩသွားပြီး သိုလှောင်အိတ်ကို သူ၏နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ သူ့မျက်နှာက ပြုံးသွားပြီး မိုင်လျန်းကို ပြောလိုက်သည်။
“မင်းက ငါ တွေ့ဖူးသမျှထဲမှာ အကြောက်တတ်ဆုံး ကောင်ပဲ … ကောင်းပြီလေ … ဒီတစ်ကြိမ်တော့ ငါ မင်းကို သွားခွင့်ပြုလိုက်မယ် … ထွက်သွားတော့ … “
မိုင်လျန်းသည် စိတ်သက်သာရာ ရသွားပြီး ထွက်သွားရန် ပြင်လိုက်သောအခါ သူ၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး သွေးများ အန်ထုတ်လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ရင်ဘတ်ကို ဓားတစ်ချောင်းက ဖောက်ထွတ် သွားသောကြောင့် ဖြစ်၏။ မိုင်လျန်းသည် အားတင်း၍ နောက်ကို လှည့်ကာ ကောယန်ကို ကြည့်ပြီး ပြောလိုက်သည်။
“မင်း …“
ကောယန်က လက်ကို ဝှေ့ယမ်းလိုက်ရာ သူပစ်လိုက်သော ဓားက သူ့ဆီသို့ ပျံသန်းပြီး ပြန်ရောက်လာ၏။ ထို့နောက် သူက ပြောလိုက်သည်။
“ငါ မင်းကို ထွက်သွားလို့ရပြီ မပြောရသေးဘူး… “
ပြောပြီးသည်နှင့် သူက မိုင်လျန်းကို မကြည့်တော့ဘဲ ထွက်ခွာသွား၏။
ရှုဟောင်က ခေါင်းကို ခါယမ်းလိုက်သည်။ သိုလှောင်အိတ်ကို သူ့အား ပေးလိုက်သည့်အတွက် ကောယန်က မိုင်လျန်းအား သတ်တော့မည်ကို သူသိလိုက်၏။ သူနှင့် ကောယန်သည် သိုလှောင်အိတ်အား အရင်ရသူက အပိုင်ရမည်ဟု သဘောတူညီချက် ပြုလုပ်ထားသောကြောင့် ဖြစ်သည်။
မိုင်လျန်းက သိုလှောင်အိတ်ကို ကောယန်အား ပေးလိုက်လျှင်လည်း သူက မိုင်လျန်းကို သတ်မှာ ဖြစ်၏။
မိုင်လျန်း၏ အသိစိတ်သည် တဖြည်းဖြည်း ဝေဝါးလာပြီး သူ့ရှေ့တွင် သူ့ဂျူနီယာ ညီမလေး၏ ပုံရိပ်က ပေါ်လာသည်။ သူ့မျက်လုံးများကလည်း တဖြည်းဖြည်း ပိတ်သွား၏။ ထိုအချိန်တွင် မိုင်လျန်း၏ ခန္ဓာကိုယ်ဘေးတွင် လေဟာနယ် အက်ကွဲကြောင်းကြီး ပေါ်လာကာ ဝိညာဉ်တစ်ကောင် ထွက်လာသည်။
ထိုဝိညာဉ်သည် အပြင်သို့ ထွက်လာသည်နှင့် ခဏ ရပ်တန့်သွားပြီး မိုင်လျန်း၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွား၏။ ထိုနောက် မိုင်လျန်း၏ မျက်လုံးသည် ရုတ်တရက် ပွင့်လာပြီး မျက်လုံးမှ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။
သူ၏ရင်ဘတ်မှ ဒဏ်ရာသည်လည်း အလွန်မြန်ဆန်သည့် နှုန်းဖြင့် ပြန်ကောင်းလာပြီး မကြာမီ အပြည့်အဝ ပြန်ကောင်းသွား၏။ ထို့နောက် သူ၏ပါးစပ်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ် လာသည်။
“ထန်းဟွယွမ် … ငါ …ဝမ်လင်း ပြန်လာပြီ… နတ်ဘုရား စိတ်အာရုံတွေ ပြန်လာစမ်း … “
ယခင်က ဝမ်လင်း ပိုင်းဖြတ်ပြီး လေဟာနယ် အက်ကွဲကြောင်းထဲသို့ ပို့လွှတ်လိုက်သော နတ်ဘုရား စိတ်အာရုံ အပိုင်းအစများသည် ယခုအချိန်တွင် တချို့က သိုလှောင်အိတ်ထဲ ရောက်နေပြီး၊ တချို့က သန့်စင်ခံထားကြရ၏။ တချို့ကတော့ လုယူနေသူများနှင့် တိုက်ခိုက်နေရဆဲ ဖြစ်သည်။ ရုတ်တရက် ထိုနတ်ဘုရား စိတ်အာရုံအားလုံးသည် ရုတ်တရက် တုန်ခါလာပြီး ဝမ်လင်းဆီသို့ တစ်ခုပြီး တစ်ခု စုစည်းသွားကြ၏။
ထိုအခါ နတ်ဘုရားစိတ်အာရုံကို ပိုင်ဆိုင်ခဲ့သော လူများ၏ စိတ်ထဲတွင် ယခင်က တစ်ခါမှ မပေါ်ပေါက်ဖူးသော ကြောက်လန့်စိတ်များ ပေါ်လာသည်။
***
Wow
Wow