Switch Mode

အခန်း (၁၁၉)

ဝိညာဉ်နိုးထလာမှု

ပြင်ပတိုက်ပွဲ မြေပြင်အတွင်းတွင် လေဟာနယ် အက်ကွဲကြောင်းများသည် မရေမတွက်နိုင်သော တိုက်ပွဲများကြောင့် ဖြစ်လာရသည်။ ဤနေရာကို ကျင့်ကြံခြင်း အဖွဲ့ကြီးက လာပြီး ထိန်းသိမ်းခြင်းများ မလုပ်ခဲ့လျှင် ယခင်ကတည်းက ဤနေရာသည် ပျက်စီးပျောက်ကွယ်သွားပြီး ဖြစ်နေပေလိမ့်မည်။

လေဟာနယ် အက်ကွဲကြောင်းများ၏ တခြားတစ်ဖက်တွင် ကြယ်ပင်လယ်ကြီး တစ်ခု ရှိ၏။ ထိုနေရာသည် စွမ်းအင်များနှင့် ထူးဆန်းသော သက်ရှိများ ပြည့်နေသော နေရာတစ်ခု ဖြစ်သည်။

လေဟာနယ် အက်ကွဲကြောင်းထဲသို့ ရောက်သွားသည့် လူတိုင်း မည်သူမှ ပြန်ထွက်မလာ နိုင်ကြချေ။ သို့သော်လည်း စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နှောင်းပိုင်းအဆင့်များသည် လေဟာနယ် အက်ကွဲကြောင်း၏ အမြင့်ဆုံး စုပ်အားအောက်တွင် ဝင်လုနီးပါး ဖြစ်နေလျှင်တောင်မှ တည်နေရာ ရွေ့ပြောင်းခြင်းဖြင့် ပြန်ထွက်လာနိုင်စွမ်း ရှိ၏။

ပြင်ပတိုက်ပွဲ မြေပြင်ရှိ လေဟာနယ် အက်ကွဲကြောင်းတွင် ကြောက်စရာ အကောင်းဆုံးမှာ စုပ်အား ဖြစ်သည်။ ထိုစုပ်အားသည် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်များကိုတောင်မှ အခက်အခဲ တွေ့စေနိုင်၏။ လေဟာနယ် အက်ကွဲကြောင်းမှ စုပ်အားသည် စိတ်စွမ်းအင်များကိုတောင်မှ စုပ်ယူနိုင်ပြီး အရာအားလုံးကို စုပ်ယူတတ်သည်။

လေဟာနယ် အက်ကွဲကြောင်းတွင် အန္တရာယ်ရှိသော အခြားအချက် တစ်ခုလည်း ရှိ၏။ ထိုအချက်မှာ လေဟာနယ် အက်ကွဲကြောင်းသည် မည်သည့်နေရာတွင် ဆက်သွယ်ထားသည်ကို မည်သူမှ မသိကြခြင်း ဖြစ်သည်။ အစွမ်းထက်သော ကျင့်ကြံသူ တချို့ကတော့ လေဟာနယ် အက်ကွဲကြောင်းထဲရှိ နေရာသည် မှောင်မဲနေသော နေရာတစ်ခုဖြစ်ပြီး နတ်ဘုရား စိတ်အာရုံကို ခန္ဓာကိုယ်ထဲမှ အပြင်သို့ မထွက်နိုင်စေရန် ပိတ်လှောင်ထားနိုင်သည့် နေရာတစ်ခုလည်း ဖြစ်၏။

လေဟာနယ် အက်ကွဲကြောင်းထဲတွင် ရုတ်တရက် အလင်းရောင်တစ်ခု ပေါ်လာပြီး လေဟာနယ်ထဲတွင် မျောနေသည်။ သေချာကြည့်လျှင် ထိုအလင်းရောင်သည် မှိန်ဖျော့ဖျော့ လင်းနေသော ဝိညာဉ်မီးတောက်တစ်ခု ဖြစ်သည်ကို ‌တွေ့ရပေမည်။

အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာသကဲ့သို့ လေဟာနယ်ထဲတွင် အလင်းရောင်လေးက မျောနေပြီး ဝိညာဉ်မီးတောက်ကလည်း တဖြည်းဖြည်း မှိန်လာကာ မည်သည့် အချိန်တွင်မဆို ပျောက်ကွယ်သွားနိုင်သည့် အရိပ်အယောင်များ ပြသလာသည်။

အချိန်များက ကုန်ဆုံးလာသကဲ့သို့ ဝိညာဉ်မီးတောက်သည်လည်း မီးစ သေးသေးလေး ကဲ့သို့သာ လင်းနေတော့၏။

တစ်ရက်တွင် အရိပ်ကြီးတစ်ခုက အလင်းရောင်လေးဆီသို့ ဦးတည်ပြီး မျောလာနေသည်။ အနီးကပ်ကြည့်မည် ဆိုလျှင် ထိုအရိပ်ကြီးသည် ကြီးမားသော အလောင်းတစ်ခု ဖြစ်၏။

အလောင်း၏ ခန္ဓာကိုယ်သည် လူ့ဘီလူး နတ်ဆိုးကလန်သား တစ်ယောက်၏ ခန္ဓာကိုယ်နှင့် တူသော်လည်း အလောင်း၏ နဖူးပြင်တွင် တူပုံစံမဟုတ်ဘဲ ပုဆိန်တစ်လက် ဖြစ်နေသည်။

ဤနေရာတွင် လူ့ဘီလူးနတ်ဆိုး ကလန်သားတစ်ယောက်သာ ရှိနေလျှင် ထိုအလောင်းပေါ်မှ အမှတ်အသားသည် သူတို့၏ ဘိုးဘေးအမှတ်အသား ဖြစ်ကြောင်း သိနိုင်လိမ့်မည် ဖြစ်၏။

အလောင်းသည် အလင်းရောင်နှင့် ထိသွားသည့် အချိန်တွင် အလောင်းမှ ငွေရောင်မီးခိုးတစ်မျိုး ထွက်လာသည်။ ငွေရောင်မီးခိုးသည် လူတစ်ယောက်၏ ပုံစံဖြစ်သွားပြီး လိုချင်တပ်မက်သည့် အမူအရာဖြင့် အလင်းရောင်ဆီသို့ ခုန်ဝင်သွားလိုက်၏။

ထိုငွေရောင်မီးခိုးသည် ပြင်ပတိုက်ပွဲ မြေပြင်အတွင်းတွင် အသက်ရှင်နေထိုင်သော သက်ရှိတစ်မျိုး ဖြစ်ပြီး အလောင်း၊ မှော်ရတနာနှင့် ဝိညာဉ် အစရှိသော အရာအားလုံးကို ဝါးမျိုစားသောက်ကြသည်။

၎င်းသက်ရှိသည် အလင်းရောင်ကို ထိတွေ့လိုက်သည်နှင့် စူးစူးဝါးဝါး အော်ဟစ်ပြီး ထွက်ပြေးရန် ကြီးစား၏။ သို့သော်လည်း အလင်းရောင်က ၎င်းသက်ရှိကို စုပ်ယူလိုက်သည်။

၎င်းသက်ရှိကို စုပ်ယူပြီးနောက် အလင်းရောင်က ပိုမို တောက်ပလာပြီး ဝိညာဉ်မီးတောက် သည်လည်း သန်မာအားကောင်း လာသည်။

ထိုအချိန်တွင် ဝမ်လင်းက နိုးလာသည်။

အတိအကျပြောရလျှင် သူ၏ဝိညာဉ်က နိုးထလာခြင်း ဖြစ်သည်။

သူ နိုးလာသည့် အချိန်တွင် အသိစိတ် ရှိမနေဘဲ ဝိညာဉ်မီးတောက် တစ်ခုအဖြစ်သာ ရှိနေသေး၏။ သို့သော်လည်း သူ၏ဝိညာဉ်အတွင်း၌ အလွန်အေးသည့် အအေးဓာတ်တစ်မျိုး ရှိနေသည်။

ဝမ်လင်းက သူ့ဘေးတွင် ရှိသော မိစ္ဆာအော်ရာများ ထုတ်လွှတ်နေသည့် အလွန်ကြီးမားသော မီးတောက်ကြီးကို ကြည့်ပြီး တုံ့ဆိုင်းနေခြင်း မရှိဘဲ မီးတောက်ကြီးဆီသို့ ခုန်ဝင်သွား၏။

အပြင်ဘက်မှ ကြည့်လျှင် အလင်းရောင်သည် ရုတ်တရက် အလောင်းခန္ဓာကိုယ်၏ ဦးခေါင်းဆီသို့ ခုန်သွားပြီး အထဲသို့ တိုးဝင်သွားသည်။

အထဲတွင် ဝမ်လင်း၏ ဝိညာဉ်ကို မိစ္ဆာမီးတောက်က ဝိုင်းရံထားသည့်အတွက် ဝမ်လင်း၏ ဝိညာဉ်အတွင်းရှိ အအေးဓာတ်များကို ပျောက်ကွယ်သွားစေပြီး တဖြည်းဖြည်းနှင့် ဝမ်လင်း၏ ဝိညာဉ်ကို တည်ငြိမ်သွားစေ၏။ အချိန်များကလည်း တဖြည်းဖြည်း ကုန်ဆုံးလာသကဲ့သို့ ဝမ်လင်း၏ ဝိညာဉ်ပါရှိသော ခန္ဓာကိုယ်ကြီးသည် လေဟာနယ်ထဲတွင် မျောပါပြီး နေရာအနှံ့ ရောက်နေလေသည်။

ဝမ်လင်း၏ ဝိညာဉ်ပါရှိသော ခန္ဓာကိုယ် မျောရာတစ်လျှောက်တွင် တွေ့ရသော ပြင်ပတိုက်ပွဲ မြေပြင်အတွင်းရှိ သက်ရှိများသည် ဝမ်လင်းကို ဝါးမျိုရန် ကြိုးစားလာကြသော်လည်း သူတို့အားလုံးကို ဝမ်လင်းကသာ ဝါးမျိုသွား၏။ ထိုသက်ရှိများကြောင့် ဝမ်လင်း၏ နတ်ဘုရား စိတ်အာရုံသည် ကြီးမားလာပြီး သူ၏ ဝိညာဉ်မီးတောက်သည်လည်း အလွန် သန်မာလာသည်။

သူ ပိုပြီး သန်မာလာလေ သက်ရှိများက ပိုမိုထွက်ပေါ် လာကြပြီး ဝမ်လင်းကို ဝါးမျိုရန် ကြိုးစားလာသည်။ အမှောင်ကမ္ဘာထဲတွင် ဝမ်လင်းရှိနေသာ ခန္ဓာကိုယ်ကြီးသည် မီးပြတိုက်တစ်ခုကဲ့သို့ အလင်းရောင်များ ထွက်နေသည်ကို ဝမ်လင်း မသိချေ။

အချိန်များ မည်မျှ ကုန်ဆုံးသွားသည်ကိုလည်း ဝမ်လင်း မသိချေ။ သူ နိုးလာသည့် အချိန်ကတည်းက အလွန်အမင်း ဆာလောင်နေသည့်အတွက် သက်ရှိများစွာကို ဝါးမျိုစားသောက် ခဲ့သည်။ သူ သိတာတစ်ခုက သက်ရှိတစ်ကောင်ကို စားသောက်ပြီးတိုင်း သူ၏စိတ်က ကြည်လင်လာ သည်ကိုသာ ဖြစ်၏။

သက်ရှိများကို ဝါးမျိုစားသောက်နေရင်း တစ်ရက်၌ သူမွေးလာသည့် အချိန်မှစ၍ မိဘများနှင့် အတူရှိခဲ့သည့် မှတ်ဉာဏ်များ၊ ဟုန်ယွီဂိုဏ်းအတွင်းမှ နေ့ရက်များ … နောက်ဆုံးတွင် ထန်းဟွယွမ်နှင့် တိုက်ခိုက်ခဲ့သည့် မှတ်ဉာဏ်များ အစရှိသော မှတ်ဉာဏ်များ အားလုံးကို ပြန်မှတ်မိသွား၏။

နောက်ဆုံးအချိန်တွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်မှတ်မိပြီး သူ၏ ဝိညာဉ်မှ ပူဆွေးခြင်း လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ နောက်ဆုံးအချိန်တွင် စစ်ထူနန်က သူ့ကိုယ်သူ စွန့်စားပြီး ဝမ်လင်းကို ပြင်ပတိုက်ပွဲ မြေပြင်အတွင်းသို့ ခေါ်သွားလိုက်ခြင်း ဖြစ်သည်။

ပြင်ပတိုက်ပွဲ မြေပြင်ထဲရှိ လေဟာနယ် အက်ကွဲကြောင်းအတွင်းသို့ ဝင်သွားသည့် အချိန်တွင် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့သည် ပြောင်းလဲမှုတစ်ခု ဖြစ်သွား၏။ အတိအကျ ပြောရလျှင် အစအနပင် မကျန်ဘဲ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

သို့သော်လည်း ဝမ်လင်းသည် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်းပုတီးစေ့ ရှိနေသေးကြောင်းကို ခံစားမိနေသေး၏။ ပုတီးစေ့သည် ဝမ်လင်း၏ ဝိညာဉ်နှင့် ထူးဆန်းစွာ ပေါင်းစပ်သွားခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း သူ့ကို ဝါးမျိုရန်လာသည့် သက်ရှိများအားလုံးကို ပြန်လည် ဝါးမျိုနိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်ထူနန်သည် မသေသေးသော်လည်း အိပ်မောကျနေသည့် အခြေအနေသို့ ရောက်ရှိသွား၏။ ထို့အတူ ဝမ်လင်းမိဘများ၏ ဝိညာဉ်နှစ်ခုသည်လည်း သူ၏ စဦးစိတ်ဝိညာဉ်နှင့်အတူ အိပ်မော ကျနေလေသည်။

ဝမ်လင်း၏ မိဘနှစ်ပါးသည် ကျင့်ကြံသူများ မဟုတ်သည့်အတွက် ခန္ဓာကိုယ်တစ်ခု ရှာပေးပြီး အသက် ပြန်ရှင်နိုင်ရန်အတွက် အခွင့်အရေး မရှိချေ။ ဝမ်လင်းက သူ့မိဘနှစ်ပါး၏ ဝိညာဉ်ကို ထိန်းသိမ်း ထားခြင်းကြောင့်သာ သူ့မိဘ၏ ဝိညာဉ်နှစ်ခုက ပျောက်ကွယ်မသွားခြင်း ဖြစ်သည်။

ဝမ်လင်းသည် မှတ်ဉာဏ်များ အားလုံးကို ပြန်ရပြီးနောက် သူ၏ နတ်ဘုရား စိတ်အာရုံသည် အလွန်ကြီးမား နေသည်ကို တွေ့လိုက်ရသည်။ ထိုအချိန်တွင် ဝမ်လင်းရှိနေသော ခန္ဓာကိုယ်ကြီးသည် ဝမ်လင်း၏ နတ်ဘုရားစိတ်အာရုံကို တောင့်မခံ နိုင်တော့သဖြင့် စတင်၍ ပျက်စီးလာသည်။

ဘယ်လိုမှ မတတ်နိုင်တော့သဖြင့် ဝမ်လင်းလည်း ထိုခန္ဓာကိုယ်ကြီးမှ ထွက်လာခဲ့ရ၏။ ထိုအခါ အေးစက်မှုက တစ်ခါ ပြန်ပေါ်လာပြန်သည်။ ဝမ်လင်းသည် လေဟာနယ်ထဲတွင်‌ မျောနေရင်း နောက်ထပ် ခန္ဓာကိုယ်တစ်ခုကို လိုက်ရှာလေသည်။

ဟင်းလင်းပြင်ကို ဖြတ်ပြီး နောက်ထပ် ခန္ဓာကိုယ်ကို ရှာခြင်းသည် အလွန်ကြာပေ လိမ့်မည်။ ခန္ဓာကိုယ်ကို ရှာနေစဉ် အချိန်အတွင်း ထူးခြားသော သက်ရှိများသည် ဝမ်လင်းကို ဝါးမျိုရန် ကြိုးစား လာကြသည်။

ထိုသက်ရှိများကို ပြန်လည်ဝါးမျိုပြီး ဝမ်လင်း၏ နတ်ဘုရား စိတ်အာရုံသည် အလွန်သန်မာ လာသည်။ အချိန်များ ကြာလာသည်နှင့်အမျှ ထိုသက်ရှိများကို ဝါးမျိုစားသုံးခြင်းက ဝမ်လင်း၏ အလေ့အကျင့်တစ်ခု ဖြစ်လာသည်။

သက်ရှိများကို စားသုံးခြင်းကြောင့် ဝမ်လင်းသည် သူ၏ မှတ်ဉာဏ်ကို အကြိမ်ကြိမ် ပြန်ကြည့်မိပြီး သူလုပ်ခဲ့သည့် အရာအားလုံးကို ခွဲခြမ်းစိတ်ဖြာ ကြည့်သည်။ သူလုပ်ခဲ့သည့် အရာအာလုံးကို နားလည်သွားပြီးနောက် ရုတ်တရက် သူဝယ်ခဲ့သော ဝင်္ကပါအစီအရင် စာအုပ်ကို မှတ်မိသွား၏။

စာအုပ်မှ အကြောင်းအရာများကို ပြန်စဉ်းစားပြီး ဝင်္ကပါ အစီအရင်ကို စတင်ပြီး လေ့လာ တော့သည်။ ထိုစာအုပ်ထဲမှ အခြေခံ ဝင်္ကပါများကို ကြေကြေညက်ညက် နားလည်းကျွမ်းကျင် သွားသည့် အခါတွင် ဘာမှလုပ်စရာ မရှိသည့် အခြေအနေသို့ ပြန်ရောက်သွား၏။

ဝမ်လင်းသည် အသိဉာဏ်များ ပြန်ရလာကတည်းက ထွက်ပေါက်နှင့် ချိတ်ဆက်ထားသော လေဟာနယ် အက်ကွဲကြောင်းများကို တွေ့ထားပြီး ဖြစ်သည်။ သို့သော်လည်း သူ၏ နတ်ဘုရား စိတ်အာရုံက ထိုလေဟာနယ် အက်ကွဲကြောင်းများကို ဖြတ်သန်းသွားရန် မဖြစ်နိုင်သေးပေ။

သူ၏ နတ်ဘုရားစိတ်အာရုံက အလွန်ကြီးမားလာသည့် အချိန်တွင် ထူးခြားမှုတစ်ခုကို တွေ့သွား၏။ လေဟာနယ် အက်ကွဲကြောင်းများထဲသို့ သူက ပြေးပြီး အရှိန်နှင့် ဝင်ဆောင့်သည့်အခါ တစ်ခါ သို့မဟုတ် နှစ်ခါ ဆောင့်လိုက်သည်နှင့် လေဟာနယ် အက်ကွဲကြောင်းက အလိုလို ပျောက်ကွယ်သွား၏။

တစ်ခါ၊ နှစ်ခါ ဆောင့်ရုံမျှဖြင့် လေဟာနယ် အက်ကွဲကြောင်းများကို ပျက်စီးရန် မဖြစ်နိုင် သေးချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ နတ်ဘုရား စိတ်အာရုံသည် လုံလောက်အောင် သန်မာမှု မရှိ သေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဝမ်လင်းသည် သက်ရှိများကို လိုက်ရှာပြီး အရူးအမူး ဝါးမျို စားသောက်တော့၏။

ခန္ဓာကိုယ်ရှာမည့် သူ၏ အစီအစဉ်ကို လက်လျော့လိုက်ပြီး ဟင်းလင်းပြင်ထဲတွင် လျှောက်သွား နေတော့သည်။ ထူးဆန်းသည့် သက်ရှိများ ထွက်ပေါ်လာသည်ကို တွေ့လိုက်သည်နှင့် ဝမ်လင်းက ချက်ချင်း အပြေးအလွှားသွားပြီး ဝါးမျိုစားသောက်၏။

လိုက်ရှာ၍ ဝါးမျိုစားသောက်နေသည့် ကာလတွင် လေဟာနယ် အက်ကွဲကြောင်း တစ်ခုကို တွေ့တိုင်း အရှိန်ဖြင့် ဝင်ဆောင့်သေး၏။ တစ်နေ့နေ့တွင် သူသည် လေဟာနယ် အက်ကွဲကြောင်းကို တစ်ခါ၊ နှစ်ခါ ဆောင့်ရုံမျှဖြင့် ပျက်စီးသွားအောင် လုပ်နိုင်မည်ဟု ယုံကြည်ထားသည်။

သို့သော်လည်း အချိန်များ ကြာလာသည်နှင့်အမျှ ဟင်းလင်းပြင်ထဲရှိ ထူးဆန်းသော သက်ရှိများကို ရှာမတွေ့တော့ချေ။ သူ မည်သို့ပြီး ကြိုးစားပြီး ရှာစေကာမှု သက်ရှိ တစ်ကောင်ကိုမှ မတွေ့ရတော့ချေ။

ထို့ကြောင့် လိုက်ရှာသည့် နယ်ပယ်ကို ချဲ့လိုက်သည်။ တစ်ရက်တွင် သူ၏ နတ်ဘုရားစိတ်အာရုံ အရွယ်အစားနှင့် တူညီသော နတ်ဘုရား စိတ်အာရုံကို တွေ့လိုက်ရသည်။ သူနှင့် စွမ်းအားချင်း တူညီသော နတ်ဘုရား စိတ်အာရုံရှိသည့် ဝိညာဉ်ကို ပထမဦးဆုံးတွေ့ဖူးခြင်း ဖြစ်သည်။

မပီသသော အသံတစ်ခုသည် ဝမ်လင်း၏ ဝိညာဉ်ဆီသို့ ရောက်လာသည်။

“မင်းက စစ်ဆေးမှုကို အောင်မြင်သွားပြီပေါ့ … “

ဝမ်လင်းလည်း ထိတ်လန့်သွားပြီး တူညီသော နည်းလမ်းကို အသုံးပြုကာ အသံမက်ဆေ့ တစ်ခုကို ပြန်ပို့လိုက်၏။

“ငါ ဒီနေရာကနေ ဘယ်လိုထွက်သွားလို့ ရမလဲ … “

“ထွက်သွားချင်တာလား … ဘာလို့ ထွက်သွားချင်ရတာလဲ … ဒီကနေ ထွက်ဖို့ နည်းလမ်း မရှိဘူး …“

ထိုအသံမက်ဆေ့ကို တစ်ဖက်ဝိညာဉ်မှ ပို့ပြီးသည်နှင့် နောက်သို့ ဆုတ်သွားကာ ပျောက်ကွယ် သွား၏။

ဝမ်လင်းသည် တစ်ဖက်ဝိညာဉ်၏ စကားထံတွင် အေးစက်မှု တချို့ကို ခံစားမိပြီး ဤ ဟင်းလင်းပြင် အတွင်းတွင် သူနှင့် စွမ်းအားတူ သို့မဟုတ် သူ့ထက်ပိုပြီး စွမ်းအားကြီး‌သော နတ်ဘုရား စိတ်အာရုံရှိသည့် ဝိညာဉ်များလည်း ရှိသေးကြောင်း နားလည်လိုက်သည်။

သူတို့တွင် ကိုယ်ပိုင်နယ်မြေများ ရှိကြပြီး ဝမ်လင်းသာ တခြားသူ၏ နယ်မြေထဲသို့ ရောက်သွားလျှင် နယ်မြေပိုင်ဆိုင်သည့် ဝိညာဉ်နှင့် အသေအကြေ တိုက်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။

ဝမ်လင်းက တခြား အရပ်မျက်နှာများကို သွားကြည့်သောအခါ နတ်ဘုရား စိတ်အာရုံရှိသည့် ဝိညာဉ်များကို (၃)ကောင်ထက်မနည်း တွေ့ခဲ့ရသည်။ ဝမ်လင်းသည် သူတို့နှင့် လဲလှယ်မှုတချို့ ပြုလုပ်ပြီးနောက် ဝမ်လင်း၏ နတ်ဘုရားစိတ်အာရုံသည် လေဟာနယ် အက်ကွဲကြောင်းများကို တစ်ချက်၊ နှစ်ချက် ဆောင့်ရုံမျှဖြင့် ပျက်စီးသွားစေ နိုင်လောက်သည်အထိ ကြီးမားလာသည်။

သူက ဤနေရာမှ ထွက်ရန် နည်းလမ်းများကို စဉ်းစားရင်း အရူးကဲ့သို့ အကြံတစ်ခုကို ရလိုက်ပြီး ချက်ချင်း နတ်ဘုရား စိတ်အာရုံကို သူ၏ပိုင်နက် နယ်မြေတစ်ခုလုံး အပေါ်သို့ ဖြန့်ကြက်လိုက်၏။

ပိုင်နက်နယ်မြေ တစ်ခုလုံးကို နတ်ဘုရား စိတ်အာရုံဖြင့် ဖုံးအုပ်ပြီး ဂရုတစိုက် ကြည့်နေလိုက်သည်။ ထိုအချိန်တွင် သူ၏ညာဘက်၌ လေဟာနယ် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ် လာသည်။ ဝမ်လင်းက တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ နတ်ဘုရားစိတ်အာရုံ အပိုင်းအစလေး တစ်ခုကို လေဟာနယ် အက်ကွဲကြောင်းထဲသို့ ချက်ချင်း ပစ်ထည့်လိုက်၏။ နတ်ဘုရားစိတ်အာရုံ အပိုင်းအစက လေဟာနယ် အက်ကွဲကြောင်းထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဝမ်လင်းက ထိုနတ်ဘုရား စိတ်အာရုံ အပိုင်းအစကို ဖြတ်တောက် ပစ်လိုက်သည်။ လေဟာနယ် အက်ကွဲကြောင်း ပျောက်ကွယ် သွားသည်နှင့် ဝမ်လင်းသည် နတ်ဘုရားစိတ်အာရုံ အပိုင်းအစနှင့် ဆက်သွယ်မှု ပြတ်တောက်သွား၏။

နတ်ဘုရားစိတ်အာရုံ အပိုင်းအစကို ဆုံးရှုံးလိုက်ရသော်လည်း ဝမ်လင်းက မျက်နှာ ပျက်မသွားဘဲ နောက်ထပ် လေဟာနယ် အက်ကွဲကြောင်းတစ်ခုကို စောင့်နေလိုက်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset