Switch Mode

အခန်း (၁၁၈)

ပြင်ပတိုက်ပွဲမြေပြင်

လူ့ဘီလူးကြီးသည် အလိုကြီးသော အကြည့်ဖြင့် ရယ်မောလိုက်သည်။

”ကောင်းတယ် … ကောင်းတယ် … ဒီဟာက ငါ့အတွက်ပဲ … ဒီနေ့အတွက် ရိတ်သိမ်းမှုက အရမ်းကို လှပနေပြီ … ပထမ … ရန်လိုတဲ့ အော်ရာကိုလည်း တွေ့ခဲ့ရတယ် … ပြီးတော့ ပုတီးစေ့ကိုလည်း တွေ့ခဲ့ရတယ် … လင်းရီ…မင်းက ငါနဲ့ယှဉ်ပြိုင်ရဲရင် … မင်းကိုလည်း သတ်ပစ်ရလိမ့်မယ် …”

ပြောပြီးသည်နှင့် လူ့ဘီလူးကြီးက တိမ်ထဲမှ ထွက်လာသည်။ သူ၏ ခန္ဓာကိုယ်သည် ပေ (၁၀၀) ကျော်ရှည်ပြီး အောက်မှ လူအားလုံးကို ဖိနှိပ်ထားနိုင်သည့် အရှိန်အဝါ ကြီးမားလှသော အော်ရာတစ်ခုကို ထုတ်လွှတ်ထားသည်။

အက်ကွဲသံများက ပေါ်လာပြီး လူ့ဘီလူးကြီး၏ ခန္ဓာကိုယ်သည် ကျုံ့သွားကာ သာမန် လူတစ်ယောက် ဖြစ်သွား၏။ သူ၏ နဖူးပြင်တွင် တူအမှတ်အသား တစ်ခု ရှိနေ၏။

လင်းရီက အော်ပြောလိုက်သည် …

”မင်း ဘာကိုဆိုလိုတာလဲ …”

လူ့ဘီလူးကြီးက လင်းရီကို စိုက်ပြည့်ပြီး စက်ဝိုင်းအတွင်းသို့ ဝင်သွား၏။ သူက အထဲသို့ ဝင်သွားပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ စက်ဝိုင်းကြီးသည် အနက်ရောင် အလင်းတန်းနှစ်ခု အဖြစ် ပြောင်းလဲသွားပြီး ပြင်ပတိုက်ပွဲမြေပြင် ဝင်ပေါက်သည် အစအနမကျန်ဘဲ ပျောက်ကွယ်သွား၏။ ထို့အတူ ကောင်းကင်ကြီးသည်လည်း ပြန်လင်းလာပြီး တိမ်များလည်း ပျောက်ကွယ်ကုန်၏။

လင်းရီသည် အလွန်ဒေါသ ထွက်စွာဖြင့် မှင်တက်နေသော ထန်းဟွယွမ်ကို စိုက်ကြည့်ကာ အေးစက်စွာဖြင် ရယ်မောလိုက်ပြီး မိုးကုပ်စက်ဝိုင်းဆီသို့ ပျံသန်းပျောက်ကွယ်သွား၏။

ကြွယ်မင်တောင်ကြား၏ အပြင်ဘက်ရှိ ကျင့်ကြံသူ အားလုံးသည် စဦးစိတ်ဝိညာဉ် အဆင့်တစ်ယောက်ကို တိုက်ခိုက်ရဲခဲ့သော ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ဝမ်လင်းကို သူတို့၏ နှလုံးသားထဲတွင် အမှတ် ရနေတော့မည် ဖြစ်သည်။

ကျောင်းနိုင်ငံ၏ ပြင်ပတိုက်ပွဲမြေပြင် ဝင်ပေါက်သည် ပျောက်ကွယ်သွားပြီ ဖြစ်သည့်အတွက် တိုကင်များ ရှိနေလျှင်တောင်မှ အသုံးမဝင်ပါတော့ချေ။ တမန်တော် ခေါင်းဆောင်သည် အရေးကြီးသည့် တစ်ခုခုနောက်သို့ လိုက်သွားသည်ဖြစ်ရာ ဤကဲ့သို့ ကိစ္စသေးသေးလေးကို အလေးထား လုပ်ပေးလိမ့်မည် မဟုတ်ပါချေ။

ဝမ်လင်း သေသည်၊ ရှင်သည်ကို မသိရသောကြောင့် ထန်းဟွယွမ်၏ မျက်နှာသည် သုန်မှုန်နေ၏။ ဝမ်လင်း သေသွားပြီဟု ယုံကြည်နေသော်လည်း သူ့ရင်ထဲမှ ကြောက်လန့်မှုကို ဖယ်ထုတ်၍ မရနိုင်သေးပေ။

ကြွယ်မင်တောင်ကြား၏ အပြင်ဘက်ရှိ ကျင့်ကြံသူ အားလုံးသည် ဝမ်လင်း၏ အကြောင်းကို ပြောကြရင်း လျင်မြန်စွာ ထွက်ခွာသွားကြ၏။ မကြာမီ ဝမ်လင်း၏ အကြောင်းကို ကျောင်းနိုင်ငံ တစ်ခုလုံး သိသွားကြမှာ သေချာပေသည်။

ဖုနန်ဇီသည် ရွှမ်တောက်ဂိုဏ်းမှ တပည့်များကို ပြန်ခေါ်သွား၏။ သူ့နောက်မှ လိုက်လာသော လျှိုမိန်သည် အရာအားလုံးကို မြင်တွေ့ လိုက်ရသည့်အတွက် သူမ၏ နှလုံးသားထဲတွင် ခါးသီးမှုကို ခံစားနေရသည်။

ဝမ်လင်းအပေါ် မည်သည့် အတွက်ကြောင့် ဝမ်လင်းအပေါ် ခံစားချက် ရှိနေရသလဲ သူမ မသိပေ။ ထိုခံစားချက်သည် အချိန် ကြာလာသည်နှင့်အမျှ အလွယ်တကူ ပျောက်ပျက်သွားမှာ မဟုတ်သကဲ့သို့ အသက် ကင်းမဲ့နေသော ညများစွာကိုလည်း ဖြတ်သန်းရဦးမည် ဖြစ်သည်။

ဝမ်ကျောက်နှင့် ဝမ်ဟိုသည်လည်း ဝမ်လင်းက မည်သို့ ပြုလုပ်မည်ကို သိချင်သည့်အတွက် ကြွယ်မင်တောင်ကြားဆီသို့ လာခဲ့ကြသည်။ ဝမ်လင်း၏ လုပ်ဆောင်ခဲ့မှုများကို မြင်ရသောအခါ သူတို့ ရင်ထဲရှိ အမုန်းများသည်လည်း ပျောက်ကွယ်သွားရ၏။

သူတို့နှစ်ယောက်သည် စဦးစိတ်ဝိညာဉ်အဆင့် တစ်ယောက်ကို ပြန်တိုက်ရဲသည့် သတ္တိမရှိမှန်း သူတို့ကိုယ်သူတို့ သိကြ၏။ သို့သော်လည်း လက်စားချေခြင်းကို လက်လျှော့လိုက်သည်ဟုတော့ မဆိုလိုပေ။ ယခုအချိန်တွင် သူတို့နှစ်ယောက်၏ ဘဝရည်မှန်းချက်သည် ထန်းဟွယွမ်ကို သတ်ရန် ဖြစ်သည်။

ဖုနန်ဇီသည် ဂိုဏ်းသို့ ပြန်ရောက်လာပြီးနောက် ဝမ်မိသားစု၏ အဖြစ်ဆိုးကို ကြားသိသွား၏။ လျှိုမိန်၏ တောင်းဆိုမှုကြောင့် သူက ဝမ်ဟိုကို တပည့်အဖြစ် လက်ခံခဲ့သည်။

ဤအရာသည် ဝမ်လင်းကို ကူညီရန်အတွက် သူမ လုပ်ပေးနိုင်သော အရာတစ်ခု ဖြစ်သည်။ သို့သော်လည်း လျိုမိန်၏ ကူညီမှုကို ဝမ်လင်းက ဘယ်တော့မှ သိနိုင်လိမ့်မည် မဟုတ်တော့ချေ။

ထန်းဟွယွမ်သည် ထန်းမိသားစုမြို့သို့ ပြန်ရောက်လာပြီးနောက် သူ့ရင်ထဲတွင် ဖြစ်ပေါ်နေသည့် ကြောက်လန့်စိတ်ကြောင့် တံခါးပိတ် ကျင့်ကြံလိုက်တော့သည်။ စဦးစိတ်ဝိညာဉ် နှောင်းပိုင်းအဆင့်သို့ မရောက်မချင်း ထွက်မလာတော့ဟုလည်း ဆုံးဖြတ်လိုက်၏။

ထိုအဖြစ်အပျက် ပြီးသွားပြီးနောက် ကျောင်းနိုင်ငံ တစ်ခုလုံးသည်လည်း ရုတ်တရက် တိတ်ဆိတ် ငြိမ်သက်သွား၏။

***

ပြင်ပတိုက်ပွဲမြေပြင်သည် လေဟာနယ် အက်ကွဲကြောင်းများနှင့် သံမဏိလေများ ပြည့်နေသော နေရာတစ်ခု ဖြစ်သည်။

တစ်ရက်တွင် အဆင့်(၃)နိုင်ငံများမှ ကျင့်ကြံသူ ထောင်ပေါင်းများစွာက ပြင်ပတိုက်ပွဲမြေပြင် အတွင်းသို့ ရှင်းလင်းရန် ဝင်ရောက်လာကြ၏။

ကျင့်ကြံသူများထဲတွင် အမြင့်ဆုံးသည် ခန္ဓာကိုယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့် ဖြစ်၏။ ထိုအဆင့်သည် ပြင်ပတိုက်ပွဲမြေပြင် အတွင်းတွင် အန္တရာယ်များကို ရှောင်ရှားနိုင်ရုံလောက်သာ ဖြစ်သည်။ ထို့ကြောင့် သူတို့က ပြင်ပတိုက်ပွဲမြေပြင် ရှင်းလင်းရေး တာဝန်ကို ပြီးမြောက်နိုင်ပါမည်နည်း။

သူတို့ ပြင်ပတိုက်ပွဲမြေပြင် အတွင်းသို့ ဝင်လာသည့် အချိန်တွင် တမန်တော် ခေါင်းဆောင်က သူတို့က ကျောက်စိမ်းပြား တစ်ခုစီ ပေးခဲ့၏။ ထိုကျောက်စိမ်းပြားသည် သူတို့ကို သံမဏိလေများမှ ကာကွယ်ပေးပြီး နှစ်(၅၀) ကြာသည့်အခါတွင် သူတို့နိုင်ငံသို့ တည်နေရာ ရွှေ့ပြောင်းခြင်းကို သုံးပြီး ပြန်သွားနိုင်ရန် ထိုကျောက်စိမ်းပြားကို အသုံးပြုရပေလိမ့်မည်။

သို့သော်လည်း ထူးဆန်းသော အက်ကွဲကြောင်းများသည် မည်သည့် နေရာတွင်မဆို ပေါ်လာနိုင်သည့်အတွက် ကျောက်စိမ်းပြားသည် အက်ကွဲကြောင်းများ ရန်မှ ကာကွယ်မပေးနိုင်ပါချေ။

ပြင်ပ တိုက်ပွဲမြေပြင်သည် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်များအတွက် အလွန် အန္တရာယ်ရှိသော နေရာတစ်ခု ဖြစ်သော်လည်း သူတို့ကိုယ်သူတို့ သေချာဂရုစိုက်ပြီး ကံကောင်းလျှင် သူတို့သည် အသက် ရှင်နိုင်သေး၏။

ယေဘုယျ တွက်ရလျှင် ပြင်ပတိုက်ပွဲမြေပြင်တွင် အသက် ရှင်နိုင်သည့် ရာခိုင်နှုန်းသည် (၃၀) ရာခိုင်နှုန်းသာ ရှိသည်။

ထိုရာခိုင်နှုန်းသည် မမြင့်သော်လည်း ရရှိလာမည့် ပစ္စည်းများ၊ မှော်ရတနာများနှင့် ယှဉ်လိုက်လျှင် စွန့်စားရသည်မှာ တန်သည်ဟု ဆိုရပေမည်။

ထို့အပြင် ပြင်ပတိုက်ပွဲမြေပြင်မှ အသက်ရှင်လျက် ပြန်လာနိုင်သည့် လူတစ်ယောက်သည် ဂိုဏ်းအတွင်းတွင် မြင့်မားသော အဆင့်အတန်းတစ်ခု ရရှိသွားမည် ဖြစ်သည်။ ပြင်ပတိုက်ပွဲမြေပြင်တွင် ကျင့်ကြံခြင်းက သူတို့၏ကျင့်ကြံခြင်းကို လျင်မြန်စွာ မြင့်မားလာစေ၏။ ထို ကျင့်ကြံမှုနှုန်းသည် ဂိုဏ်းတွင် ကျင့်ကြံစဉ်ကထက် အဆပေါင်းများစွာ မြန်ဆန်ပေသည်။

အဘယ်ကြောင့်ဆိုသော် ပြင်ပတိုက်ပွဲ မြေပြင်အတွင်း၌ စိတ်စွမ်းအင်များက အလွန် သိပ်သည်းစွာ တည်ရှိနေပြီး နေရသည့် နှစ်(၅၀)အတွင်းတွင် ကြုံတွေ့ရသော အန္တရာယ်များက သူတို့၏ ကျင့်ကြံခြင်းကို အလွန်လျင်မြန်စွာ တိုးတက်လာစေရန် ကူညီပေး၏။

အထူးသဖြင့် ပြင်ပတိုက်ပွဲမြေပြင် ရှင်းလင်းရေး ပြီးသွားသည့် အကြိမ်တိုင်း ပြင်ပ တိုက်ပွဲမြေပြင်မှ ပြန်ထွက်လာနိုင်သူများသည် သူတို့၏ အမြုတေကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ကြ၏။ ထို အကြောင်းပြချက်ကြောင့်ပင် ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် တပည့်များသည် သူတို့၏ အသက်ကို ရင်း၍ ဤနေရာသို့ လာရောက်ကြခြင်း ဖြစ်သည်။

ပြင်ပတိုက်ပွဲမြေပြင် အတွင်းရှိ အရှေ့မြောက်အရပ် (၆၇)ဒီဂရီတွင် အဖြူရောင် ဝတ်စုံနှင့် လူငယ် တစ်ယောက်သည် ခန္ဓာကိုယ်တစ်ခုကို ဓားမြှောင်ဖြင့် ထိုးဆွနေ၏။ အနီးကပ် ကြည့်မည်ဆိုလျှင် လူငယ်သည် ခန္ဓာကိုယ်နှင့် ချပ်ဝတ်တန်ဆာကြားကို ဓားဖြင့် ထိုးဆွနေခြင်း ဖြစ်သည်။

လူငယ်လိုချင်နေသော ချပ်ဝတ်တန်ဆာသည် အလွန် ပျက်ဆီးနေပြီး မီးလောင်ထားသည့် အရာများက အပြည့်ရှိနေသည်။ ချပ်ဝတ်တန်ဆာ၏ ရင်ဘတ်နေရာသည်လည်း အကြီးအကျယ် ပျက်စီးကွဲကြေ နေ၏။

လူငယ်က ဓားဖြင့် ချပ်ဝတ်တန်ဆာ ဖြုတ်ယူနေသော လူ့ဘီလူးကြီး၏ ခန္ဓာကိုယ်ပေါ်တွင် တူပုံစံ အရာတစ်ခု ရှိနေသည်။ တူပုံစံအရာသည် ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် အတွက် သေချာ မကြည့်လျှင် မမြင်နိုင်ပေ။

ထိုလူငယ်၏ နာမည်သည် မိုင်လျန်းဖြစ်ပြီး ဟိုဖန်နိုင်ငံ၏ စစ်နတ်ဘုရား ဗိမာန်မှ ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူက ပြင်ပတိုက်ပွဲမြေပြင်ကို ရောက်နေသည်မှာ နှစ်(၃၀) ကျော်ပြီဖြစ်၍ အလွန်အတွေ့အကြုံ ရှိနေပြီဟု ဆိုရပေမည်။

ပြင်ပတိုက်ပွဲမြေပြင်တွင် ထူးခြားချက် တစ်ခုလည်း ရှိသေး၏။ ပြင်ပတိုက်ပွဲမြေပြင်ထဲ ရှိနေစဉ် ကာလအတွင်း အသက်က ကြီးမသွားပေ။ သို့သော်လည်း ပြင်ပတိုက်ပွဲမြေပြင်မှ ထွက်ခွာသွားသည်နှင့် အထဲတွင် ရှိနေစဉ်က နှစ်အတိုင်း လျင်မြန်စွာ အသက်ကြီးသွား၏။ (ဥပမာ = အထဲမှာ နှစ်(၅၀) နေခဲ့မယ် ဆိုရင် အထဲမှာ အသက်မကြီးပေမဲ့လည်း အပြင် ရောက်သွားတာနဲ့ အဲဒီ နှစ်(၅၀)စာက အလျင်အမြန် အသက် ကြီးသွားတာကို ပြောတာပါ)

လူငယ်က ချပ်ဝတ်တန်ဆာကို ခွာယူနေချိန်တွင် ရုတ်တရက် သူ၏ အမူအရာက ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ကို ချက်ချင်း လဲချလိုက်သည်။ သူ လဲချလိုက်သည်နှင့် သူ့အပေါ်မှ အနက်ရောင် အလင်းတန်းတစ်ခုက ဖြတ်သွား၏။

လူငယ်သည် အနက်ရောင် အလင်းတန်းထဲတွင် ပုတီးစေ့ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားပြီး ချပ်ဝတ်တန်ဆာ ဖြုတ်ယူနေခြင်းကို လက်လျော့ကာ အလင်းတန်းနောက်သို့ လိုက်သွား၏။

ဤနေရာသို့ ရောက်နေသည်မှာ နှစ်(၃၀)ကျော်ပြီး ဖြစ်သော်လည်း သူ၏ ဂိုဏ်းတူညီအစ်ကို မောင်နှမများမှ လွဲ၍ တခြား မည်သည့် အသက်ရှင်နေသည့် လူကိုမှ မတွေ့ဖူးချေ။ သို့သော်လည်း သူတို့ဘာသာ ပျံသန်းနိုင်သော ရတနာမျိုးစုံကိုမူ မြင်တွေ့ဖူးပြီး ဖြစ်သည်။

ထိုရတနာများကို မည်သူကမှ ရအောင် မလုပ်နိုင်သော်ငြားလည်း ထိုရတနာများသည် ကိုယ်ပိုင် အသိစိတ်ရှိပြီး စွမ်းအားလည်း ထက်ကြောင်းကို ကြားသိထား၏။

မိုင်လျန်းသည် သူ၏ အမြန်ဆုံးနှုန်းကို အသုံးပြုကာ ပုတီးစေ့နောက်သို့ လိုက်သည်။ ပုတီးစေ့နောက်သို့ လိုက်ရင်း ပုတီးစေ့ကိုသာ ရလိုက်လျှင်ဆိုသည့် အတွေးဖြင့် ပိုပြီး စိတ်လှုပ်ရှား လာသည်။ ဤနေရာသည် အလွန်ချောင်ကျသော နေရာတစ်ခုဖြစ်ပြီး လွန်ခဲ့သည့် တစ်နှစ်လုံး သူ၏ ဂိုဏ်းတူညီအစ်ကို များကိုပင် တစ်ယောက်မှ မတွေ့ခဲ့ရချေ။

ထိုအကြောင်းကို တွေးပြီး နှလုံးခုန်သံက မြန်လာကာ စိတ်ထဲတွင်လည်း တွေးလိုက်သည်။

”ငါ့ရဲ့ ကံကောင်းခြင်းတွေက နောက်ဆုံးတော့ ရောက်လာခဲ့ပြီလေ … ဒီရတနာကိုသာ ရပြီး ဂိုဏ်းကို ပြန်ယူသွားနိုင်ရင် ဂျူနီယာ ညီမလေးက ငါ့ကို သဘောကျ လာလိမ့်မယ် … ပြီးတော့ ဒီရတနာကို ဂိုဏ်းခေါင်းဆောင်ဆီ အပ်လိုက်ရင် ဂိုဏ်းခေါင်းဆောင်ကလည်း ငါ့ကို ဂျူနီယာ ညီမလေးနဲ့ ကျင့်ကြံခြင်း လက်တွဲဖော်အဖြစ် တွဲပေးမှာပဲ … ဒါဆို ဘယ်လောက်တောင် ပျော်စရာ ကောင်းလိုက်မလဲ …”

မိုင်လျန်းသည် စိတ်ကူးယဉ်ပြီး ပုတီးစေ့၏ နောက်သို့ အားသွန်ခွန်စိုက် လိုက်နေ၏။

သို့သော်လည်း ပုတီးစေ့နှင့် သူ၏ကြား အကွာအဝေးက တဖြည်းဖြည်း ဝေးလာသည့်အတွက် မိုင်လျန်းသည် အံကြိတ်ကာ သိုလှောင်အိတ်အတွင်းမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ ထို ပစ္စည်းသည် လွန်းတစ်ခုဖြစ်ပြီး အနီရောင်ရှိကာ အပူလှိုင်းများကို ထုတ်လွှတ်လျက် ရှိသည်။

ထိုပစ္စည်းသည် ပြင်ပတိုက်ပွဲမြေပြင်တွင် ရိတ်သိမ်းနိုင်ခဲ့သော ပစ္စည်းများထဲမှ တန်ဖိုးအကြီးဆုံး ပစ္စည်းတစ်ခု ဖြစ်၏။ တခြားသူများက လုသွားမည်ကို စိုးရိမ်၍ ထိုပစ္စည်းကို ဂရုမစိုက်ဘဲ တစ်ခါမှ ထုတ်မသုံးဖူးပေ။ ယခုတော့ ထိုအကြောင်းကို မတွေးနိုင်တော့ဘဲ လွန်းကို ရှေ့သို့ ပစ်လိုက်၏။

လွန်းသည် ချက်ချင်း ကြီးမားလာပြီး တဝီဝီမြည်သံများ ပေါ်ထွက်လာကာ ရှေ့သို တစ်ဟုန်ထိုး ပြေးထွက်သွား၏။ မိုင်လျန်းသည် လွန်း ကြီးမားလာကတည်းက လွန်းပေါ်သို့ တက်နေခြင်း ဖြစ်သည်။ လွန်းသည် အလွန် လျင်မြန်နေသဖြင့် လေများက သူ့ကိုယ်ကို လက်သီး၊ လက်ဝါးများဖြင့် ထိုးနှက် နေသကဲ့သို့ မိုင်လျန်း ခံစားနေရသည်။ အချိန်တော်တော်ကြာမှ မျက်လုံးဖွင့်နိုင်သွားပြီး ပုတီးစေ့ကို ကြည့်လိုက်ရာ သူနှင့် နီးနီးလေးသာ ကျန်တော့ကြောင်း မြင်လိုက်ရ၏။

စိတ်လှုပ်ရှားမှု အပြည့်ဖြင့် မိုင်လျန်းသည် လွန်းကို ဖက်တွယ်ပြီး လိုက်ပါလာခြင်း ဖြစ်သည်။ အချိန်များက တဖြည်းဖြည်း ကုန်လာသော်လည်း ပုတီးစေ့နှင့် သူ့ကြားရှိ အကွာအဝေးသည် ပြောင်းလဲမှု မရှိဘဲ ထိုအတိုင်းသာ ရှိနေ၏။ မိုင်လျန်း မည်မျှပင် ကြိုးစားစေကာမူ အကွာအဝေးသည် နီးကပ် မလာတော့ချေ။

(၃) ရက်ကြာပြီးနောက်တွင် မိုင်လျန်သည် ပြင်ပတိုက်ပွဲ မြေပြင်၏ အပြင်စည်းသို့ ဝင်ရောက်လာပြီး ဖြစ်ကြောင်း သတိပြုမိသွားကာ ထိတ်လန့်သွား၏။ ပြင်ပတိုက်ပွဲ မြေပြင်သည် အန္တရာယ်များဖြင့် ပြည့်နေသော နေရာတစ်ခု ဖြစ်ပြီး လေဟာနယ် အက်ကွဲကြောင်းကြီးများက မည်သည့် နေရာတွင်မဆို ပေါ်လာနိုင်ပြီး အားလုံးကို ဝါးမျိုသွားနိုင်သည်။

ပြင်ပတိုက်ပွဲမြေပြင်သည် အလွန် ကြီးမားကျယ်ပြန့်သော နေရာတစ်ခု ဖြစ်ပြီး နိုင်ငံ တစ်ခုအတွက် ရှင်းလင်းပေးရသော နေရာသည် ပြင်ပတိုက်ပွဲ မြေပြင်၏ သေးငယ်သော အစိတ်အပိုင်းလေး တစ်ခုသာ ရှိ၏။ ထိုသေးငယ်သော အစိတ်အပိုင်လေးတွင်ပင် များစွာသော လေဟာနယ် အက်ကွဲကြောင်းများ ပါဝင်နေသည်။ ထိုအကြောင်းများက မိုင်လျန်းက အကြီးအကဲ တစ်ယောက်ထံမှ ကြားသိခဲ့ရခြင်း ဖြစ်သည်။

ထိုအချိန်၌ ရုတ်တရက် သူ့ရှေ့တွင် အလွန်သိပ်သည်းသော အဖြူရောင် အကြောင်းများ ပေါ်လာသည်ကို သတိပြုမိပြီး မျက်နှာပျက်သွားကာ လွန်းကို ချက်ချင်း ရပ်တန့်လိုက်ပြီး နောက်သို့ အလျင်အမြန် ဆုတ်လိုက်၏။

မိုင်လျန်းသည် ထိုအဖြူကြောင်းများနှင့် အလွန်ရင်းနှီး၏။ လေဟာနယ် အက်ကွဲကြောင်းများ ပေါ်သောအခါ အဖြူရောင်အကြောင်းများက အရင် ဖြစ်ပေါ်လာပြီး မကြာမီ ထိုအဖြူရောင် အကြောင်းများသည် ပေါင်းစပ်သွားကာ လေဟာနယ် အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ် လာပေလိမ့်မည်။ ထို့နောက် လေဟာနယ် အက်ကွဲကြောင်းကြီးက အရာအားလုံးကို ဝါးမျိုသွားလိမ့်မည် ဖြစ်သည်။

မိုင်လျန်း၏ မျက်နှာသည် ဖြူရော်နေပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ လေဟာနယ် အက်ကွဲကြောင်းသည် သူ့ရှေ့မှ တစ်ခုသာ ရှိသည်ကို တွေ့ပြီး အနည်းငယ် စိတ်သက်သာရာ ရသွား၏။ ထို့နောက် သူက ရှံ့မဲ့ပြီး ပြောလိုက်သည် …

”မေ့လိုက်တာပဲ ကောင်းပါတယ် … ဘာအစွမ်းရှိမှန်း မသိတဲ့ ရတနာ တစ်ခုအတွက်နဲ့ အသက်ကို စွန့်စားရမှာ မတန်ဘူး … ငါ့ရဲ့ ဂျူနီယာ ညီမလေးနှင့် မပေါင်းဖက်ရ သေးပဲနဲ့ ဒီနေရာမှာ မသေချင် သေးဘူး …”

ထိုအချိန်တွင် သေးငယ်သော အဖြူရောင် အကြောင်းတစ်ခုက အနက်ရောင် အလင်းတန်း ရှေ့တွင် ပေါ်လာ၏။ အနက်ရောင် အလင်းတန်းက သူ့ရှေ့မှ လေဟာနယ် အက်ကွဲကြောင်း အတွင်းသို့ တန်းတန်းမတ်မတ်ပင် ဝင်ရောက်သွားသည်။

မိုင်လျန်းသည် သက်ပြင်းချပြီး ကျိန်ဆဲလိုက်သည် …

”လေဟာနယ် အက်ကွဲကြောင်း … မင်းက နောက်ထပ် ရတနာတစ်ခုကို စုပ်ယူသွားပြန်ပြီ … ဒီနှစ် (၃၀)အတွင်းမှာ မင်း အများကြီးကို စုပ်ယူ ပြီးသွားပြီ … တစ်သောင်းမပြည့်ရင်တောင်မှ ရှစ်ထောင်တော့ ကျော်တယ် … ငါ့အတွက် တစ်ခုလေးတောင်မှ ဘာလို့ ချန်မထားပေးချင်ရတာလဲ …”

ထိုအချိန်တွင် သူ့ပခုံးကို တစ်ယောက်ယောက်က လာပုတ်သဖြင့် သူ၏ စိတ်ထဲတွင် ကြောက်လန့်မှုများ ပေါ်လာသည်။

ချက်ချင်း ချွေးများ ထွက်လာပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ သက်လတ်ပိုင်း လူကြီးတစ်ဦးကို တွေ့လိုက်ရ၏။ သက်လတ်ပိုင်း လူကြီး၏ အမူအရာသည် အလွန် ဒေါသထွက်နေပြီ သူက မိုင်လျန်းကို မေးလိုက်သည် …

”ကောင်လေး … မင်း အနက်ရောင် အလင်းတန်း တစ်ခုကို မြင်လိုက်လား …”

မိုင်လျန်းသည် ထိုလူ၏ နဖူးမှ တူပုံစံကို မြင်ပြီး အသက်ကို ဝအောင် ရှူလိုက်၏။ ကုန်လွန်ခဲ့သည့် နှစ်(၃၀)အတွင်း ထိုတူပုံစံကို အကြိမ်ပေါင်း မြောက်မြားစွာ မြင်ဖူး၏။ လွန်ခဲ့သော ရက်အနည်းကပင် တူပုံစံ အမှတ်အသား တစ်ခုကို မြင်ခဲ့ရလေသည်။

မိုင်လျန်းက ထိုအမှတ်အသားသည် အဆင့်(၅)နိုင်ငံမှ လူ့ဘီလူး နတ်ဆိုးကလန်၏ အမှတ်အသား တစ်ခု ဖြစ်ကြောင်း အကြီးအကဲများထံမှ သိထားပြီး ဖြစ်သည်။ လူ့ဘီလူး နတ်ဆိုးကလန်၏ အဖွဲ့ဝင်တိုင်းက စိတ်စွမ်းအင်များနှင့်အတူ မွေးဖွားလာသဖြင့် သူတို့၏ ခန္ဓာကိုယ်သည် ကျင့်ကြံခြင်း အတွက် အကောင်းဆုံး ဖြစ်၏။ သူတို့၏ အဆင့်(၅)နိုင်ငံတွင် ဂိုဏ်းတစ်ခုတည်းသာ ရှိ၏။

လူ့ဘီလူး နတ်ဆိုးကလန်မှ လူများသည် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်သောအခါ သူတို့၏ ခန္ဓာကိုယ်ကို ပုံစံပြောင်းနိုင်ကြသည်။ ထို့ကြောင့် ထိုလူသည် သာမန် လူတစ်ယောက်နှင့် တူနေသည့်အတွက် လူ့ဘီလူး နတ်ဆိုးကလန်မှ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူ ဖြစ်ရပေမည်။

မိုင်လျန်းသည် လည်ချောင်းများ ခြောက်သွေ့လာပြီး အမှန်အတိုင်း လျင်မြန်စွာ ပြောလိုက်သည်။

”စီနီယာ … ဒီဂျူနီယာက အနက်ရောင် အလင်းတန်းကို မြင်ခဲ့ပါတယ် … ပြီးတော့ အလင်းတန်းကို လေဟာနယ် အက်ကွဲကြောင်း တစ်ခုက စုပ်ယူဝါးမျို သွားတာကိုလည်း တွေ့ခဲ့ရပါတယ် …”

ထိုသက်လတ်ပိုင်း လူကြီးသည် ကျောင်းနိုင်ငံမှ လူ့ဘီလူးကြီး ဖြစ်ပြီး သူက ပုတီးစေ့နောက်သို့ အစွမ်းကုန် လိုက်ခဲ့သည်။ သို့သော်လည်း ပုတီးစေ့၏ အမြန်နှုန်းက သူ၏ အမြန်နှုန်းနှင့် ထပ်တူညီ နေသည့်အပြင် သူ၏လှမ်းပြီး ဆွဲယူမှုများကိုတောင်မှ ရှောင်နိုင်စွမ်း ရှိသည်။ ထို့အပြင် ပုတီးစေ့၏ အမြန်နှုန်းသည် တဖြည်းဖြည်း ပိုမို မြန်ဆန်လာပြီး သူ့ကို မျက်ခြည်ပြတ်သွား၏။

လေဟာနယ် အက်ကွဲကြောင်းများကို သူ မကြောက်သော်လည်း စိတ်အနှောင့်အယှက် ဖြစ်ရသည်။ သူ၏ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်းအဆင့်ဖြင့် လေဟာနယ် အက်ကွဲကြောင်းများကို ကာကွယ်ရုံသာ ကာကွယ်နိုင်သေးပြီး လေဟာနယ် အက်ကွဲကြောင်းများ အကြားတွင် စိတ်ရှိတိုင်း သွားလာလှုပ်ရှားမှု မပြုနိုင်သေးချေ။

ပုတီးစေ့နောက်သို့ လိုက်လာသည့် လမ်းတွင် လေဟာနယ် အက်ကွဲကြောင်းများ၏ တားဆီး ပိတ်ပင်မှုကြောင့် သူ၏ အမြန်နှုန်းက ပို၍ပင် နှေးကွေးလာပြီး တည်နေရာ ပြောင်းရွှေ့ခြင်းကို သုံးတော့မှသာ လေဟာနယ် အက်ကွဲကြောင်းများကို ကျော်ဖြတ်လာခြင်း ဖြစ်သည်။

သူက မိုင်လျန်းကို တွေ့သောအခါ လွန်းကြောင့် သူ့ထက် မြန်ဆန်နေသော မိုင်လျန်း၏ အမြန်နှုန်းကို မြင်ပြီး အံ့အားသင့်ရသည်။

မိုင်လျန်း၏ အဖြေကို ကြားပြီးနောက် သူ၏ မျက်နှာက သုန်မှုန်သွားပြီး ဒေါသလည်း အလွန် ထွက်သွား၏။ ပြင်ပတိုက်ပွဲမြေပြင်သည် ကြီးမား ကျယ်ပြန့်သော်လည်း အကန့်အသတ်ရှိ၏။ လေဟာနယ် အက်ကွဲကြောင်းထဲမှ နေရာသည် အကန့်အသတ် မရှိချေ။ အိမ်သို့ ပြန်ပြီး စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နှောင်းပိုင်းအဆင့်ကို ရောက်မှ ပြန်လာရှာလျှင်တောင်မှ သမုဒ္ဒရာထဲ အပ်ပျောက် ရှာသကဲ့သို့ ဖြစ်နေမှာ အမှန်ဖြစ်သည်။

ထိုအကြောင်းကို တွေးပြီးနောက် သူက မိုင်လျန်းကို ကြည့်ကာ မိုင်လျန်းဆီမှ လွန်းကို ယူပြီး အော်ပြောလိုက်သည် …

”ဒီပစ္စည်းက အခု ငါ့ဟာပဲ …”

ပြောပြီးသည်နှင့် သူက မိုင်လျန်းကို တစ်ချက်တောင် မကြည့်တော့ဘဲ ပျံသန်း ထွက်ခွာသွား၏။

ထိုလူ ထွက်ခွာသွားပြီးနောက် မိုင်လျန်းသည် နဖူးမှ ချွေးများကို သုတ်ပြီး အသက်ကို ဝအောင်ရှူကာ ထိုနေရာမှ လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။

ထိုသက်လတ်ပိုင်း လူကြီးသည် သူ၏ အဆင့်(၅)နိုင်ငံတွင် အလွန် ကျော်ကြားသည့် လူဖြစ်ကြောင်း မိုင်လျန်း မသိပါချေ။ သူ ကျော်ကြားရခြင်း အကြောင်းရင်းမှာ သူက အမြဲတမ်း တခြားလူဆီမှ ပစ္စည်းတစ်ခုခုကို ယူတတ်သည်။ မယူဘူးဆိုလျှင် ပစ္စည်းတစ်ခုခုကို ဖျက်ဆီးတတ်၏။ ယခင် တစ်ချိန်ကလည်း လင်းရီ၏ အလင်းတိုင်များကို ယူဆောင်သွား၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset