Switch Mode

အခန်း (၁၁၇)

ဝမ်လင်း၏သေဆုံးခြင်း

နဂါးကြီးက ဝိညာဉ်သုံးသောင်းကျော်ကို ဖြတ်ကာ သူ့ထံသို့ လာနေသည်ကို ကြည့်ပြီး ထန်းဟွယွမ်သည် တုန်လှုပ် သွားသော်လည်း စဉ်းစားရန် အချိန်မရှိသောကြောင့် နောက်သို့ အလျင်အမြန် ဆုတ်ကာ အကာအကွယ် မှော်ရတနာ များစွာကို နဂါးကြီးထံသို့ ပစ်လိုက်၏။

သို့သော်လည်း မှော်ရတနာများက နဂါးကို တားဆီးထားနိုင်စွမ်း မရှိကြချေ။ နဂါးကြီးက မှော်ရတနာမျိုးစုံကို မည်သည့် အတားအဆီးမှ မရှိသကဲ့သို့ ဖြတ်ကျော်လာပြီး ဟိန်းသံပေးကာ ထန်းဟွယွမ်ကို ပါးစပ်ဖြင့် ကိုက်လိုက်၏။

လင်းရီ၏ အမူအရာက ထူးဆန်းသွားပြီး ဧရာမ လူဘီလူးကြီးကို ကြည့်လိုက်ရာ ဧရာမ လူဘီလူးကြီး၏ အမူအရာသည်လည်း ထူးဆန်းနေသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီးနောက် ဧရာမ လူ့ဘီလူးကြီးက အားရပါးရ ရယ်မော လိုက်သည်။

ထန်းဟွယွမ်သည် နဂါးကြီးက သူ့ကို ကိုက်လိုက်သည့် အချိန်တွင် နူးညံ့သောလေက တိုက်ခတ် သွားသကဲ့သို့ ခံစားလိုက်ရ၏။ နဂါးကြီးက သူ့ကို ကိုက်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ်နှင့် ထိတွေ့သွားသည်နှင့် နဂါးကြီးသည် အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်သွား၏။

ယခုအချိန်တွင် ထန်းဟွယွမ်သည် သူ့နောက်ကျောမှ ချွေးများကြောင့် ကျောပြင်တစ်ခုလုံး အေးနေသည်ကို ခံစားမိလိုက်သည်။

“ပုံရိပ်ယောင် …”

ထန်းဟွယွမ်၏ မျက်နှာသည် ချက်ချင်း ရဲတက်သွား၏။ နောက်ဆုံးတွင် ဒေါသကို မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ ကျိန်ဆဲလိုက်တော့သည်။

သူသည် ကျောင်းနိုင်ငံ၏ ကျင့်ကြံသူ အားလုံးရှေ့တွင် ပုံရိပ်ယောင်တစ်ခုကြောင့် သေခြင်းတရားကို ကြောက်လန့်နေခဲ့ရသည်။ ထန်းဟွယွမ်သည် သိုလှောင်အိတ်ထဲမှ အနက်ရောင်အလံ တစ်ခုကို ချက်ချင်း ထုတ်ယူပြီး ဝမ်လင်း၏ မိသားစုဝင်များကို တစ်ယောက်ပြီး တစ်ယောက် ဝမ်လင်း၏ ရှေ့မှာတင် သတ်ပြလိုက်၏။ ထိုအချိန်တွင် အဖြူရောင် အလင်းမှုန်များက လေထဲတွင် ပေါ်လာပြီးနောက် တစ်စုတစ်စည်းတည်း စုစည်းသွားကာ လူငယ်တစ်ယောက် ဖြစ်ပေါ်လာသည်။

သူက ချက်ချင်း လက်ကို ဝှေ့ယမ်းပြီး အအေးဓာတ်များ စိမ့်ထွက်နေသော အစိမ်းရောင် အလင်းတန်း တစ်ခုကို ပစ်လွှတ်လိုက်၏။

ထန်းဟွယွမ်သည် လှောင်ပြောင်သည့် အမူအရာဖြင့် ရှေ့သို့ တစ်လှမ်းတိုးကာ ထေ့ငေါ့ပြီး ပြောလိုက်သည် …

“ပထမတစ်ခုက ပုံရိပ်ယောင် … ဒါပေမဲ့ ဒုတိယတစ်ခုက ပုံရိပ်ယောင် မဖြစ်နိုင်ဘူး … ဝမ်လင်း…မင်းရဲ့ ကလေးကွက်တွေက ဒါပဲလား …”

ပြောပြီးသည်နှင့် သူ့ထံသို့ တည့်တည့်ဝင်လာသော ဓားကို လက်ဖြင့် ဖမ်းဆွဲလိုက်၏။

သို့သော်လည်း အစိမ်းရောင်အလင်းက လက်ခနဲ ဖြစ်သွားပြီး နေရာမှ ပျောက်သွားကာ ထန်းဟွယွမ်၏ နောက်တွင် ပြန်ပေါ်လာကာ ထန်းဟွယွမ်၏ နောက်ကျောသို့ တိုးဝင်သွား၏။

ဓားတစ်ချောင်းက သတ္တုတစ်ခုကို ထိုးမိသွားသကဲ့သို့ အသံတိုးတိုးလေး ထွက်ပေါ်လာပြီး ဓားက နောက်သို့ ပြန်ကန်ထွက်သွား၏။ လူတိုင်းသည် ထန်းဟွယွမ်၏ ဆုတ်ပြဲသွားသော အဝတ်အစား အောက်မှ ရွှေရောင်တောက်ပနေသော ချပ်ဝတ်တန်ဆာကို မြင်တွေ့လိုက်ကြရသည်။

ထန်းဟွယွမ်၏ မျက်လုံးထဲတွင် ရက်စက်တော့မည့် အရိပ်အယောင်များ ပေါ်လာပြီး လူငယ်၏ ရှေ့တွင် ပေါ်လာကာ သူ၏ လက်သည်းမှ အနက်ရောင်ကြိုးများ ထွက်ပေါ်လာပြီး ဝမ်လင်းကို ဖမ်းဆွဲလိုက်၏။

တစ်ချိန်တည်းမှာပင် ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ သွေးတိုင်(၈)တိုင် ပေါ်လာပြီး သွေးတိုင်များက လှောင်အိမ်တစ်ခုအဖြစ် အတူတကွ ပေါင်းစည်းသွားသည်။

သို့သော်လည်း လေထဲရှိ လူငယ်က အထိတ်တလန့် ဖြစ်မသွားဘဲ သူ့မျက်နှာတွင် လှောင်ပြောင် သရော်သည့် အမူအရာက ပေါ်လာသည်။ ထန်းဟွယွမ်၏ လက်က သူ့ခန္ဓာကိုယ်နားသို့ ရောက်လာသည့် အချိန်တွင် အလင်းမှုန်အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွား၏။

စိမ်းပြာရောင် တောက်ပနေသော အစေ့နှစ်စေ့က လူငယ် ပျောက်ကွယ်သွားသည့် နေရာတွင် ကျန်ခဲ့ပြီး တစ်ခုနှင့်တစ်ခုက လျင်မြန်စွာ ထိတိုက်သွား၏။

ထန်းဟွယွမ်၏ အမူအရာက ပျက်သွားပြီး တစ်ချိန်တည်းမှာပင် စိမ်းပြာရောင် အလင်းလှိုင်းက ပျံ့နှံ့လာပြီး အချင်းဝက် (၁) ကီလိုမီတာ အတွင်းရှိ အရာအားလုံးကို ရေခဲများ ဖုံးလွှမ်းသွားသည်။

လင်းရီ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး စိတ်ထဲတွင် တွေးလိုက်သည် …

“ဒီကောင်လေးက စိတ်ဝင်စားစရာပဲ … သူ့မှာ ပုံရိပ်တစ်ထောင်ကျောက်တုံး ရှိရုံတင် မဟုတ်ဘူး … တစ္ဆေလောကဂိုဏ်းရဲ့ ရေခဲပြာလည်း ရှိနေတယ် … ပြီးတော့ သူ့ရဲ့ဓားပျံကလည်း သာမန် ရတနာတစ်ခု မဟုတ်ဘူး …”

ကောင်းကင်ပေါ်ရှိ လူ့ဘီလူးကြီးသည်လည်း အံ့ဩသွားပြီး ကြွယ်မင်တောင်ကြားမှ ဝင်္ကပါ အစီအရင်ကို ကြည့်ကာ ထူးဆန်းစွာ ပြုံးလိုက်သည်။

ကောင်းကင်ပေါ်တွင် စက်ဝိုင်းအလယ်ရှိ အလွှာပါးက အပြည့်အဝ ပျော်ကျလုနီးပါး ဖြစ်နေပြီး ပွင့်ရန်အတွက် ဟန်ပြင်နေလေပြီ။

ထန်းဟွယွမ်၏ ပတ်ပတ်လည်ရှိ သွေးတိုင် (၈)ခုကလည်း အက်ကွဲသံများ ထွက်လာပြီး အေးခဲသွားကာ သွေးတိုင်များ၏ အစွမ်းလည်း ပျောက်ကွယ်သွား၏။

တစ်ချိန်တည်းမှာပင် အပြာရောင်ရေခဲများက ထန်းဟွယမ်၏ ခြေထောက်များမှ တစ်ဆင့် လျင်မြန်စွာ ဖုံးအုပ်လာပြီး အလွန်အေးသည့် အအေးလှိုင်းများကလညး သူ့ကိုယ်ထဲသို့ ဝင်ရောက်လာပြီး လှုပ်မရအောင် ဖြစ်သွားစေသည်။ သို့သော်လည်း အအေးလှိုင်းက သူ့အပေါ်တွင် အလွန်အကျူး မသက်ရောက်နိုင်သောကြောင့် အလန့်တကြား ဖြစ်မသွားဘဲ ချက်ချင်း ခန္ဓာကိုယ်ထဲရှိ စိတ်စွမ်းအင်များကို လှည့်ပတ်လိုက်ရာ သူ့ခန္ဓာကိုယ်ထဲမှ အအေးလှိုင်းများက လျင်မြန်စွာ ပျောက်ကွယ်လာသည်။

ထိုအချိန်အတွင် ကြွယ်မင်တောင်ကြား၏ ဝင်ပေါက်နားတွင် ရှိနေသော ဝမ်လင်းသည် ကျန်ရှိနေသော တည်နေရာ ပြောင်းရွှေ့ခြင်း နှစ်ခုကို အသုံးပြုလိုက်သည်။

စိမ်းပြာရောင် အလင်းလှိုင်း စတင်ပြန့်သွားသည့် အချိန်တွင် သူက ထိုနေရာမှ ပျောက်ကွယ်သွားပြီး ထန်းဟွယွမ်၏ နောက်ကျောတွင် လျှို့ဝှက်စွာ ပေါ်လာ၏။ သူ့ကိုယ်ထဲမှ အအေးဓာတ်ကြောင့် အပြင်ဘက်မှ အအေးဓာတ်သည် သူ့အပေါ်တွင် သက်ရောက်မှု မရှိပါချေ။

ဝမ်လင်း၏ စိတ်ထဲတွင် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသော်လည်း သူ၏ အစွမ်းဖြင့် ထန်းဟွယွမ်ကို မသတ်ဖြတ်နိုင်မှန်း သိနေသဖြင့် သတ်ဖြတ်ချင်စိတ်များကို ချိုးနှိမ်ကာ ထန်းဟွယွမ်၏ သိုလှောင်အိတ်ကို ဆွဲယူလိုက်၏။

ထန်းဟွယွမ်သည် သူ့နောက်သို့ ဝမ်လင်း ရောက်လာသည်ကို သတိပြုမိပြီး နောက်ကို လှည့်ကြည့်လိုက်ရာ ဝမ်လင်း၏ အကြံကို နားလည်သွား၏။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်သည် အေးခဲပြီး မာတောင့်တောင့် ဖြစ်နေမှုကို ပြန်လည်ကုသ နေချိန်ဖြစ်ရာ သူ၏ လှုပ်ရှားမှုများက အလွန် နှေးကွေးနေပြီး ဝမ်လင်း၏ လှုပ်ရှားမှုများကလည်း ရုတ်တရက် ဖြစ်လာသောကြောင့် ဝမ်လင်းကို မြင်လိုက်ရသည့် အချိန်တွင် သူ၏ သိုလှောင်အိတ်က ဝမ်လင်း၏ လက်ထဲသို့ ရောက်ရှိနေပြီး ဖြစ်သည်။

ထန်းဟွယွမ်၏ မျက်နှာတွင် လျှို့ဝှက်သော အမူအရာတစ်ခု ပေါ်လာပြီး အော်လိုက်သည် …

“ပေါက်ကွဲစမ်း …”

အဖျက်အဆီး စွမ်းအားများက သိုလှောင်အိတ်ထဲမှ ရုတ်တရက် ထွက်လာပြီး သိုလှောင်အိတ်ကို ကိုင်ထားသော ဝမ်လင်း၏ လက်မှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဖြတ်စီးသွား၏။ ချက်ချင်းပင် သူ့နောက်မှ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ဝမ်လင်း၏ လက်ချောင်းများမှ စပြီး လက်မောင်းတစ်လျှောက် လျင်မြန်စွာဖြင့် ပေါက်ကွဲလာသည်။ ဝမ်လင်းက အံကြိတ်ပြီး အစိမ်းရောင်ဓားဖြင့် သူ့လက်မောင်းအား ဖြတ်ပစ်လိုက်သည်။ ထို့အတူ ပေါက်ကွဲမှုအားကို အားယူပြီး နောက်သို့ အလျင်အမြန် ဆုတ်သွား၏။

တစ်ချိန်တည်းမှာပင် သူ့ဘယ်ဘက်လက်က သိုလှောင်အိတ်ကို ဆွဲငင်အား နည်းစနစ်ဖြင့် ဆွဲယူလာ၏။

ထန်းဟွယွမ်၏ တစ်ကိုယ်လုံး ပြန်ကောင်းသွားသောအခါ ရှေ့သို့ ခြေတစ်လှမ်းတက်ပြီး ရေခဲပြင်မှ ရုန်းထွက်ကာ ဝမ်လင်း၏ နောက်သို့ လိုက်လေသည်။

ထန်းဟွယွမ်သည် မျက်တောင်တစ်ခတ် အတွင်းမှာတင် ဝမ်လင်းကို မီလာပြီး အော်ပြော လိုက်သည်။

“ဝမ်လင်း … မင်းက ငါ့ရဲ့ သိုလှောင်အိတ်ကို ရသွားပြီဆိုပြီး မင်းဘာသာ ဖွင့်နိုင်မယ် ထင်နေတာလား … မင်းက ငါ့မြေးကို သတ်ခဲ့တယ် … အဲဒီအတွက် ငါက မင်းရဲ့ ဝိညာဉ်ကို သန့်စင်ပြီး သေတာထက်ဆိုးတဲ့ ဝေဒနာတွေကို ခံစားခိုင်းပြမယ် …”

ဝမ်လင်း၏ လက်ရှိ အခြေအနေသည် ညာလက် ပြတ်နေပြီး သွေးမထွက်စေရန် စိတ်စွမ်းအင်ဖြင့် သူ့လက်မောင်းကို ခဲထားလိုက်ရ၏။ သိုလှောင်အိတ်ကို တိုက်ရိုက် မကိုင်ရဲသဖြင့် ဆွဲငင်အား နည်းစနစ်ဖြင့် သိုလှောင်အိတ်ကို ကိုင်ထားရသည်။

ထန်းဟွယွမ်သည် ဝမ်လင်းကို အလွန် ဒေါသထွက်နေသည်။ သူကဲ့သို့ စဦး စိတ်ဝိညာဉ်အဆင့် တစ်ယောက်ကို ဝမ်လင်းကဲ့သို့ ခန္ဓာကိုယ်သန့်စင်ခြင်း အစောပိုင်း အဆင့်တစ်ယောက်က အကြိမ်ကြိမ် အရှက်ရအောင် လုပ်ခဲ့သည်။ ပုံရိပ်ယောင်ဖြင့် သူ့ကို လိမ်ညာခြောက်လှန့်ပြီး အပြာရောင် ရေခဲများဖြင့် သူ့ခန္ဓာကိုယ်ကို လှုပ်မရအောင် ပြုလုပ်ကာ အချိန်တိုလေးအတွင်း သိုလှောင်အိတ်ကို ရအောင် ယူသွားခဲ့၏။

ထိုကိစ္စများသည် သူ့မျက်နှာကို အကြိမ်ကြိမ်၊ အခါခါ ဖြတ်ရိုက်သည်နှင့် မခြားပေ။

စဦးစိတ်ဝိညာဉ် အဆင့်များသာ လုပ်နိုင်သော တည်နေရာ ပြောင်းရွှေ့ခြင်းကို ဝမ်လင်းက လုပ်နိုင်နေသည့် အတွက်လည်း အလွန် အံ့အားသင့်ရသည်။ ထို့အပြင် ပေါက်ကွဲမှုကို ရပ်တန့်ရန် ညာဘက်လက်ကို ချက်ချင်း ဖြတ်ရဲသည့် ဝမ်လင်း၏ ဆုံးဖြတ်ချက် ပြတ်သားမှုကြောင့် ဝမ်လင်းကို စိတ်ထဲတွင် ချီးကျူးမိလိုက်သည်။ သို့သော်လည်း ထိုချီးကျူးမှုက သူ့ရင်ထဲမှ အမုန်းများကြောင့် ချက်ချင်း ပျောက်ကွယ်သွား၏။

“ဝမ်လင်း … ငါ့ရဲ့ ချစ်လှစွာသော မြေးကို သတ်မိလို့ မင်းက ဘယ်သူ့ကိုမှ အပြစ် မတင်နိုင်တော့ဘူး … ဒါပေမဲ့ မပူပါနဲ့ … ငါ မင်းကို သတ်ပြီးတာနဲ့ အဘိုးကြီး ကျိမိုကိုလည်း သတ်ပစ်မှာ … ပြီးတော့ သူနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူအားလုံးကိုလည်း သတ်ပစ်ပြီး မင်းနဲ့ငရဲမှာ လာဆုံ ခိုင်းလိုက်မယ် …”

ထန်းဟွယွမ်က စိတ်ထဲတွင် ထိုသို့ တွေးပြီးသည်နှင့် လက်ကို ဝှေ့ယမ်းလိုက်ရာ ရုတ်တရက် လေအေးများ တိုက်ခတ်လာပြီး ဝိညာဉ်သုံးသောင်းကျော်က ထွက်ပေါ်လာကာ ဝမ်လင်းဆီသို့ တိုးဝင်သွား၏။

နောက်တစ်ကြိမ် ဝမ်လင်းက တည်နေရာ ပြောင်းရွှေ့ခြင်းကို အသုံး မပြုနိုင်စေရန် ထန်းဟွယွမ်သည် သူ့ရင်ဘတ်ကို ရိုက်ပြိး စဦးစိတ်ဝိညာဉ်ကို ခေါင်းပေါ်မှ ခေါ်ထုတ်လိုက်သည်။ ကျယ်လောင်သော ဟိန်းသံနှင့်အတူ စဦးစိတ်ဝိညာဉ်က ကျုံ့သွားပြီး စဦးစိတ်ဝိညာဉ်၏ ပါးစပ်မှ သွေးလုံးတစ်လုံး အပြင်ထွက်လာ၏။ သွေးလုံးသည် အပြင်သို့ ရောက်သည်နှင့် ပြန့်ကားလာပြီး နေရာ တစ်ခုလုံးကို ဖုံးအုပ်သွား၏။

ကျိန်စာ၏ အစွမ်းသတ္တိကြောင့် သွေးများက နေရာတစ်ခုလုံးသို့ ပြန့်နှံ့သွားချိန်တွင် ဝမ်လင်းက သူ့ခန္ဓာကိုယ် လှုပ်မရတော့သည်ကို သိသွား၏။ သူက တည်နေရာ ပြောင်းရွှေ့ခြင်းကို သုံးရန် ပြင်လိုက်ချိန်တွင် သူ့ဆီသို့ ပြေးဝင်လာသော ဝိညာဉ်များကို ကြည့်ပြီး သူ့ခန္ဓာကိုယ်က တုန်ယင်သွားကာ သွေးမျက်ရည်များ စီးကျလာသည်။ သူ့ထံသို့ လာနေသော နာကျင်မှုကို ခံစားနေရသည့် အမူအရာများနှင့် ဝိညာဉ်များထဲတွင် သူ့အဖေ၏ဝိညာဉ် ပါနေလေသည်။

ထန်းဟွယွမ်သည် ဝမ်လင်း၏ အမူအရာကို မြင်တွေ့သွားပြီး ရုတ်တရက် ဟားတိုက်ကာ ရယ်မောလိုက်သည် …

”မင်း မြင်လား … မင်းမိသားစု တစ်ခုလုံးရဲ့ ဝိညာဉ်တွေကို ဝိညာဉ်ချုပ် အလံထဲမှာ ထည့်ထားတယ် တွေ့လား …”

ပြောပြီးသည်နှင့် သူက လက်ဖြင့် ညွှန်လိုက်ရာ ဝိညာဉ် သုံးသောင်းကျော်သည် ရပ်တန့်သွား၏။ ထို့နောက် ဝမ်လင်းအဖေ၏ ဝိညာဉ်သည် ထိုအုပ်စုထဲမှ ခွဲထွက်လာပြီး ဝမ်လင်းဆီသို့ ပြေးဝင်သွား၏။

ဝမ်လင်းက အံကြိတ်ထားသော်လည်း သူ့ပါးစပ်ထဲမှ သွေးများ ယိုစီးကျလာသည်။ သူ့အဖေ၏ ဝိညာဉ်သည် သူ့ကိုယ်ထဲသို့ ဝင်လာသည်ကို ကြည့်ပြီးနောက် အလွန်အမင်း နာကျင်မှုတစ်ခုကို ခံစား လိုက်ရသော်လည်း တောင့်ခံထားကာ နာကြည်းစွာဖြင့် ရယ်မောလိုက်သည်။ သူ၏ ရယ်သံက တဖြည်းဖြည်းနှင့် ကျယ်လောင်လာပြီး ပါးစပ်ထဲမှ သွေးများ အန်ထုတ်လိုက်ရသည်။ ထို့နောက် သူက ခေါင်းကိုမော့ပြီး အော်ပြောလိုက်သည် …

”ဒါက ကျင့်ကြံခြင်း လောကလား … ကောင်းတယ် … အရမ်း ကောင်းတယ် …”

သူက သူ့နဖူးကို အရှိန်ပြင်းပြင်းဖြင့် ထုရိုက်ပြီး ယင်စိတ်စွမ်းအင်များကို ထွေးထုတ်ကာ စိတ်စွမ်းအင်များကို သူ့အဖေ၏ ဝိညာဉ်အား ဝိုင်းရံစေကာ ခဲထားလိုက်၏။

ထန်းဟွယွမ်သည် ဝမ်လင်းကို ကြည့်နေရင်း ရင်ထဲတွင် အေးစိမ့်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ဝမ်လင်းက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်သာ ဖြစ်သည့်အတွက် သူက မကြောက်လန့်သင့်ဟု ‌တွေးမိသော်လည်း ရင်ထဲမှ အေးစိမ့်မှုကို မတားဆီးနိုင်ပေ။ ထို့ကြောင့် သူက လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်သုံးသောင်းကျော်ထဲမှ ဝိညာဉ်တစ်ကောင် ထွက်လာသည်။ ထိုဝိညာဉ်သည် ဝမ်လင်း၏အမေ ဖြစ်သည်။

ဝမ်လင်းက သူ့အမေ၏ ဝိညာဉ်ကို မြင်ပြီး သူ့ခန္ဓာကိုယ်က တုန်လှုပ်သွားကာ ဆွဲငင်အား နည်းစနစ်ဖြင့် ကိုင်ထားသော သိုလှောင်အိတ်ကို လွှတ်ချလိုက်၏။ ထိုအိတ်သည် ယခုအချိန်တွင် သူ့အတွက် အသုံးမဝင်တော့ချေ။

သိတတ်စ အရွယ်ကတည်းက ဟုန်ယွီဂိုဏ်းထဲသို့ မဝင်ခင် အချိန်အထိ မှတ်ဉာဏ်များက သူ့ခေါင်းထဲတွင် အစီအရီပေါ်လာသည်။

“ဝမ်လင်း … ငါက မင်းမိဘတွေနဲ့ မင်းကို ပြန်တွေ့ရအောင် လုပ်ပေးတယ် … ငါ ဘယ်လောက်တောင် ကရုဏာတရား ကြီးမားသလဲ … မင်း မြင်လား …”

ထန်းဟွယွမ်က စကားပြောရင်းဖြင့် လက်ချောင်းကို ဝမ်လင်းဆီသို့ ညွှန်လိုက်ရာ ဝမ်လင်း အမေ၏ ဝိညာဉ်သည် ဝမ်လင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွား၏။

သူ၏ ခန္ဓာကိုယ်မှ နာကျင်မှုက တိုးလာသော်လည်း ရင်ထဲမှ နာကျင်မှုကိုတော့ လုံးဝ မယှဉ်နိုင်ပေ။ ဝမ်လင်းသည် ယခု အချိန်တွင် သူ့နှလုံးသားမှ သွေးများ စီးကျနေသကဲ့သို့ ခံစားနေရ၏။ သူက ထန်းဟွယွမ်ကို အေးစက်စွာ ကြည့်ကာ သူ့အမေ၏ ဝိညာဉ်ကို အေးခဲပြီး ထိန်းသိမ်းထားရန် စိတ်စွမ်းအင်များကို နောက်တစ်ကြိမ် ထုတ်သုံးလိုက်ရပြန်သည်။

ထန်းဟွယွမ်က ကြောက်မက်ဖွယ်အပြုံး ပြုံးပြီး ပြောလိုက်သည် …

”ကောင်းပြီ … ကစားပွဲကို အဆုံးသတ်လိုက်ရအောင် … မင်းက ပြင်ပတိုက်ပွဲမြေပြင် လမ်းကြောင်းကို အသုံးပြုပြီး ထွက်ပြေးဖို့ ကြံနေတာ ငါသိတယ် … အဲဒီအကြံကို မင်း စွန့်လွှတ်လိုက်တော့ …”

ပြောပြီးသည်နှင့် သူ့လက်ကို ဆန့်ထုတ်လိုက်ရာ ဝမ်လင်း၏ သိုလှောင်အိတ်က ထန်းဟွယွမ်၏ လက်ထဲသို့ ပျံသန်းရောက်ရှိသွား၏။ သူက သိုလှောင်အိတ်ကို ဖိချေပြီး တိုကင်ပြားအပါအဝင် အိတ်ထဲမှ အရာအားလုံးကို ဖျက်ဆီးလိုက်သည်။

တစ်ချိန်တည်းမှာပင် ဝိညာဉ်သုံးသောင်းကျော်က ဝမ်လင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး အသွေးအသားနှင့် စိတ်စွမ်းအင်များကို စတင်ဝါးမျို စားသောက်ကြသည်။ ထိုအခါ ဝမ်လင်း၏ အရေပြားအောက်တွင် မရေအတွက်နိုင်သော မျက်နှာများကလည်း ပေါ်လာ၏။

ဝိညာဉ်တစ်ကောင်က ရေခဲများဖြင့် ဖုံးလွှမ်းထားသော ဝမ်လင်းမိဘများ၏ ဝိညာဉ်ဆီသို့ သွားသော်လည်း ဝမ်လင်းက မိဘ၏ဝိညာဉ်ကို ကာကွယ်ရန် သူ့ခန္ဓာကိုယ်ကို အသုံးပြုလိုက်၏။

မကြာမီ ဝမ်လင်း၏ ဘယ်ဘက်လက်တစ်ဖက်လုံး ဝါးမျိုစားသောက် ခံလိုက်ရပြီး ခြေထောက် နှစ်ဖက်လုံးလည်း ဝါးမျိုစားသောက်ခံလိုက်ရသည်။ ထို့သို့ ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖျက်ဆီး ဝါးမျိုခြင်းကို ခံနေရသော်လည်း ဝမ်လင်းက အသံတစ်ချက်ပင် မထွက်ဘဲ ထန်းဟွယွမ်ကိုသာ စိုက်ကြည့်နေသည်။ ထို့ကြောင့် ထန်းဟွယွမ်၏ ရင်ထဲမှ ကြောက်စိတ်က ပိုမိုတိုးပွား လာသည်။

ကောင်းကင်ပေါ်ရှိ လူ့ဘီလူးကြီးသည် ဝမ်လင်းကို စိုက်ကြည့်ပြီး စိတ်လှုပ်ရှားစွာဖြင့် စိတ်ထဲတွင် တွေးလိုက်သည် …

”ရန်လိုတဲ့ အော်ရာပဲ … ဒါက တစ်ကယ်ကို ရန်လိုတဲ့ အော်ရာပဲ …”

ဝိညာဉ်သုံးသောင်းကျော်၏ သောင်းကျန်းမှုကြောင့် ဝမ်လင်း၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပျောက်ကွယ်လာရသည်။ ထိုအချင်းအရာကို ကြည့်ပြီး ထန်းဟွယွမ်သည် ရေရွတ်လိုက်၏ …

”လီအာ … မင်းရဲ့အဘိုးက မင်းအတွက် ပြန်ပြီး လက်စားချေပေးနေပြီ … ကြည့်ထား ဒါက မပြီးသေးဘူး … သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးပြီးသွားလည်း သူ့ဝိညာဉ်ကို ထပ်နှိပ်စက်ရမယ် …”

ထိုအချိန်တွင် ဝမ်လင်းသည် နာကြည်းစွာ ရယ်မောလိုက်သည်။ ယခုအချိန်တွင် သူ့ခန္ဓာကိုယ်မှ နာကျင်မှုကို မခံစားနိုင်တော့ချေ။ သူက ဆွဲငင်အား နည်းစနစ်ဖြင့် ရေခဲများဖြင့် ဖုံးအုပ်ထားသော သူ့မိဘများ၏ ဝိညာဉ်ကို ဆွဲယူကာ သူ၏ ရင်ဘတ်ဆီသို့ ပို့လိုက်၏။ ဤအရာသည် ယခုအချိန်တွင် သူလုပ်နိုင်တော့သည့် တစ်ခုတည်းသောအရာ ဖြစ်သည်။ သူသေရမည် ဆိုလျှင်တောင်မှ သူ့မိဘများနှင့် အတူ သေသွားချင်၏။

ကြွယ်မင်တောင်ကြားမှ ထွက်လာသည့်အတွက် သူ နောင်တမရပေ။ သူ ပုန်းနေလျှင်တောင်မှ ခဏတာသာ ပုန်းလို့ရမည် ဖြစ်၏။ သူ့ထံတွင် မျှော်လင့်ချက် သေးသေးလေး ရှိနေလျှင်တောင်မှ ထိုမျှော်လင့်ချက်ကို အရှုံးပေးလိမ့်မည် မဟုတ်ပေ။ ယခု သူအပြင် ထွက်လာသည့်အတွက် သူ့မိဘများ၏ ဝိညာဉ်ကို ပြန်ရခဲ့ပြီ ဖြစ်သည်။ သူသာ အပြင်ထွက်မလာခဲ့ပါက ဤအခွင့်အရေး ရလိမ့်မည် မဟုတ်ချေ။

သူ့ခန္ဓာကိုယ်ကို လှုပ်မရအောင် သွေးလှောင်အိမ်က တားဆီးထားပြီး တည်နေရာ ပြောင်းရွေ့ခြင်းကို အသုံးပြုသော်လည်း သုံး၍ မရသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ယခုအချိန်တွင် သူသည် ထန်းဟွယွမ်ကို မုန်းတီးရုံသာ တတ်နိုင်တော့သည်။

“အဖေနဲ့အမေ … ထေ့ကျူးက သားတစ်ယောက် မဖြစ်ထိုက်ပါဘူး … နောင်ဘဝသာ ရှိခဲ့ရင် အဖေနဲ့ အမေတို့ရဲ့ သားဖြစ်ဖို့လည်း မမျှော်လင့်ရဲပါဘူး … သားက အဖေနဲ့အမေတို့ရဲ့ သားဖြစ်ဖို့ တစ်ကယ်ကို မထိုက်တန်တဲ့ ကောင်ပါ … သားသာ မမွေးလာခဲ့ရင် အဖေနဲ့ အမေလည်း ဒီလိုဒုက္ခမျိုး ခံစားရမှာ မဟုတ်ဘူး …”

ဝမ်လင်းက မျက်လုံးမှိတ်ထားသော်လည်း ပြောနေရင်း သွေးမျက်ရည်များက စီးကျနေသည်။

ထိုအချိန်တွင် အသံတစ်ခုက ဝမ်လင်း၏ ရင်ဘတ်ဆီမှ ထွက်ပေါ်လာပြီး ဝမ်လင်း၏ ခန္ဓာကိုယ်သည် ပေါက်ကွဲသွား၏။ ဝိညာဉ်သုံးသောင်းကျော်သည်လည်း ဝမ်လင်း ခန္ဓာကိုယ်မှ လွတ်မြောက်သွားပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်တွင် အလင်းတန်းတစ်ခုက ဝမ်လင်းမိဘများ၏ ဝိညာဉ်နှစ်ခုကို ဆွဲခေါ်ကာ သွေးလှောင်အိမ်ကို ဖောက်ထွက်ပြီး ပြင်ပတိုက်ပွဲမြေပြင် အတွင်းသို့ ဝင်ရောက်သွား၏။

(၈၀) ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိ အရည်ပျော်နေပြီ ဖြစ်သည့် အလွှာပါးက အလင်းတန်း၏ ဝင်တိုက်မှုအောက်တွင် အားလုံး ပျက်ဆီးသွားရသည်။

လူ့ဘီလူးကြီးနှင့် လင်းရီ၏ အမူအရာများသည် အလင်းတန်းကို မြင်လိုက်ရချိန်တွင် ရုတ်တရက် ပြောင်းလဲသွား၏။

လင်းရီက အော်ပြောလိုက်သည် …

”အဲဒါက …”

သူက စကားစလိုက်ပြီးနောက် ချက်ချင်း ပါးစပ်ကို ပြန်ပိတ်လိုက်ကာ ပြင်ပတိုက်ပွဲမြေပြင် အတွင်းသို့ ခုန်ဝင်လိုက်၏။ သို့သော်လည်း သူက စက်ဝိုင်းကို ထိမိသည်နှင့် ချက်ချင်း နောက်သို့ ပြန်ကန် ထွက်လာသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset