Switch Mode

အခန်း (၁၁၆)

ထန်းဟွယွမ်သည် စိတ်ထဲတွင် အလွန် ထိတ်လန့်တကြား ဖြစ်နေသဖြင့် ချက်ချင်း မလှုပ်ရှားပေ။ သူ့စိတ်ထဲတွင် ဝမ်လင်းက စဦးစိတ်ဝိညာဉ် အလယ်အဆင့်သို့ ရောက်သွားသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေရသည်။ သို့သော်လည်း ဝမ်လင်းထံမှ ထွက်ပေါ်နေသည့် အော်ရာ၊ စိတ်စွမ်းအင်၊ နတ်ဘုရား စိတ်အာရုံ အားလုံးသည် စဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ အစစ်အမှန် ဖြစ်ကြောင်း သက်သေ ပြနေသည်။ အစောပိုင်းက တည်နေရာ ရွေ့ပြောင်းခြင်း နည်းစနစ်အား သုံးသွားသည်ကို ထည့်တွက် လိုက်လျှင် ဝမ်လင်းက စဦးစိတ်ဝိညာဉ် အဆင့် ဖြစ်သည်မှာ သေချာသလောက် ရှိ၏။

ဝမ်လင်းကသာ စဦး စိတ်ဝိညာဉ် အစောပိုင်း အဆင့်သာဆိုလျှင် ထန်းဟွယွမ်သည် တိုက်ခိုက် ရဲသော်လည်း ဝမ်လင်း၏ အဆင့်က စဦး စိတ်ဝိညာဉ် အလယ်သို့ ရောက်နေသည်။ ထို့ကြောင့် ဘာမှ မတတ်နိုင်ဘဲ ဝမ်လင်းကို သတိထားနေရ၏။

လက်ရှိတွင် အားလုံးသည် လေထဲရှိ လူငယ်ထံတွင်သာ အာရုံ ရောက်နေကြပြီး ဝင်္ကပါ အစီအရင်သည် နောက်တစ်ကြိမ် လင်းလက်သွားကာ တခြား လူငယ်တစ်ယောက် ထွက်လာသည်ကို သတိ မပြုမိလိုက်ကြချေ။ ထိုလူငယ်သည် ဝင်္ကပါ အစီအရင်ထဲမှ ထွက်လာပြီး လူအုပ်ထဲသို့ တိုးသွား ပြီးနောက် သူက လေထဲရှိ ထန်းဟွယွမ်ကို စူးစိုက်ကြည့်ပြီး သူ့မျက်လုံးက ထန်းဟွယွမ် လက်ထဲမှ ဝိညာဉ်ချုပ် အလံဆီသို့ ရောက်သွား၏။

ထန်းဟွယွမ်၏ သူ၏စိတ်ကို ဝမ်လင်းထံ၌သာ အာရုံစိုက်ထားပြီး သူ၏ ကျိန်စာမှ စွမ်းအင် လှိုင်းများကိုပင် ခံစားမိနေ၏။ သူက ဝမ်လင်းကို စိုက်ကြည့်ပြီး ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်ချုပ် အလံမှ ဝိညာဉ်တစ်ခုက ထွက်လာသည်။ ထွက်လာသည့် ဝိညာဉ်ကို သူက ကျိန်ဆဲပြီး အလံထဲသို့ ပြန်ထည့်ကာ အလံကို သိုလှောင်အိတ်ထဲတွင် ပြန်သိမ်းထားလိုက်သည်။

ထိုအချိန်တွင် ကောင်းကင်ကြီးက မှောင်ကျသွားပြီး လွန်ခဲ့သော (၃)လကျော်က ထွက်ပေါ်လာခဲ့သည့် ဖိအားသည်လည်း ပြန်ပေါ်လာပြီး ကောင်းကင် တစ်ခုလုံးကို အနက်ရောင် တိမ်တိုက်များက ဖုံးအုပ်သွား၏။

မကြာမီ တိမ်တိုက်ထဲမှ လက်ကြီးတစ်စုံ အရင် ထွက်လာပြီးနောက် ကြီးမားသော ဦးခေါင်း တစ်လုံးကလည်း ပေါ်လာသည်။ ထို ဦးခေါင်းကြီးသည် အရင်တစ်ခါ ကောင်းကင်မျှော်စင်သို့ ရောက်လာသည့် ဦးခေါင်းကြီး ဖြစ်သည်။

သူက ထွက်ပေါ်လာသည်နှင့် လေထဲက လူငယ်လေးကို သတိပြုမိလိုက်ပြီး သူ့မျက်နှာတွင် အံ့အား သင့်သွားသည့် အရိပ်အယောင်များ ပေါ်လာကာ လူငယ်ကို လျစ်လျူ ရှုလိုက်ပြီး ကျောင်းနိုင်ငံမှ လူအုပ်ကြီးဘက်သို့ ကြည့်ကာ အော်ပြောလိုက်သည် …

“(၃)လကျော်ပြီ … ပြင်ပတိုက်ပွဲ မြေပြင်ရဲ့ ဝင်ပေါက်ကို ဖွင့်ပေးတော့မယ် … “

ပြောပြီးသည်နှင့် သူက မျက်လုံးမှ နေပြီး အနက်ရောင် အလင်းတန်း နှစ်ခုကို ပစ်လွှတ်လိုက်၏။ အလင်းတန်း နှစ်ခုသည် လိမ်ယှက်သွားပြီး လေထဲတွင် ကြီးမားသော စက်ဝိုင်းပုံကြီး တစ်ခုအဖြစ် ဖွဲ့စည်းသွား၏။

စက်ဝိုင်းကြီး ပေါ်လာသည်နှင့် စက်ဝိုင်းက ပတ်ဝန်းကျင်ရှိ အလင်းရောင် အားလုံးကို စုပ်ယူပြီး ကောင်းကင်ပေါ်တွင် တစ်ခုတည်းသော အလင်းရောင် အရင်းအမြစ် ဖြစ်လာသည်။

ဧရာမလူကြီးက လက်ကို ဝှေ့ယမ်းပြီး ကျောက်တုံးတစ်ခုကို ပစ်လိုက်သည်။ ထိုကျောက်တုံးသည် လေထဲတွင် ပေါက်ကွဲသွားပြီး ထူးဆန်းသော သင်္ကေတများ အဖြစ် ပြောင်းလဲသွား၏။ သင်္ကေတများသည် စက်ဝိုင်းကြီး၏ အစွန်းပေါ်တွင် ဖိနှိပ်လိုက်သည်။ ထိုအခါ ကျောင်းနိုင်ငံ တစ်ခုလုံးရှိ စိတ်စွမ်းအင်များ အားလုံးသည် ထိုစက်ဝိုင်းကြီးဆီသို့ လျင်မြန်စွာ စုစည်း လာကြ၏။

စက်ဝိုင်းက စိတ်စွမ်းအင်များကို စုပ်ပြီးနေချိန်တွင် စက်ဝိုင်းပေါ်မှ သင်္ကတေများက တောက်ပသည်ထက် တောက်ပလာပြီး နောက်ဆုံးတွင် စက်ဝိုင်းထဲ၌ အလွှာပါးတစ်ခု ဖြစ်ပေါ်လာသည်။ အလွှာပါးသည် ကြည်လင်လုနီးပါး ဖြစ်နေသည့်အတွက် အလွှာပါး၏ နောက်တစ်ဖက်ခြမ်းကို မြင်နေရ၏။ အလွှာပါး၏ နောက်တစ်ဖက်တွင် ပျက်စီးနေသည့် ခန္ဓာကိုယ်များ၊ မှော်ရတနာများနှင့် ပစ္စည်းများစွာက လေထဲတွင် မျောနေလေသည်။

ဝမ်လင်းသည် လူအုပ်ထဲတွင် ပုန်းအောင်းလျက်ရှိပြီး စက်ဝိုင်းကို ကြည့်မနေဘဲ သူ၏ အကြည့်က ထန်းဟွယွမ်၏ ခါးရှိ သိုလှောင် အိတ်အပေါ်၌သာ ရှိနေသည်။

ကောင်းကင်ပေါ်မှ ပြောင်းလဲမှုက သူ၏ တွက်ချက်ထားမှုကို အနှောင့်အယှက် ဖြစ်စေသော်လည်း မကြာမီ အချိန်အတွင်း သူ၏ မျက်လုံးများက တောက်ပလာပြီး မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာ၏။

ဧရာမလူကြီးက ရုတ်တရက် သူ၏ လက်ချောင်းကို လှီးလိုက်ပြီး သွေးတစ်စက်ကို ထုတ်ကာ စက်ဝိုင်းထဲမှ အလွှာပါးဆီသို့ ပစ်လိုက်၏။

အလွှာပါးသည် နှင်းပေါ်ကို ရေပူ လောင်းချလိုက် သကဲ့သို့ လျင်မြန်စွာ အရည်ပျော်လာ၏။

ဝမ်လင်း၏ မျက်လုံးက ပိုမို အေးစက်လာပြီး ပုံရိပ်ယောင် ကျောက်တုံးထဲသို့ စိတ်စွမ်းအင်များ ထပ်မံ ထည့်သွင်းကာ ရေရွတ်လိုက်သည် …

“တိုက်ခိုက်မယ် … “

ဝမ်လင်းက လွန်ခဲ့သော နှစ်လတွင် ပုံရိပ်ယောင် ကျောက်တုံးအား သေချာ လေ့လာခဲ့ရာ ကျောက်တုံးမှ ထွက်လာသော လူပုံစံသည် ပြောင်းလဲ၍ ရသည်ကိုလည်း သိခဲ့ရသည်။

ကျောက်တုံးက သူ၏ စိတ်စွမ်းအင်များကို စုပ်ယူပြီးနောက် လေထဲရှိ လူငယ်က လက်ကို ဝှေ့ယမ်းလိုက်ရာ သူခန္ဓာကိုယ်ထဲမှ ခရမ်းရောင် နဂါးတစ်ကောင် ထွက်လာ၏။ သူ၏ ခန္ဓာကိုယ်ကလည်း နဂါးနှင့်ပေါင်းစပ် သွားသည့်အတွက် နဂါးက တဖြည်းဖြည်း ကြီးမားလာပြီး ဟိန်းသံပေးလိုက်ရာ နဂါးအော်သံ လှိုင်းများက အဘက်ဘက်သို့ ပြန့်နှံ့သွား၏။

ထန်းဟွယွမ်၏ မျက်နှာသည် အကြီးအကျယ် ပျက်ယွင်းသွားပြီး ဝမ်လင်းသည် စဦး စိတ်ဝိညာဉ် အလယ်အဆင့်သို့ ရောက်နေကြောင်းကို ယုံကြည်သွားသည်။

နဂါးက ဟိန်းသံပေးပြီးသည်နှင့် ထန်းဟွယွမ်ဆီသို့ လျှပ်စီးတန်းအလား ပြေးဝင် သွားလေသည်။ နဂါးက ပါးစပ်ကိုဟပြီး ပြေးဝင်လာခြင်း ဖြစ်သည့်အတွက် နဂါးပါးစပ်ထဲမှ သွေးနံ့က ထန်းဟွယွမ်ဆီသို့ အရင် ရောက်လာသည်။

ထန်းဟွယွမ်သည် အလျင်အမြန် နောက်သို့ ဆုတ်လိုက်ပြီး လျှာကို ကိုက်ကာ သွေးများကို ထွေးထုတ်လိုက်သည်။ သွေးများက ကြီးမားသော ခြင်များအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး နဂါးဆီသို့ တိုးဝင်သွား၏။

ထို့နောက် ထန်းဟွယွမ်က သိုလှောင်အိတ်ထဲမှ (၇)ပေခန့် ရှည်သော အလံတစ်ခုကို ထုတ်ယူ လိုက်သည်။ အလံ ထွက်ပေါ်လာသည်နှင့် အေးစက်သော လေများကလည်း တိုက်ခတ်လာသည်။ အလံပေါ်တွင် ထောင်ပေါင်းများစွာသော မျက်နှာများကလည်း ပေါ်လာ၏။ သူတို့၏ မျက်နှာများတွင် အလွန်အမင်း နာကျင်နေသည့် အမူအရာများဖြင့် ပြည့်နေသည်။

ထန်းဟွယွမ်က အလံကို ဝှေ့ယမ်းလိုက်ရာ အလံပေါ်မှ မျက်နှာများက တစ်ခုပြီးတစ်ခု အပြင်သို့ ထွက်လာကြသည်။ ဝိညာဉ်များက နဂါးကြီးထံသို့ တစ်ကောင်ပြီးတစ်ကောင် ပြေးဝင်သွားကြပြီး သူတို့၏ မျက်လုံးများက သေခြင်းတရားအတွက် အသနား ခံမှုများနှင့် ပြည့်နှက်နေသည်။

လင်းရီက အလံကို ကြည့်ကာ မေးစေ့ကို ပွတ်ပြီး ခေါင်းကို ခါယမ်းလိုက်သည် …

“ဒီဝိညာဉ်ချုပ် အလံက ဝိညာဉ်တွေ မလုံလောက်သေးဘူး … ဝိညာဉ် သုံးသောင်းလောက်နဲ့ ပထမအဆင့်ကိုတောင် ပြီးစီးမှာ မဟုတ်ဘူး … “

ထိုစကားကို ကြားပြီး ဖုနန်ဇီကလည်း ခေါင်းညိတ်လိုက်၏ …

“တမန်တော် ပြောတာအမှန်ပဲ … ပြင်ပတိုက်ပွဲ မြေပြင်မှာတုန်းက ဝိညာဉ် တစ်သန်းကျော်ပါတဲ့ ဝိညာဉ်ချုပ် အလံကိုတောင် မြင်ခဲ့ရတယ် … အဲဒီအလံရဲ့ စွမ်းအားက အရမ်းကို ကြောက်ဖို့ ကောင်းလွန်းတယ် … “

လင်းရီက ခေါင်းကို ခါပြီး ပြောလိုက်သည် …

“ဒီအလံက တစ်ဝက်တစ်ပျက်ပဲ ပြီးသေးတဲ့ အဆင့် ၄ နိုင်ငံက လက်နက်တစ်ခုပဲ … အဆင့် ၅ နိုင်ငံရဲ့ ဝိညာဉ်သန့်စင်ခြင်း ဂိုဏ်းက ဖီလူကိုင်တဲ့ ဝိညာဉ်ချုပ် အလံဆိုရင် … အလံထဲမှာ ဝိညာဉ် သန်း (၁၀၀၀)ကျော်တယ် … အဲဒီအလံထဲက ဝိညာဉ်တွေကို ဝိညာဉ်သန့်စင်ခြင်း ဂိုဏ်းက နှစ်ထောင်ပေါင်း များစွာ စုဆောင်းခဲ့ရတာပဲ … ဒါကြောင့်လည်း အဲဒီအလံက ဂိုဏ်းရဲ့ ရတနာတစ်ခု ဖြစ်နေတာ … “

ထန်းဟွယွမ်က အလံကို ဝှေ့ယမ်းပြီး ဝိညာဉ် (၃၀၀၀၀) ကျော်ကို နဂါးကြီးဆီသို့ လွှတ်လိုက်၏။ မျက်တောင် တစ်ခတ်အတွင်းမှာပင် ဝိညာဉ်များက နဂါးကြီးဆီ ရောက်လာပြီး နဂါး၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွား၏။ သို့သော်လည်း ထူးဆန်းမှု တစ်ခုက ဖြစ်ပျက်သွားသည်။

နဂါးကြီး၏ ခန္ဓာကိုယ်အတွင်းသို့ ဝိညာဉ်များက မည်သည့် ခုခံမှုမှ မကြုံတွေ့ရဘဲ အတားအဆီး မရှိ ဝင်ရောက်ဖြတ်ကျော်သွား၏။ ဝိညာဉ်များသည် နဂါးကြီးက တစ်ကယ် မရှိသကဲ့သို့ တစ်ဖက် ဝင်သွားပြီး နောက်တစ်ဖက်မှ ပြန်ထွက်လာကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset