Switch Mode

အခန်း (၁၁၅)

ဝင်္ကပါအစီအရင်က လင်းလက်သွားပြီး လူတစ်ယောက် ထွက်လာသည်။

ထန်းဟွယွမ်သည် တည်နေရာ ရွေ့ပြောင်းခြင်း နည်းစနစ်ကို သုံးရန် ပြင်လိုက်ပြီး‌မှ ချက်ချင်း ပြန်ရပ်လိုက်ရ၏။ ဝမ်လင်းနှင့်သူက နီးလာပြီဟု အာရုံ ခံမိသော်လည်း ဤတစ်ကြိမ် ထွက်လာသူသည် ဝမ်လင်း မဟုတ်သောကြောင့် သူ၏ စိတ်ထဲတွင် ဒေါသူပုန် ထနေလေသည်။ ယခု ထွက်လာသော လူသည် ဝူဖုန်းတောင်ကြားမှ ခန္ဓာကိုယ်သန့်စင်ခြင်း အစောပိုင်း အဆင့်တစ်ယောက် ဖြစ်၏။

ထန်းဟွယွမ်၏ မျက်နှာသည် အလွန် မည်းမှောင်လာပြီး အလံပေါ်မှ ဝိညာဉ် ၁၀ ခုကျော်ကို ဖြတ်ဆီးကာ သူ့စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။

ဝူဖုန်းတောင်ကြားမှ တပည့်က အပြင် ရောက်လာသောအခါ ထန်းဟွယွမ်နှင့် အနက်ရောင် ဝတ်စုံဝတ် ဝူဖုန်းတောင်ကြားမှ ဘိုးဘေးဆီသို့ ပြေးသွား၏။ သူက ကြောက်လန့်နေသော အသံဖြင့် ပြောလိုက်သည် …

“သေပြီ … အားလုံး သေကုန်ပြီ … ဂိုဏ်းတူအစ်ကိုကြီး ဝမ်ဖန်းတောင်မှ သေသွားပြီ … ကျွန်တော်က အရမ်း ဝေးနေလို့ လွတ်ရုံလေး လွတ်သွားခဲ့တာ … “

အနက်ရောင်ဝတ် အဘိုးအိုက ထိုတပည့်ကို ကြည့်လိုက်ပြီး ရုတ်တရက် ထိုတပည့်၏ ဦးခေါင်းကို ကိုင်ပြီးပြောလိုက်သည် …

“သူတို့အားလုံးသေသွားရင် … မင်းတစ်ယောက်တည်း အသက်ရှင်မနေသင့်ဘူး … “

ပြောပြီးသည်နှင့် ထိုတပည့်၏ ခေါင်းသည် အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွား၏။

လေပြည်လေး တစ်ချက်အဝှေ့တွင် သွေးနံ့များကလည်း နေရာအနှံ့ ပြန့်သွား၏။ မိသားစုငယ်များ အားလုံးနှင့် ဂိုဏ်းငယ်များ အားလုံးက အနက်ရောင်ဝတ် အဘိုးအိုကို ကြည့်ပြီး ငြိမ်သက်နေကြသည်။ မည်သူကမှ ဝူဖုန်းတောင်ကြား အကြောင်း မပြောရဲကြတော့ချေ။

ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်သက်နေစဉ်တွင် ဝင်္ကပါ အစီအရင်က နောက်တစ်ကြိမ် ထပ်မံ လင်းလက်လာသည်။

ဤတစ်ကြိမ်တွင် အလွန်များပြားလှသော လူများသည် တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြ၏။ သူတို့သည် ရွှမ်တောက်ဂိုဏ်းမှ လူများ ဖြစ်ကြသည်ကို ထန်းဟွယွမ် သိလိုက်သည်။ သို့သော်လည်း သူတို့ အားလုံးကို မလွတ်တမ်း ဂရုတစိုက် ကြည့်နေလေသည်။

ရုတ်တရက် ထန်းဟွယွမ်၏ အမူအရာက ပြောင်းလဲသွားပြီး သူ့မျက်နှာတွင် သတ်ဖြတ် ချင်စိတ်များနှင့် ပြည့်လာသည်။ သူ၏ခန္ဓာကိုယ်က ချက်ချင်း ပျောက်ကွယ်သွားပြီး ရွှမ်တောက် ဂိုဏ်းသားတစ်ယောက်၏ အနားတွင် ပြန်ပေါ်လာကာ ပြောလိုက်သည် …

“နောက်ဆုံးတော့ မင်း ထွက်လာပြီပဲ … “

ပြောပြီးသည်နှင့် သူ၏လက်က အပြင်သို့ ထွက်လာသော လူငယ်တစ်ယောက်၏ ဦးခေါင်းဆီသို့ ရောက်သွား၏။

လူငယ်၏ မျက်လုံးထဲတွင် အေးစက်မှု အရောင်တစ်ချက် လက်သွားပြီး ထန်းဟွယွမ်၏ လက်က သူထံသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် လူငယ်က ရုတ်တရက် ပျောက်ကွယ်သွားကာ လေထဲတွင် ပြန်ပေါ်လာသည်။

“သူပဲ … ဂိုဏ်းတူ အစ်ကိုကြီးကို သတ်သွားတာ သူပဲ … “

“ဘိုးဘေး … ကျွန်တော်တို့ဂိုဏ်းက တိုကင်ကို လုယူသွားတာ သူပဲ … “

“သူက ဝူဖုန်းတောင်ကြားက တပည့်တွေ အားလုံးကို သတ်လိုက်တာ ငါလည်း မြင်ခဲ့တယ် … “

ကြွယ်မင်တောင်ကြားမှ ထွက်လာသော တပည့်အားလုံးသည် အလွန် စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်ကြသည်။ တောင်ကြားထဲတွင် သူတို့အားလုံးသည် ဝမ်လင်းကို သုံးလကျော်ကျော် ကြောက်လန့်နေခဲ့ရသည်။ ယခုမူ သူတို့၏ အကြီးအကဲများ ရှိနေသဖြင့် သူတို့ထံတွင် သတ္တိများ ရှိလာကြ၏။

ထန်းဟွယွမ်သည် ဝမ်လင်းက တည်နေရာ ပြောင်းရွေ့ခြင်းအား အသုံးပြု သွားသည်ကို မြင်ပြီး ထိတ်လန့်သွား၏။ ဝမ်လင်းက အဝေးသို့ ရောက်သွားသည်ကို မြင်ပြီး ထန်းဟွယွမ်က အော်ပြောလိုက်သည် …

“ဝမ်လင်း … မင်း ဘယ်နေရာထိ ပြေးနိုင်မလဲ ငါ ကြည့်ချင်သေးတယ် … “

ထိုအချိန်တွင် ဟဲဟွမ်ဂိုဏ်းမှ အသံတစ်သံ ထွက်ပေါ်လာသည်။

“တိုကင်တွေ အားလုံး သူ့ဆီမှာပဲ … သူ့ဆီမှာ အနည်းဆုံး တိုကင် ၅ ခုရှိတယ် … “

ထိုအသံ ထွက်လာသည်နှင့် ကျင့်ကြံသူ အားလုံး ထိတ်လန့်သွားကြပြီး လူငယ်ကို ကြည့်လိုက်ကြသည်။ လင်းရီတောင်မှ စိတ်ဝင်တစား ဖြစ်သွားကာ လှမ်းကြည့်လိုက်၏။ ထို့နောက် သူ၏ မျက်နှာတွင် အံ့ဩရိပ်များ ပေါ်လာပြီး တခစ်ခစ် ရယ်ကာ ခေါင်းကို မသိမသာ ခါလိုက်သည်။

ထန်းဟွယွမ်က အော်ပြောလိုက်သည် …

“ရောင်းရင်းတို့ ဒီသူငယ်က ငါ့ရဲ့ အရမ်းချစ်ရတဲ့ မြေးကို သတ်သွားတယ် … ဒါကြောင့် ဒီနေ့ ငါ သူ့ကို သတ်ရလိမ့်မယ် … ငါ သူ့ကိုယ်ပေါ်က ပစ္စည်းတစ်ခုမှ ယူမှာ မဟုတ်ဘူး … ဒါပေမဲ့ တစ်ယောက် ယောက်ကသာ ငါ့ကို နှောင့်ယှက်မယ်ဆိုရင် … ငါက ရန်သူအဖြစ် သတ်မှတ်မှာမလို့ ငါ့ကို အပြစ်မတင်ပါနဲ့ … “

လင်းရီက ရုတ်တရက် ရယ်မောလိုက်သည် …

“ကောင်းပြီ … ကျောင်းနိုင်ငံက ဘယ်ကျင့်ကြံသူကမှ ဝင်ပါရဲမှာတော့ မဟုတ်ဘူး … ဒါပေမဲ့ ငါကတော့ မင်း ဘယ်လိုလုပ်မလဲ သိချင်တယ် … ထန်းဟွယွမ်…မင်း သူ့ကို သတ်ရဲလား … “

လင်းရီ၏ စကားသံ ထွက်ပေါ်လာသည်နှင့် အားလုံးက အံ့ဩတုန်လှုပ်သွား၏။ သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း ထိုစကား၏ အဓိပ္ပာယ်ကို အားလုံးက ခန့်မှန်းမိကြသည်။

ထန်းဟွယွမ်သည် လင်းရီ၏ ရှေ့တွင် မမောက်မာရဲပေ။ သို့သော်လည်း သူက လင်းရီ၏ စကားကို နားမလည်သကဲ့သို့ မျက်မှောင် ကြုတ်လိုက်သည်။

ဖုနန်ဇီသည် လေထဲမှ လူငယ်ကို ကြည့်ပြီး သူ့မျက်လုံးက အရောင်လက်သွားကာ မျက်နှာတွင်လည်း ထူးဆန်းသည့် အမူအရာ ပေါ်လာသည်။ ထိုလူငယ်ကို ကြည့်လေ ပိုပြီး ရင်းနှီးလာသကဲ့သို့ ခံစားလာရသည်။ အချိန်တော်တော်ကြာအောင် စဉ်းစားကြည့်သော်လည်း မည်သူမှန်း မတွေးနိုင်ချေ။ ထိုလူငယ်ကို မည်သို့ပင် ကြည့်ကြည့် လူငယ်က ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်၌သာ ရှိသေးသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူ့စိတ်ထဲတွင် ထန်းဟွယွမ်သည် မည်သည့် အတွက်ကြောင့် မလှုပ်ရှား ရဲရသနည်းဟု တွေးနေမိသည်။

သူသာမက စဦး စိတ်ဝိညာဉ်အဆင့် အားလုံးသည်လည်း ထိုအတိုင်းပင် တွေးနေကြသည်။

ထိုအချိန်တွင် လေထဲရှိ လူငယ်လေး၏ မျက်လုံးက အေးစက်လာပြီး အောက်မှ လူအားလုံးကို မကြောက်သကဲ့သို့ ခေါင်းကို ‌မော့လိုက်ရာ ကောင်းကင်ပေါ်မှ အားကောင်းသော အော်ရာတစ်ခုက ကျဆင်းလာ၏။ လူငယ်လေး၏ ဆံပင်နှင့် အဝတ်အစားများက လေမတိုက်ဘဲ လွှင့်နေပြီး စိတ်စွမ်းအင် ငွေရောင်များကလည်း သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည်။

ဂိုဏ်းကြီးများမှ အဆင့်မြင့် ကျင့်ကြံသူများ အပါအဝင် အောက်တွင်ရှိသော ကျင့်ကြံသူများ အားလုံးသည် အလွန်အံ့ဩသွားကြ၏။ တည်နေရာ ရွေ့ပြောင်းခြင်း နည်းစနစ်ကို သုံးရန်ပြင်နေသော ထန်းဟွယွမ်တောင်မှ ရုတ်တရက် ရပ်တန့်သွားရသည်။

သူတို့၏ မျက်လုံးထဲတွင် လူငယ်လေး၏ ကျင့်ကြံခြင်းအဆင့်သည် လျင်မြန်စွာ တိုးလာသည်ကို မြင်လိုက်ရသည်။ ဤကဲ့သို့ အဖြစ်မျိုးကို သူတို့၏ ဘဝတွင် တစ်ခါမှ မမြင်ဖူးချေ။

လူငယ်၏ ကျင့်ကြံခြင်း အဆင့်သည် ခန္ဓာကိုယ်သန့်စင်ခြင်း အလယ်အဆင့်မှ နှောင်းပိုင်း အဆင့်သို့ ရောက်သွား၏။ လျင်မြန်စွာဖြင့် အမြုတေ ဖွဲ့တည်ခြင်း အစောပိုင်းအဆင့်သို့ ဆက်လက် မြင့်တက်သွားပြီး အလယ်အဆင့်၊ နောက်ဆုံးတွင် နှောင်းပိုင်းအဆင့်သို့ပင် ရောက်သွား၏။

သို့သော်လည်း မပြီးဆုံးသေးဘဲ မမြင်နိုင်သော လှိုင်းတစ်ခုက လူငယ်ဆီမှ ပျံ့နှံ့လာသည်။ တစ်ပေခန့် ရှည်သော စဦးစိတ်ဝိညာဉ် ပေါ်လာပြီး လူငယ်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွား၏။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ အားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ထိုအရာသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ လူတစ်ယောက်၏ ကျင့်ကြံခြင်း အဆင့်သည် ဤကဲ့သို့ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်မှ စဦးစိတ်ဝိညာဉ် အစောပိုင်းအဆင့်ထိ တစ်ဟုန်ထိုး တိုးတက် နိုင်လိမ့်မည်ဟု သူတို့၏ စိတ်ထဲ၌ပင် မတွေးဖူးကြပေ။

ထိုမျှနှင့်တင် မရပ်သေးချေ။ လူငယ်က လက်ကို မြှောက်လိုက်ရာ သူ၏ ကျင့်ကြံခြင်းအဆင့်က စဦး စိတ်ဝိညာဉ် အလယ်အဆင့်သို့ တက်သွားပြီး နောက်ဆုံး၌ စဦး စိတ်ဝိညာဉ် အလယ်တွင် ရပ်တန့် သွား၏။

ထိုအချိန်တွင် လူငယ်၏ မျက်နှာက မိစ္ဆာဆန်သော အော်ရာများနှင့် ပြည့်လာပြီ သူ၏ ဆံပင်များက ထူးဆန်းစွာ လှုပ်ရှားလာကာ ထန်းဟွယွမ်ကို လက်ညှိုးထိုးပြီး မေးလိုက်သည် …

“မင်း ငါနဲ့ တိုက်ခိုက်ရဲလား … “

ထိုအခိုက်အတန့်တွင် လက်ရှိအောက်တွင် ရှိနေသော အားလုံးသည် လူငယ်လေးထံမှ ထွတ်လာသော ဖိအားသည် အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်၏ အစစ်အမှန် ဖိအားဖြစ်ကြောင်း ခံစားနိုင်သည်။ စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူများတောင်မှ သူတို့၏ မျက်လုံးများကို မယုံကြည်နိုင်ကြပေ။

လင်းရီက မေးစေ့ကို ပွတ်ပြီး လူငယ်လေးထံမှ တစ်ခုခုကို သိသွားသည့်အလား မသိမသာ ပြုံးကာ စိတ်ထဲတွင် တွေးလိုက်သည် …

“ငါ့ရဲ့ နယ်မြေထဲမှာတောင် လာပြီး ကစားရဲတဲ့ ဒီကောင်လေးက ဘယ်မိသားစုကလဲ … သူကိုင်ထားတာ အဆင့် ၅ နိုင်ငံက ပုံရိပ်တစ်ထောင် ကျောက်တုံးပဲ … သူ့ရဲ့ နောက်ခံက သေးသေးကွေးကွေး မဟုတ်လောက်ဘူး … အဲဒီ ပုံရိပ်တစ်ထောင် ကျောက်တုံးက ပုံရိပ်ယောင် မြို့တော်မှာတောင်မှ ရှားပါးတဲ့ ရတနာပစ္စည်း တစ်ခုပဲ … အဲဒီပုံရိပ်တစ်ထောင် ကျောက်တုံးမှာ စဦး စိတ်ဝိညာဉ် အဆင့်ကနေ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်အထိ အမျိုးအစား ၃ မျိုး ခွဲထားတယ် ဆိုတာ ငါ မှတ်မိနေသေးတယ် … ပုံရိပ်တစ်ထောင် ကျောက်တုံးက အဆင့်မြင့်လေ အသုံးပြုသည့် လူ၏ အဆင့်ကလည်း မြင့်လာမှာပဲ …“

ထန်းဟွယွမ်သည် အလွန် ကြောက်မက်ဖွယ် ကောင်းသော မျက်နှာဖြင့် လေထဲမှ လူငယ်လေးကို ကြည့်လိုက်သည်။ ထိုအချိန်တွင် ရုတ်တရက် လင်းရီ၏ စကားကို နားလည်သွားကာ အနည်းငယ် တုံ့ဆိုင်းသွားပြီး အေးစက်စွာဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည် …

“ဝမ်လင်း … မင်းက စဦး စိတ်ဝိညာဉ် အဆင့်ဆိုတာ ငါ မယုံဘူး … မဟုတ်ရင် မင်းက ဘာလို့ ကြွယ်မင် တောင်ကြားထဲကို ဝင်လို့ရမှာလဲ … မင်းက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်အောက် ဆိုရင်တောင်မှ မင်းအနေနဲ့ တောင်ကြားထဲကို ဝင်ဖို့ မဖြစ်နိုင်ဘူး …“

***

Comment

Leave a Reply

Options

not work with dark mode
Reset