အခန်း (၄၀)

လင်းမိန်းကလေး တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခြင်း

အပိုင်း(၄၀) လင်းမိန်းကလေး တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခြင်း

အလယ်ပိုင်း ကောင်းကင်ဒေသ၊ ဝါဒတောင်ဂိုဏ်းဌာနချုပ်၊ တစ်ခုသော တောင်တန်း၏ နက်ရှိုင်းသည့် နေရာ၌ ဧရာမ လှိုဏ်ဂူကြီးတစ်ခုရှိသည်။ သာယာအေးချမ်းသော ထိုနေရာသည် ဝါဒတောင်ဂိုဏ်း၏တပည့်များ တံခါးပိတ်ကျင့်ကြံရန်အတွက် ရွေးချယ်လေ့ရှိသော နေရာဖြစ်သည်။

ယခင်က ပိတ်ထားသော လိုဏ်ဂူ၏ကျောက်တံခါးမှာ တဖြည်းဖြည်းချင်း ပွင့်လာသည်။

အတွင်းမှ ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်မျှသာ ရှိသော မိန်းကလေးတစ်ယောက် လှမ်းထွက်လာသည်။ ဆွတ်ဆွတ်ဖြူသောဝတ်စုံအား ဝတ်ဆင်ထားသော သူမ၏အလှက အနီးအနားရှိ တောအုပ်များကိုပင် တောက်ပသွားစေနိုင်သည်။ သူမသည် အာရုဏ်ဦးတွင် ပွင့်လန်းနေသော နှင်းပန်းကလေးနှင့် ဆင်တူလေသည်။

လိုဏ်ဂူအပြင်ဘက်တွင် လူငယ်နှစ်ယောက် စောင့်ဆိုင်းနေသည်။ ထိုမိန်းကလေးကို မြင်လျှင် မြင်ချင်း သူတို့နှစ်ယောက် ပြုံးလိုက်ကြသည်။ “ဂျူနီယာညီမလေးလင်း ထွက်လာပြီလား”

လင်းယုရှောင်က ကျက်သရေရှိစွာ ရယ်မောရင်း သူတို့နှစ်ယောက်အား နှုတ်ဆက်လိုက်သည်။ “စီနီယာအကိုတို့”

လူငယ်နှစ်ယောက်က သူမကို ပြန်လည် နှုတ်ဆက်လိုက်သည်။ တစ်ယောက်က ရယ်မောလျက် တုံ့ပြန်လိုက်သည်။ “တံခါးပိတ်ကျင့်ကြံနေတုန်း အဆင့်တက်လာတဲ့ အတွက် ဂုဏ်ယူပါတယ် ဂျူနီယာညီမလေးလင်း၊ ဂိုဏ်းက တာဝန်အနည်းငယ်ကို ပြီးမြောက်တာနဲ့ ဂျူနီယာညီမလေးလင်း အပြာရောင်အနားသတ်ဝတ်စုံကို ဝတ်ဆင်နိုင်တော့မယ်”

ဝါဒတောင်ဂိုဏ်း၏စည်းမျဉ်းအရ သာမာန်တပည့်အားလုံး အဖြူရောင်ဝတ်စုံ ဝတ်ဆင်ရသည်။ ရီကျင်း၊ လန်ဝမ်ရန်နှင့် လင်းယုရှောင်တို့လည်း ထိုစည်းမျဉ်းမှ မကင်းလွတ်ပေ။

ပင်ကိုပါရမီကောင်းမွန်သော တပည့်များသည် ကျင့်ကြံမှုအဆင့်တစ်ခုသို့ ရောက်သောအခါ ဂိုဏ်းမှ စမ်းသပ်မှုများကို ကျော်ဖြတ်ရသည်။ ထိုစမ်းသပ်မှုများကို သူတို့ ကျော်ဖြတ်နိုင်လျှင်  လက်ရွေးစင်တပည့်များဟု ဆိုနိုင်ကာ အပြာရောင်အနားသတ်သော အဖြူရောင်ဝတ်စုံ ဝတ်ဆင်ခွင့်ပြုသည်။

ဂိုဏ်းမှ ရွေးချယ်၍ အထူးတလည် ပြုစုပျိုးထောင်ခြင်းခံရသော စစ်ခုန်ချင်းကဲ့သို့ တပည့်များလည်း ထိုဝတ်စုံပင် ဝတ်ဆင်ရသည်။

၎င်းတို့အထက်တွင် ရန်ကျောက်ကဲကဲ့သို့ အနက်ရောင်အနားသတ်သော အပြာဝတ်စုံ ဝတ်ဆင်သူများ ရှိသည်။ ဤတပည့်များကို ဂိုဏ်း၏ ပင်မတပည့်များဟု သတ်မှတ်နိုင်ပြီး အခြားတပည့်များထက် အများကြီး အဆင့်အတန်းမြင့်မားသည်။

ပင်မတပည့်တစ်ယောက်စီတိုင်းသည် လွှမ်းမိုးမှု အတော်အတန်ရှိပြီး သူတို့သည် အကျိုးခံစားခွင့်အရ အမြင့်ဆုံးဟု ဆိုနိုင်ကာ အရေအတွက်မှာလည်း အနည်းဆုံးဖြစ်သည်။

လင်းယုရှောင်က တောက်ပစွာ ပြုံးရင်း တုံ့ပြန်လိုက်သည်။ “ကျွန်မ စတင် ကျင့်ကြံတာ အချိန်အနည်းငယ်လေးပဲ ရှိသေးတယ်၊ အခြေခံကလည်း မတည်ငြိမ်သေးပါဘူး၊ ဂိုဏ်းပြင်ပမှာလည်း အတွေ့အကြုံ နည်းပါးသေးတယ်၊ လက်ရွေးစင်တပည့်ဖြစ်ဖို့တော့ ကျွန်မ အဝေးကြီး လိုပါသေးတယ်”

“တကယ်လို့ အနာဂတ်မှာ စီနီယာအကိုတွေနဲ့ ဂိုဏ်းပြင်ပမှာ လေ့ကျင့်ခွင့်ရရင် ကျွန်မကို သင်ကြားပြသပေးပါဦး”

တပည့်နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ရယ်မောလိုက်သည်။ သူတို့စိတ်ထဲတွင် “စီနီယာအကိုကြီးရန်က သစ်ပင်ကြီးတစ်ပင်လို ရပ်ပြီး မင်းကို လေဒဏ်၊ မိုးဒဏ်ကနေ ကာကွယ်ပေးနေတာ၊ ဘယ်လိုအခက်အခဲမျိုးက မင်းကို တားဆီးနိုင်မှာလဲ”

သို့သော် တစ်ဖက်က ယဉ်ယဉ်ကျေးကျေး၊ ပျူပျူငှာငှာ ပြောလာသဖြင့် သူမနှင့် ရန်ကျောက်ကဲကြား ဆက်ဆံရေးကို ထုတ်ဖော်ပြောရန် မကြိုးစားသင့်ပေ။ မည်သို့ပင်ဖြစ်စေ သူမ၏လေးစားမှုရှိသော အပြုအမူက သူတို့နှစ်ယောက်ကို ပျော်ရွင်စေတာ အမှန်ပင် ဖြစ်သည်။ ရယ်ကာမောကာဖြင့် သူတို့ တုံ့ပြန်လိုက်သည်။ “စီနီယာအကိုကြီးရန် တစ်ယောက်လုံး သင်ပေးနေတာ ငါတို့ကို မလိုအပ်ပါဘူး”

“အဲ့တာထက် စာရင် ငါတို့သာ စီနီယာအကိုကြီးရန်နဲ့ ပြင်ပမှာ လေ့ကျင့်ခွင့်ရရင် မိုးကောင်းကင်က တကယ် ကောင်းချီးပေးတာပဲ၊ အခါအခွင့်သင့်ရင် ငါတို့ နာမည်တွေကို ပြောပေးဖို့ ဂျူနီယာညီမလေးလင်းကို အကူအညီတောင်းပါတယ်”

လင်းယုရှန်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ “စီနီယာအကိုကြီးရန်ရဲ့ အတွေအကြုံက ကျွန်မတို့ထက် အများကြီး သာလွန်ပါတယ်၊ သူ့မှာလဲ သူ စဉ်းစားထားတာ ရှိမှာပေါ့”

“ဘယ်လိုပဲဖြစ်ဖြစ် ဒီဂျူနီယာညီမလေးကတော့ စီနီယာအကိုကြီးတို့နှစ်ယောက်နဲ့ ပြင်ပမှာ လေ့ကျင့်ခွင့်ရဖို့ မျှော်လင့်ပါတယ်”

လူငယ်နှစ်ယောက် လိုက်ပါ ရယ်မောလိုက်သည်။ သို့သော် ဆုံးဖြတ်ချက်ချရသည့် သူမှာ ရန်ကျောက်ကဲဖြစ်ကြောင်း ဤနေရာတွင် ရှိသော လူတိုင်း အပြည့်အဝ နားလည်သည်။ လင်းယုရှောင် ပြောတာကပင် သူတို့အတွက် လုံလောက်ပေသည်။

လင်းယုရှောင် မေးလိုက်သည်။ “စီနီယာအကိုကြီး နှစ်ယောက် သိမလား မသိဘူး၊ စီနီယာအကိုကြီးရန်က ဂိုဏ်းထဲမှာ ရှိနေလား”

တစ်ယောက်က ခေါင်းခါလိုက်သည်။ “သိပ်မကြာသေးခင်က စီနီယာအကိုကြီးရန်က ဂိုဏ်းက တပည့်တွေကို ဦးဆောင်ပြီး အရှေ့ကောင်းကင်ဒေသ၊အရှေ့တန်နိုင်ငံနားမှာ ရှိတဲ့ နဂါးချုပ်လှောင်ခြင်းချောက်နက်ကို တာဝန်နဲ့ ထွက်သွားတယ်၊ ပြီးတော့ ဘာကြောင့်လဲတော့ မသိဘူး၊ သူ အဲ့မှာပဲ ဆက်နေနေတယ်၊ ပြန်မလာသေးဘူး”

“အရှေ့ကောင်းကင်ဒေသ…… အရှေ့တန်နိုင်ငံ……” လင်းယုရှောင် တခဏမျှ  တိတ်ဆိတ်သွားသည်။

သူမမျက်လုံးများက အနည်းငယ် လှုပ်ခတ်သွားပြီး ပုံမှန်အတိုင်း လျင်မြန်စွာ ပြန်ဖြစ်သွားသည်။

ဝါဒတောင်ဂိုဏ်းတပည့်နှစ်ယောက်က သူမကို တခဏမျှ အကဲခတ်နေသည်။ အနည်းငယ် တုံ့ဆိုင်းပြီး ပြောလိုက်သည်။ “ဂျူနီယာညီလေးရီလည်း အဲ့အဖွဲ့နဲ့ ပါသွားတယ်၊ သူ ပျောက်နေတယ်လို့ ကြားတာပဲ”

လင်းယုရှောင်၏အကြည့်က အနည်းငယ် တုန်ခါသွားပြီး သူမခန္ဓာကိုယ် တောင့်တင်းသွားသည်။

လူငယ်က ဆက်ပြောသည်။ “သူ ပျောက်နေတယ်ပဲ ကြားတာပါ၊ သေသလား ရှင်သလား မသိရသေးပါဘူး”

အခြားလူငယ်က လင်းယုရှောင်အား ကြည့်လိုက်သည်။ ထို့နောက် အသံတိုးတိုးဖြင့် ပြောလိုက်၏။

“စီနီယာအမ စစ်ခုန်လဲ သူတို့နဲ့ ပါသွားတယ်၊ ကောလဟာလတွေအရတော့ နဂါးချုပ်လှောင်ခြင်းချောက်နက်က ထွက်လာတော့ စီနီယာအကိုကြီးရန်အပေါ် သူမရဲ့သဘောထားက ပြောင်းလဲလာတယ်တဲ့”

လင်းယုရှောင် တခဏမျှ တိတ်ဆိတ်သွားပြီး သူမ၏အမူအရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

သူမက နူးညံ့စွာ ပြောလိုက်သည်။ “ဂျူနီယာမောင်လေးရီကို ကောင်းကင်က ကူညီပါစေလို့ ဆုတောင်းပါတယ်”

သူတို့နှစ်ယောက်သည် အတိတ်တွင် ကိစ္စများရှိသော်လည်း ဂိုဏ်းတစ်ခုတည်း ဖြစ်နေလေရာ ထိုသို့ သူမ ပြောခြင်းမှာ မသင့်တော်ဟု ယူဆ၍ မရပေ။

တပည့်နှစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြသည်။ သည်တစ်ကြိမ် သူတို့၏အပြုံးက အနည်းငယ် ထူးဆန်းနေ၏။ “သေချာတာပေါ့၊ ငါတို့လည်း ကောင်းကင်က ကယ်သင့်တဲ့သူတွေကို ကယ်တင်ပါစေလို့ မျှော်လင့်ပါတယ်”

သူတို့နှစ်ယောက် နှုတ်ဆက်ထွက်ခွာပြီးနောက် လင်းယုရှောင်က လိုဏ်ဂူ၏အပြင်ဘက်တွင် ကျောက်ရုပ်တစ်ရုပ်လို မလှုပ်မယှက် ရပ်နေသည်။

အချိန်အတော်ကြာပြီးမှ သူမ သက်ပြင်းချ၍ သူမ၏မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင် အနည်းငယ် ပေါ်လာသည်။

သူမ တံခါးပိတ်ကျင့်ကြံခြင်း၏ တိုးတက်မှုအခြေအနေကို ဂိုဏ်း၏ အကြီးအကဲများကို တင်ပြပြီးနောက် အရှေ့ကောင်းကင်ဒေသ၊ အရှေ့တန်နိုင်ငံသို့ သွားရန် ခွင့်တောင်းလိုက်သည်။

ထိုနေရာကား သူမ၏ မွေးရပ်မြေဖြစ်၏။

တာဝန်ခန်းမခေါင်းဆောင်က သူမ၏ တောင်းဆိုမှုကို ကြားသောအခါ သူ့မျက်လုံးများက ဝေခွဲမရ ဖြစ်နေသည်။ အရှေ့တန်နိုင်ငံတွင် ရန်ကျောက်ကဲ ရောက်နေသည်မှာ လူအများ သိကြသော အကြောင်းအရာဖြစ်သည်။

သို့သော် အကြီးအကဲက သူမ၏တောင်းဆိုမှုကို မပိတ်ပင်ပေ။ ကြည်ကြည်ဖြူဖြူ ခွင့်ပြုပေးချင်သည့်ပုံ ပေါက်သည်။

လင်းယုရှောင်သည် တွေ့သမျှ လူတိုင်းကို နှုတ်ဆက်ရင်း သူမ နေထိုင်ရာ လိုဏ်ဂူသို့ ပြန်လာသည်။ သူမပိုင်ဆိုင်သည့် အရာများကို ထုတ်ပိုးပြီးနောက် ဂိုဏ်းမှ ထွက်လာခဲ့သည်။

သူမ၏ တည်ငြိမ်သော အပြင်ပန်းအောက်တွင် သူမခံစားချက်များမှာ ရှုပ်ထွေးနေသည်။

အဘယ်ကြောင့် အရှေ့တန်နိုင်ငံသို့ အလျင်စလို သွားချင်နေသည်ကို သူမကိုယ်တိုင်ပင် နားမလည်နိုင်တော့ပေ။

………

ထိုအခိုက်၌ ရန်ကျောက်ကဲက လျူလျောင်တောင်တန်းတွင် ရှိနေသည်။ ရီကျင်းနှင့် မန်ဝမ်တို့အား  ရှာဖွေရန် စေလွှတ်ခဲ့သော လူများ ပြန်သတင်းပို့မည်ကို သူ စောင့်ဆိုင်းနေသည်။

“သူတို့တွေ့တော့လဲ ငါတို့တွေ့တာပေါ့၊ မတွေ့ရင်လည်း ပြဿနာမရှိပါဘူး” ရန်ကျောက်ကဲက အလေးမထားဟန်ဖြင့် ပြောသည်။ “ဒါပေမယ့် မင်း ရီကျင်းရဲ့ တည်နေရာကို တွေ့ရင် မတိုက်ခိုက်နဲ့ဦး၊ သူ့တည်နေရာကို တွေ့တာက လုံလောက်ပြီ၊ ငါကိုယ်တိုင် ဒီကိစ္စကို ဖြေရှင်းမယ်”

ရန်ကျောက်ကဲက သူ့ဒေါသကို ကိုယ်တိုင် ဖွင့်ထုတ်ချင်သည်ဟု အခြားသူများက ထင်ကြသည်။

ထို့ကြောင့် သူတို့က သဘောတူကြောင်း အလျင်အမြန် ပြလိုက်ကြသည်။

“မန်ဝမ်ကတော့……” ရန်ကျောက်ကဲ တွေးလိုက်သည်။ “ချောင်ယွမ်လုံ…… ရှောင်ရှန်း….. မန်ဝမ်…… နဂါးချုပ်လှောင်ခြင်းချောက်နက်နဲ့  လျူလျောင်တောင်တန်းမှာ နေသူတော်စင်ဂိုဏ်းက လူတွေ ခြေရှုပ်နေတယ်၊ သူတို့ ဘာကို စီစဉ်နေတာ ဖြစ်နိုင်လဲ”

မီးခိုးရှိရာ မီးရှိလေသည်။ နေသူတော်စင်ဂိုဏ်း မည်သည့်အရာများ စီစဉ်နေသည်ကို ရန်ကျောက်ကဲ စိတ်ဝင်စားလာသည်။

သေချာတာ တစ်ခုသာ ရှိသည်။ နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲရှိ ထူးဆန်းသော အပြောင်းအလဲများကြောင့် သူတို့ လာခြင်း မဟုတ်ပေ။  သူတို့သည် တစ်စုံတစ်ခုကို ရှာဖွေနေပုံရသည်။

သူ့အမြင်အရ ဂိုဏ်းမှ တာဝန်ထက်စာလျှင် ဂိုဏ်းထဲမှ တစ်စုံတစ်ယောက်၏ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် သူတို့ လာကြပုံရသည်။

“မင်းသား” ထိုအခိုက်တွင် အမည်းရောင်ဝတ် ကျင့်ကြံသူတစ်ဦး ရန်ကျောက်ကဲ၏ရှေ့၌ ရုတ်တရက် ပေါ်လာသည်။

ရန်ကျောက်ကဲက မေးလိုက်သည်။ “ဘယ်သူ့ရဲ့နေရာကို တွေ့တာလဲ”

“နေသူတော်စင်ဂိုဏ်းရဲ့ ထူးကဲယင် မိန်းမပျိုပါ”

ရန်ကျောက်ကဲက စိတ်အေးလက်အေးဖြင့် သူ့လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။ “လမ်းပြ၊ သွားကြည့်ကြတာပေါ့၊ ပြီးတော့ အားဟူကိုလည်း ရီကျင်းရဲ့ တည်နေရာကို ဆက်ရှာခိုင်းလိုက်ဦး”

မန်ဝမ် ဂိုဏ်းမှ ထွက်လာပြီး သူတို့၏ထောင်ချောက်ထဲ ရောက်နေသည်မှာ ရှားပါးလှသော အခွင့်အရေးဖြစ်သည်။ ထို့ပြင် သူတို့အား ချုံခိုတိုက်ခိုက်ရန် အသင့်စောင့်နေသော နေသူတော်စင်ဂိုဏ်းမှ ထိပ်တန်းကျင့်ကြံသူများလည်း ရှိနေပုံမရချေ။

အခွင့်အရေးမရှိလျှင် ထားလိုက်တော့။ အခွင့်အရေးရှိပြီး သူက ထိုအခွင့်အရေးကို အသုံးမချနိုင်ပါက ရန်ကျောက်ကဲသည် ဝါဒတောင်သို့ပြန်ရန် ရှက်ဖို့ကောင်းသည်ဟု ခံစားရသည်။

ထိပ်သီးနယ်မြေနှစ်ခု အကြား အားပြိုင်မှုနှင့် စပ်လျင်း၍ အခြားထိပ်သီးနယ်မြေက မဝင်ရောက်လာလျှင် မည်သည့် သိုင်းသူတော်စင် သို့မဟုတ် မည်သည့်အထွတ်အမြတ်ဝိဉာဉ်လက်နက်ကမျှ  စစ်ပွဲ၏အနိုင်အရှုံးကို မဆုံးဖြတ်နိုင်ပေ။

သို့သော် ၎င်းထဲတွင် သာမာန် အထွတ်အမြတ်ဝိဉာဉ်လက်နက်များ၏ အထက်တွင်ရှိသော ထူးကဲယင်သရဖူကို ထည့်တွက်မထားပေ။ အကယ်၍ ထိုဝိဉာဉ်လက်နက် ကိုင်ဆောင်ထားသော ထူးကဲယင်မိန်းမပျိုကသာ သိုင်းဆရာသခင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါက သူမတစ်ယောက်ထဲဖြင့်ပင် ကြီးမားသော အင်အားကြီးဖြစ်လေသည်။

တစ်ခုတည်းသော မေးခွန်းမှာ သူ တစ်ခုခုလုပ်မည်ဆိုလျှင် မည်မျှ အတိုင်းအတာအထိ သူ လုပ်မည်နည်း။

သူမကို သတ်မှာလား။

ထိုအရာက အတော်လေး ရက်စက်လွန်းရာ ကျသည်။

သည်သတင်း ပြန့်နှံ့သွားလျှင် နေသူတော်စင်ဂိုဏ်းတစ်ခုလုံးက လက်နင်ကိုင်ဆွဲကြပြီး ထိပ်သီးနယ်မြေနှစ်ခုအကြား အလုံးစုံ စစ်ပွဲပင် ဖြစ်သွားနိုင်သည်။

အစောပိုင်းတုန်းက မန်ဝမ်သည် ရေခဲရေကန်ထဲတွင် ဒဏ်ရာတချို့ ရရှိခဲ့သည်။ သို့သော် ထိုဒဏ်ရာများက လာမည့် ထူးကဲယင်ပြိုင်ပွဲတွင် သူမ သေချာပေါက် ရှုံးနိမ့်ဖို့ လုံလောက်မည်လော။

ရန်ကျောက်ကဲ စဉ်းစားရင်း တောင်တန်းများကို ကျော်ဖြတ် ခရီးဆက်လာသည်။

“မင်းသား…..” ထိုအချိန်တွင် အနက်ရောင်ဝတ်လူတစ်ဦး ပေါ်လာသည်။ “မန်ဝမ်းကို ခြေရာခံမိတဲ့ နေရာ အနီးတစ်ဝိုက်မှာပဲ နေသူတော်စင်ဂိုဏ်းသားတစ်အုပ်စု ပေါ်လာပါတယ်၊ သူတို့က ချောင်ယွမ်လုံတို့အုပ်စုထဲက လူတွေပါ”

ရန်ကျောက်ကဲ သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။

“ပိုစိတ်ဝင်စားစရာ ကောင်းလာပြီပဲ”


Comment

Leave a Reply

Options

not work with dark mode
Reset