Switch Mode

အခန်း (၁၁၄)

ရှင်းဟိုင်က ရှန့်ကွမ်းကို ကြည့်ပြီး ပြောလိုက်သည်…

“စီနီယာအစ်ကိုက ကောင်းကင်မျှော်စင် တမန်တော်ကို သွားတွေ့တယ်… သူ မကြာခင် ဒီကို ရောက်လာလိမ့်မယ်…”

ထိုအချိန်တွင် ဝင်္ကပါ အစီအရင်က လင်းလက်တောက်ပ လာပြန်သည်။ အားလုံးက စကားပြောနေသည်ကို ရပ်လိုက်ကြပြီး အပေါက်ကို ကြည့်လိုက်ကြ၏။ ထန်းဟွယွမ်သည်လည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ခေါင်းကို လှည့်ပြီး ကြည့်လိုက်သည်။ ဝမ်လင်း ထွက်လာသည်နှင့် သူက ကျိန်စာကို အသုံးပြုပြီး ဝမ်လင်း၏ အနားသို့ တည်နေရာ ရွေ့ပြောင်းခြင်း နည်းစနစ်ကို သုံးကာ ဝမ်လင်းအား ကမ္ဘာပေါ်တွင် ရှိသမျှ နှိပ်စက်နည်းများကို ခံစားစေမည်ဟု စိတ်ထဲတွင် တွေးထား၏။

ဝင်္ကပါ အစီအရင်က တောက်ပလာပြီးနောက် လူ ၁၃ ယောက် ထွက်လာသည်။

ထိုအခါ ထန်းဟွယွမ်၏မျက်နှာက ပိုပြီးတော့တောင် သုန်မှုန်လာပြီး အလံပေါ်မှ နောက်ထပ် ဝိညာဉ်တစ်ခုကို ဖိချေလိုက်ကာ စိတ်ထဲတွင် လှောင်ပြောင်လိုက်သည်…

“ဝမ်လင်း… မင်းရဲ့မိသားစုကို ဂရုမစိုက်တဲ့ အထိ မင်းရဲ့ နှလုံးသားက မအေးစက်သေးပါဘူး… မင်း ထွက်မလာရင်တောင်မှ ငါ စဦးစိတ်ဝိညာဉ် အလယ်အဆင့်ကို ရောက်တာနဲ့ မင်းကို ရှာဖို့အတွက် ကျိန်စာရဲ့ စွမ်းအားကို ထပ်တိုးလို့ ရတယ်…”

ကြွယ်မင်တောင်ကြား၏ အပြင်ဘက်ရှိ ကျင့်ကြံသူများသည် ထွက်လာသည့် လူများကို ကြည့်ပြီး နောက်တစ်ကြိမ် တစ်ယောက်နှင့် တစ်ယောက် စကားများ ပြန်ပြောနေကြသည်။

“ဒီတစ်ကြိမ် ဝင်ခွင့်ပြိုင်ပွဲက ထူးဆန်းတယ်… အရင်က ထွက်လာရင် တဖြည်းဖြည်းနဲ့ လူက နည်းလာတာ အခုကျတော့ ပထမ အုပ်စုထက် ပိုတောင် များလာသေးတယ်…”

“ထူးဆန်းတယ်… ဒီတစ်ကြိမ် ပြိုင်ပွဲက ထူးဆန်းတယ်လို့ ငါလည်း ခံစားနေရတယ်…”

“ဒီတစ်ကြိမ်ထွက်လာတာ ဘယ်ဂိုဏ်းကလဲ… မင်းသိရင် မြန်မြန် ပြောပြစမ်းပါ…”

“ဒါ ဟဲဟွမ်ဂိုဏ်းကပဲ… ငါ အဲဒီမိန်းမပျက် ဝမ်ယင်းကို သိတယ်… သူမက ငါနဲ့ ပေ ၁၀၀ အတွင်းမှာ ရှိနေသမျှ ကာလပတ်လုံး သူမရဲ့ အနံ့ဆိုးကို ငါ အနံ့ခံနိုင်တယ်…”

“ဟုတ်တယ်… ဒါ ဟဲဟွမ်ဂိုဏ်းကပဲ…”

တခြားသူများက ပြောနေကြချိန်တွင် ဟဲဟွမ်ဂိုဏ်းမှ စဦးစိတ်ဝိညာဉ် အဆင့်နှစ်ယောက် ဖြစ်သည့် ချန်းဟွမ်နှင့် ချန်းယန်တို့၏ မျက်နှာများသည် သုန်မှုန်နေကြ၏။ သူတို့က သက်ပြင်းချပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့၏ အမူအရာများက ပုံမှန် ပြန်ဖြစ် သွားကြ၏။

ဟဲဟွမ်ဂိုဏ်းမှ တပည့်များသည် မျက်နှာ ပျက်နေကြပြီး ချန်းဟွမ်နှင့် ချန်းရန်ဆီသို့ ခတ်သုတ်သုတ် လျှောက်သွားပြီး အမျိုးသမီးတပည့် ခေါင်းဆောင်က အသံထုတ်လွှင့်ခြင်း ကျောက်တုံးကို အလျင်အမြန် ပေးလိုက်၏။

ချန်းဟွမ်က မျက်မှောင် ကြုတ်သွားပြီး ကျောက်စိမ်းပြားကို နဖူးပေါ် တင်လိုက်ရာ သူ့မျက်နှာတွင် အံ့ဩ ထိတ်လန့်ဟန်များ ပေါ်လာသည်။ ထို့နောက် သူက ဝမ်ယင်းကို ကြည့်ပြီး မေးလိုက်သည်…

”ဒါ အမှန်လား…”

ဝမ်ယင်က လေးစားစွာဖြင့် ပြန်ပြောလိုက်သည်…

”ဘိုးဘေး… ကျွန်မတို့ ကိုယ်တိုင် မျက်လုံးနဲ့ မြင်ခဲ့တာပါ…”

သူမ၏နောက်မှ တပည့်များသည်လည်း အလျင်အမြန် ခေါင်းညိတ်ပြလိုက်၏။

ချန်းယန်က လူတိုင်းကို ကြည့်ပြီး ချန်းဟွမ်ထံမှ ကျောက်စိမ်းပြားကို ယူလိုက်ကာ စစ်ဆေး ကြည့်လိုက်၏။ ထို့နောက် အချိန် တော်တော်ကြာအောင် စဉ်းစားနေပြီးမှ သူမသည် အေးစက်စွာ ရယ်မောပြီး ကျောက်စိမ်းပြားကို အမှုန့်ချေလိုက်သည်။

ရုတ်တရက် လမ်းမှန်ဂိုဏ်း တစ်ဂိုဏ်းမှ မျက်လုံးတစ်စုံက သူတို့ကို ကြည့်လိုက်သည်။ ချန်ဟွမ်နှင့် ချန်းယန်သည် ချက်ချင်း လှည့်ကြည့်လိုက်ရာ ခေါင်းညိတ်ပြနေသည့် ရှင်းဟိုင်ကို မြင်လိုက်ရ၏။

ဖျောင်မြောင်ဂိုဏ်းမှ တပည့်များ ထွက်လာပြီးနောက် ရှင်းဟိုင်၏ အမူအရာကို ချန်းဟွမ်နှင့် ချန်းယန်သည် သတိပြုမိပြီး ဖြစ်၏။ သို့သော်လည်း မည်သည့် အတွက်ကြောင့် ထိုသို့ ဖြစ်နေရသည်ကို မခန့်မှန်းနိုင်ခဲ့ချေ။ သို့သော်လည်း ဝမ်ယင်းထံမှ ကျောက်စိမ်းပြားကို ရပြီးနောက် ဘာဖြစ်ခဲ့သည်ကို နားလည်သွားကြသည်။

ထန်းဟွယွမ်က မျက်မှောင်ကြုတ်ပြီး ချန်းဟွမ်၊ ချန်းရန်နှင့် ရှင်းဟိုင်ကို ကြည့်လိုက်ပြီး ကိစ္စအကြီးကြီး တစ်ခုခု ဖြစ်နေပြီ ဆိုတာကို ခံစားမိလိုက်သည်။ သို့သော်လည်း မည်သည့်ကိစ္စ ဖြစ်မလဲ ဆိုတာကို မခန့်မှန်းနိုင်ချေ။ ထို့ကြောင့် သူက နှာခေါင်းရှုံ့လိုက်ပြီး အလံပေါ်မှ ဝိညာဉ်တစ်ခုကို ဖျက်ဆီး လိုက်ပြန်သည်။

ထိုအချိန်တွင် ထန်းဟွယွမ်သာမက တခြားသူများသည်လည်း တစ်ခုခုတော့ မှားနေပြီ ဆိုတာကို နားလည်နေပြီ ဖြစ်၏။ စဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ၃ ယောက်ကို သူတို့၏ တပည့်များက မည်သည့် စကားကို ပြောလိုက်၍ သူတို့၏ မျက်နှာများက သုန်မှုန်သွားရသည်ကိုတော့ တခြားလူများ မသိကြပေ။

မိသားစုငယ်များမှ ကျင့်ကြံသူများ၊ ဂိုဏ်းငယ်များက ကျင့်ကြံသူများနှင့် တစ်ကိုယ်တော် ကျင့်ကြံသူများပင် စုစည်းပြီး စကားပြောလာကြသည်။

ထိုအချိန်တွင် ကောင်းကင်ကြီးက ရုတ်တရက် မှောင်ကျသွားပြီး အလင်းစက်ဝိုင်းကြီး တစ်ခု ပေါ်လာသည်။ ထိုအလင်း စက်ဝိုင်းကြီးသည် အချင်းဝက် ၁၀ မီတာခန့် ရှိပြီး ထိုစက်ဝိုင်းထဲမှ လူ ၄ ယောက် ထွက်လာကြ၏။

ရှေ့ဆုံးမှ လူသည် အနည်းငယ်ဝပြီး မျက်နှာတွင် အပြုံးပန်းတစ်ခုကို ဆင်မြန်းထားသည်။ သို့သော်လည်း သူ ပေါ်လာသည်နှင့် စဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ အားလုံးက လေထဲသို့ ပျံဝဲ တက်လာပြီး သူ့ဘေးတွင် တလေးတစား ရပ်လိုက်ကြသည်။

ထိုလူသည် တမန်တော်လင်းရီ ဖြစ်၏။

လင်းရီက ကျယ်လောင်စွာ ရယ်မောကာ ပြောလိုက်သည်…

”လူတိုင်းပဲ… ငါက ပြင်ပတိုက်ပွဲ မြေပြင်ကို ဖွင့်တဲ့ နေရာမှာ အဆင့်မြင့် နိုင်ငံက တမန်တော်ကို ကူညီပေးဖို့ အတွက် ရောက်လာရတာပဲ… ငါက မင်းတို့ကိစ္စထဲ ဝင်ရှုပ်မှာ မဟုတ်ဘူး… ဒါကြောင့် စိတ်အေးလက်အေးနေပါ…”

လင်းရီ၏ နောက်မှ လိုက်တာသူ ၃ ဦးမှာ ဖုနန်ဇီ၊ ဖျောင်မြောင်ဂိုဏ်းမှ ဆံပင်အဖြူနှင့် ကျင့်ကြံသူ၊ ထျန်းတောက်ဂိုဏ်းမှ ပိန်ကပ်ကပ် အဖိုးအိုတို့ ဖြစ်သည်။

လင်းရီနှင့် နောက်က ၃ ယောက်သည် အလယ်ရှိ ရှင်းလင်းနေသော နေရာတွင် ခြေချလိုက်ကြပြီး ကျန်သည့် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ အားလုံးက သူတို့ဘေးတွင် ရပ်လိုက်ကြ၏။

ရှင်းဟိုင်က ဆံပင်ဖြူနှင့် အဘိုးအိုဘေးတွင် ရပ်ပြီး အသံထုတ်လွှင့်ခြင်း နည်းစနစ်ဖြင့် စကားတချို့ ပြောလိုက်သည်။ ထိုဆံပင်ဖြူနှင့် အဘိုးအိုသည် ဖျောင်မြောင်ဂိုဏ်းမှ အစွမ်းထက်ဆုံး ကျင့်ကြံသူ ရွှယ်မိန်ဖြစ်သည်။

သူက ရှင်းဟိုင်ထံမှ စကားကို ကြားပြီးနောက် တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ဝင်္ကပါ အစီအရင်က နောက်တစ်ကြိမ် လင်းလက်လာပြီး လူ ၅ ယောက် ထွက်လာ၏။ ထိုလူ ၅ ယောက် ထွက်လာသည်နှင့် အအေးဓာတ် စွမ်းအင်လှိုင်း တစ်ခုကလည်း ထွက်ပေါ်လာသည်။ သူတို့၏ မျက်လုံးများသည် နီရဲနေပြီး သူတို့က ဘေးဘီကို ကြည့်ပြီး ထောင့်တစ်ခုတွင် ထိုင်လိုက်ကြ၏။

“သူတို့က ဘယ်ဂိုဏ်းကလဲ…”

လူတိုင်း၏ စကားသံများက ပြန်လည် ထွက်ပေါ်လာပြန်သည်။

အချိန်တော်တော် ကြာပြီးသည်အထိ မည်သူကမှ သူတို့ ၅ ယောက်၏ ဂိုဏ်းကို မသိကြချေ။

လင်းရီဘေးတွင် ရပ်နေသော ရွှယ်မိန်က ရုတ်တရက် ရယ်မောပြီး ပြောလိုက်သည်…

”အရှင်တမန်တော်… ရန်လိုစိတ်အပြည့်နဲ့ အလောင်းကောင်ဂိုဏ်းက တပည့်တွေကို ကြည့်ပါဦး… အလောင်းကောင်ဂိုဏ်းမှာ လျှို့ဝှက်နည်းစနစ် တစ်ခုရှိတယ် ကြားဖူးတယ်… အဲဒါက တပည့်တွေနဲ့ သူတို့ရဲ့ အလောင်းရုပ်သေးကို ပေါင်းစပ်လို့ရတယ်… ငါ ခန့်မှန်းရရင် အဲဒီ ၅ ယောက်က စောနက ပြောလိုက်တဲ့ နည်းစနစ်ကြောင့် ဖြစ်လာတဲ့ လူသား ရုပ်သေးတွေပဲ…”

လင်းရီက ခေါင်းညိတ်ပြီး ပြောလိုက်သည်…

”ဒီ ၅ ယောက်က လူသားရုပ်သေးဆိုတာ အမှန်ပဲ…”

ထျန်းတောက်ဂိုဏ်းမှ ပိန်ကပ်ကပ် အဘိုးအိုကလည်း ဘေးဘီကို ကြည့်ပြီး မျက်မှောင် ကြုတ်ကာဖြင့် ပြောလိုက်သည်…

”ဘာလို့ ရောင်းရင်းရီက ဒီမှာ မရှိတာလဲ…”

လင်းရီက ခေါင်းကို ခါပြီး ပြောလိုက်သည်…

”အလောင်းကောင်ဂိုဏ်းက ပြိုင်ပွဲ စည်းမျဉ်းတွေကို မလိုက်နာဘူး… ဒါကြောင့် သူတို့ကို ပယ်လိုက်ပြီ… ဒါဆို သူမလာရင်တောင်မှ ကိစ္စ မရှိတော့ဘူး…”

သူက ပြောပြီးသည်နှင့် အနောက်အရပ်ကို ကြည့်ကာ စိတ်ထဲတွင် တွေးလိုက်သည်…

”အလောင်းကောင်ဂိုဏ်းက ဒီတစ်ကြိမ်မှာ တော်တော်များများ ခန္ဓာကိုယ်တွေ ပိုင်သွားပြီး သူတို့ရဲ့ ကျင့်စဉ်တွေ ပြန်ရသွားမှာပဲ…”

ထိုအကြောင်းကို တွေးပြီးနောက် လင်းရီက ရုတ်တရက် ဝူဖုန်းတောင်ကြား၏ စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူဘက်သို့ လှည့်ကာ ပြောလိုက်သည်…

”ဝူဖုန်းတောင်ကြားက သူတို့ရဲ့ တိုကင်ပြားကို မထိန်းသိမ်း နိုင်ခဲ့တာမို့ သူတို့လည်း ကျရှုံးတယ်… ဒါပေမဲ့ သူတို့က တိုကင်ကို တခြားဂိုဏ်းကို ပေးလိုက်ရသည်… ဂိုဏ်းတစ်ခုက တိုကင် ဘယ်နှပြားကိုပဲ ဖြစ်ဖြစ် လုယူထားခွင့် ရှိတာမို့ သူတို့မှာ အပြစ်မရှိဘူး…”

ဝူဖုန်းတောင်ကြား၏ စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူသည် အမူအရာ ပြောင်းလဲမှု မရှိဘဲ ထန်းဟွယွမ်ကိုသာ ကြည့်လိုက်သည်။

ထန်းဟွယွမ်သည်လည်း ငြိမ်သက်သွား၏။ သူက ဧည့်သည့်အကြီးအကဲ တစ်ယောက် ဖြစ်တာတောင်မှ တိုကင်ပြားကို ရရန်အတွက် ကြီးမာသော တန်ဖိုးတစ်ခုကို ပေးဆပ်ထားရသည်။

ဝင်္ကပါ အစီအရင်သည် နောက်တစ်ကြိမ် လင်းလက်သွား၏။ ထိုအခါ ထန်းဟွယွမ်သည်လည်း ကျိန်စာကို အာရုံခံမိသဖြင့် စိတ်လှုပ်ရှားကာ ဝင်္ကပါဆီသို့ စူးစိုက် ကြည့်နေပြီး ဝမ်လင်း ထွက်လာရန် စောင့်ဆိုင်းနေလိုက်သည်။ ဝမ်လင်း ထွက်လာသည်နှင့် တစ်ပြိုင်နက် သူက တည်နေရာ ရွေ့ပြောင်းခြင်း နည်းစနစ်ကို ချက်ချင်း သုံးလိုက်မှာ ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset