Switch Mode

အခန်း (၁၁၃)

စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်တွင် ကျင့်ကြံသူ၏ ခန္ဓာကိုယ်က ကြီးမလာသော်လည်း စဦးစိတ်ဝိညာဉ်သည် ပုံစံပြောင်းလာပြီး ပိုမို ကြီးမားလာမည် ဖြစ်သည်။

ဝမ်လင်းက မြေပြင်ပေါ်တွင် ခြေချိတ်ထိုင်နေပြီး ဘူးသီးခြောက်ထဲမှ ယင်စိတ်ဝိညာဉ် အရည်ကို သောက်ကာ ခန္ဓာကိုယ်သန့်စင်ခြင်း အလယ်အဆင့်သို့ ရောက်ရန် ကြိုးစားလိုက်သည်။

***

အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာပြီး ပြင်ပတိုက်ပွဲ မြေပြင်ဝင်ခွင့် ပြိုင်ပွဲကလည်း ပြီးဆုံးရန် အချိန် နီးကပ်လာသည်။ လွန်ခဲ့သော တစ်လကတည်းက ကျင့်ကြံသူ အများစုသည် ကြွယ်မင်တောင်ကြား၏ အပြင်ဘက်တွင် ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့အားလုံးသည် ကြွယ်မင်တောင်ကြား၏ တစ်ခုတည်းသော ထွက်ပေါက်ကို ကြည့်ရန် နေရာကောင်းကို အရင် လာရွေးထားကြခြင်း ဖြစ်သည်။

ကျင့်ကြံသူများက တဖွဲ့ဖွဲ့ရောက်ရှိလာကြကာ ကြွယ်မင်တောင်ကြား၏ အပြင်ဘက်တွင်လည်း ပိုမိုသက်ဝင် လှုပ်ရှားလာ၏။

နှစ် ၁၀၀ တွင် တစ်ခါသာ ဖွင့်သောကြောင့် ကြွယ်မင်တောင်ကြားနှင့် ကီလိုမီတာ ၁၀၀၀ အတွင်း အဆောက်အဦများ ကြိုတင်ပြင်ဆင် ထား၏။ အဘယ်ကြောင့်ဆိုသော် ဤအချိန်သည် ကျောင်းနိုင်ငံ တစ်ခုလုံး၏ အဆင့်အမြင့်ဆုံး ကျင့်ကြံသူများ စုစည်းရာအချိန် ဖြစ်သောကြောင့် ဖြစ်သည်။

ပြင်ပ တိုက်ပွဲမြေပြင် ပွင့်ရန်အချိန် နီးကပ်လာလေလေ နေထိုင်ရန် အဆောက်အဦများသည် ကျောင်းနိုင်ငံ၏ အကြီးမားဆုံး ဈေးအရောင်ဆိုင်များ ဖြစ်လာသည်။ ကျောင်းနိုင်ငံရှိ ကျင့်ကြံသူများ အားလုံးသည် ထိုအဆောက်အဦများတွင် တွေ့ဆုံကြသောကြောင့် ဖြစ်၏။

ပစ္စည်းအများအပြားသည် ဤနေရာတွင် လာစုသွားကြပြီး တစ်ခါတစ်ရံတွင် ရှားပါးသော ရတနာများလည်း ပေါ်လာတတ်သည်။

ဤနေ့သည် ကြွယ်မင်တောင်ကြား၏ အပြင်ဘက်တွင် များစွာသော ကျင့်ကြံသူများ စုရုံးနေကြသည်။

ထိုလူများထဲမှ အများစုသည် ကြီးမားသော ဂိုဏ်းကြီးများမှ ဖြစ်ပြီး သူတို့၏ ကိုယ်ပိုင် နေရာများတွင် အုပ်စုဖွဲ့ပြီး နေကြ၏။ ကျန်ရှိနေသော ကျင့်ကြံသူများသည် မိသားစုငယ်များမှ၊ ဂိုဏ်းသေးများမှ ကျင့်ကြံသူများ သို့မဟုတ် တစ်ကိုယ်တော် ကျင့်ကြံသူများ ဖြစ်ကြသည်။

ဂိုဏ်းကြီးများမှ မဟုတ်သော ကျင့်ကြံသူများသည် ပြင်ပတိုက်ပွဲမြေပြင် ဝင်ခွင့်တွင် ဝင်ပြိုင်ခွင့် မရကြချေ။ သူတို့သည် ဤနေရာသို့ လာကြခြင်းမှာ ပြင်ပတိုက်ပွဲ မြေပြင် ပွင့်တိုင်း များပြားလှသော စိတ်စွမ်းအင်များ ပွင့်ထွက်လာတတ်သည်။ ထိုစိတ်စွမ်းအင်များကို အနည်းငယ် စုပ်ယူလိုက်ခြင်းက သူတို့ တစ်ပတ်စာ ကျင့်ကြံခြင်းနှင့် ညီမျှသော အစွမ်းကို ရရှိမည် ဖြစ်သည်။

ကြွယ်မင်တောင်ကြား ပွင့်တော့မည်ကို မြင်ပြီး အားလုံးက တောင်ကြားပွင့်တာကို စောင့်ရန် တစ်နေရာရာကို ရှာကြ၏။

နေ့လည်အချိန်တွင် ကောင်းကင်ကြီးက ပြာနေပြီး နေကလည်း ထိပ်တည့်တည့်ကို ရောက်နေကာ အပူချိန်ကလည်း တရိပ်ရိပ် တိုးနေလေသည်။

အပူချိန်က အလွန် ပူပြင်းသော်လည်း အားလုံး၏ စိတ်သည် ကြွယ်မင်တောင်ကြား၏ ထွက်ပေါက်ကိုသာ အာရုံစိုက်၍ ကြည့်နေကြ၏။

ကြွယ်မင်တောင်ကြားသည် မွန်းတည့်အချိန်တွင် ပွင့်မည်ကို ကျင့်ကြံသူအားလုံး သိကြ၏။

ကြွယ်မင်တောင်ကြားကို အပေါ်မှ ကြည့်လျှင် ဘူးသီးခြောက်ပုံစံ မြင်ရမည်ဖြစ်ပြီး ဘူးသီးခြောက်၏ အဝသည် တစ်ခုတည်းသော အပေါက် ဖြစ်သည်။ အပေါက်၏ ဘေးတစ်စီတွင် အလွန်မြင့်သော တောင်နှစ်လုံးရှိပြီး အပေါက်ဝတွင် အဋ္ဌဂံဝင်္ကပါ တစ်ခုရှိ၏။

ဝင်္ကပါ အစီအရင်သည် ရုတ်တရက် တောက်ပလာသည်။

အပေါက်ဝနှင့် မဝေးသော နေရာတစ်ခုတွင် မိစ္ဆာဂိုဏ်းများမှ စဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ စုနေကြ၏။ သူတို့ထဲရှိ ထန်းဟွယွမ်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုနှင့် သတ်ဖြတ်ချင် စိတ်များ ပြည့်နေပြီး ကြွယ်မင်တောင်ကြား၏ အပေါက်ဝကို ကြည့်နေသည်။

ဝင်္ကပါ အစီအရင်က တောက်ပသည်ထက် တောက်ပလာပြီး လူ ၈ ယောက်က လမ်းလျှောက်ပြီး ထွက်လာသည်။

ညာဘက်လက်တွင် ဝိညာဉ်ချုပ်အလံကို ကိုင်ထားသော ထန်းဟွယွမ်၏ မျက်နှာတွင် စိတ်ပျက်မှုများ ပေါ်လာပြီး အလံကို ဖျစ်ညှစ်လိုက်ရာ အလံပေါ်မှ ဝိညာဉ်တစ်ခု ပျောက်သွား၏။

လူ ၈ ယောက် ထွက်လာသောအခါ တခြားကျင့်ကြံသူများက သူတို့ကို ညွှန်ပြပြီး အချင်းချင်း ပြောလိုက်ကြသည်။

“ဟိုမှာ သူတို့ထွက်လာပြီ… ပုံမှန်ဆိုရင် ပထမဆုံး ထွက်လာတဲ့လူက တိုကင်ပြား ရှုံးနိမ့်သွားတဲ့ ဂိုဏ်းကပဲ… ဘယ်ဂိုဏ်းက ဖြစ်မလဲ…”

“ဘယ်လိုတောင်လား… ဘာလို့ အများကြီး ဖြစ်နေရတာလဲ… ပုံမှန်ဆို ပထမဆုံး ထွက်လာတဲ့ ဂိုဏ်းက ဒီထက်နည်းတယ်…”

“သူတို့ထွက်လာပြီ… အဲဒါကျိုးယိုပဲ… သူတို့က ဖျောင်မြောင်ဂိုဏ်းက တပည့်တွေပဲ…”

“ဖျောင်မြောင်ဂိုဏ်းက အရင်တစ်ခါကလည်း ရှုံးသွားတယ်… အခုလည်း ရှုံးသွားပြန်ပြီ… ကြည့်ရတာ လမ်းမှန်ဂိုဏ်းရဲ့ အကြီးဆုံး ဂိုဏ်းထဲက တစ်ခုဖြစ်တဲ့ ဖျောင်မြောင်ဂိုဏ်းက ထင်သလောက်လည်း မစွမ်းပါလား… ငါ့ရဲ့ ဖုထျန်းဂိုဏ်းသာ ဝင်ပြိုင်ရင် ဒီထက်ပိုပြီး အခြေအနေ ကောင်းမှာပဲ…”

“ညီအစ်ကိုကျန်း… မင်းတို့ဂိုဏ်းရဲ့ အစွမ်းထက်ဆုံး ကျင့်ကြံသူက အမြုတေ ဖွဲ့တည်ခြင်း အဆင့်ပဲ ရှိသေးတာလေ… ဖျောင်မြောင်ဂိုဏ်းကသာ သူတို့ရဲ့ ဘိုးဘေးတစ်ယောက်ကို လွှတ်လိုက်စမ်းပါ… မင်းတို့ တစ်ဂိုဏ်းလုံးတောင် ပျောက်သွားဦးမယ်… ဖျောင်မြောင်ဂိုဏ်း ဘာလို့ ရှုံးရလဲဆိုတော့ မိစ္ဆာဂိုဏ်းက တပည့်တွေက အရမ်း အစွမ်းထက်နေလို့ပဲ…”

ထိပ်ဆုံးဂိုဏ်း ၈ ဂိုဏ်းတွင် စဦးစိတ်ဝိညာဉ်အဆင့် မရှိတော့သော ကျဲမိန်ဂိုဏ်း တစ်ခုတည်းသာ ဝင်ခွင့်ပြိုင်ပွဲတွင် ဝင်ပြိုင်ခွင့် မရခဲ့ခြင်း ဖြစ်သည်။ ကျန်သည့် ဂိုဏ်း ၇ ဂိုဏ်းလုံးတွင် စဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ ရှိနေသဖြင့် ပြိုင်ပွဲတွင် ဝင်ပြိုင်ခွင့် ရကြ၏။

ယခုအချိန်တွင် ဖျောင်မြောင်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ရှင်းဟိုင်၏ မျက်နှာသည် သုန်မှုန်နေပြီး အပေါက်ဆီသို့ စိုက်ကြည့်နေသည်။

ဖျောင်မြောင်ဂိုဏ်းမှ တပည့် ၈ ယောက်သည် ထူးဆန်းသော မျက်နှာအမူအရာဖြင့် အပြင်သို့ ထွက်လာကြ၏။ သူတို့သည် တခြားသူများ၏ စကားကို ကြားပြီး သူတို့၏ မျက်နှာများက နီရဲစွာဖြင့် ရှင်းဟိုင်ဆီသို့ ခေါင်းများကို ငုံ့ကာ လျှောက်သွားကြသည်။

ရှင်းဟိုင်က ဒေါသကို အတတ်နိုင်ဆုံး ထိန်းလိုက်သည်။ ဤဝင်ခွင့် ပြိုင်ပွဲအတွက် သူတို့ဂိုဏ်းက အရင်းအမြစ်များစွာကို အသုံးပြုခဲ့ရသည်။ သူက ပြိုင်ပွဲသို့ တပည့် ၂၅ ယောက် လွှတ်ရာတွင် ၃ ယောက်က ခန္ဓာကိုယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့် ဖြစ်ကာ ၈ ယောက်က ခန္ဓာကိုယ်သန့်စင်ခြင်း အလယ်အဆင့် ဖြစ်၏။ ကျန်သည့် တပည့် ၁၄ ယောက်သည် ခန္ဓာကိုယ်သန့်စင်ခြင်း အစောပိုင်း အဆင့်များ ဖြစ်ကြသည့်အပြင် အားလုံးကို မှော်ရတနာ ပစ္စည်းများလည်း ထည့်ပေးလိုက်သေး၏။ ထို့ကြောင့် သူတို့ဂိုဏ်း အောင်မြင်ရလိမ့်မည်ဟု ကျိန်းသေ တွက်ထားသော်လည်း ယခုမူ ၂၅ ယောက်တွင် ၈ ယောက်သာ အသက်ရှင် ကျန်ရစ်ခဲ့သည်။

ရှင်းဟိုင်က သူ၏ ဂိုဏ်းသားများကို ကြည့်နေစဉ်တွင် သူ့ဘေးနားရှိ ယွမ်ထျန်းဂိုဏ်း၏ ဘိုးဘေး ရှန့်ကွမ်းယွင်သည် သူ့ကို ရယ်မောပြီး ပြောလိုက်သည်…

“ဝင်ခွင့်ပြိုင်ပွဲကို ရှုံးနိမ့်ရတာဟာ ကိစ္စကြီးတစ်ခု မဟုတ်ပါဘူး… ပြင်ပတိုက်ပွဲ မြေပြင်မှာလည်း ပုံမှန်အတိုင်း ဆိုရင် တပည့် ၁၀ ယောက်ဝင်သွားလည်း ၁ ယောက်လောက်ပဲ အသက်ရှင်လျက် ပြန်ပါ လာနိုင်တာ… အခု မင်းရဲ့ တပည့်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေစရာ မလိုတော့ဘူး… နောက်ထပ် နှစ် ၁၀၀ ဆိုရင် နောက်တစ်ကြိမ် ပြန်ကြိုးစားလို့ ရပါသေးတယ်…“

ရှင်းဟိုင်ကလည်း ပြန်ပြောလိုက်သည်…

“အစ်ကိုရှန့်ကွမ်း… ဒီနေရာမှာ လှောင်နေစရာ မလိုပါဘူး… ငါက လောင်းသွားတာ ရှုံးလည်း ငါတို့ရဲ့ သဘောတူညီမှုကို ရုပ်သိမ်းမှာ မဟုတ်ဘူး…”

ထို့နောက် တပည့် ၈ ယောက်ကို ကြည့်ကာ သုန်မှုန်နေသော မျက်နှာထားဖြင့် မေးလိုက်၏…

“မင်းတို့ရဲ့ အကြီးဆုံး အစ်ကိုကြီးရော သေသွားပြီလား…”

ဒူးထောက်နေသော ၈ ယောက်ထဲမှ တစ်ယောက်က ဖြေလိုက်သည်…

“သူတို့အားလုံး သေသွားပြီး… တခြားတပည့်တွေ အားလုံးလည်း သေသွားပြီ…”

ကျန်ရှိနေသော တပည့် ၇ ယောက်၏ မျက်နှာများတွင်လည်း ကြောက်လန့်မှုများဖြင့် ပြည့်နေ၏။

ရှန့်ကွမ်းက သူ့စိတ်ထဲတွင် လှောင်လိုက်သော်လည်း သူ၏ မျက်နှာပေါ်တွင် သနားသည့် အမူအရာဖြင့် ခေါင်းကိုခါလိုက်၏။

ရှင်းဟိုင်၏ မျက်နှာက အံ့ဩသွားဟန်ဖြင့် မေးလိုက်သည်…

“ဒါဆို တပည့်တွေ အများကြီး သေကုန်တာပေါ့… သူတို့ကို ဘယ်ဂိုဏ်းက သတ်လိုက်တာလဲ…”

ရှေ့ဆုံးမှ ဒူးထောက်နေသော တပည့်သည် တုံ့ဆိုင်းဆိုင်း ဖြစ်သွားသည်။ ရှန်းဟိုင်က ချက်ချင်း လက်ကို ၀ှေ့ယမ်းလိုက်ရာ ဖျောင်မြောင်ဂိုဏ်း၏ တပည့်များ၏ ပတ်ဝန်းကျင်တွင် အတားအဆီး တစ်ခု ဖြစ်ပေါ်လာ၏။ ထိုအချင်းအရာကို မြင်တော့ ရှန့်ကွမ်းယွင်က ခေါင်းကို မော့ပြီး စိတ်ထဲတွင် ကျိတ်ပြီး လှောင်ပြောင်လိုက်သည်။

တခြားလူများ၏ နတ်ဘုရားစိတ်အာရုံကို မမြင်ရအောင် တားဆီး ထားလိုက်ပြီးနောက် ထိုတပည့်ကို ပြောရန် အချက်ပြလိုက်သည်။ ထိုတပည့်က အားလုံးကို အလျင်အမြန် ပြောပြလိုက်၏။ ရှင်းဟိုင်သည် အားလုံးကို နားထောင်ပြီးနောက် အလန့်တကြား ဖြစ်သွားပြီး သူ၏ မျက်လုံးက အေးစက်သွားသည်။ ထို့နောက် သူက အေးစက်စွာဖြင့် ပြောလိုက်သည်…

“မင်းတို့ကောင်တွေ ငါ့နောက်မှာပဲနေ… သူက ဘယ်သူလဲ ငါကြည့်ချင်တယ်…“

ပြောပြီးသည်နှင့် လက်ကို ၀ှေ့ယမ်းလိုက်ရာ အတားအဆီးက ပျောက်ကွယ်သွား၏။

ဘေးနားတွင် ရှိသော ရှန့်ကွမ်းက …

“ရောင်းရင်းရွှယ်မိန်က ဘာလို့ ဒီမှာ မရှိတာလဲ…“

***

Comment

Leave a Reply

Options

not work with dark mode
Reset