အပိုင်း(၃၉) တစ်စုံတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာအရ အရိပ်မိုးမှု
ဒုက္ခရောက်နေချိန်တွင် တပါးသူ၏ကယ်တင်မှုကို ခံရသည့် ခံစားချက်က အခက်အခဲကြုံလာသည့်အခါတွင်လည်း ထိုသူနှင့် အတူတကွ ဖြတ်ကျော်လိုသည့် ခံစားချက်ကို ဖြစ်ပေါ်စေနိုင်သည်။
ဤသို့သော နည်းဖြင့် သူက ထိုမိန်းကလေးနှင့် ခိုင်မာတည်တံ့သော ဆက်ဆံရေးကို တည်ဆောက်နိုင်မည်လော။
ခင်ပွန်းနှင့် ဇနီးက အိမ်သို့ အတူတကွ ပြန်လာကြသည်။ သူ မိန်းမရော ပိုက်ဆံရော ရပြီး အောင်မြင်လာသည့်အချိန်မှ ငါ့ကို လာပြီး ဒုက္ခပေးမှာလား။
“စိတ်ကူးကောင်းလေးပဲ၊ ဒါပေမယ့် အခုလောလောဆယ်တော့ မြေအောက်မြစ်ထဲမှာ မင်းလို လူကောင်းလေးအတွက် သောက်စရာအကောင်းစား မြစ်ရေလေး သောက်နေလိုက်ဦး”
ရန်ကျောက်ကဲ လှောင်ရီလိုက်သည်။ ရေခဲနဂါးအရိုးဝိဉာဉ်အား သူ စုပ်ယူနေသည်ကို ရပ်တန့်ပြီး သတ္တုပြားလေးကို ဆွဲထုတ်လိုက်သည်။
သတ္တုပြားငယ်လေး သိမ့်သိမ့်တုန်သွားသည်နှင့်အတူ ရေခဲချီနဂါးအရိုးစုတစ်ခုလုံးကလည်း ပြင်းထန်စွာ တုန်ခါသွားသည်။
ရေခဲနဂါးအရိုးဝိဉာဉ်များက စွဲစွဲငင်ငင် ဟစ်ကြွေးလိုက်သည်။ ထိုအသံမှာ နားစည်များ တုန်ခါလွန်းလှသဖြင့် နားကန်းချင်စိတ်ပေါက်သည်အထိ ကျယ်လောင်လေသည်။
နဂါးအရိုးပေါ်မှ ရန်ကျောက်ကဲ၏လက်ကို ကြွလိုက်သောအခါ ရေခဲနဂါးအရိုးဝိဉာဉ်နှင့် သူ့အကြား ချိတ်ဆက်မှု ပြတ်တောက်သွားသည်။
ရီကျင်းဖြစ်စေ မန်ဝမ်ဖြစ်စေ တစ်ဖက်အဆုံးတွင်ရှိသော ရန်ကျောက်ကဲ၏ တည်နေရာကို သိနိုင်လိမ့်မည် မဟုတ်ပေ။
သူတို့ အံ့အားသင့်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြစဉ် ရေခဲနဂါးအရိုးဝိဉာဉ်တစ်ခုမှ ကြီးမားသော အင်အား ပေါက်ကွဲထွက်လာပြီး ဧရာမ ရေခဲချီနဂါးအရိုးစု၏ ခန္ဓာကိုယ်က သွေးရူးသွေးတန်း တွန့်လိမ်သွားသည်။
လိုဏ်ဂူထဲရှိ ရေခဲရေကန်ထဲတွင် ဝဲကတော့တစ်ခု ထပ်မံ ပေါ်ပေါက်လာသည်။ ပြင်းထန်သော လှိုင်းများ ရိုက်ခတ်မှုကြောင့် ကျောက်တုံး၊ ကျောက်ဆောင်များလည်း လွင့်စင်ပြန့်ကျဲကုန်ကြသည်။
ရေခဲချီနဂါးအရိုးစုက သူ့ခေါင်းကို မလိုက်ရာ မန်ဝမ်၏ခန္ဓာကိုယ်နှင့် တည့်တည့် ဝင်တိုက်မိသွားသည်။
ထိုသို့ ဝင်တိုက်မှုကြောင့် မန်ဝမ်၏တစ်ကိုယ်လုံး တုန်ခါသွားပြီး လက်ထဲမှ အဖြူရောင်ပဝါရှည် လွတ်ထွက်သွားသည်။
မန်ဝမ်ထံမှ အသက်ကယ်ကြိုးကို ဆုံးရှုံးသွားသဖြင့် ရီကျင်း ပလုံးပထွေး ညီးညူလိုက်သည်။ သူ့ခန္ဓာကိုယ်သည် ပြင်းထန်သည့် ရေစီးကြောင်းနှင့်အတူ မျောပါသွားပြီး ရေအောက်မြစ်ထဲသို့ ရောက်သွားလေတော့သည်။ သူ မည်သည့်နေရာကို ရောက်နေမှန်း မသိရတော့။
ရေထဲတွင် နေနှင့်ကောင်းကင်ကို မမြင်နိုင်။ အမှောင်ထုကသာ ကြီးစိုးနေသည်။
ရေစီးကြောင်းနှင့်အတူ ရီကျင်း မျောပါသွားရင်း သူ့ခန္ဓာကိုယ်က ရေအောက်မြစ် ဘေးနံရံများနှင့် မကြာခဏ ဝင်စောင့်မိသည်။ သူ ကြယ်တွေ လတွေ မြင်သွားပြီး သူ့ခန္ဓာကိုယ်က တလိမ့်ခေါက်ကွေး ဆက်လက် မျောပါနေသည်။
“ရန်…… ကျောက်……”
ရီကျင်း ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ချင်သည်။ သို့သော် သူ့ပါးစပ်မှ မည်သည့်အသံမျှ ထွက်မလာနိုင်တော့။ အရိုးကွဲမတတ် အေးစက်သော ရေခဲမြစ်ရေက သူ့ပါးစပ်ထဲသို့ အဆက်မပြတ် ဝင်ရောက်နေလေရာ သူ့လည်ချောင်းပါ ကျင်စိမ့်နေသဖြင့် ထိုစကားနောက်ပိုင်းကို ဆက်မပြောနိုင်တော့ပေ။
သူ့ခန္ဓာကိုယ်က ဒဏ်ရာများဖြင့် ဇကာပေါက် ဖြစ်နေသည်။ သို့သော် သည်တစ်ကြိမ် ပြတ်ထွက်လာသည်က သွေးများ၊ အသားစများ မဟုတ်ပေ။ မီးပွားများဖြစ်သည်။
ဝမ်းနည်းစရာကောင်းသည်ကား ထိုမီးပွားများပေါ်လာစဉ်အခိုက်မှာတင် ရေခဲတမျှ အေးစက် လှိုင်းထန်သော မြစ်ရေထဲ၌ ချက်ချင်း ငြိမ်းသွားသည်။
မန်ဝမ် အသိပြန်ဝင်လာသည်။ သို့သော် သူမ တတ်နိုင်တာ ဘာမှ မရှိတော့။
ဗြောင်းဆန်လန်နေသော ရေကန်ထဲတွင် သူမကိုယ်သူမ ထိန်းသိမ်းဖို့ပင် ခက်ခဲလှသည်။ ထို့ကြောင့် သူမ တတ်နိုင်သလောက် တည်ငြိမ်အောင် ကြိုးစားပြီး ရေစီးငြိမ်သွားမှသာ လှုပ်ရှားရဲသည်။
အခြားတစ်ဖက်ရှိ ရေခဲတောင်ကြားတွင် ရန်ကျောက်ကဲသည် အေးအေးလူလူဖြင့် သူ့လက်ဝါးကို နဂါးအမှီးရိုးပေါ်တွင် နောက်တစ်ကြိမ် တင်လိုက်သည်။ အထဲတွင် ကျန်ရှိနေသော ရေခဲနဂါးအရိုးဝိဉာဉ်များကို ဆက်လက် စုပ်ယူနေသည်။
“သာယာ လှပတဲ့ ပထမဆုံး တွေ့ဆုံမှုလေး ဖြစ်ရမှာ အခုတော့ ဒီလိုသနားစရာပုံစံမျိုးနဲ့ အဆုံးသတ်သွားတယ်၊ လက်ရှိ သူ့အပေါ်မှာ တစ်စုံတစ်ယောက်က စိတ်ပိုင်းဆိုင်ရာအရ ဘယ်လောက် အုပ်မိုးထားလဲ ငါ သိချင်တယ်”
ရန်ကျောက်ကဲ ပြုံးလိုက်သည်။ “ဒါက ပြီးသွားပြီလို့ ထင်လား၊ ကောင်လေး၊ အခုမှ အစပဲ ရှိသေးတယ်”
“ငလျင်လှုပ်တဲ့ လမ်းကြောင်းအတိုင်း လိုက်သွား၊ ဒီနေရာရဲ့ မြောက်ဘက်မှာ မင်းတို့ ဂူတစ်ဂူတွေ့လိမ့်မယ်၊ အဲ့ဂူအဆုံးထိဆက်သွား ရေကန်တစ်ကန် တွေ့လိမ့်မယ်” ရန်ကျောက်ကဲ အမိန့်ပေးလိုက်သည်။
“နေသူတော်စင်ဂိုဏ်းရဲ့ထူးကဲယင်မိန်းမပျိုမန်ဝမ်က အဲ့နေရာပတ်ဝန်းကျင်တစ်ဝိုက်မှာ ရှိလောက်တယ်”
“ရီကျင်းက ရေအောက်မြစ်နဲ့ပါသွားပေမယ့် သူလဲ အဲ့ဒေသမှာလဲ ရှိလောက်ဦးမယ်၊ ရေကန် ဗဟို ပြုပြီး အဲ့ပတ်ပတ်လည်ကို ဖြန့်ရှာသွား”
အားဟူ ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်ကဲ့၊ မင်းသား”
ရန်ကျောက်ကဲက ရေခဲရေကန်တွင် ဆက်နေခဲ့သည်။ ရေခဲနဂါးအရိုးဝိဉာဉ်များ လျော့ပါးလာသည်နှင့်အမျှ ရေခဲချီနဂါးအရိုးစု၏ မငြိမ်မသက် လှုပ်ရှားမှုများက ဖြည်းဖြည်းချင်း လျော့ကျလာသည်။
ရေခဲနဂါးအရိုးဝိဉာဉ်အကုန်လုံးကို စုပ်ယူပြီးသောအခါ ရန်ကျောက်ကဲသည် သူ့လက်ကို နဂါးအမှီးရိုးမှ လွှတ်လိုက်သည်။ အရိုးနှစ်ခုဆက်ကြားတွင် ထည့်သွင်းထားသော သတ္ထုပြားလေးကို သူ ပြန်ထုတ်လိုက်သည်။
“ဟ၊ တွေးကြည့်ရရင် ဒီကစားစရာလေးက ရီကျင်းဆီက ရတာပဲ” ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ “ကောင်းပြီ၊ ဒါကိုလည်း ရီကျင်းဆီက အတိုးယူတယ်လို့ပဲ သဘောထားလိုက်မယ်”
သူ့ကျန်လက်တစ်ဖက်တွင် ကိုင်ထားသော ရေခဲပြာကျောက်စိမ်းက ဖြူစွတ်သွားသည်။ ၎င်းအထဲတွင် နဂါးပုံရိပ်ကို မသဲမကွဲမျှ မြင်နိုင်ကာ ထိုနဂါးပုံရိပ်၏ရင်ဘတ်က နိမ့်တုံ မြင့်တုံ ဖြစ်နေလေသည်။
ရေခဲပြာကျာက်စိမ်းထဲတွင် နဂါးဟိန်းသံ ပဲ့တင်နေသည်။ ရေခဲပြာကျောက်စိမ်းက အသက်ဝင်လာသကဲ့သို့ ခုန်ပေါက်ချင်နေပုံရသည်။
ရန်ကျောက်ကဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော်လည်း လက်ထဲမှ လျောထွက်သွားတော့မလို ခံစားရသည်။
ရေခဲရေကန်မှ တက်လာပြီးနောက် အားဟူက သူ့အမိန့်အတိုင်း လှိုဏ်ဂူထဲရှိ ရေခဲရေကန်ကို သွားရောက် ရှာဖွေသည်။
ရေခဲတောင်ကြား၏ရေခဲရေကန်ဘေးတွင် ရန်ကျောက်ကဲအား စောင့်ဆိုင်းလျက်ရှိသော အနက်ရောင်ဝတ်လူတချို့ ကျန်နေသေးသည်။
“ဒီမှာ လူနှစ်ယောက်နေခဲ့ပြီး ရေခဲတောင်ကြားကို စောင့်ကြပ်နေခဲ့၊ ဒီနေရာအကြောင်းကို ဂိုဏ်းဆီ သတင်းပို့လိုက်၊ ရေခဲချီနဂါးအရိုးစုကို ထုတ်ယူဖို့ ကျွမ်းကျင်သူတချို့ကို သူတို့ စေလွှတ်လိမ့်မယ်”
ရန်ကျောက်ကဲ၏ ညွှန်ကြားချက်များကို ကြားသော် အနက်ရောင်ဝတ် သိုင်းပညာရှင်တစ်ဦးက ပြန်လည်ဖြေကြားလိုက်သည်။ “ဟုတ်ကဲ့၊ မင်းသား”
အဖိုးအတန်ဆုံး ရေခဲနဂါးအရိုးဝိဉာဉ်များ မရှိတော့သည့်တိုင် ရေခဲချီနဂါးအရိုးစုက အလွန် တန်ဖိုးကြီးဆဲ ဖြစ်သည်။
ရန်ကျောက်ကဲက ရေခဲတောင်ကြားမှ ထွက်လာပြီးနောက် ရေခဲရေကန်ကို ရှာဖွေရန် မြောက်အရပ်သို့ ဦးတည်သွားသည်။
ထိုနေရာသို့ သွားရာလမ်းတွင် သူ ကိုင်ထားသော ရေခဲပြာကျောက်စိမ်းတုံးထဲသို့ ကြယ်တာရာချီအချို့ ဖြည့်သွင်းကြည့်ရာ ကျောက်စိမ်းတုံးထဲမှ ရေခဲနဂါးအရိုးဝိဉာဉ်က သိမ့်သိမ့်တုန်သွားလေသည်။
အဖြူရောင်အလင်းတန်းအသွင်ဖြင့် ရေခဲနဂါးအရိုးဝိဉာဉ်က နက်နဲကျောက်စိမ်းတုံးထဲတွင် လှည့်ပတ် ကူးခတ်နေသည်။ သူ့ကြယ်တာရာချီ၏ လှုံ့ဆော်မှုကြောင့် ၎င်းသည် သူ့ဆီသို့လာရန် အားထုတ်နေသည်။
၎င်း၏ခွန်အားကြောင့် သူ့လက်ပင် ထုံကျင်သွားသည်။
သို့သော် ရန်ကျောက်ကဲ အမှုမထားပေ။ စိတ်ထဲတွင် ရွတ်လိုက်သည်နှင့် သူ့ဒန်တျန်ထဲတွင်ရှိသော ချီပင်လယ်မှ ကြည်လင်ချီကို ထုတ်လုပ်ပေးသည်။ ၎င်းသည် ဝါဒတောင်ဂိုဏ်း၏ တိုက်ရိုက်မျိုးဆက် တပည့်များသာ သင်ယူခွင့်ရှိသော ကြည်လင်ချီအဆင့်မြင့်ပညာရပ်ဖြစ်သည်။
သို့သော် အခြားသာမာန်ဝါဒတောင်ဂိုဏ်း ကျင့်ကြံသူများနှင့် မတူဘဲ ရန်ကျောက်ကဲ၏ ဒန်တျန်ထဲရှိ ကြည်လင်ချီထဲတွင် ကစဉ့်ကလျားဖြစ်နေသောအရိပ်အယောင်များကို တွေ့ရသည်။
၎င်းသည် ရန်ကျောက်ကဲ သင်ယူခဲ့သော အထွတ်အထိပ်သိုင်းလက်ရေးမူ၊ အနှိုင်းမဲ့ကောင်းကင်ကျမ်း၏ အခြေခံ သိုင်းတာအို ဖြစ်သည်။ ထိုကျမ်းကို မဟာကပ်ဘေးမတိုင်ခင်က ကောင်းကင်နန်းတော်ထဲတွင် သိမ်းဆည်းထားသည်။
သည်ကမ္ဘာပေါ်ရှိ အရာအားလုံးက အဆုံးအစမဲ့သော အနှိုင်းမဲ့သော ကစဉ့်ကလျားဖြစ်ခြင်းများမှ ဆင်းသက်လာသည်။
ထိုအဆုံးအစမဲ့သော ကစဉ့်ကလျားဖြစ်ခြင်းမှ ကမ္ဘာပေါ်ရှိ သက်ရှိအားလုံး မွေးဖွားလာသည်။
ရေခဲနဂါးအရိုးဝိဉာဉ်မှ ရေခဲချီ၏ လှုံ့ဆော်မှုကြောင့် များပြားသော ကစဉ့်ကလျားခြင်းများက အပူချီအဖြစ် ပြောင်းလဲသွားသည်။ အပူချီက ရေခဲချီနှင့် ပေါင်းစပ်လိုက်သောအခါ မူလအခြေအနေအတိုင်း ပြန်လည် ကစဉ့်ကလျားဖြစ်သွားသည်။
သည်ဖြစ်စဉ်တစ်လျှောက်တွင် ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် လည်ပတ်နေသော ကြယ်တာရာချီက ပိုမို အားပြင်းလာသလို ပိုမို ခမ်းနားထည်ဝါလာသည်။
သူ့ခန္ဓာကိုယ်ထဲမှ အဓိကအကြောများ ဆုံသည့်နေရာများတွင် ရေခဲပြာမြူများနှင့် ဖုံးလွှမ်းနေသောရေခဲနဂါးများ ကိန်းဝပ်လျက်ရှိသည်။
အကြောဆုံသည့် နေရာတစ်ခုစီတိုင်းတွင် ရေခဲနဂါးတစ်ကောင် ခွေနေ၏။
ရေခဲနဂါးများက ခေါင်းမော့၍ တညီတညာထဲ ဟိန်းလိုက်ပြီး သူတို့ခန္ဓာကိုယ်တစ်ခုလုံး၏ ကြေးခွံများက ပွင့်လာကြကာ တကယ့်နဂါး၏ စွမ်းအားကို ပြသနေကြသည်။
သူ့ကြယ်တာရာချီကို အဓိကလည်ပတ်နည်း သုံးဆယ့်ခြောက်မျိုးနှင့် လည်ပတ်ပြီးနောက် ရန်ကျောက်ကဲ ခေတ္တ ရပ်တန့်လိုက်သည်။ ရေခဲပြာကျောက်စိမ်းကို သိမ်းဆည်းလိုက်ပြီး သတ္ထုပြားငယ်လေးကို ထုတ်ယူလိုက်သည်။
ထိုသတ္တုပြား၏မျက်နှာပြင်ပေါ်ရှိ မျဉ်းကြောင်းများမှာ ယခင်ကကဲ့သို့ မပြည့်မစုံဖြစ်မနေတော့ပါ။ ၎င်း၏မျက်နှာပြင်ရှိ ရှေးဟောင်းအက္ခရာများ၏အဓိပ္ပာယ်ကို ခန့်မှန်း၍ ရနိုင်လာသည်။
“ကြယ်တွေ စုံ
ပင်လယ်ထဲ သက်ဆင်းသည့် နဂါးများ
ရှေးဟောင်း၊ အေးစက်ချောက်နက်
ပြောင်းပြန်ကြေးခွံက လကို တုန်ခါ…”
“ဒီနေရာမှာ မြုပ်နှံထားတဲ့ ရေခဲချီနဂါးက ရေခဲနဂါးသိုင်းသူတော်စင်နဲ့ တစ်ခုခု သက်ဆိုင်နေလောက်တယ်၊ အဲ့ရေခဲနဂါးသိုင်းသူတော်စင်က ပင်လယ်ထဲက နဂါးတွေနဲ့ ထူးခြားတဲ့ ဆက်နွယ်မှုရှိတယ်၊ ဒီစကားစုတွေက သဲလွန်စလား၊ သတင်းစကားလား၊ ဒါမှမဟုတ် တစ်ခုခု သတိပေးတာလား”
ရန်ကျောက်ကဲက သူ့ခေါင်းကို ယမ်း၍ ရယ်မောလိုက်သည်။ “စိတ်ဝင်စားစရာပဲ၊ စိတ်ဝင်စားစရာပဲ….”
ရေခဲနဂါးသိုင်းသူတော်စင် ချန်ထားခဲ့နိုင်သည့် သိုင်းပညာအမွေအနှစ်များကို ရန်ကျောက်ကဲ ဂရုမစိုက်ပါ။ သို့ရာတွင် သူ့အထွတ်အမြတ်လက်နက်က သူနှင့်အတူ ပျောက်ဆုံးသွားရာ လက်ရှိ ရန်ကျောက်ကဲအား အလွန် ဆွဲဆောင်နိုင်သော ကိစ္စဖြစ်သည်။
သို့သော် ဤသဲလွန်စအနည်းငယ်မျှဖြင့် ထိုအရာကို ရရန် အဝေးကြီး လိုသေးသည်။
လက်ရှိတွင် ရန်ကျောက်ကဲ စိတ်ဝင်စားဆုံးသည်ကား ရီကျင်းနှင့် ထူးကဲယင်မိန်းမပျို မန်ဝမ်၏ တည်နေရာများဖြစ်သည်။
“ထူးကဲယင် မိန်းမပျို…..” ရန်ကျောက်ကဲ ခါးသက်စွာ ရယ်မောလိုက်သည်။ “အတိုင်းအစမရှိလောက်အောင် ကျယ်ပြောတဲ့ ကောင်းကင်ဒေသမှာတောင် အစွန်းရောက်ယင်မိန်းမပျို တစ်ယောက်ကို မရှာနိုင်ခဲ့ဘူး၊ ဝါဒတောင်ဂိုဏ်းရဲ့ကံက တကယ်ကို ဆိုးလွန်းတာပဲ”
ထူးကဲယင်မိန်းမပျိုများမှာ အလွန်ရှားပါးလှကာ ထိပ်သီးနယ်မြေတိုင်း၌ပင် တစ်ယောက်စီမရှိပေ။
ထို့ကြောင့် ယခင် ထူးကဲယင် ပြိုင်ပွဲနှစ်ခုတွင် ဝါဒတောင်ဂိုဏ်းသည် ဘေးမှ ထိုင်ကြည့်နေရသည်။ အခြားအင်အားစုများ အကြိတ်အနယ် ဆင်နွဲ၍ အနိုင်ရသူက ထူးကဲယင်သရဖူကို ယူဆောင်သွားသည်ကို ဝါဒတောင်ဂိုဏ်း ငေးကြည့်ရုံသာ တတ်နိုင်သည်။
ဤအရာက ပြီးပြည့်စုံသူကြီး ရန်ကျောက်ကဲကို အလွန် မပျော်မရွင် ဖြစ်စေသည်။
မဟာကပ်ဘေးပြီးနောက် ဤကမ္ဘာတွင် ပေါ်လာသော ထူးကဲယင်သရဖူအကြောင်းကို ရန်ကျောက်ကဲ အများကြီး မသိပါ။ မဟာကပ်ဘေးမတိုင်ခင်က ကောင်းကင်နန်းတော်ထဲတွင် ထိန်းသိမ်းထားသော တန်ဖိုးကြီး လျှို့ဝှက်လက်ရေးမူများထဲတွင် ထူးကဲယင်ခန္ဓာကိုယ်ပိုင်ရှင် အမျိုးသမီးကျင့်ကြံသူများအတွက် အထူးသင့်တော်သော အထွတ်အထိပ် သိုင်းကျမ်းတစ်ခု ရှိလေသည်။ ထိုသိုင်းကျမ်းသည် လက်ရှိ အစွန်းရောက်ရှစ်ပါးကမ္ဘာထဲတွင် ရှိသော အခြားပညာရပ်များထက် အပြတ်အသတ် သာလွန်လေသည်။
ဝါဒတောင်ဂိုဏ်းတွင်သာ ဤကဲ့သို့ တပည့်တစ်ယောက်ရှိလျှင် ထူးကဲယင်ခန္ဓာကိုယ်ရှိသည်မှ လွဲ၍ သူမ၏ပါရမီက သာမာန်မျှ ဖြစ်နေလျှင်တောင်မှ ရန်ကျောက်ကဲသည် ထိုတပည့်ကို ထူးကဲယင်သရဖူအား ယှဉ်ပြိုင်နိုင်သည်အထိ ပြုစုပျိုးထောင်ပေးနိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်လေသည်။
သို့ရာတွင် ထင်းမရှိဘဲ အုတ်မလုပ်နိုင်။ သတ်မှတ်ချက်ပြည့်မီသည့် လူတစ်ယောက်ပင် မရှိဘဲ သူ လုပ်နိုင်တာ ဘာမျှ မရှိပေ။ သူ ပြောခဲ့သည်များအားလုံးက အဓိပ္ပာယ်မဲ့လေသည်။
ရန်ကျောက်ကဲ၏နှုတ်ခမ်းများ မဲ့ရွဲ့သွားသည်။ သူ့စိတ်ထဲတွင် မကောင်းတာတစ်ခုခု ဖြစ်လာတော့မလို ခံစားရသည်။