Switch Mode

အခန်း (၃၈)

အနည်းငယ်မျှ အတိုးသပ်ထားခြင်း

အပိုင်း(၃၈) အနည်းငယ်မျှ အတိုးသပ်ထားခြင်း

ရန်ကျောက်ကဲ၏အမြင်အရ ရေကန်ထဲသို့  မန်ဝမ် ဝင်ရောက်လိုက်စဉ်ကတည်းက အခြေအနေက  အနည်းငယ် မှားယွင်းနေလေပြီ။

မကြာမီမှာပင် သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ  ကျင့်ကြံမှု ဖောက်ပြန်ခြင်းနှင့် ကြုံတွေ့ရနိုင်ချေ ရှိသည့် အရိပ်အယောင်များ ပြသလျက် ရှိသည်။

တရားထိုင်သည့် ပုံစံဖြင့် ထိုင်နေသော သူမတစ်ကိုယ်လုံးကို နိမ့်ချည် မြင့်ချည် လှုပ်ရှားနေသော ရေခဲရေကန်ထဲမှ ရေများ ဝန်းရံထားသည်။ သူမ၏လှပ၊ ကြည်လင်သော မျက်နှာ တစ်ခါတစ်ရံ စိမ်းသွားသည်။ တစ်ခါတစ်ရံ အနီ၊ အရောင်နှစ်ခုက တစ်လှည့်စီ အဆက်မပြတ် ပြောင်းလဲနေသည်။
သူမ၏မျက်လုံးများက တင်းတင်း မှိတ်ထားသည်။ မျက်ခုံးနှစ်ခုက တင်းတင်းကြပ်ကြပ် ကြုံ့သွားပြီး နာကျင်နေသည်ကို တောင့်ခံနေရပုံပေါ်သည်။

ရန်ကျောက်ကဲ တွေးလိုက်သည်။ “ငါ ထင်ထားသလိုပဲ၊ ရေကန်ထဲဆင်းပြီး ကျင့်ကြံဖို့ သူမက ဒီကို ရောက်နေတာ မဟုတ်ဘူး၊ သူမ ခန္ဓာကိုယ်မှာ ပြဿနာတစ်ခုခုနှင့် ကြုံတွေ့နေရလို့  ဒီရေခဲရေကန်ကို သုံးပြီး အဲ့တာကို ဖိနှိပ်ချင်နေတာပဲ”

ထိုအချိန်တွင် ရီကျင်းလည်း ရေကန်ထဲသို့ ဆင်းသွားသည်။ သူသည် မန်ဝမ်ကို ကြည့်လိုက်ပြီး အနည်းငယ် စိတ်ဝင်စားနေပုံရသည်။
ရေခဲရေကန်၏ ရေများနှင့် ထိတွေ့မှုကြောင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်နှင့်တူသော အမှတ်အသာများက တောက်ပလာပြီး အလွန်အမင်း မြင့်မားသော အပူချိန်တစ်ခုကို ထုတ်လွတ်နေသည်။

သူမ မျက်လုံးများကို ဖွင့်လိုက်သောအခါ မန်ဝမ်လည်း ရီကျင်းကို မြင်ရသည်။ သူမ အံအားသင့်သွားပြီး သတိထားနေသော အကြည့်က သူမ၏သမင်မျက်လုံးတစ်စုံတွင် ပေါ်လာသည်။
သူမ၏လက်ရှိအခြေအနေအရ သူမလုပ်နိုင်သည်အားလုံးက သူမ၏လက်ရှိပုံစံကို အတင်းအကြပ် ထိန်းသိမ်းကာ အားအနည်းဆုံး မျှခြေသို့ရောက်အောင် လျော့ချနိုင်မှ သူမ  ပြန်လည်လှုပ်ရှားနိုင်ပေမည်။ ထို့ကြောင့် မည်သည့်နည်းနှင့်မျှ သူမက ခုခံနိုင်စွမ်း မရှိပေ။

ရီကျင်း တိုက်ခိုက်စရာပင် မလိုပေ။ အနည်းငယ်မျှ ဝင်ရောက်နှောက်ယှက်လိုက်ရုံဖြင့် သူမ တစ်သက်လုံး ဒုက္ခိတဖြစ်သွားနိုင်သည်။

မန်ဝမ်၏လက်ရှိအခြေအနေကို သတိထားမိသော်လည်း ရီကျင်းက တိုက်ခိုက်လိုသည့် ရည်ရွယ်ချက် မရှိပေ။ တခဏမျှ စဉ်းစားပြီးနောက် သူက သူမအနားသို့ ဖြည်းဖြည်းချင်း ချည်းကပ်သွားသည်။

သူက ဒုက္ခပေးလိုသည့် ရည်ရွယ်ချက်မရှိကြောင်း သူမကို ကူညီချင်ရုံ သက်သက်ဖြစ်ကြောင်း မန်ဝမ်အား လက်ဟန်ခြေဟန် ပြသည်။

မီးကဲ့သို့ ပူပြင်းနေသော ရီကျင်း၏လက်ဝါးနှစ်ဖက်က ဖြည်းဖြည်းချင်း ဆန့်တန်းသွားသည်။ ရေခဲရေကန်၏ နက်ရှိုင်းသောနေရာ၌ပင် ၎င်းမှ ဖြာထွက်နေသော အပူဓာတ်ကို ခံစားရသည်။

မန်ဝမ် မျက်တောင်ခတ်လိုက်သည်။ သူမ၏ နှုတ်ခမ်းများကို ကိုက်လျက် သူမလည်း လက်နှစ်ဖက် ဆန့်ထုတ်လိုက်သည်။ သူမ၏ လက်ဝါးနှစ်ဖက်က ရီကျင်း၏လက်ဝါးနှစ်ဖက်နှင့် ဖြည်းဖြည်းချင်း ပူးကပ်သွားသည်။

သူမသည် ထူးကဲယင်ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်သည်။ ထို့ပြင် ရီကျင်း၏ အသစ်ပြန်လည်တည်ဆောက်ထားသော ခန္ဓာကိုယ်ကလည်း ထူးခြားသော အကြောင်းတရားများကြောင့် မီးကဲ့သို့ ပူပြင်းသော ခန္ဓာကိုယ်ဖြစ်ကြောင်း ထင်ရှားသည်။  နှစ်ယောက်…။ တစ်ယောက်က ယင်၊ တစ်ယောက်က ယန် အကြောင်းဖန်လာ၍ တွေ့ဆုံသွားသလို ဖြစ်ပြီး တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ဖိနှိပ်ပေးသည်။
ရီကျင်း၏လက်ရှိကျင့်ကြံမှုအဆင့်က မန်ဝမ်ထက် အများကြီး နိမ့်ပါးသော်လည်း  သည်ခဏတွင် အချိန်ကိုက် ရွာသော မိုးကဲ့သို့ မန်ဝမ်၏ လက်ရှိ ကြုံတွေ့နေရသော ပြဿနာများကို ဖြေရှင်းနိုင်သွားဖွယ် ရှိသည်။

သူ့အကူအညီဖြင့် ကျင့်ကြံမှု ဖောက်ပြန်နိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မန်ဝမ်၏ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာချီများ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ဤမြင်ကွင်းကြည့်ပြီး ရန်ကျောက်ကဲ၏နှုတ်ခမ်းများ မဲ့ရွဲ့သွားသည်။

“ဒီဇာတ်ကွက်….၊ ရင်းနှီးနေသလားလို့…..”

“လှပတဲ့ ပထမဆုံး တွေ့ဆုံမှုလေးပဲ”

“သူက သူမရဲ့ဒဏ်ရာတွေကို အင်္ကျီချွတ်ပြီး ဆေးလိမ်းမပေးပေမယ့်၊ အနာဂတ်မှာ အကြိမ်အနည်းငယ်လောက် ထပ်မံ တွေ့ဆုံပြီးရင် ‘အဟမ်း၊ အဟမ်း၊ အဟမ်းတွေ ဖြစ်လာတော့မယ်မလား”

“ရီကျင်း….ရီကျင်း…. မင်းရဲ့ မိန်းမတွေနဲ့ ပတ်သတ်တဲ့ကံကတော့၊ ငါ တကယ် လက်ဖျားခါတယ်”

သို့ရာတွင် ကြယ်တာရာချီလှိုင်းများ၏ ရိုက်ခတ်မှုကြောင့် ရေကန်အောက်ခြေရှိ ရေခဲချီနဂါး၏ ဧရာမ ဦးခေါင်းခွံထဲတွင် အဖြူရောင်အလင်းလေးက မှိတ်တုတ် မှိတ်တုတ် လင်းလက်လာသည်။
ရေခဲနဂါးအရိုးဝိဉာဉ်က အိပ်ပျော်နေရာမှ တဖြည်းဖြည်း နိုးလာခဲ့သည်။

ရေကန်က စတင် လှုပ်ခါလာသလို ရေခဲရေများကလည်း အဆက်မပြတ် လည်ပတ်လာသည်။ ရေကန်အောက်ခြေရှိ ဧရာမနဂါးဦးခေါင်းခွံ၏ မည်းနက်နေသော မျက်လုံးပေါက်နေရာတွင် ရေခဲပြာရောင် ရုတ်တရက် တောက်ပလာသည်။

ကြီးကျယ်ခမ်းနားသော နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး ရေခဲချီနဂါး၏ အရိုးစုထဲမှ အဖြူရောင်အလင်းများ ဖြာထွက်လာသည်။

ရေကန်ထဲတွင် ဆူနာမီတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသကဲ့သို့ပင်။

ရေကန်ထဲတွင် ဧရာမ ဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်လာပြီး ထိုအထဲသို့ ကျရောက်လာသမျှ အရာအားလုံးကို တစစီ ဖျက်စီးပစ်ချင်ပုံရသည်။
ရေကန်၏နက်ရှိုင်းသောနေရာတွင် လက်ဖဝါးနှစ်ဖက်ချင်း ထိကပ်ထားသော မန်ဝမ်နှင့် ရီကျင်းတို့သည်  ဝဲဂတော့အတိုင်း ပါသွားပြီး သူတို့အပေါ်ကျရောက်လာသော ဖိအားများကို ခါးသက်စွာ တောင့်ခံနေရသည်။

ဝဲဂတော့၏ အောက်တွင် ရေခဲချီနဂါး၏ ဧရာမဦးခေါင်ခွံက ရေကန်အောက်ခြေမှ တက်လာပြီး သူ့မေးရိုးကို ဟကာ အဆက်မပြတ် ဟိန်းဟောက်နေသည်။

နဂါးအရိုးစု၏ လှုပ်ရှားမှုများကြောင့် ရေကန်တစ်ခုလုံး အကြီးအကျယ် လှုပ်ခါနေပြီး ထိုတုန်ခါမှုက အရပ်မျက်နှာတိုင်းသို့ ပြန့်နှံ့သွားသည်။

နဂါးအမှီးရိုးတည်ရှိသော  ရေခဲတောင်ကြားသည်လည်း ဤသက်ရောက်မှုကို ခံရသည်။

အချိန် ကုန်လွန်လာသည်နှင့်အမျှ မန်ဝမ်နှင့် ရီကျင်းတို့လည်း ဝဲကတော့၏ ဗဟိုခွာအားနှင့် အသားကျလာကြပြီး ဤအခြေအနေမှ လွတ်မြောက်နိုင်မည့် နည်းလမ်းကို စတင် ကြံဆလာကြသည်။

တဖြည်းဖြည်းနှင့် မန်ဝမ်၏ ခန္ဓာကိုယ်သည် ရေခဲချီနဂါးအရိုးစုထဲသို့ ဆွဲခေါ်ခြင်း ခံရသည်။ သူမသည် နဂါးဦးခေါင်ခွံထဲသို့  တရွတ်တိုက်ပါသွားပြီး ထိုနေရာမှ စုပ်အားကြောင့်အပြင်သို့ သူမ ပြန်မထွက်နိုင်ဘဲ ဖြစ်နေသည်။
ထိုဦးခေါင်းခွံထဲမှ  လွတ်မြောက်ရန် သူမ၏အဆင့်မြင့်သိုင်းပညာများကို အဆုံးစွန်ဆုံးအထိ ထုတ်ဖော်အသုံးပြုစဉ် အဖြုရောင်အလင်းက နဂါးဦးခေါင်းခွံထဲမှ ထွက်လာပြီး သူမခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။

ဖြစ်ခဲ့ပြီးသော ထိုမြင်ကွင်းကို ကြည့်ရှု့ရင်း ရန်ကျောက်ကဲ ရုတ်တရက် သဘောပေါက်သွားသည်။

“ထူးကဲ ယင် ခန္ဓာကိုယ်က တကယ်ကို ကောင်းကင်က လက်ဆောင်ပဲ၊ ငါ ထင်တဲ့အတိုင်းပဲ သူမက ဟိုဘက်အဆုံးက ရေခဲနဂါးအရိုးဝိဉာဉ်ကို ရသွားတာပဲ”

ရေခဲနဂါးအရိုးဝိဉာဉ်က သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသောအခါ မန်ဝမ်၏ မျက်နှာ ဖြူဖျော့သွားသည်။ ထို့နောက် မူလအတိုင်း နှင်းဆီရောင် ပြန်သန်းသွားသည်။

နဂါးဦးခေါင်းခွံထဲမှ မန်ဝမ် ပြန်ထွက်လာပြီး ရီကျင်းရှိရာသို့ ကူးခတ်သွားသည်။

ဝဲကတော့ထဲရှိ ရေများက ရီကျင်းကို ဆက်လက် ဖိအားပေးနေသော်လည်း ရီကျင်းက သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းသိမ်းလျက်ရှိသည်။

မီးတောက်ကဲ့သို့ အမှတ်အသားများက သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် လည်ပတ်နေပြီး သူ့လျို့ဝှက်သိုင်းပညာကို အဆုံးစွန်ဆုံးအထိ အသုံးပြုထားသည်။

မန်ဝမ်၏လက်များမှ တဆင့် အဖြူရောင်အလင်းများက သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။

မန်ဝမ် မနှမြောပေ။ ရေခဲနဂါးအရိုးဝိဉာဉ်က သူမ၏ ထူးကဲယင်ခန္ဓာကိုယ်အတွက် အလွန် အကျိုးရှိသော်လည်း သူမအဖို့ ထိုရေခဲနဂါးအရိုးဝိဉာဉ်တစ်ခုလုံးကို  စုပ်ယူရန် အလွန်ခက်ခဲသည်။

သို့သော် ထိုအချိန်တွင် ရေခဲချီနဂါး၏ ဧရာမ ခန္ဓာကိုယ်က ရုတ်ချည်း ငြိမ်သက်သွားသည်။

အဖြူရောင် အလင်းတန်းတစ်ခုက နဂါးအရိုးများထဲမှ ပေါ်လာပြီး ကျောရိုးတစ်ခုလုံးမှတဆင့် ဦးခေါင်းခွံတို့ပါ ပြန့်နှံ့သွားသည်။

ထိုသို့ အဖြူရောင်အလင်းတန်း ပေါ်လာရသည့် အကြောင်းမှာ သူနှင့် အားဟူတို့ ရောက်လာပြီး နဂါးအမှီးရိုးမှ ရေခဲနဂါးအရိုးဝိဉာဉ်ကို စတင် ထုတ်ယူနေခြင်းကြောင့်ဟု ရန်ကျောက်ကဲ သဘောပေါက်သည်။ ထိုသက်ရောက်မှုက နဂါးဦးခေါင်းခွံအထိပင် ရောက်ရှိလေသည်။

ခဏတာမျှ ရပ်တန့်ပြီးနောက် ရေခဲရေကန်အတွင်းရှိ ဝဲကတော့က ဘန်းကနဲ  မြည်သံဖြင့် ပေါက်ကွဲသွားသည်။

လက်ဝါးနှစ်ဖက်ချင်း ပူးကပ်ထားသော မန်ဝမ်နှင့် ရီကျင်းတို့လည်း ကွဲကွာသွားကြပြီး မတူညီသော အရပ်မျက်နှာ တစ်ခုဆီသို့ ကသောင်းကနင်းနိုင်သော ရေစီးကြောင်းများအတိုင်း လွင့်စင်သွားကြသည်။

ရေခဲနဂါးအရိုးဝိဉာဉ်၏ မှတ်ဉာဏ်အပိုင်းအစထဲတွင် အစောပိုင်းက ဖြစ်ပျက်ခဲ့သည်များ အားလုံးကို ပြန်လည် ပြသနေသည်။

ပုံရိပ်တစ်ခုပြီးတစ်ခု ပြောင်းလဲသွားပြီး နောက်ဆုံးတွင် မှတ်ဉာဏ်အပိုင်းအစ၏ ပြသမှု ပြီးဆုံးသွားသည်။ ထိုအခိုက်၌ ရန်ကျောက်ကဲ မြင်ခဲ့ရသည့် အရာ အားလုံးက လက်ရှိအချိန်နှင့် ကိုက်ညီနေပေသည်။

သူ့စိတ်နှင့် ရေခဲနဂါးဝိဉာဉ် ချိတ်ဆက်မှုမှ တဆင့် အခြားတစ်ဖက်မှ အခြေအနေများကို ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။

တစ်ခုတည်းသော ကွာခြားလာမှုမှာ ရေကန်၏ရေများကဲ့သို့ ကြည်လင်သော မျက်လုံးတစ်စုံက သူ့ရှေ့၌ ပေါ်လာပြီး သူတို့ကို ငေးကြည့်နေလေသည်။
ထို မျက်လုံးတစ်စုံ၏ပိုင်ရှင်မှာ အလားတူပင် ရေခဲနဂါးအရိုးဝိဉာဉ်နှင့် ချိတ်ဆက်ထားသူ မန်ဝမ်ဖြစ်သည်။

ရန်ကျောက်ကဲက မန်ဝမ်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

ဤကမ္ဘာသို့ ရောက်လာပြီးနောက် ထူးကဲယင်သရဖူအကြောင်း ကြားရသောအခါ ရန်ကျောက်ကဲသည် အလွန်ရှက်စရာကောင်းသော ကိစ္စတစ်ခုကိုလည်း သိလာရသည်။

ထိုကိစ္စမှာ သူ့ဝါဒတောင်ဂိုဏ်းတွင် ထူးကဲယင်မိန်းမပျို မရှိခြင်း ဖြစ်သည်။

သူတို့၏လက်အောက်တွင် ထူးကဲယင်ခန္ဓာကိုယ်ပိုင်ရှင် တပည့်တစ်ယောက်မျှ မရှိသောကြောင့် ဝါဒတောင်ဂိုဏ်းသည် ထူးကဲယင် ပြိုင်ပွဲတွင် ဝင်ရောက်မယှဉ်ပြိုင်နိုင်ပေ။

သို့ရာတွင် မည်သည့်အင်အားစုက ထူးကဲယင်သရဖူကို ရသည် ဖြစ်စေ ဝါဒတောင်ဂိုဏ်းနှင့် မသက်ဆိုင်နိုင်ဟု မဆိုလိုပေ။

ထိပ်သီးနယ်မြေအနည်းစုတွင် အချို့နှင့် ဆက်ဆံရေးကောင်းသလို အချို့နှင့်လည်း ဆိုးဝါးသော ဆက်ဆံရေးရှိသည်။

ထိုသို့ ထိပ်သီးနယ်မြေများတွင် ဝါဒတောင်ဂိုဏ်းနှင့် နေသူတော်စင်ဂိုဏ်း၏ ဆက်ဆံရေးမှာ သဟာဇာတမဖြစ်လှပေ။

သူတို့ ထူးကဲယင်သရဖူကို မရနိုင်လျှင် မလိုလားအပ်သော အန္တရာယ်များ မပေါ်ပေါက်လာစေရန် အခြားသူများလည်း မရတာ အကောင်းဆုံးဖြစ်သည်။

ထို့ကြောင့် သူကိုယ်တိုင်က မန်ဝမ်နှင့် ရန်ငြိုး မရှိသော်လည်း ဤကိစ္စက ပိုမိုမြင့်မားသော ပြိုင်ဆိုင်မှုနှင့် သက်ဆိုင်နေပေသည်။ ရန်ကျောက်ကဲက ၎င်းကို ပေါ့ပေါ့တန်တန် သဘောထားလိမ့်မည် မဟုတ်ပါ။

ရန်ကျောက်ကဲ ရေကန်၏ပတ်ဝန်းကျင်သို့ ကြည့်လိုက်ရင်း အစောပိုင်းက သက်ရောက်မှုကြောင့် ရေကန်သည် အချိန်မရွေး ပြိုကျတော့မည်ဟု ထင်ရသည်။

ရေကန် ပတ်လည်ရှိ ကျောက်တုံး၊ကျောက်ဆောင်များ တစ်ခုပြီး တစ်ခု ပြိုကျနေကာ ရေကန်ထဲမှ ရေများက ရေအောက်မြစ်များထဲသို့ အရှိန်အဟုန်ဖြင့် စီးဆင်းသွားကြသည်။

ရီကျင်းက ပြင်းထန်သော ရေစီးကြောင်းထဲ၌ ရောက်နေပြီး ရေအောက်မြစ်ရှိရာသို့ ဆက်လက် မျောပါနေသည်။

သူ ဒုက္ခရောက်တော့မည်ကို မြင်သောအခါ မန်ဝမ်၏လှပသော မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားသည်။ သို့သော် သူမ ကယ်တင်ချင်သော်လည်း ရေခဲနဂါးအရိုးဝိဉာဉ်ကို စုပ်ယူနေဆဲဖြစ်သဖြင့် သူမ နေရာမှ မလှုပ်ရှားနိုင်ပေ။

သူမ၏ လက်ကောက်ဝတ်ကို ဆတ်ခနဲ လှုပ်လိုက်ပြီး အဖြူရောင်ပဝါရှည်ထဲသို့ ကြယ်တာရာချီ ထည့်သွင်းကာ ထိုပဝါရှည်ကို ရီကျင်းထံသို့ ပစ်လွှတ်လိုက်သည်။ အဖြူရောင်ပဝါရှည်က သံမဏိလှံရှည်တစ်ချောင်းကဲ့သို့ အရှိန်အဟုန်ပြင်းသော ရေစီးကြောင်းများကို ထိုးဖောက်ကာ ရီကျင်း ရှေ့သို့ ရောက်သွားသည်။

ရီကျင်းက ပဝါရှည်ကို အလျင်အမြန် ဖမ်းဆုတ်လိုက်သည်။ မန်ဝမ်၏ကြယ်တာရာချီနှင့် ထိတွေ့သောအခါ သူ့စိတ်ထဲတွင် တုန်ခါသွားပြီး တစ်စက္ကန့်မျှ အမှောင်ကျသွားသည်။

သူ့စိတ်သည်လည်း ရေခဲနဂါးအရိုးဝိဉာဉ်နှင့် အနည်းငယ်မျှ ချိတ်ဆက်မိသွားသည်။

ထို့နောက် ရန်ကျောက်ကဲ၏မျက်နှာက သူ့မျက်လုံးများ တည့်တည့်၌ ပေါ်လာသည်။

ရီကျင်း၏မျက်လုံးများက ချက်ချင်း သွေးနီရောင် ပြောင်းသွားသည်။

“ရန်ကျောက်ကဲ!!!!!”

သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်ကဲ့သို့ အမှတ်အသားများက သွေးရူးသွေးတန်း လည်ပတ်နေပြီး တစ်ကိုယ်လုံးကို ဖုံးအုပ်သွားသည်။

ရေကန် လုံးဝ ပြိုကျတော့မည့်အချိန်တွင် ရန်ကျောက်ကဲ၏ ဘေးမှ နှောက်ယှက်မှုကြောင့် သူမ ကူညီနေသော ရီကျင်း စိတ်ကယောက်ကယက်ဖြစ်နေသည်ကို ကြည့်ပြီး မန်ဝမ် သက်ပြင်းချမိသည်။
သူမ အလျင်အမြန် ဆုံးဖြတ်ချက်ချလိုက်သည်။

သူမ၏အဆင့်မြင့်ပညာရပ်ကို ပြောင်းပြန်လည်ပတ်၍ သွေးတစ်လုပ် အန်ထုတ်ချင်စိတ်ကို မျိုသိပ်ကာ ရေခဲနဂါးအရိုးဝိဉာဉ်နှင့် ချိတ်ဆက်မှုကို အတင်းအကြပ် ဖြတ်တောက်လိုက်သည်။ အရင် လွတ်မြောက်အောင် ကြိုးစားပြီးမှ မည်သို့ဆက်လုပ်ရမည်ကို စဉ်းစားတော့မည်။

ရီကျင်း၏မျက်လုံးများမှာ မျက်လုံးအိမ်များထဲမှ ပေါက်ထွက်တော့မတတ် ပြူးကျယ်နေပြီး သူ၏ဒေါသနှင့် စိတ်ရှုပ်ထွေးမှုများ အားလုံးက မိုးကောင်းကင်ကိုပင် လွှမ်းခြုံနိုင်သော မုန်းတီးမှုအဖြစ် ပြောင်းလဲသွားသည်။ “ငါ ဘယ်သွားသွား မင်း လိုက်နေတာပဲ၊ ငါ သေတာမြင်ရမှ မင်း ကျေနပ်မှာလား”

“ငါ ပြောလိုက်မယ်၊ အဲ့လောက် မလွယ်ဘူး ဟေ့ကောင်”

“ခွေးမသား…၊ ငါ့နောက်ကို တစ်ကြိမ်ပြီး တစ်ကြိမ်လိုက်နေတယ်၊ ဒီရန်ငြိုး၊ ဒီအမုန်းတရားနဲ့၊ ကောင်းကင်အောက်မှာ ငါတို့နှစ်ယောက်က အတူ မတည်ရှိနိုင်ဘူး”

ရန်ကျောက်ကဲက အေးစက်စွာ ပြုံးရင်း ရီကျင်းအား ကြည့်လိုက်သည်။ “သောက်ရူးကောင်၊ ငါ အဲ့ရေကန်မှာ ရှိမနေတာ မင်း ဝမ်းသာသင့်တယ်၊ နို့မို့ အဲ့နေရာက မင်းရဲ့ သင်္ချိုင်းဖြစ်နေလောက်ပြီ”

“မန်ဝမ် တကယ်ပဲ တုံ့ပြန်တာ မြန်သွားတယ်၊ ချိတ်ဆက်ထားတာကို အလျင်အမြန် ဖြုတ်ချပြီး ပြေးဖို့တွေးလို့၊  မဟုတ်ရင် ငါ့လူတွေ စေလွှတ်ပြီး မင်းတို့ရဲ့ ထွက်လမ်းကို ပိတ်ဆို့ခိုင်းနေလောက်ပြီ”

“မင်းရောက်နေတဲ့ နေရာကနေဆို ငါ မင်းကိုဘာမှ မလုပ်နိုင်ဘူးများ ထင်နေလား”

“အတိုးနည်းနည်းလောက် ပြန်ဆပ်ထားရင် မကောင်းဘူးလား”

ရန်ကျောက်ကဲက နဂါးအမှီးရိုးပေါ်တွင် ဖိထားသော သူ့လက်ကို ရုတ်တရက် ရုတ်လိုက်သည်။ ၎င်းကို ခပ်ဆတ်ဆတ် ရိုက်လိုက်ပြီး အရိုးနှစ်ခုဆက်ကြားတွင် ထည့်သွင်းထားသော သတ္ထုပြားငယ်ကို ဆွဲထုတ်လိုက်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset