Switch Mode

အပိုင်း (၁၁၂)

သူသာ ခန္ဓာကိုယ်သန့်စင်ခြင်း အလယ်အဆင့်သို့ ရောက်လျှင် စွမ်းအားကောင်းသည့် နည်းစနစ်များစွာကို အသုံးပြုနိုင်မည် ဖြစ်သည်။

တိုက်ခိုက်နေရင်း ထန်းဟွယွမ်ဆီမှ ဝိညာဉ်ချုပ် အလံကို ရယူရန် အကြံအစည်ကို စဉ်းစားရသည်မှာ သူ့အတွက် အလွန် ခေါင်းခြောက်လှသည်။

ဝမ်လင်းက ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ပြီးနောက် ဘူးသီးခြောက် တစ်ခုကို ထုတ်ယူကာ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ကို ထိ၍ အိမ်မက်နယ်မြေထဲသို့ ဝင်ရောက်သွား၏။

ဝမ်လင်းက အိပ်မက်နယ်ထဲတွင် မလေ့ကျင့်ဘဲ လျှောက်သွား ကြည့်နေသည်။ သူ၏ အပေါ်တွင် မီးခိုးရောင် အငွေ့များ ရှိနေပြီး ထိုမီးခိုးရောင် အငွေ့များမှ အားကောင်းသော ဖိအားတစ်ခုကို ခံစားရ၏။

နေရာတစ်ခုလုံး မှိန်ဖျော့ဖျော့ အလင်း လုံးလေးများဖြင့် ဝန်းရံနေပြီး ပထမဆုံးအကြိမ် အိပ်မက် နယ်မြေထဲသို့ ဝင်ရောက်စဉ်က အလင်းလုံးလေးများသည် လှုပ်ရှားမှု မရှိပါချေ။ ယခုမူ အလင်းလုံးလေး များက ရွေ့လျားနေကြသည်။

ဝမ်လင်းက အိပ်မက်နယ်မြေထဲတွင် မတ်တတ်ရပ်ပြီး အလင်းလုံးများကို ထိတွေ့ရန် ကြိုးစား လိုက်သည်။ သို့သော်လည်း သူ့လက်က အလင်းလုံးကို တိုက်ရိုက် ဖြတ်သွား၏။ ဝမ်လင်းက မည်မျှပင် ကြိုးစားစေကာ အလင်းလုံးများကို မထိတွေ့နိုင်ပေ။

အလင်းလုံးများကို မထိတွေ့နိုင်သော်လည်း သူတို့ကို စိတ်ထဲမှ ထိန်းချုပ်၍ ရ၏။ စိတ်ထဲမှ တွေးလိုက်ရုံဖြင့် အလင်းလုံးများက စတင် ရွေ့လျားလာပြီး စိတ်ထဲကအတိုင်း လိုက်လုပ်ကြသည်။

အလင်းလုံးများ အကြောင်းကို စစ်ထူနန်အား မေးကြည့်သော်လည်း စစ်ထူနန် ကိုယ်တိုင်ပင် သေချာမသိချေ။ စစ်ထူနန်၏ ပြောပြချက်အရ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့သည် အလွန် ထူးဆန်းပြီး အိပ်မက်နယ်မြေသည် ပုတီးစေ့၏ စွမ်းရည်များထဲမှ တစ်ခုဖြစ်သည်။

စစ်ထူနန်သည် အဆင့် ၆ နိုင်ငံမှ အသန်မာဆုံး ကျင့်ကြံသူ ဖြစ်ပြီး ပုတီးစေ့ကို မရခင်အချိန်အထိ မည်သူကမှ သူ့ကို ပြဿနာ မရှာရဲကြချေ။

ပုတီးစေ့ကို ပိုင်ဆိုင်ပြီးနောက်တွင် အစွမ်းထက်သော ကျင့်ကြံသူများစွာ ရောက်ရှိလာပြီး သူ့ကို သတ်ရန် ကြိုးစားလာကြသည်။ နောက်ဆုံးတွင် သူလည်း တောင့်မခံ နိုင်တော့သဖြင့် ခန္ဓာကိုယ်ကို အဆုံးရှုံးခံပြီး ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့အတွင်းသို့ ဝင်ပုန်း နေလိုက်၏။ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ကြောင့်သာ ထိုလူများ၏ လက်မှ လက်မတင်လေး လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

စစ်ထူနန်ကို လိုက်သတ်ကြသည့် ကျင့်ကြံသူများသည် သူ၏ ဂြိုလ်ပေါ်မှ မဟုတ်ကြချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဂြိုလ်ပေါ်မှ အစွမ်းထက်သော ကျင့်ကြံသူ အားလုံးကို သူက သိထားပြီး သူ ကိုယ်တိုင်သည်လည်း သူ၏ ဂြိုလ်ပေါ်တွင် အစွမ်းထက်ဆုံး ကျင့်ကြံသူ တစ်ယောက် ဖြစ်၏။

သူ့ကို တိုက်ခိုက်ခဲ့ကြသော ကျင့်ကြံသူ အများစုသည် သူနှင့် အဆင့်တူများသာ ဖြစ်ကြပြီး သူတို့ထဲမှ တစ်ယောက်ကသာ သူ့ထက် သာလွန်နေသည်။ ထိုလူကြောင့်သာ မဟုတ်လျှင် စစ်ထူနန်သည် သူ၏ ခန္ဓာကိုယ်ကို ဆုံးရှုံးရလိမ့်မည်မဟုတ်ချေ။ စစ်ထူနန်တွင် မိတ်ဆွေ အများအပြား ရှိပြီး တချို့သည် သူနှင့် အဆင့်တူများ ဖြစ်၏။ သူတို့သာ ကူညီခဲ့လျင် သူသည် မရှုံးနိုင်ဟု ထင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ ဂြိုလ်ပေါ်တွင် အစွမ်းထက်ဆုံး ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး အိမ်ကွင်း အားသာချက်လည်း ရှိသောကြောင့် ဖြစ်၏။

သို့သော်လည်း ထိုလူ၏ အစွမ်းကို မြင်တွေ့လိုက်ချိန်တွင် သူ၏ မိတ်ဆွေများ လာကူညီလျှင် တောင်မှ သူတို့အားလုံးသည် ထိုလူ၏ လက်ချက်ဖြင့် သေဆုံးသွားနိုင်သည်။ ထိုလူ၏ ကျင့်ကြံခြင်း အဆင့်သည် သူ့ထက် သာလွန်နေသည်။

ထိုအချိန်တွင် စစ်ထူနန်၏ နှလုံးသားထဲတွင် အဖြေတစ်ခု ထွက်လာ၏။ ထိုလူသည် အဆင့် ၇ နိုင်ငံမှ ကျင့်ကြံသူ တစ်ယောက် ဖြစ်ရပေမည်။

ထိုအဖြေကို စဉ်းစားမိပြီး ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့သည် အလွန်ဆန်းကြယ်သော ရတနာတစ်ခု ဖြစ်ရမည်ဟု သိလိုက်၏။ ပုတီးစေ့ကို အဆင့် ၇ နိုင်ငံမှ ကျင့်ကြံ သူကိုတောင်မှ ဆွဲဆောင် နိုင်စွမ်းရှိလျှင် ပုတီးစေ့သည် အလွန် တန်ဖိုးရှိသာ ရတနာတစ်ခု ဖြစ်ရပေမည်။

စစ်ထူနန်က ထိုအကြောင်းများကို ဝမ်လင်းအား ပြောပြပြီး အထပ်ထပ်အခါခါ သတိပေး၏။ တစ်ယောက်ယောက်ကသာ ပုတီးစေ့ အကြောင်းကို သိသွားလျှင် သူတို့ နှစ်ယောက်လုံး ကျိန်းသေ သေဆုံး သွားပေလိမ့်မည်။

ဝမ်လင်းက ထိုအကြောင်းများကို စိတ်ထဲတွင် လေးလေးနက်နက် တွေးကြည့်လိုက်သည်။ ပုတီးစေ့၏ တခြား လုပ်ဆောင်နိုင်စွမ်းများကို ဖယ်ထားရင်တောင်မှ အချိန်ကို လျော့ချပေးနိုင်သည့် စွမ်းဆောင်ရည် တစ်ခုတည်းနှင့်တင် အလွန် တန်ဖိုးရှိနေပြီ ဖြစ်သည်။ ကျင့်ကြံသူများ အတွက် ကျင့်ကြံခြင်းသည် အရေးကြီးဆုံး ဖြစ်သည်။ အဆင့်တစ်ဆင့် တက်သွားတိုင်း ကျင့်ကြံသူ၏ ဘဝသက်တမ်း ကလည်း တိုးမြှင့်သွား၏။

သာမန်သေမျိုးများ၊ ချီစုစည်းခြင်း အဆင့် ကျင့်ကြံသူများနှင့် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ကျင့်ကြံ သူများသည် အဆင့်တူ မဟုတ်လျှင် အထင်သေး အမြင်သေးဖြင့် ခွေးလို၊ ဝက်လို ဆက်ဆံ ခံရသည်။ ဤသို့ ဖြစ်ပျက်နေသော လောကကြီးသည် ကျင့်ကြံခြင်း လောကကြီးပင် ဖြစ်သည်။

အလားတူစွာ စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် အမြုတေ ဖွဲ့တည်ခြင်း အဆင့်နှင့် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ကျင့်ကြံသူများသည် သာမန် သေမျိုးများနှင့် မခြားနားပေ။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူများသည်လည်း စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်နှင့် အောက်အဆင့်များကို သူတို့ စိတ်တိုင်းကျ သတ်ဖြတ်နိုင်၏။

ဝမ်လင်းသည်လည်း ကျင့်ကြံခြင်း လောက၏ ကြမ်းတမ်း ရက်စက်မှုများကို ကိုယ်တွေ့ ကြုံဖူးပြီးသား ဖြစ်သည်။ ကျင့်ကြံခြင်း လောကသည် သေမျိုးလောကထက် ပိုမို ရက်စက်၏။ ထို့ကြောင့် အသက်ရှင်ချင်လျှင် ယခုထက်ပိုပြီး သန်မာလာရပေမည်။

လူတိုင်းက သူ့ကို ကြောက်လန့် နေသည်အထိ သန်မာလာရမည်။

“ငါ့ရဲ့ ကျင့်စဉ်အဆင့်ကသာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း ဒါမှမဟုတ် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်နေရင် ထန်းလီ မပြောနဲ့ ထန်းမိသားစု တစ်ခုလုံးကို သတ်ပစ် လိုက်ရင်တောင် ထန်းဟွယွမ်က စကားတစ်ခွန်းမှ ဟရဲမှာ မဟုတ်ဘူး… စွမ်းအား… အားလုံးက စွမ်းအားပေါ်မှာပဲ မူတည်တယ်… စွမ်းအားကြီးတဲ့ ကျင့်ကြံသူကသာ လူတစ်ယောက်၏ သေခြင်း၊ ရှင်ခြင်းကို ဆုံးဖြတ် ပေးနိုင်တယ်… “

ဝမ်လင်း၏ စိတ်ထဲတွင် နာကျင်မှုများဖြင့် ရေရွတ်လိုက်၏။ သူ၏မျက်လုံး များသည်လည်း အလွန် အေးစက်နေသည်။

ထို့နောက် ဝမ်လင်းက အသက်ကို ဝအောင် ရှူလိုက်ပြီး မျက်လုံးကို ပိတ်ကာ နတ်ဘုရား စိတ်အာရုံကို အိပ်မက် နယ်မြေထဲတွင် ဖြန့်ကြက်လိုက်၏။ မကြာမီ သူ၏ လက်နှစ်ဖက်စလုံးက အစီအရင် တစ်ခုကို ပြုလုပ်ပြီး ညာလက်ဖြင့် အရှေ့ကို လှမ်းဆွဲလိုက်သည်။ ထိုအခါ အလင်းရောင် များလုံး စုစည်းလာပြီး တံခါးတစ်ချပ် ဖြစ်သွား၏။

ဤအရာသည် ရေဒြပ်စင်ကို ဖြည့်ပေးပြီးနောက်တွင် စစ်ထူနန် သိလာရသည့် လုပ်ဆောင်ချက် တစ်ခု ဖြစ်သည်။ အလင်းလုံးများကို စုစည်းပြီး အစီအရင်တစ်ခု ပြုလုပ်လိုက်လျှင် ဝမ်လင်းသည် အိပ်မက်နယ်မြေ အတွင်းသို့ လွတ်လပ်စွာ ဝင်ထွက် သွားလာနိုင်ပြီ ဖြစ်သည်။

ဝမ်လင်းက တံခါးအတွင်းသို့ ခြေလှမ်းလှမ်းပြီး ဝင်သွားလိုက်၏။ တံခါး၏ တစ်ဖက်သည် အိပ်မက် နယ်မြေနှင့် မတူသော ပုတီးစေ့အတွင်းမှ နေရာတစ်ခု ဖြစ်သည်။ ဝမ်လင်း၏ ရှေ့တွင် ပေ ၃၀ ခန့်ရှည်သော ဧရာမ လူကြီးတစ်ဦးက လေထဲ၌ ထိုင်လျက် မျောနေ၏။ များစွာသော အလင်းလုံးများက ဧရာမ ခန္ဓာကိုယ်ကြီးမှ ထွက်နေ၏။

အနီးကပ် သေချာကြည့်လိုက်လျှင် ယင်စွမ်းအင်များက ဧရာမ ခန္ဓာကိုယ်ကြီး၏ ပတ်လည်တွင် စုစည်းနေ၏။ ခန္ဓာကိုယ်ကြီးသည် ထုထည် မရှိသော်လည်း ရင်ဘတ်တွင် အပေါက်ကြီး တစ်ခု ရှိနေပြီး မည်သည့် အချိန်တွင်မဆို ပျောက်ကွယ် သွားနိုင်သကဲ့သို့ ဖြစ်နေသည်။ စိတ်စွမ်းအင် လှိုင်းများကလည်း ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လှုပ်ရှားနေ၏။

ဧရာမ ခန္ဓာကိုယ်ကြီး၏ မျက်လုံးသည် ပိတ်လျက် ရှိနေပြီး ခန္ဓာကိုယ်က တောက်ပနေသည်။

ဝမ်လင်းက ဧရာမ ခန္ဓာကိုယ်ကြီးကို စိုက်ကြည့်လိုက်သည်။ စစ်ထူနန်၏ စဦး စိတ်ဝိညာဉ်ကို မြင်တွေ့ ဖူးသည်မှာ ဤအကြိမ်က ပထမဆုံးအကြိမ် မဟုတ်ပေ။ သို့သော်လည်း စစ်ထူနန်၏ ဝိညာဉ်ကို ကြည့်သည့် အချိန်တိုင်း သူအမြဲ အံ့အားသင့်ရသည်။ စစ်ထူနန်၏ စဦး စိတ်ဝိညာဉ်ပင်လျှင် ဤမျှ ကြီးမားနေလျှင် စစ်ထူနန်၏ ခန္ဓာကိုယ်သည် မည်မျှ ကြီးမားလိုက်မလဲဟု ဝမ်လင်း၏ စိတ်ထဲတွင် တွေးနေလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset