တိုကင်ပြားသည် ၇ ခုရှိပြီး ဝမ်လင်းထံတွင် ၅ ခုရှိကာ အလောင်းကောင် ဂိုဏ်းတွင် တစ်ခုရှိပြီး နောက်ထပ် တိုကင်တစ်ပြား ကျန်နေသေး၏။
ဝမ်လင်းက နောက်ထပ် တိုကင်ကို လိုက်မရှာလျှင်တောင်မှ သူ့ထံတွင် ၅ ပြားရှိသည့်အတွက် တစ်နေရာစာက ကျိန်းသေရမည် ဖြစ်သည်။
ဝမ်လင်းက တိုကင်ပြားအကြောင်းကို မစဉ်းစားတော့ဘဲ နောက်နှစ်လ အကြာတွင် ရင်ဆိုင်ရမည့် တိုက်ပွဲအတွက် စဉ်းစားလိုက်သည်။
သူက ဝူဖုန်းတောင်ကြားနှင့် တိုက်ခိုက်ရာတွင် စိမ်းပြာရောင် အစေ့တစ်စေ့ သုံးခဲ့သောကြောင့် နောက်တစ်ခုကို ပြန်လုပ်ထားရ၏။ ယခုအချိန်တွင် သူ့ထံ၌ ပေါင်းစပ်ထားသော စိမ်းပြာရောင် အစေ့ ၂ စေ့နှင့် သာမန်အစေ့ ၁ စေ့ရှိသည်။
ဝမ်လင်းက အစေ့ ၃ စေ့ကို သိုလှောင်အိတ်ထဲသို့ ဂရုတစိုက် သိမ်းလိုက်ချိန်တွင် တစ်ခုခုကို စဉ်းစားမိသွားကာ သိုလှောင်အိတ်ထဲကို ရှာဖွေလိုက်သည်။ မကြာမီက လူအနည်းငယ်ကို သတ်ခဲ့ သေးသဖြင့် သူတို့၏ ပစ္စည်များသည် သူ့ထံတွင် ရှိနေ၏။
အချိန်အနည်းငယ် ကြာအောင် ရှာဖွေပြီးနောက် လက်သီးဆုပ်၏ ၁၀ ပုံ ၁ ပုံ အရွယ်ခန့်သာ ရှိသော လုံးဝန်းနေသည့် ကျောက်တုံး တစ်ခုကို ထုတ်ယူလိုက်သည်။ ကျောက်တုံးပေါ်တွင် အက်ရာတချို့ ရှိနေ၏။
ကျောက်တုံးကို ကြည့်ပြီး ဝမ်လင်းသည် အားသိုင်၏ အကြောင်းကို စဉ်းစားမိသွားသည်။ ဤကျောက်တုံးသည် အားသိုင် ပေးခဲ့သော ပစ္စည်းဖြစ်၏။ ဝမ်လင်းက ကျောက်တုံးကို ကြည့်နေရင်း သူ၏ မျက်လုံးများက တောက်ပလာ၏။
အချိန် တော်တော်ကြာပြီးနောက်တွင် သူ၏ မျက်နှာပေါ်၌ အေးစက်သော အပြုံးတစ်ပွင့် ပွင့်လန်းလာသည်။ ထို့နောက် ကျောက်တုံးကို ပြန်သိမ်းလိုက်ပြီး ပါးစပ်ထဲမှ အစိမ်းရောင် ဓားလေးကို ထုတ်လိုက်သည်။
အစိမ်းရောင် ဓားသည် ယခင်ကထက် ပိုပြီး အစွမ်း ကြီးမားလာသော်လည်း ဓားကို အပြည့်အဝ ထိန်းချုပ်၍ မရနိုင်စေရန် တစ်ခုခုက တားဆီး ထားသကဲ့သို့ ဖြစ်နေသည်။
ထို့ကြောင့် ဝမ်လင်းက ဓားကို နောက်တစ်ကြိမ် သန့်စင်ရန် ဆုံးဖြတ်လိုက်၏။
လက်နှစ်ဖက်ဖြင့် အစီအရင် တစ်ခုကို ပြုလုပ်ပြီး ပါးစပ်မှ စိတ်စွမ်းအင်များ ထုတ်ကာ ဓားကို ဝိုင်းရံ စေလိုက်သည်။ ထို့နောက် သိုလှောင်အိတ် အတွင်းမှ ဘူးသီးခြောက် တစ်ဘူးကို ထုတ်ယူလိုက်၏။ အစိမ်းရောင် ဓားသည် သူ၏ သွေးသန့်စင်ခြင်း လက်နက် ဖြစ်သည်။ ထို့ကြောင့် သူက ဓားမှာ ရှိသည့် အရင်းအမြစ်များကို များပြားလာစေချင်သည်။ သူက အံကြိတ်ထားပြီး ဘူးသီး ခြောက်ထဲမှ ယင်စိတ် ဝိညာဉ်အရည် ၃ ပုံ ၁ ပုံခန့်ကို လောင်းချလိုက်သည်။
ဝမ်လင်း၏ ထိန်းချုပ်မှုအောက်တွင် ယင်စိတ်ဝိညာဉ် အရည်က လေထဲတွင် မျောနေပြီး အရည်တစ်စက်တည်း ဖြစ်စေရန် သိပ်သည်း လိုက်သည်။ အရည်စက်မှ ယင်စွမ်းအင် လှိုင်းများ ထွက်နေပြီး ဂူတစ်ခုလုံးကို နှင်းမှုန်များဖြင့် ဖုံးသွားစေသည်။
ဝမ်လင်းက အရည်စက်ကို လက်ဖြင့် ညွှန်လိုက်ရာ အရည်စက်က ချက်ချင်း ဓားဆီသို့ ရွေ့လျား သွား၏။ အရည်စက်က ဓားအဖျား ထိပ်ပေါ်သို့ ကျသွားပြီး ဓားသွားတစ်လျှောက် ဓားရိုးထိ လိမ့်ဆင်း သွားသည်။ မကြာမီ ဓားက သလင်းကျောက်ကဲ့သို့ ကြည်လင်သွား၏။
ဝမ်လင်းက လေကို တဝကြီး ရှူသွင်းလိုက်ပြီး လျှာကို ကိုက်ကာ သွေးများကို အန်ထုတ် လိုက်သည်။ ထိုသွေးများအား လက်ကို ၀ှေ့ယမ်းကာ သွေးမြူများ အဖြစ်သို့ ပြောင်းသွားစေပြီး သွေးမြူများက ဓားကို ဖုံးလွှမ်းသွား၏။
သွေးမြူများက ဓားထဲသို့ တဖြည်းဖြည်းဝင်နေပြီး မကြာမီ ဓားက အနီရောင်တောက်ပ လာသည်။
ဝမ်လင်းက အသက် အနည်းငယ် ရှူချိန်ခန့် နားလိုက်ပြီးနောက် သွေးများ ထပ်အန်ထုတ်၏။ သွေးများကို ထိန်းချုပ်ပြီး သွေးသင်္ကေတ တစ်ခုကို ရေးဆွဲကာ ဓားဆီသို့ ပို့လိုက်သည်။
တဖြည်းဖြည်းဖြင့် သင်္ကေတများ တစ်ခုပြီးတစ်ခု ရေးဆွဲပြီးနောက် နောက်ဆုံးတွင် အန်ထုတ်ထားသော သွေးများ ကုန်ဆုံးသွား၏။ ဝမ်လင်းက ဓားကို တစ်ချက်ကြည့်ပြီး ရင်ဘတ်ကို ရိုက်လိုက်ရာ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက သူ့ကိုယ်ထဲမှ တစ်ဟုန်ထိုး ထိုးတက်လာသည်။ သူက ရင်ဘတ်ကို လက်ဖြင့် ဖိပြီး သွေးအဆီအနှစ် အနည်းငယ်ကို ထွေးထုတ်လိုက်၏။
သွေးအဆီအနှစ်ကို ထွေးထုတ်ပြီးနောက် ဝမ်လင်း၏ မျက်နှာက ဖြူရော် သွားသော်လည်း သူက တုံ့ဆိုင်းမနေဘဲ ချက်ချင်း သွေးဖြင့် သင်္ကေတ တစ်ခုကို ရေးဆွဲလိုက်သည်။
သင်္ကေတများ တစ်ခုပြီးတစ်ခု ရေးဆွဲ ပြီးသွားသကဲ့သို့ သွေးအဆီအနှစ်၏ အကူအညီ ကြောင့်လည်း ဓားသွား တစ်လျှောက်မှ စိတ်ဝိညာဉ် အရည်များသည် အနီရင့်ရောင်မှ ခရမ်းရောင်သို့ ပြောင်းလဲနေပြီ ဖြစ်သည်။
နောက်ဆုံး သွေးသင်္ကေတကို ဓားပေါ်သို့ ပို့ပေးပြီးနောက် ဝမ်လင်းက အော်လိုက်သည်…
“စုစည်းစမ်း… “
ဓားက ချက်ချင်း ပြင်းထန်စွာ တုန်ခါလာပြီး တဖြည်းဖြည်းနှင့် တုန်ခါမှုက မြန်ဆန်လာသည်။ ဝမ်လင်းက ထိတ်လန့်တကြား ဖြစ်မသွားဘဲ ဓားကို စူးစိုက်ပြီး ကြည့်နေကာ လက်ကလည်း အစီအရင် တစ်ခုကို ပြုလုပ်နေ၏။
မကြာမီ ဓားသွား တစ်လျှောက်မှ စိတ်ဝိညာဉ် အရည်များသည် စတင် အငွေ့ပျံလာပြီး အဖြူရောင် အခိုးအငွေ့များ ထွက်လာသည်။ အငွေ့များ ပိုမိုများပြား လာသည်နှင့် စိတ်ဝိညာဉ် အရည်ပမာဏသည် လျော့ကျလာ၏။
နောက်ဆုံးတွင် စိတ်ဝိညာဉ် အရည်များအားလုံး ပျောက်ကွယ်သွား၏။ ဓားသည် ယခု အချိန်အထိ အစိမ်းရောင် တောက်နေသော်လည်း ဓားရွက်ပေါ်တွင် အနီရောင် မျဉ်းကြောင်းများ ရှိနေ၏။ သို့သော်လည်း ဓားရိုးက ယခင် အရွယ်အစားထက် တစ်ဝက်သာ ရှိတော့သည်။
ဓားရိုးကို ကြည်ပြီး ဝမ်လင်း အံ့ဩသွား၏။
သူ့သွေးဖြင့် သန့်စင်ထားသော ဤဓားသည် မည်သည့်အတွက်ကြောင့် ပြောင်းလဲမှုက နှေးကွေး နေရသည်ကို ဝမ်လင်း မသိချေ။
ဤပြောင်းလဲမျိုးက နောက်ဆုံးအဆင့်သို့ ရောက်သွားလျှင် ဓားက ဂျိနယ်ပယ်၏ စွမ်းအားများကို ရရှိပြီး ပိုမို အစွမ်းလာမည်မှာ ကျိန်းသေဖြစ်သည်။
ဝမ်လင်းက ဓားကို စမ်းသပ်ကြည့်ရာ ယခင်ကထက် ဓားကို ထိန်းချုပ်ရာတွင် အဆပေါင်း များစွာ ပိုမို လွယ်ကူသွား၏။ သူ၏ အစွမ်းကို အကုန် ထုတ်သုံးလိုက်လျှင် ဓား၏ အမြန်နှုန်းကြောင့် ဓားကို သူ့ မျက်လုံးထဲတွင်ပင် မြင်ရတော့မည် မဟုတ်ချေ။ ဓား၏ တည်နေရာ ရွှေ့ပြောင်းခြင်း စွမ်းရည်နှင့် ဆိုလျှင် သူပိုင်ဆိုင်ထားသော ဤဓားပျံသည် ကြောက်စရာ လက်နက်တစ်ခု ဖြစ်နေလေပြီ။
အနည်းဆုံးတော့ အကာအကွယ် မသုံးထားရသေးသော အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်သည် ဤဓားဖြင့် ထိသွားပါက သေဆုံး သွားရပေလိမ့်မည်။ ထိုအရာသည် ဂျိနယ်ပယ်၏ စွမ်းအားဖြစ်သည်။
သို့သော်လည်း စဦးစိတ်ဝိညာဉ် အဆင့်ကို ဆန့်ကျင်ရန်အတွက်မူ လုံလောက်မှု မရှိသေးချေ။ မည်သို့ပင် ဆိုစေကာမူ ဝမ်လင်းသည် ခန္ဓာကိုယ်သန့်စင်ခြင်း အစောပိုင်း အဆင့်တွင်သာ ရှိသေး၏။ ဂျိနယ်ပယ်၏ စွမ်းအား အကူအညီနှင့်တောင်မှ စွမ်းအား အလွန် နည်းနေသေး၏။
ဂျိနယ်ပယ်၏ စွမ်းအားသည် အဆင့်တူများ ကြားတွင်သာ အစွမ်းပြ၏။ ထို့ကြောင့် စဦး စိတ်ဝိညာဉ် အဆင့်ကို ရောက်သွား မှသာလျှင် ထန်းဟွယွမ် အပေါ် သူ၏ အစွမ်းကို ပြနိုင်မှာ ဖြစ်သည်။
ယခုအချိန်တွင် သေးငယ်သော ဓားလေးက ပိုပြီးတော့တောင်မှ အနုစိတ် သွား၏။ ဓားပေါ်တွင် အပြာရောင် ရေခဲ ငွေရောင်လေးက ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေပုံက ထူးဆန်းနေလေသည်။
ဝမ်လင်းက ဓားကို ပါးစပ်ထဲ ပြန်ထည့် ထားလိုက်ပြီးနောက် အချိန်ကို တွက်ကြည့်လိုက်သည်။ ယခင်လ တစ်လလုံး ဓားသန့်စင်သည့် နေရာတွင် အသုံးပြုခဲ့ပြီး ဖြစ်ရာ နောက်ထပ် တစ်လကို ကျင့်ကြံခြင်း၌ အသုံး ပြုတော့မည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ ကျန်နေသေးသော တစ်လအတွင်း ဝမ်လင်းသည် ကိုယ့်ကိုယ်ကိုယ် ခန္ဓာကိုယ်သန့်စင်ခြင်း အလယ်အဆင့်ကို ရောက်နိုင်သည်ဟု ယုံကြည်ထား၏။
***
Good