ဝမ်လင်း၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ အေးစက်စွာ ပြောလိုက်သည်…
“ပြောပါ… “
အမျိုးသမီးတပည့်က အံကြိတ်ပြီး အလျင်အမြန် ပြောလိုက်သည်…
“ရွှမ်တောက်ဂိုဏ်းရဲ့ စုရပ်မှာပဲ… ငါတို့က လီရှန်ဆီကိုပဲ ဦးတည်နေတော့ သူတို့ဆီက တိုကင်ကို စိတ်မဝင်စားခဲ့ဘူး… သူတို့ဆီမှာ တိုကင်ပြား တစ်ခုတော့ ရှိရမယ်… “
လီရှန်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။ သို့သော်လည်း ဝမ်လင်းက သူ့ကို ကြည့်လာသည့် အတွက် ခါးသက်သော အပြုံးတစ်ခုကို ဆင်မြန်းလိုက်ရသည်။
“တိုကင်ပြားက အကြီးအကဲ လျိုမိန်ဆီမှာပါ… “
သူက ညာပြောချင်သော်လည်း ဝမ်လင်း၏ အကြည့်ကို မြင်ပြီးနောက်တွင် အမှန်ကို ပြောလိုက်ရသည်။ ဝမ်လင်းဆီမှ ရသော ခံစားမှုသည် သူ့ကို အလွန်ကြောက်ရွံ့ စေသည်။ ဘိုးဘေး ဖုနန်ဇီနှင့် တွေ့လျှင်တောင်မှ ထိုသို့ မခံစားရပေ။
“အကြီးအကဲလျိုမိန်လား… “
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ရာ အလွန်လှပသော မိန်းမပျိုလေး တစ်ယောက်၏ ရုပ်သွင်က သူ့စိတ်ထဲတွင် ပေါ်လာသည်။ သူက လီရှန်ကို ကြည့်ပြီး မေးလိုက်သည်…
“သူမက ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့်ကို ရောက်သွားပြီလား… “
လီရှန်က ခေါင်းညိတ်ပြီး ဖြေလိုက်သည်…
“ဘိုးဘေး ဖုနန်ဇီက သူမကို ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ကို ရောက်အောင် ကူညီပေးလိုက်တာ… “
ဝမ်လင်းက ဟုန်ယွီတောင်အကြောင်း တွေးမိသွားပြီး မိဘနှစ်ပါး၏ မြင်ကွင်းက သူ့စိတ်ထဲတွင် ပေါ်လာကာ သူ့နှလုံးသားက တစစ်စစ် ခံစားလိုက်ရသည်။
သူက အမျိုးသမီးတပည့်နှင့် လီရှန်ကို ဆွဲခေါ်ပြီး လေထဲသို့ ပျံတက်သွား၏။ အမျိုးသမီး တပည့်က ကြောက်စိတ်မွန်ပြီး သူမ၏ အောက်ခံဘောင်းဘီတွင် စိုထိုင်းသော အကွက်လေး ပေါ်လာသောအခါ သူမ၏ မျက်နှာက ရဲတက်သွား၏။
“ရွှမ်တောက်ဂိုဏ်းက ဘယ်နေရာမှာလဲ… “
မေးပြီးသည်နှင့် ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး အမျိုးသမီး တပည့်ကို အနည်းငယ် အဝေးမှ ကိုင်ထားလိုက်သည်။
အမျိုးသမီးတပည့်က အရပ်မျက်နှာတစ်ခုကို ညွှန်ပြလိုက်၏။ ဝမ်လင်းက နောက်ထပ်စကား မပြောတော့ဘဲ လျင်မြန်စွာ ပျံသန်းလိုက်၏။ အချိန်တိုအတွင်း၌ သူတို့သည် ရွှမ်တောက် ဂိုဏ်းသားများ၏ စုရပ်ကို ရောက်လာကြ၏။
မြေပြင်သည် ရှုပ်ယှက် ခတ်နေသည့်အတွက် ယခင်က ဤနေရာတွင် တိုက်ပွဲများ ဖြစ်ထားသည်မှာ ထင်ရှားနေသည်။ ဝမ်လင်းက ရောက်သည်နှင့် လက်ကို ၀ှေ့ယမ်းလိုက်ရာ အမျိုးသမီး တပည့်နှင့် လီရှန်သည် မြေပြင်ပေါ်ကို ကျသွား၏။
“မင်း သွားနိုင်ပြီ… “
ဝမ်လင်းက အမျိုးသမီးတပည့်ကို ကြည့်ပြီး ပြောလိုက်သည်။
အမျိုးသမီး တပည့်သည် ဂရုတစိုက်ဖြင့် နောက်သို့ ဆုတ်သွားပြီး မီတာ ၂၀၀ ကျော်မှ ဓားပျံကို စီးပြီး အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးသွား၏။
ဝမ်လင်းက ပုံမှန်အသံဖြင့် တဲ့တိုးပြောလိုက်သည်…
“လီရှန်… ရွှမ်တောက်ဂိုဏ်းက လူတွေကို ခေါ်လိုက်ပါ… ငါ တိုကင်ပြားကိုပဲ လိုချင်တာ… လူမသတ်ချင်ဘူး… “
လီရှန်၏နဖူးတွင် ချွေးများထွက်လာပြီး သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ခု ထုတ်ယူကာ ရှေ့သို့ ပစ်လိုက်သည်။ ကျောက်စိမ်းပြားက မြားတစ်စင်းကဲ့သို့ ပြေးထွက်သွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွား၏။
ထို့နောက် အလင်းကွင်းများက မြေပြင်ပေါ်တွင် ပေါ်လာပြီး အလင်းတိုင်များ ဖြစ်လာသည်။
တိုင်လုံးများ အတွင်းတွင် လူ ၁၀ ယောက်က မြေပြင်ပေါ်၌ ခြေချိတ်ထိုင်နေပြီး သူတို့ ကြားထဲတွင် လှပသော မိန်းကလေးတစ်ယောက် ရှိ၏။ သူမ၏ မျက်နှာ အမူအရာက တည်ကြည် လေးနက်နေပြီး သူမ၏ လက်များက ပန်းအိုးသဏ္ဌာန် လုပ်ထားကာ သူမခေါင်းပေါ်တွင်လည်း လင်းလက် တောက်ပနေသည့် အရာတစ်ခုလည်း ရှိနေသည်။
ဝမ်လင်းက သူတို့ ၁၀ ယောက်ကို ကြည့်ပြီး သူ၏ မျက်လုံးများက အရောင်လက်လာသည်။
မိန်းကလေးက မျက်လုံးကို ဖွင့်လိုက်ရာ လီရှန်ကို မြင်သောအခါ ဂရုမစိုက်တော့ချေ။ သို့သော်လည်း လီရှန်ဘေးမှ ဝမ်လင်းကို မြင်သောအခါ လန့်ဖျပ်သွားကာ ဝမ်လင်းကို သေချာ ထပ်ကြည့်လိုက်ပြီးနောက် သူမ၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ပေါ်လာသည်။ သူမက လက်ကို ၀ှေ့ယမ်းလိုက်ရာ ခေါင်းပေါ်မှ အရာဝတ္ထုသည် သူမ၏ လက်အတွင်းသို့ ရောက်လာပြီး အလင်းတိုင်များလည်း ပျောက်ကွယ်သွား၏။
ထိုလူ ၁၀ ယောက်ထဲမှ အသက် ၃၀ အရွယ်ခန့်ရှိသော လူတစ်ယောက်က ဝမ်လင်းကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ပြီး ပြောလိုက်သည်…
“ဝမ်… စီနီယာအစ်ကိုဝမ်… မတွေ့တာတောင် တော်တော်ကြာပြီနော်… “
ထိုလူသည် လျိုမိန်၏ အစ်ကို လျိုဖန်းဖြစ်သည်။ ဝမ်လင်းက နတ်ဘုရား စိတ်အာရုံဖြင့် သူ့ကို ကြည့်လိုက်ရာ လျိုဖန်းသည် ခန္ဓာကိုယ်သန့်စင်ခြင်း အစောပိုင်းအဆင့်သို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်းပဲ သူ၏ စိတ်စွမ်းအင်များက တည်ငြိမ်မှု မရှိနေသေးချေ။ ထိုအချက်ကို သိရုံနှင့်ပင် လျိုဖန်းသည် ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့်သို့ ရောက်သည်မှာ မကြာသေးကြောင်း သိနိုင်သည်။
ဝမ်လင်းက သူတို့အားလုံးကို စိုက်ကြည့်ပြီး ပြောလိုက်သည်…
“ရွှမ်တောက်ဂိုဏ်း… မင်းတို့မှာ ရှိတဲ့ တိုကင်ပြားကို ငါ့လက်ထဲအပ်လိုက်ပါ… ငါ မင်းတို့ကို ခက်ခဲအောင် မလုပ်ချင်းဘူး… “
ရွှမ်တောက်ဂိုဏ်းမှ အဘိုးကြီး တစ်ယောက်က မတ်တတ်ရပ်ပြီး သက်ပြင်းချလိုက်သည်…
“ဘယ်လောက်တောင် မောက်မာလိုက်တဲ့ ဂျူနီယာလဲ… ငါတို့ဆီက တိုကင်ပြားကိုတောင် ပေးဖို့ ပြောလိုက်သေးတယ်… လျိုဖန်း… မင်း သူ့ကို သိလား… “
လျိုဖန်းက မဲ့ပြုံးဖြင့် ပြောလိုက်သည်…
“စီနီယာအစ်ကိုမ… သူ…သူက ဝမ်လင်း… “
‘မ’ နာမည်နှင့် အဘိုးကြီးသည် အလန့်တကြား ဖြစ်သွားပြီး သရော်လိုက်သည်…
“သူလား… မင်းက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ကို ရောက်နေရင်တောင်မှ ငါတို့ရှေ့မှာ ဒီလောက်မောက်မာ မနေသင့်ဘူး… ငါတို့ရှေ့က အခု ထွက်သွားစမ်း… “
ပြောပြီးသည်နှင့် တစ်ပြိုင်နက် လက်ကို ၀ှေ့ယမ်းလိုက်ရာ ကြီးမားသော လေလှိုင်းကြီးက ဝမ်လင်းဆီသို့ တိုးဝင်သွား၏။
ဝမ်လင်းက မရှောင်ချေ။ လေလှိုင်းကြီးက သူနှင့် ၅ မီတာအကွာသို့ ရောက်သောအခါ ရေခဲ အပိုင်းအစများအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ကျသွား၏။ တစ်ချိန်တည်းမှာပင် အစိမ်းရောင်အလင်းက ဖြတ်ခနဲ ဖြစ်သွားပြီး အဘိုးကြီး၏ ရင်ဘတ်တွင် အပေါက်ဖြစ်သွားကာ တစ်ကိုယ်လုံး ချက်ချင်း အေးခဲသွား၏။
ဝမ်လင်းသည် သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များ ပြောင်းလဲ လာပြီးနောက်ပိုင်း သူ၏ သတ်ဖြတ် ချင်စိတ်များက ပိုပြီး အားကောင်းလာသည်ကို ခံစားမိသည်။ ထို့ကြောင့် တိုက်ခိုက်သည့် အကြိမ်တိုင်း စိတ်က ထိန်းချုပ်မှု လွတ်ကင်းသွားပြီး သူ့ကို ဆန့်ကျင်သည့် မည်သူကိုမဆို ခြွင်းချက်မရှိ သတ်ဖြတ်မိနေသည်။
ထို့နောက် အစိမ်းရောင်ဓားလေး တစ်ချောင်းက ဓားဦးကို ရွှမ်တောက် ဂိုဏ်းသားများရှိရာသို့ ချိန်ထားပြီး ဝမ်လင်း၏ ကိုယ်ဘေးတွင် ပတ်ပြီး ပျံသန်းနေသည်။
ရွှမ်တောက် ဂိုဏ်းသားများ၏ မျက်နှာ အမူအရာများသည် အကြီးအကျယ် ပျက်ယွင်းသွားပြီး လျိုဖန်းသည်လည်း အံ့ဩမှင်တက်နေကာ နဖူးမှလည်း ချွေးများ ဆက်တိုက် ထွက်လာသည်။ လွန်ခဲ့သည့် တစ်နှစ်က ဖုနန်ဇီ၏ အကူအညီဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်သို့ ရောက်ပြီးနောက်ပိုင်း သူက ဝမ်လင်းထက် သာလွန်သွားပြီးဟု ထင်ထားခဲ့သည်။
သို့သော် ယခုမူ ဝမ်လင်းက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်သို့ ရောက်နေရုံတင် သာမကဘဲ ခန္ဓာကိုယ်သန့်စင်ခြင်း အလယ်အဆင့်သို့ ရောက်နေသော ဂိုဏ်းတူအစ်ကိုမအား တစ်ချက်တည်းနှင့် သတ်ဖြတ်ခဲ့၏။
‘ဝမ်လင်းရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်လဲ… ‘
လျိုဖန်း၏ အတွေးထဲတွင် ယောက်ယပ်ခပ်နေပြီး ဝမ်လင်းကို ပို၍ ကြောက်လန့်လာသည်။
လျိုမိန်ကတော့ အံ့အားသင့်သော အမူအရာ တစ်ချက်ပင် မပြဘဲ ဝမ်လင်းကို စူးစိုက်ကြည့်ကာ တိုကင်ပြားကို တုံ့ဆိုင်းခြင်းမရှိ ပစ်ပေးလိုက်သည်။
ဝမ်လင်း ရောက်လာသည့် အချိန်မှစ၍ သူမသည် စကားတစ်ခွန်းပင် မပြောခဲ့ချေ။ သို့သော်လည်း သူမ၏ မျက်လုံးက ဝမ်လင်း အပေါ်တွင်သာ ရှိနေ၏။
ဝမ်လင်းက တိုကင်ပြားကို သိမ်းလိုက်ပြီး လျိုမိန်ကို ကြည့်ကာ နောက်သို့ ပြန်လှည့်ပြီး အဝေးသို့ ပျံသန်းထွက်ခွာသွားလိုက်သည်။
အချိန် တော်တော်ကြာပြီးနောက် လျိုမိန်သည် သူ၏အကြည့်ကို ပြန်ရုပ်သိမ်းပြီး သက်ပြင်း ချလိုက်၏။ သူမ၏ ပြိုင်ဘက်ကင်း ညှို့ဓာတ်သည် ဝမ်လင်းအပေါ်တွင် အကျိုးသက်ရောက်မှု ရှိပုံ မရချေ။
ဝမ်လင်းက ဂူထဲသို့ ပြန်ရောက်ပြီးနောက် တိုကင်ပြား ၅ ခုကို ထုတ်ယူကာ အနည်းငယ် စဉ်းစားပြီး လေးခုကို ထုချေလိုက်သည်။ ကျန်ရှိနေသည့် တိုကင်ပြားကို သိုလှောင်အိတ်ထဲ သိမ်းလိုက် ပြီးနောက် ဆွဲငင်အားနည်းစနစ်ဖြင့် ဂူပေါက်ဝကို ပိတ်လိုက်သည်။ ထို့နောက် ကာကွယ်ရေး ဝင်္ကပါ အစီအရင် အနည်းငယ်ကို ပြုလုပ်ပြီး တံခါးပိတ် ကျင့်ကြံခြင်းကို စတင်လိုက်၏။
နောက်၂ လအကြာတွင် တိုက်ရမည့် တိုက်ပွဲအတွက် ပြင်ဆင်ထားရပေမည်။
***
Good