ဝမ်လင်း၏အဖြေကို ကြားပြီး ဝမ်လင်းသည် အမှန်ကို မပြောချင်ဟု လူငယ်၏ စိတ်ထဲတွင် ထင်သွားပြီး မချိပြုံး ပြုံးလိုက်သည်။ ထို့နောက် သူက သိုလှောင်အိတ်ထဲမှ တိုကင်ပြားကို ပစ်ပေးပြီး နောက်လှည့်ကာ အော်ပြောလိုက်သည်…
“ဖျောင်မြောင်ဂိုဏ်းက ပြင်ပတိုက်ပွဲ မြေပြင်ဝင်ခွင့် ပြိုင်ပွဲကို အရှုံးပေးပါတယ်… တောင်ကြား ပွင့်သွားတာနဲ့ ငါတို့ ဖျောင်မြောင်ဂိုဏ်းက ထွက်သွားပါ့မယ်… “
ထို့နောက် သူက ဂိုဏ်းသားများကို ဦးဆောင်၍ အနောက်တောင်အရပ်သို့ ထွက်ခွာသွား၏။
ဂိုဏ်းတစ်ခုက ထိုသို့ပြောပြီး ထွက်သွားသည်နှင့် နောက်ထပ် ဂိုဏ်းနှစ်ခုကလည်း သူတို့၏ အခြေအနေကို ပြောပြကာ သိုလှောင်အိတ်များကိုပင် ဖွင့်ပြသွား၏။
ဟဲဟွမ်ဂိုဏ်းသည် တိုကင်ပြားတစ်ပြား လက်ဝယ်ရှိသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ ဟဲဟွမ်ဂိုဏ်း၏ အမျိုးသမီး ခေါင်းဆောင်က တိုကင်ပြားကို မပေးသေးဘဲ ဝူဖုန်းတောင်ကြား ဂိုဏ်းကို လှမ်းကြည့်လိုက်သည်။
ဝူဖုန်းတောင်ကြားကို ဦးဆောင်လာသူသည် အဘိုးအိုတစ်ဦး ဖြစ်ပြီး နှစ်အနည်းငယ်ခန့် တံခါးပိတ် ကျင့်ကြံလိုက်သည်နှင့် အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်တော့မည့် အယောင်ဆောင် အမြုတေ ဖွဲ့တည်ခြင်း အဆင့်တစ်ယောက် ဖြစ်သည်။
သူက ဝမ်လင်းကို နှိမ့်ချပြီး ပြောလိုက်သည်…
“ကောင်လေး… ငါ့အတွက် တိုကင်ပြားတွေကို စုပေးလို့ ကျေးဇူးပဲ… တိုကင်ပြားတွေကို ထားခဲ့ပြီး ထွက်သွားလို့ရပြီ… “
ဟဲဟွမ်ဂိုဏ်းမှ အမျိုးသမီး ခေါင်းဆောင်သည် မျက်မှောင်ကြုတ်သွားပြီး ဂိုဏ်းသားများကို ခေါ်ကာ အဝေးသို့ ဆုတ်သွား၏။
ဝမ်လင်း၏ အကြည့်က မောက်မာလှသော အဘိုးအိုအပေါ်သို့ ရောက်သွားသည်။ ထို့နောက် စကားတစ်ခွန်းမျှ မပြောဘဲ သိုလှောင်အိတ်ကို ပုတ်လိုက်ရာ စိမ်းပြာရောင် အစေ့တစ်စေ့က လေထဲတွင် ပေါ်လာသည်။
အဘိုးအို၏ မျက်နှာ အမူအရာအရ ဝမ်လင်းကို အထင်အမြင် သေးနေကြောင်း သိသာသည်။ ဝမ်လင်း သတ်ခဲ့သလောက် သူလည်း ထိုလူများကို သတ်နိုင်သည်ဟု တွေးနေပုံပင်။ သူ၏ မျက်လုံးထဲတွင် ဝမ်လင်းက သူ၏ အစွမ်းကို ဖုံးကွယ်ထားလျှင်တောင်မှ အလွန်ဆုံး ခန္ဓာကိုယ် သန့်စင်ခြင်း နှောင်းပိုင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေသော သူနှင့် အဆင့်အတူတူသာ ရှိပေ လိမ့်မည်။ သူနှင့် အဆင့်တူနေလျှင်တောင်မှ သူ့ထံတွင် ဝူဖုန်းတောင်ကြား၏ ရတနာတစ်ခု ဖြစ်သည့် ကောင်းကင်လျှပ်စီး လေမီးယပ်တောင် ရှိသည့်အတွက် နိုင်ပွဲက သေချာနေသည်။
ဝမ်လင်း ထုတ်ယူလိုက်သည့် အထင်ကြီးစရာ မရှိသည့် ဆန့်စေ့အရွယ် ပစ္စည်းကို မြင်ပြီး အထက်စီး ဆန်ဆန်ဖြင့် သူ့ဂိုဏ်းမှ တပည့်များကို အော်ပြောလိုက်သည်…
“မင်းတို့အားလုံး နောက်ဆုတ်နေစမ်း… ဒီဂျိုကြွနေတဲ့ ကောင်လေးကို ဘယ်လိုဆုံးမ မလဲဆိုတာ ကြည့်နေ… “
ပြောပြီးသည်နှင့် သူက လက်ကို ၀ှေ့ယမ်းလိုက်ရာ ၃ လက်မအရွယ် ယပ်တောင်တစ်ချောင်း သူ့ လက်ထံတွင် ပေါ်လာသည်။ ယပ်တောင်ပေါ်တွင် ရွှေရောင်မီးတောက် သင်္ကေတများ ရှိနေ၏။
ယပ်တောင်ကို မြင်လိုက်သည်နှင့် ဝူဖုန်းတောင်ကြားမှ တပည့်များ၏ မျက်နှာ အမူအရာများသည် ပြောင်းလဲသွားပြီး နောက်သို့ ချက်ချင်း ဆုတ်သွားကြသည်။ တချို့ဆိုလျှင် ပေ ၁၀၀ ကျော်အထိ ဆုတ်သွားကြ၏။
ဝမ်လင်းက မှင်တက်နေသော လီရှန်ကို ဆွဲယူပြီး နောက်သို့ အလျင်အမြန် ဆုတ်လိုက်သည်။ နောက်သို့ ဆုတ်နေစဉ် ဆွဲငင်အားနည်းစနစ်ကို သုံးပြီး စိမ်းပြာရောင်အစေ့ကို အဘိုးအိုထံသို့ ပစ်လိုက်၏။
အဘိုးအိုက အထင်သေးသည့် အကြည့်ဖြင့် ကြည့်ပြီး ယပ်တောင်ကို ဖွင့်လိုက်ရာ ရွှေရောင် အလင်းတန်းတစ်ခု ထွက်လာသည်။
ရုတ်တရက် ထူးဆန်းသော လေတစ်မျိုး ယပ်တောင်ပတ်လည်တွင် ဖြစ်ပေါ်လာသည်။ ထို့နောက် ရွှေရောင်မီးတောက် တစ်မျိုးကလည်း ယပ်တောင်ပေါ်တွင် အသက်ရှိသကဲ့သို့ ကခုန်နေပြီး အနီးအနား ပတ်ဝန်းကျင်တွင် အပူချိန်ကို ရုတ်ချည်းမြင့်တက်လာစေသည်။
ထိုအခိုက်အတန့်တွင် စိမ်းပြာရောင်အစေ့က ထူးဆန်းသောလေ၏ အပြင်အစွန်းကို ထိသွားရာ ရွှေရောင်မီးတောက်က စိမ်းပြာရောင်အစေ့ကို ချက်ချင်း ဝိုင်းရံလိုက်သည်။
ဝမ်လင်း၏ အမူအရာက ပြောင်းလဲခြင်း မရှိသော်လည်း သူ့ခြေထောက်များက ဆက်လက်ရွေ့ လျားနေကာ သူ့စိတ်ထဲတွင် တွေးလိုက်သည်…
“ပေါက်ကွဲစမ်း… “
ထူးဆန်းသောလေနှင့် ရွှေရောင်မီးတောက် ကြားထဲတွင် စိမ်းပြာရောင်အစေ့က ရှေ့သို့ ဆက်တိုးရင်း စိမ်းပြာရောင်အလင်းများ တောက်ပလာပြီး ပေါက်ကွဲသွားရာ စိမ်းပြာရောင် အလင်းတန်း စက်ဝိုင်းကြီးက အဘက်ဘက်သို့ လှိုင်းများသဖွယ် ပျံ့လွှင့်သွား၏။
ပေါက်ကွဲသည့် နေရာမှ မီတာ ၃၀၀ ကျော်ကို စိမ်းပြာရောင် အလင်းတန်းကြီးက ချက်ချင်း ဖုံးအုပ်သွားသည်။
ပုံမှန်အားဖြင့် လေသည် ကိုင်တွယ်၍ မရသောအရာ ဖြစ်သည်။ သို့သော်လည်း ဂျိနယ်ပယ်၏ စွမ်းအားအောက်တွင် ထူးဆန်းသောလေက အပြာရောင်ရေခဲ အပိုင်းအစများအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ကျသွား၏။ ရွှေရောင်မီးတောက်သည်လည်း ချက်ချင်းခဲသွားသည်။ နီးနီကပ်ကပ် ကြည့်လိုက်မည်ဆိုလျှင် ရေခဲအတွင်း၌ မီးက တောက်လောင်နေသေးသည်ကို မြင်တွေ့နိုင်သည်။
ကောင်းကင်လျှပ်စီး လေမီးယပ်တောင်ကတော့ ပွင့်လျက်ပင် အပြာရောင် ရေခဲများက ဖုံးအုပ်သွား၏။
အယောင်ဆောင် အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူ အဘိုးအိုကတော့ တုံ့ပြန်ရန်ပင် အချိန် မရလိုက်ဘဲ ချက်ချင်း အေးခဲသွားသည်။
သူ့နောက်မှ ဝူဖုန်းတောင်ကြား၏ တပည့် ၁၇ ယောက်လည်းလည်း ရေခဲရုပ်ထုများ ဖြစ်သွား၏။
ထို့အပြင် မီတာ ၃၀၀ အတွင်းရှိ သက်ရှိမှန်သမျှလည်း အသက်ရှင် ကျန်ရစ်ခြင်း မရှိချေ။
လီရှန်သည် ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး စိတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်သွား၏။ သူ၏ ပါးစပ်က ဟနေသော်လည်း မည်သည့် စကားကိုမှ ဆိုနိုင်ခြင်း မရှိချေ။ သူက ဝမ်လင်းဆီသို့ အလွန် လေးစားသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ဟဲဟွမ်ဂိုဏ်းမှ တပည့်များသည် မီတာ ၅၀၀ အကွာထိ ဆုတ်သွားကြသဖြင့် ဝမ်လင်း၏ တိုက်ခိုက်မှုမှ လွတ်သွားကြ၏။ သို့သော်လည်း သူတို့က ဝမ်လင်း၏ အကြည့်ကြောင့် လုံးဝ မလှုပ်ရဲကြချေ။
ဝူဖုန်းတောင်ကြားမှ တပည့်များသည် တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ရေခဲရုပ်ထုများ ဖြစ်သွားခြင်းက သူတို့ကို အလွန်အံ့အားသင့်ပြီး မှင်တက်နေစေသည်။ ဟဲဟွမ်ဂိုဏ်းမှ အမျိုးသမီး ခေါင်းဆောင်က ရေခဲရုပ်ထုများကို ကြည့်ပြီး မျက်နှာက ဖြူရော်နေကာ တိုကင်ပြားကို ချက်ချင်း ထုတ်၍ မြေပြင်ပေါ်တွင် ဂရုတစိုက် ချထားပေးလိုက်သည်။
ထိုအချိန်တွင် ဝမ်လင်းက အော်မေးလိုက်သည်…
“တိုကင်ပြားက ဘယ်နှစ်ခု ရှိတာလဲ… “
ဟဲဟွမ်ဂိုဏ်းမှ အမျိုးသမီး တပည့်က တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေလိုက်သည်…
“တိုကင်ပြား အားလုံး ၇ ပြား ရှိပါတယ်… “
ဝမ်လင်းက စိတ်ထဲတွင် တွက်ချက်လိုက်သည်။ ဝူဖုန်တောင်ကြားတွင် တိုကင်ပြားမရှိချေ။ သူ့လက်ထဲတွင် ဖျောင်မြောင်ဂိုဏ်းမှ တိုကင်ပြားတစ်ခု၊ လီရှန်ဆီမှ နှစ်ခု၊ ဟဲဟွမ်ဂိုဏ်းမှ တစ်ခု။ အားလုံးပေါင်း ၄ ခုရှိ၏။ တိုကင်ပြားက ၃ ခု ကျန်နေပြီး အလောင်းကောင်ဂိုဏ်းတွင် တစ်ခုရှိသည့် အတွက် တခြား သူများဆီတွင် ၂ ခုကျန်နေရမည်။
ကြွယ်မင်တောင်ကြားကို မဝင်ခင် ရီဇီကျိုင်း၏ ပြောစကားအရ ပြိုင်ပွဲတွင် တခြားသူများ၏ တိုကင်ပြားများကို ရအောင်ယူရမည်ဖြစ်သည်။
ရုတ်တရက် ဝမ်လင်းက ဟဲဟွမ်ဂိုဏ်းမှ အမျိုးသမီး တပည့်ဆီသို့ လှည့်ပြီး ထပ်မေးလိုက်သည်။
“ပြင်ပတိုက်ပွဲ မြေပြင်အတွက် ဘယ်နှနေရာ ဝင်ခွင့်ပြုထားတာလဲ… “
အမျိုးသမီးတပည့်က ဝမ်လင်း၏ အကြည့်ကြောင့် ကြောက်ကြောက်လန့်လန့်ဖြင့် အလျင်အမြန် ဖြေလိုက်သည်…
“၃ နေရာပဲ ဝင်ခွင့်ရှိမှာပါ… “
ထို့နောက် အမျိုးသမီးက သူ့အဖြေသည် လုံလောက်မှု မရှိမည် စိုးသောကြောင့် ထပ်ပြီး ပြောလိုက်၏…
“တိုကင်ပြား ၇ ခုမှာ ၃ ခုထက်ပိုပြီး ကျန်နေရင် ကျောင်းနိုင်ငံက ဝင်ခွင့်ကို ဆုံးရှုံးသွားရမှာပါ… “
ဝမ်လင်းက သူမကို ထပ်ပြီး ကြည့်လိုက်ရာ အမျိုးသမီးတပည့်က ကြောက်လန့်သွားပြီး စိုးရိမ်တကြီး ပြောလိုက်သည်…
“ကျန်နေတဲ့ တိုကင် ၃ ခုထဲက တစ်ခုရှိတဲ့ နေရာကို ငါသိတယ်… ငါတို့ကို သွားခွင့်ပြုမယ်ဆို ငါပြောပြပါ့မယ်… “
***