Switch Mode

အခန်း (၁၀၇)

စိမ်းပြာရောင်အစေ့

လွန်ခဲ့သော ၃ လအတွင်းတွင် မိစ္ဆာဂိုဏ်းနှင့် လမ်းမှန်းဂိုဏ်းမှ တပည့်များသည် တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း ယှဉ်ပြိုင်တိုက်ပွဲများ ဆင်နွှဲကြသည်။ သို့သော်လည်း ဝမ်လင်းကို မြင်သည်နှင့် တိုက်ပွဲများ ချက်ချင်းရပ်ပြီး လမ်းဖယ်ပေးကြသည်။ ဝမ်လင်း ပျောက်ကွယ် သွားတော့မှသာ ဆက်လက် တိုက်ခိုက် ကြ၏။

နောက်ဆုံးတွင် ဝမ်လင်းက တွေဝေမနေတော့ဘဲ ချောက်ကမ်းပါးတစ်ခုကို ရှာကာ ဂူတစ်ခု ပြုလုပ်ပြီး အထဲ၌သာ နေတော့၏။

သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များသည် ယခင်ကတည်းက အေးခဲနိုင်သည့် အစွမ်း ရှိသော်လည်း ယခုလောက် အားမကောင်းချေ။ ထိုအချက်က ဝမ်လင်းကို စိတ်ရှုပ်ထွေးစေသည်။ မည်သည့် အတွက် ကြောင့် ဤသို့ ဖြစ်ရသည်ကို စစ်ထူနန်ပင် မပြောနိုင်ချေ။

ဂျိ၊တောက်၊ ရှီဆိုသည့် နယ်ပယ် ၃ ခုအကြောင်းကို စစ်ထူနန် မသိရခြင်းသည် အဆင့် ၆ နိုင်ငံတွင် လည်း နယ်ပယ် ၃ ခုက ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း ပြသနေသည်။

စိတ်စွမ်းအင်များ၏ စွမ်းအား ရုတ်တရက် တိုးတက်လာခြင်းက ချူးယန်အား ကိုယ့်ကိုယ်ကို ယုံကြည်မှု အနည်းငယ် ပိုရှိ လာစေသည်။

သူ၏ စိတ်စွမ်းအင်ထဲတွင် ထူးဆန်းသော အရာတစ်ခု ရှိကြောင်း ခံစားနေရသည်။ ထိုအရာ ကြောင့် စိတ်စွမ်းအင်များ၏ စွမ်းအားက အလွန်အမင်း တိုးတက်လာခြင်း ဖြစ်ရပေမည်။

ယခင်က သတိ မပြုမိခဲ့သော်လည်း ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်တွင်း၌ ထိုအရာ၏ ပမာဏ က လွန်စွာများပြား လာသောကြောင့် သတိပြုသွားခြင်း ဖြစ်သည်။

ထိုအရာ အကြောင်းကို တွေးတောနေသည့် အချိန်တွင် ၎င်းက ရုတ်တရက် ပိုမိုကျယ်ပြန့် လာသည့်အတွက် ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်ပြီး ခန္ဓာကိုယ် အတွင်းမှ စိတ်စွမ်းအင်များကို လှည့်ပတ်လိုက်သည်။ သူက တန်းထျန်းထဲသို့ ကြည့်ပြီး ခန္ဓာကိုယ်ထဲသို့ ကြည့်လိုက်သည်။ ထို့နောက် တန်းထျန်းကို ပြန်ကြည့်လိုက်သည်။

ဝမ်လင်းက တဖြည်းဖြည်းနှင့် သဲလွန်စတချို့ကို တွေ့သွား၏။ သူ၏ စိတ်စွမ်းအင်သည် ယခု အချိန်တွင် နက်ပြာရောင် ဖြစ်နေသည်။ သို့သော် ထိုနက်ပြာရောင်သည် စိတ်စွမ်းအင်၏ အစစ်အမှန် အရောင် မဟုတ်ချေ။ စိတ်စွမ်းအင်၏ အရောင်သည် နက်ပြာရောင် ဖြစ်နေရခြင်းမှာ စိတ်စွမ်းအင်များ ထဲတွင် အပ်ချည်မျှင်ကဲ့သို့ သေးငယ်သော နက်ပြာရောင် ကြိုးမျှင်များ ရှိနေခြင်းကြောင့် ဖြစ်သည်။

အလွန်သိပ်သည်းသော ထိုနက်ပြာရောင် ကြိုးများက သူ၏ စိတ်စွမ်းအင်ကို ပြောင်းလဲသွားစေ သည်။ ဝမ်လင်းက လက်ကို ၀ှေ့ယမ်းလိုက်ရာ စိတ်စွမ်းအင်များ ထွက်လာသည်။ ထွက်လာသော စိတ်စွမ်းအင်များကို ရေခဲလုံး တစ်လုံးအဖြစ် စုစည်းပြီး ကြည့်လိုက်ရာ ထိုရေခဲလုံးထဲတွင် နက်ပြာရောင် ကြိုးမျှင် အများအပြား ရှိနေ၏။

အချိန် အနည်းငယ်ကြာအောင် စဉ်းစားလိုက်ပြီးနောက် ဝမ်လင်းက ရေခဲလုံးကို ကျုံ့သွားအောင် ဆက်တိုက် ပြုလုပ်လိုက်သည်။ ၎င်း တစ်ခါကျုံ့သွားတိုင်း ဝမ်လင်း၏ နဖူးပေါ်တွင် ချွေးများက ပိုမို ထွက်လာသည်။

ရေခဲလုံးက မူလ အရွယ်အစား၏ ၃ ပုံ ၁ ပုံခန့်သို့ ရောက်သောအခါ တချို့ နက်ပြာ ကြိုးများက ပျက်စီးသွား၏။ နက်ပြာရောင် ကြိုးများက အပေါ်မှ ဖိအားကို မခံနိုင်သောကြောင့် ဆက်တိုက် ပျက်စီး လာရသည်။

ဝမ်လင်းက မျက်မှောင်ကြုတ်သွားပြီး နက်ပြာရောင် ကြိုးများကို အစားထိုးရန် နောက်ထပ် စိတ် စွမ်းအင်လှိုင်း တစ်ခုကို ထုတ်လိုက်ကာ သန့်စင်ခြင်းကို ဆက်လက် လုပ်ဆောင်လိုက်သည်။ အချိန်များ က တဖြည်းဖြည်းဖြင့် ကုန်ဆုံးလာပြီး စိတ်စွမ်းအင် လှိုင်းများကိုလည်း အခါခါ ထုတ်သုံးပြီးနောက် နက်ပြာရောင်ကြိုးက တစ်ကြိုးထဲသာလျှင် ကျန်ရစ်တော့၏။

စိတ်စွမ်းအင်များ ဆက်တိုက် ဖြည့်သွင်းပေးမှု အောက်တွင် နက်ပြာရောင် ကြိုးများ ပျောက် ကွယ်သွားသည့် နှုန်းက ဝမ်လင်း၏ ပြန်ဖြည့်နှုန်းကို မမီတော့ချေ။ နာရီများစွာ ကြာပြီး နောက်တွင် သန့်စင်ခြင်းက ပြီးဆုံးသွား၏။

ဝမ်လင်းက ပင်ပန်းနေသော်လည်း သူ၏ မျက်လုံးများကမူ တောက်ပနေသည်။

ရေခဲလုံးသည် ယခုအချိန်တွင် ဆန်စေ့အရွယ်သာ ရှိတော့ပြီး အရောင်ကလည်း နက်ပြာရောင်မှ စိမ်းပြာရောင်သို့ ပြောင်းသွား၏။ ထိုစိမ်းပြာရောင် ရေခဲအစေ့ တစ်ခုလုံးသည် နက်ပြာရောင် ကြိုးများ ဖြင့် ဖွဲ့စည်းထားပြီး အန္တရာယ်ရှိသော အော်ရာ တစ်မျိုးကိုလည်း ထုတ်လွှတ်လျက် ရှိသည်။

ဝမ်လင်း၏ မျက်လုံးက တောက်ပသွားပြီး စိမ်းပြာရောင် အစေ့ကို ယူကာ ဂူထဲမှ ထွက်လာ ခဲ့လိုက်သည်။ သူက အနီးဆုံး တောအုပ်ဆီသို့ ပျံသန်းသွားလိုက်ပြီး တောအုပ်၏ အပြင်ဘက်တွင် ရပ်လိုက်၏။ ထို့နောက် လက်ကို ၀ှေ့ယမ်းပြီး အနီးရှိ သစ်ပင် တစ်ပင်ဆီသို့ စိမ်းပြာရောင် အစေ့ကို ပစ်လိုက်သည်။

အစေ့က သစ်ပင်ကို ထိသည်နှင့် စိမ်းပြာရောင်ဖျော့ဖျော့ လင်းလက်သွားကာ သစ်ပင်တစ်ခုလုံး ခဲသွားပြီး နက်ပြာလှိုင်းလေးများ ထွက်ပေါ်လာသည်။ ထိုအခါ ဝမ်လင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး နောက်သို့ အလျင်အမြန် ဆုတ်လိုက်၏။ မျက်တောင်တစ်ခတ် အတွင်း၌ပင် မီတာ ၃၀၀ အချင်းဝက် အတွင်းရှိ အရာအားလုံးသည် အပြာရောင် ကမ္ဘာတစ်ခု အဖြစ်သို့ ပြောင်းသွား၏။

အချင်းဝက် မီတာ ၃၀၀ အတွင်းရှိ မြေပြင်ပေါ်တွင် ရှိသော အရာအားလုံး ရေခဲများ ဖုံးလွှမ်း သွားရုံသာမက မြေအောက် မီတာ ၃၀၀ အတွင်းရှိ သက်ရှိအားလုံး သေဆုံးသွား၏။

ထိုနက်ပြာရောင်လှိုင်းက သူ့ကိုတောင်မှ ထိသွားခဲ့ပြီး တစ်ကိုယ်လုံး လှုပ်၍မရ ဖြစ်သွား စေသည်။ ကံကောင်းသွားသည့် အချက်မှာ ထိုစွမ်းအားသည် သူ့ကိုယ်ထဲမှ စွမ်းအားနှင့် တူညီနေသဖြင့် စွမ်းအားလှိုင်းကို စုပ်ယူ လိုက်ပြီးနောက် ပြန်လည် လှုပ်ရှား၍ ရသွား၏။

သူက ပေါက်ကွဲမှု အလယ်ကို ကြည့်ပြီး တွေးကြည့်လိုက်သည်။ သူသာ အလယ်မှာ ရှိနေခဲ့လျှင် ယခုကဲ့သို့ အဆင်ပြေနေရန် မသေချာပေ။

ဝမ်လင်းက ရေရွတ်လိုက်သည်…

“ဒီစိမ်းပြာရောင် အစေ့က ငါ့မှာရှိတဲ့ ရတနာတွေထဲမှာ အကောင်းဆုံးပဲ… “

ထိုနေရာတွင် ဝမ်လင်းက အချိန်အနည်းငယ် ရပ်နေပြီးနောက် ဂူဆီသို့ ပြန်လာခဲ့၏။ ဂူထဲသို့ ပြန်ရောက်သောအခါ နောက်ထပ် စိမ်းပြာရောင် အစေ့တစ်ခု ရရန်အတွက် အချိန်တော်တော် ပေးလိုက် ရသည်။

သူက သေးငယ်သာ အစေ့လေးကို ကြည့်ပြီး သက်ပြင်းချကာ သိမ်းထားလိုက်သည်။ စိမ်းပြာ ရောင် အစေ့တစ်စေ့ လုပ်ရန်အတွက် စိတ်စွမ်းအင် ပမာဏများများ လိုအပ်ပေသည်။ စိမ်းပြာရောင် အစေ့နှစ်စေ့ လုပ်ပြီးသည့် ယခုအချိန်တွင် အနည်းငယ် အားနည်းနေသည်ဟု ခံစားနေရသည်။

အစေ့က စွမ်းအား ကောင်းသော်လည်း အစေ့တစ်စေ့ရရန် စိတ်စွမ်းအင်များ အလွန် ကုန်ဆုံး ရသည်။ ဝမ်လင်းက မဲ့ပြုံး ပြုံးလိုက်ပြီး ဘူးသီးခြောက်ကို ထုတ်ကာ စိတ်စွမ်းအင် အရည်ကို သောက် လိုက်ပြီး စိတ်စွမ်းအင်များကို ပြန်ဖြည့်တင်း လိုက်သည်။ ညအချိန်သို့ ရောက်လာသောအခါ စိတ်စွမ်းအင် ရာခိုင်နှုန်း ၇၀ မှ ၈၀ ကြားထိ ပြန်ပြည့်နေပြီ ဖြစ်သည်။

ဝမ်လင်းက နောက်ထပ် အစေ့တစ်စေ့ ရရန် သန့်စင်ခြင်းကို စတင်ပြုလုပ်လိုက်သည်။

၃ ရက် ကြာပြီးနောက်တွင် ဝမ်လင်း၏ ရှေ့ရှိ လေထဲတွင် အစေ့ ၃ စေ့ ရှိနေသည်။ သူ၏ မျက်နှာကတော့ အလေးအနက် ထားပြီး တစ်ခုခုကို စဉ်းစားနေသည်။ အစေ့ ၃ စေ့သည် သူ၏ အကန့်အသတ် ဖြစ်ဟန်တူသည်။ လေးခုမြောက် အစေ့ကို ပြုလုပ်ပြီးသည်နှင့် ရှေ့တွင် လုပ်ထားသည့် ၃ စေ့မှ တစ်စေ့သည် အမြဲတမ်း ပျောက်ကွယ်သွား၏။ အကြိမ်များစွာ ပြုလုပ်ပြီးနောက်တွင် ဝမ်လင်းက ၄ ခုမြောက်အစေ့ ပြုလုပ်ရန် အကြံကို စွန့်လွှတ်လိုက်သည်။

စိမ်းပြာရောင် အစေ့၏ စွမ်းအားက ပြင်းထန် အားကောင်းသော်လည်း စဦး စိတ်ဝိညာဉ် အဆင့်ကို ဒဏ်ရာရနိုင် လောက်သည်အထိ မပြင်းထန်သေးပေ။

အစေ့ တစ်ဒါဇင်ခန့်ကို တစ်ပြိုင်နက်တည်း ပစ်လိုက်လျှင်တော့ ဒဏ်ရာရကောင်း ရနိုင်သည်။ သို့သော်လည်း ဝမ်လင်းက ၄ ခုမြောက် တစ်ခုကို ထပ်မံ မပြုလုပ်တော့ပေ။ အချိန် တော်တော် ကြာအောင် စဉ်းစားပြီးနောက်တွင် ဝမ်လင်းက အကြံတစ်ခု ရလိုက်၏။ အစေ့ ၃ စေ့ကို တစ်စေ့တည်း အဖြစ် ပေါင်းစည်းနိုင်လျှင် အစေ့၏ စွမ်းအားက အလွန်အမင်း တိုးတက်သွားမည် ဖြစ်သည်။

ထိုအကြောင်းကို တွေးပြီနောက် ဝမ်လင်းက အနည်းငယ် တုံ့ဆိုင်းနေပြီး ခုခံကာကွယ်ရေး ဝင်္ကပါ အစီအရင် အနည်းငယ်ကို ချထားလိုက်သည်။ ထို့နောက် လုယူထားသော ခုခံကာကွယ်ရေး အဆောင်များကိုလည်း ထုတ်ယူထားလိုက်ကာ ထိုင်ချလိုက်ပြီး အစေ့နှစ်ခုကို တစ်ခုခုနှင့် တစ်ခု ထိတွေ့ ရန် တဖြည်းဖြည်း တိုးကပ်လိုက်သည်။

ဝမ်လင်းက သူ့ ရင်ခုန်သံများက အတိုင်းသား ကြားနေရပြီး မည်သည့် အချိန်တွင်မဆို ထွက်ပြေး နိုင်ရန် ပြင်ဆင်ထား၏။ အစေ့နှစ်ခုက ဖြည်းညင်းစွာဖြင့် ထိသွား၏။

အစေ့နှစ်ခု ထိလိုက်သည့် အခိုက်အတန့်တွင် အချိန်က ရပ်တန့်သွားသကဲ့သို့ ဝမ်လင်း မြင်လိုက် ရသည်။

ထို့နောက် အစေ့နှစ်ခုက တစ်ခုနှင့်တစ်ခု အတားအဆီး တစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ပေါင်းစပ်သွား၏။ အစေ့ အသစ်သည် မူလ အစေ့နှင့် အသွင်သဏ္ဌာန် ပြောင်းလဲမှု မရှိဘဲ အရောင်ကသာ ပိုပြီးတော့ ရင့်သွား၏။

ဝမ်လင်းက အနည်းငယ် ထပ်စဉ်းစားပြီး အသစ် ရလာသော အစေ့နဲ့ ကျန်ရှိနေသော အစေ့ကို ပေါင်းစပ်လိုက်သည်။

အစေ့နှစ်ခု ထိသွားသောအခါ စိမ်းပြာရောင် အလင်းတစ်ခု ဖျတ်ခနဲ လက်သွား၏။ ဝမ်လင်း၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး တည်နေရာ ရွေ့ပြောင်းခြင်းဖြင့် ဂူထဲမှ ပျောက်ကွယ် သွားသည်။ သူ ပျောက်ကွယ် သွားသည်နှင့် တစ်ပြိုင်နက် စိမ်းပြာရောင်အလင်းက ကျယ်ပြန့်လာပြီး ၁ ကီလိုမီတာ အချင်းဝက် အတွင်းရှိ အရာအားလုံးကို ရေခဲကမ္ဘာ တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။

ဝမ်လင်းသည် ၁ ကီလိုမီတာ အကွာတွင် ပြန်ပေါ်လာသည်။ သူက စိမ်းပြာရောင် အလင်း၏ အပြင်ဘက်တွင် ရှိသော်လည်း သူ့ခြေထောက်မှ တိုးဝင်လာသော အအေးဓာတ်ကို ခံစားမိ၏။

ဝမ်လင်းက သူ့ရှေ့မှ ရေခဲကမ္ဘာကြီးကို ကြည့်ပြီး စတင်စဉ်းစား လိုက်သည်။ တည်နေရာ ပြောင်းရွှေ့ခြင်း တစ်ခုကို သုံးလိုက်ရသော်လည်း တန်သည်ဟု ဆိုရပေမည်။ ကြည့်ရသည်မှာ အစေ့ ပေါင်းစပ်ခြင်းသည် နှစ်စေ့က နောက်ဆုံး အကန့်အသတ် ဖြစ်ဟန်တူသည်။

သူက ဂူကိုကြည့်ပြီး မဲ့ပြုံး ပြုံးလိုက်သည်။ ထို့နောက် နောက်ထပ် နေရာတစ်ခုကို ရှာပြီး ဂူတစ်ခု ကို ပြုလုပ်လိုက်သည်။

နောက်ထပ် ရက်အနည်းငယ် အတွင်းတွင် ဝမ်လင်းသည် အစေ့ နှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ပြီးနောက် ၄ ခုမြောက် အစေ့ကို ပြုလုပ်ကြည့်ရာ အောင်မြင်သွား၏။ အစေ့ ၃ ခုက ကန့်သတ် ချက် ဖြစ်သော်လည်း နှစ်ခုက ပေါင်းစပ်သွားသည့် အတွက် သူ့ထံတွင် နှစ်ခုသာ ကျန်တော့သည်။ ထို့ကြောင့် နောက်ထပ် တစ်ခုကို ဖန်တီးနိုင်ခြင်း ဖြစ်သည်။

အစေ့ ၃ နှင့် အစေ့ ၄ ကို ပေါင်းစပ်လိုက်ပြီး ၅ ခုမြောက် အစေ့ကို ထပ်မံပြုလုပ် လိုက်သည်။ နောက်ဆုံးတွင် ဝမ်လင်းက အစေ့ ၃ စေ့ကို ဂရုတစိုက် သိုလှောင်အိတ်ထဲတွင် သိမ်းထားလိုက်သည်။ အစေ့ ၃ စေ့တွင် ၂ စေ့က ကျန်တစ်စေ့ထက် အရောင်ပိုရင့်နေ၏။

အစေ့များကို သိမ်းထားပြီး နောက်ထပ် ၁ လကျော် ကုန်ဆုံးသွားသည်။ ကြွယ်မင်တောင်ကြား၏ အပေါက်ကလည်း ပွင့်တော့မည့်အချိန် နီးကပ်လာလေပြီ။

ဝမ်လင်းက မြေပြင်ပေါ်တွင် ထိုင်ပြီး ကျင့်ကြံနေရာမှ မျက်လုံးကို ဖွင့်လိုက်ပြီး အစိမ်းရောင် အလင်းတန်း တစ်ခုကို ထွေးထုတ်လိုက်သည်။ အစိမ်းရောင် ဓားသေးလေးက တုန်ခါပြီး ဝမ်လင်း၏ ဘေးတွင် ပတ်နေသည်။ ဝမ်လင်းက လက်ကို ‌မြှောက်လိုက်ရာ ဓားက လက်ထဲသို့ ရောက်လာ၏။ သူက ဓားကို စမ်းကြည့်လိုက်ရာ အေးစက်မှုက အရိုးထဲထိ တိုင်အောင် ထွင်းဖောက် သွားသည်ဟု ခံစား လိုက်ရသည်။

ထို သေးငယ်သော အစိမ်းရောင် ဓားလေသည် သူ၏သွေးဖြင့် သန့်စင်ထားခြင်း ဖြစ်သည်။ သူ၏ စိတ်စွမ်းအင်များက ပြောင်းလဲသွားသောကြောင့် ဓားကလည်း ဂျိနယ်ပယ်၏ စွမ်းရည်များကို ရရှိ သွားခြင်း ဖြစ်သည်။

သူက ဓားကို စိတ်စွမ်းအင်နှင့် ပြောင်းလဲပြီး သန့်စင်ရန် ပြင်လိုက်ပြီးမှ ရုတ်တရက် ရပ်တန့် လိုက်သည်။ သူရှိရာ အရပ်သို့ ပျံသန်းလာသည့် ဓားအလင်းတန်း ၁၀၀ ကျော်ကို သတိပြုမိ လိုက်သောကြောင့် ဖြစ်သည်။ သူတို့ကို ကြည့်ရသည့်မှာ တစ်စုံတစ်ယောက်၏ နောက်ကို လိုက်နေသည့် ဟန် ဖြစ်သည်။

ဝမ်လင်း၏ မျက်နှာက အေးစက်သွားပြီး ရေရွတ်လိုက်သည်…

“အဲဒီလူက… “

***

Comment

Leave a Reply

Options

not work with dark mode
Reset