Switch Mode

အခန်း (၁၀၆)

အဆင့်သတ်မှတ်ချက်

အထူး အခြေအနေများမှလွဲ၍ အဆင့် ၅ အောက် နိုင်ငံ အားလုံးသည် အဆင့်တစ်ဆင့် တက်ရန်အတွက် နည်းလမ်း တစ်ခုသာ ရှိသည်။ အဆင့် ၁ နိုင်ငံတွင် အမြုတေ ဖွဲ့တည်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် ရှိပါက ထိုနိုင်ငံသည် အဆင့် ၂ သို့ တက်သွားလိမ့်မည် ဖြစ်သည်။

အဆင့် ၂ နိုင်ငံတစ်ခုတွင် စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူတစ်ယောက် ရှိလာပါက ထိုနိုင်ငံ သည် အဆင့် ၃ နိုင်ငံတစ်ခု ဖြစ်သွားပေလိမ့်မည်။ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ တစ်ယောက် ယောက်က အဆင့် တက်သွားပါက အဆင့် ၄ နိုင်ငံ ဖြစ်သွားလိမ့်မည်။ ထို့အတူ စိတ်ဝိညာဉ် အသွင် ပြောင်းခြင်းအဆင့် ကျင့်ကြံသူ ရှိသည့် နိုင်ငံသည် အဆင့် ၅ နိုင်ငံအဖြစ် သတ်မှတ်ခြင်း ခံရမည် ဖြစ်သည်။

အဆင့် မြင့်သွားလေ အဆင့် တက်ရန် အချိန်က ကြာလေ ဖြစ်သည်။ အဆင့် ၂ မှ အဆင့် ၃ သို့ တက်ရန် နှစ်ပေါင်း ထောင်ဂဏန်းခန့်သာ လိုသော်လည်း အဆင့် ၃၊ ၄၊ ၅၊ ၆ နိုင်ငံများသည် အဆင့်တစ်ခု တက်ရန် နှစ်ပေါင်း သောင်းဂဏန်းလောက်ဖြင့် မလုံလောက်တော့ချေ။

နိုင်ငံ တစ်ခုသည် အဆင့် ၄ သို့ ရောက်ရှိ သွားလျှင် တိုက်ပွဲ မြေပြင်သို့ ဝင်ရောက် ကြရသည်။ သို့သော်လည်း အဆင့် ၄ နိုင်ငံမှ ကျင့်ကြံသူများသည် အဆင့် ၅ နိုင်ငံမှ ကျင့်ကြံသူများနှင့် မယှဉ်နိုင်ချေ။

ဥပမာ ပေးရလျှင် အဆင့် ၄ နိုင်ငံမှ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူ သည် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရှိ သွားလျှင်တောင်မှ အဆင့် ၅ နိုင်ငံမှ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူများ ရှေ့တွင် မွေးကင်းစ ကလေးနှင့် အလားသဏ္ဌာန် တူပေသည်။

အမှန်တကယ်တွင် ပြင်ပတိုက်ပွဲ မြေပြင်၌ အဆင့် ၄ နိုင်ငံ၏ အဆင့်အတန်းသည် နောက်သို့ ပြန်ဆုတ် လာသော အဆင့် ၅ နိုင်ငံများအတွက် တိုက်ခိုက်ပေးရန် ဖြစ်သည်။

နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲသည် အဆင့် ၅ နိုင်ငံများကြား တိုက်ပွဲသာ ဖြစ်သည်။

နိုင်ငံ တစ်ခုသည် အဆင့် ၅ သို့ ရောက်သွားလျှင် အကြီးမားဆုံး ပြဿနာသည် အရင်းအမြစ် ချို့တဲ့ခြင်း ဖြစ်သည်။ နိုင်ငံတစ်ခုတွင် များပြားလှသော ကျင့်ကြံသူများ ရှိ၏။ သူတို့က ထိုပြဿနာကို မဖြေရှင်း နိုင်ပါက နိုင်ငံသည် ပြိုလဲ သွားပေလိမ့်မည်။

အဆင့်နိမ့် နိုင်ငံများမှ အရင်းအမြစ်များကို လုယူခြင်းသည် ပြဿနာကို မဖြေရှင်းနိုင်ပေ။ တကယ့် အဖြေအစစ်သည် အဆင့် ၆ နိုင်ငံသို့ ရောက်အောင် မြှင့်တင်ခြင်း ဖြစ်သည်။

အဆင့် ၅ မှ အဆင့် ၆ နိုင်ငံသို့ မြှင့်တင်ခြင်းက ကျင့်ကြံခြင်း အဆင့်နှင့် သတ်မှတ်ထားခြင်း မဟုတ်ပေ။ ပြင်ပတိုက်ပွဲ မြေပြင်နှင့် ဆက်စပ်နေခြင်း ဖြစ်သည်။

ပြင်ပတိုက်ပွဲ မြေပြင်သည် လေဟာနယ် အက်ကွဲ ကြောင်းများဖြင့် ပြည့်နေသော နေရာတစ်ခု ဖြစ်သည်။ ထို့အပြင် ပြင်ပတိုက်ပွဲ မြေပြင်တွင် ရှိသည့် ဟင်းလင်းပြင် လေများကလည်း စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် တစ်ယောက်ကိုပင် အလွယ်တကူ သတ်ပစ်နိုင်၏။

တစ်ယောက်ယောက်ကို ဟင်းလင်းပြင် လေဖြင့် ထိမိသွားပါက ထိုလူသည် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ မရောက်သေးလျှင် ချက်ချင်း အမှုန့်ဘဝ ပြောင်းသွားပေလိမ့်မည်။

ဟင်းလင်းပြင် လေများအပြင် တခြား အန္တရာယ်ရှိသော အရာများလည်း ရှိသေး၏။ အဆင့် ၆ နိုင်ငံ တစ်ခုမှ အဆင့်မြင့် ကျင့်ကြံသူများ သာလျှင် ပြင်ပတိုက်ပွဲ မြေပြင် အတွင်း၌ စိတ်ကြိုက် သွားလာ လှုပ်ရှား နိုင်သည်။

နှစ်ပေါင်း ၃၀၀ သို့မဟုတ် ၄၀၀ တိုင်းတွင် ပြင်ပ စစ်မြေပြင် အတွင်း၌ အဆင့် ၄ နိုင်ငံများကြား တိုက်ပွဲကြီးများ ဆင်နွှဲကြသည်။ ထို တိုက်ပွဲကို ကျင့်ကြံခြင်း အဖွဲကြီးမှ ခွင့်ပြု ပေးထားခြင်း ဖြစ်သည်။

တစ်ယောက်ယောက်ကသာ တိုက်ပွဲ ၁၀၀၀ ကို ဆက်တိုက်နိုင်လျှင် သူ၏ နိုင်ငံသည် အဆင့် ၆ နိုင်ငံသို့ တိုးမြှင့်ပေးခြင်း ခံရလိမ့်မည် ဖြစ်သည်။ ထို့အပြင် အနိုင်ရသွားသည့် နိုင်ငံသည် ကျင့်ကြံခြင်း အဖွဲ့ကြီး ဆီသို့ အထူး ကျင့်စဉ်များကို သင်ယူရန် လူတစ်ယောက်ကို စေလွှတ်နိုင်သည်။ သို့သော်လည်း အဆင့် ၅ နိုင်ငံများကို အရူးအမူး ဖြစ်စေသည့် အကြီးဆုံး ဆုတစ်ခု ကျန်သေး၏။ ထိုဆုမှာ အခြေစိုက် နေရာအဖြစ် အသုံးပြုရန် ကိုယ်ပိုင်နေရာ (ဂြိုလ်) တစ်ခု ပေးအပ်ခြင်း ဖြစ်သည်။

တိုက်ပွဲ မြေပြင်သည် အဆင့် ၅ နိုင်ငံများအတွက် အဆင့် တိုးမြှင့်ရန် နေရာ တစ်ခုသာလျှင် ဖြစ်သည်။ အဆင့် ၆ နိုင်ငံတစ်ခု ဖြစ်လာရန်အတွက် တိုက်ပွဲ ၁၀၀၀ ကို ဆက်တိုက်နိုင်ရန် လိုအပ် သကဲ့သို့ သတ်မှတ်ထားသည့် အချိန်အတွင်း ဂြိုလ်ပေါ်တွင် အဆင့် ၁ မှ ၅ အထိ နိုင်ငံများစွာ ရှိရန် လိုအပ်သည်။

ပြင်းထန်လှသော တိုက်ပွဲများသည် ပြင်ပတိုက်ပွဲ မြေပြင်ထဲတွင် ခန္ဓာကိုယ်များနှင့် ပစ္စည်း များစွာ ချန်ထားခဲ့ကြ၏။ ထိုအရာများကို ရှင်းလင်းရန် လိုအပ်ပေသည်။ ရှင်းလင်းရာတွင် အဆင့် ၆ နိုင်ငံမှ တင်းကြပ်သော စည်းမျဉ်းတစ်ခုကို ထုတ်ပြန်ထား၏။ အဆင့် ၃ နှင့် အဆင့် ၃ အောက် နိုင်ငံများသာ ပြင်ပတိုက်ပွဲ မြေပြင် ရှင်းလင်းရေးတွင် ပါဝင်ခွင့် ရှိ၏။ ပြင်ပတိုက်ပွဲ မြေပြင်အတွင်းရှိ ကျန်ရစ်ခဲ့သော ပစ္စည်းများသည် အဆင့်နိမ့် နိုင်ငံများအတွက် အလွန် တန်ဖိုးရှိလှသည်။

ပြင်ပတိုက်ပွဲ မြေပြင်ကို အဆင့် ၅ နိုင်ငံများအား ကျောထောက်နောက်ခံ ပြုထားသည့် အဆင့် ၄ နိုင်ငံများပေါ် မူတည်၍ နေရာများ ပိုင်းခြားထား၏။

ကျောင်းနိုင်ငံအတွက်မူ ပြင်ပတိုက်ပွဲ မြေပြင် ရှင်းလင်းရေးတွင် ပါဝင်ခွင့် ရရန်အတွက် ကြွယ်မင် တောင်ကြားကို ပြုလုပ်ထားခြင်း ဖြစ်သည်။

ကြွယ်မင် တောင်ကြား၏ အပြင်ဘက်တွင် လွန်ခဲ့သော နှစ်ပေါင်း ထောင်ပေါင်းများစွာက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်တစ်ယောက်က ပြုလုပ် ပေးထားခဲ့သော ကြီးမားသော ဝင်္ကပါ အစီအရင် တစ်ခု ရှိသည်။ ထိုဝင်္ကပါ အစီအရင်သည် အမြုတေ ဖွဲ့တည်ခြင်း အဆင့် သို့မဟုတ် စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူများကို ကြွယ်မင် တောင်ကြားထဲသို့ မဝင်ရောက် နိုင်စေရန် တားဆီး ထား၏။

ထို့ကြောင့် ထန်းဟွယွမ်က ဝမ်လင်းသည် ကြွယ်မင် တောင်ကြားထဲ ရောက်နေသည်ကို သိသော်လည်း အထဲသို့ ဝင်ပြီး မသတ်နိုင်ခြင်း ဖြစ်သည်။

ကြွယ်မင်တောင်ကြားသည် ပြင်ပ တိုက်ပွဲမြေပြင် ရှင်းလင်းရေး အတွက် ဝင်ခွင့် ယှဉ်ပြိုင်သည့် နေရာသာ မဟုတ်ဘဲ ပြင်ပ တိုက်ပွဲမြေပြင် အတွင်းသို့ ဝင်ရောက်နိုင်သည့် ဝင်ပေါက် တစ်ခုလည်း ဖြစ်သည်။

ပြင်ပ တိုက်ပွဲမြေပြင်သို့ ဝင်ရန်အတွက် အဆင့် ၃ နိုင်ငံများနှင့် အဆင့် ၃ အောက်နိုင်ငံများ ဖြစ်ရမည့် အပြင် အထဲသို့ ဝင်ရောက်ရမည့် ကျင့်ကြံသူများကလည်း အမြုတေ ဖွဲ့တည်ခြင်း အဆင့်ထက် ကျော်လွန်နေလျှင် ဝင်နိုင်မည် မဟုတ်ချေ။

ယေဘုယျအားဖြင့် ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသည် ကြွယ်မင် တောင်ကြားမှ တိုက်ရိုက် ဝင်သွားကြပြီး နှစ် ၅၀ အတွင်း ပြန်ထွက် မလာနိုင်ပေ။

ထိုအကြောင်းကို ထန်းဟွယွမ်က သိသဖြင့် ဝမ်လင်း၏ မိသားစုဝင်များကို သတ်ပစ်ကာ သူတို့၏ ဝိညာဉ်များဖြင့် ဝမ်လင်းကို အပြင်သို့ ထွက်လာအောင် ပြုလုပ်ခြင်း ဖြစ်သည်။

မဟုတ်ပါက သူသည် ဝမ်လင်းကို သတ်ချင်လျှင် နှစ် ၅၀ စောင့်ရပေလိမ့်မည်။

ယခု အချိန်တွင် ကြွယ်မင် တောင်ကြားရှိ ကျင့်ကြံသူ အားလုံးနီးပါးသည် မိစ္ဆာနှင့်တူသော လူသတ်သမား အကြောင်းကို သိနေကြပြီး ဖြစ်သည်။ တချိုက သူသည် အမြုတေ ဖွဲ့တည်ခြင်း အဆင့်မှ ဖြစ်ပြီး နည်းလမ်းတစ်ခုခုကို သုံး၍ ကြွယ်မင် တောင်ကြားသို့ ဝင်လာခြင်း ဖြစ်ကြောင်း ထင်ကြေး ပေးကြ၏။

ဝမ်လင်းက ကြွယ်မင် တောင်ကြားထဲတွင် မြောက်အရပ်ကို ဦးတည်၍ လျှောက်နေသည်။ သူ၏ ခန္ဓာကိုယ်ထဲတွင်လည်း စိတ်စွမ်းအင်များ တစ်ဟုန်ထိုး စီးဆင်းနေ၏။ လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း လူများစွာကို သတ်ပစ်ခဲ့ခြင်းကြောင့် သူ၏ သတ်ဖြတ်ခြင်း စိတ်ဆန္ဒသည် အလွန်ပြင်းထန် အားကောင်း လာ၏။

ယခုအချိန်တွင် ဝမ်လင်း၏ စိတ်ထဲတွင် ဘာမှရှိမနေချေ။ လူပေါင်းမည်မျှ သတ်ခဲ့ပြီလဲ သူမသိချေ။ ထို့အတူ ကြွယ်မင်တောင်ကြား အတွင်းရှိ ကျန်နေသေးသော လူများက သူ့ကို မြင်တိုင်း မျက်နှာများ ဖြူရော်ပြီး ခန္ဓာကိုယ်ကလည်း တုန်ယင် နေသည်ကိုလည်း သူမသိချေ။

နောက်ထပ် ရက်အနည်းငယ် ကြာပြီးနောက်တွင် ကြွယ်မင်တောင်ကြား၏ အစွန်းတစ်ဖက်သို့ ရောက်ရှိ လာ၏။ ဝမ်လင်း ရောက်ရှိနေသည့် နေရာသည် အလွန် မက်စောက်သော ချောက်ကမ်းပါး တစ်ခုတွင် ဖြစ်သည်။ ထိုချောက်ကမ်းပါးမှ တစ်ဖက်ခြမ်းကို ဆင်းလိုက်လျှင် ကြွယ်မင်တောင်ကြား၏ အပြင်ဘက်သို့ ရောက်သွားမည် ဖြစ်သည်။

လွန်ခဲ့သည့် ရက်များကတည်းက ဝမ်လင်းသည် အချိန်တိုင်း သူ့မိဘများ အကြောင်းကိုသာ တွေးမိနေပြီး သူ့နှလုံးသားက တဆစ်ဆစ် ကိုက်ခဲနေရသည်။ ထို ဒဏ်ရာကြောင့် တစ်ခါတစ်ရံတွင် ဝမ်လင်းသည် သွေးအန် ရလောက်သည်အထိ ခံစားရ၏။

အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာသကဲ့သို့ သူ၏ ခန္ဓာကိုယ်ကလည်း ပိုပိုပြီး အားနည်း လာသည်။ သို့သော်လည်း သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များကတော့ ဂျိနယ်ပယ်နှင့် ပိုပိုပြီး နီးကပ်လာ၏။

ဝမ်လင်းက ချောက်ကမ်းပါး အောက်ခြေတွင် ရပ်ပြီး ကောင်းကင်ကို မော့ကြည့်နေသည်။ ရုတ်တရက် သူက မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး မြေပြင်ကို ဦးခေါင်းဖြင့် အကြိမ်ကြိမ် ဦးတိုက် လိုက်သည်။ သွေးစီးကြောင်း နှစ်ကြောင်းကလည်း ပါးနှစ်ဖက်ပေါ်တွင် စီးကျလာသည်။

“အမေနဲ့ အဖေ… ထေ့ကျူးက အဖေနဲ့ အမေရဲ့ သားအဖြစ် မခံယူ ဝံ့ပါဘူး… “

“ဟင်း… “

ဝမ်လင်း၏ စိတ်ထဲတွင် သက်ပြင်းချသံတစ်ခု ပေါ်လာသည်။

ဝမ်လင်းက အချိန် တော်တော်ကြာ ဒူးထောက်နေပြီးမှ မတ်တတ် ထရပ်လိုက်သည်။ သူ၏ မျက်လုံးများက အေးစက်နေ၏။

“မင်း ဘယ်အချိန်က နိုးတာလဲ… “

စစ်ထူနန်က ပြန်ဖြေလိုက်သည်…

“လွန်ခဲ့တဲ့ ၅ ရက်က … ထန်းဟွယွမ်ရဲ့ အသံမက်ဆေ့ကို ငါလည်း ကြားတယ်… အဲဒီ ဝိညာဉ်ချုပ် အလံက ဝိညာဉ်တွေကို ဖမ်းဆီးထားနိုင်တဲ့ စဦးစိတ်ဝိညာဉ် အဆင့် အလံတစ်ခုပဲ… ဝိညာဉ်တွေ အကောင်းပကတိ ရှိနေသမျှ ပြန်လည် ရှင်သန်လာအောင် လုပ်ဖို့အတွက် နည်းလမ်းရှိတယ်… “

ဝမ်လင်းက ခဏလောက် စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

“ထန်းဟွယွမ်က မင်း ထွက်ပြေးမှာ ကြောက်လို့ မင်းမိဘတွေကို သတ်လိုက်တာပဲ… မင်းက သူနဲ့ မျက်နှာချင်းဆိုင် ပေါ်ထွက်လာဖို့အတွက် မင်းကို ဖိအားပေးလိုက်တာ… ဝမ်လင်း ငါ့ရဲ့ အစွမ်းက အများကြီး ကျန်တော့တာ မဟုတ်ဘူး… တည်နေရာ ပြောင်းရွေ့ခြင်းကို မင်းအတွက် ၃ ကြိမ်ပဲ အသုံးပြု ပေးနိုင်တော့မယ်… မင်းက ဒါကို အကျိုးရှိရှိ အသုံးချပါ… ငါ ပြန်အိပ်လိုက်ဦးမယ်… ပြင်ပတိုက်ပွဲ မြေပြင်ထဲကို သွားဖို့ တိုက်တွန်းချင်တယ်… အဲဒီမှာဆိုရင် ငါ့ရဲ့ ပြန်ကောင်း လာနိုင်စွမ်းက ပိုပြီး မြန်လိမ့်မယ်… “

စစ်ထူနန်၏ အသံက တဖြည်းဖြည်း တိုးလာပြီး ပျောက်ကွယ်သွား၏။

ဝမ်လင်းက မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်သည်…

“၃ကြိမ်… “

***

Comment

Leave a Reply

Options

not work with dark mode
Reset