Switch Mode

အခန်း (၁၀၅)

ရှေးခေတ်တစ်ချိန်က ဂျိနယ်ပယ်

ရှေးနှစ်ပေါင်းများစွာက ဂျိ၊တောက်၊ ရှီဆိုသည့် စိတ်စွမ်းအင်နယ်ပယ် ၃ ခုကို နားလည် သဘောပေါက်ပြီး ရောက်ရှိသွားရန် ခက်ခဲ၏။ လျှို့ဝှက် ဆန်းကြယ်မှုတွင် ဂျိ နယ်ပယ်က တောက် နယ်ပယ်ကို မယှဉ်နိုင် သကဲ့သို့ မခန့်မှန်း နိုင်မှုများတွင်လည်း ဂျိနယ်ပယ်က ရှီနယ်ပယ်ကို မယှဉ်နိုင်ပေ။

သို့သော်လည်း ဂျိနယ်ပယ်က ကြောက်မက်ဖွယ် ကောင်းပုံကို တခြားနယ်ပယ် နှစ်ခုက လုံးဝ မယှဉ်နိုင်ပေ။ ဂျိနယ်ပယ်နှင့် ကျင့်ကြံသူ တစ်ယောက်သည် တခြား အဆင့်တူ ကျင့်ကြံ သူများထက် အဆပေါင်း များစွာ အစွမ်းထက်၏။

ဂျိနယ်ပယ်နှင့် ကျင့်ကြံသူ တစ်ယောက်က အဆင့်တူ ကြားထဲတွင် ပြိုင်ဘက်ကင်း ဖြစ်သော် လည်း ဂျိနယ်ပယ်တွင် အားနည်းချက်ကြီး တစ်ခု ရှိနေသည်။ ထို အားနည်းချက်သည် ဂျိနယ်ပယ်ကို ဝင်ရောက်ထားသည့် ကျင့်ကြံသူ တစ်ယောက်သည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ဘယ်တော့မှ မရောက်ရှိ နိုင်ပေ။ စဦးစိတ်ဝိညာဉ် နှောင်းပိုင်းအဆင့်သည် ရောက်ရှိနိုင်သော အမြင့်ဆုံး အဆင့် ဖြစ်သည်။

သို့သော်လည်း ဂျိနယ်ပယ်ကို ဝင်ရောက်ထားသည့် စဦးစိတ်ဝိညာဉ် နှောင်းပိုင်းအဆင့်သို့ ရောက်နေသော ကျင့်ကြံသူ တစ်ယောက်အား စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကပင် ပြဿနာ မရှာရဲပေ။

ဂျိနယ်ပယ် ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအားက ကြောက်မက်ဖွယ် ကောင်းသော်လည်း ရှေးခေတ် တစ်ချိန်တုန်းက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက် ပျံသန်း သွားသည့် လမ်းကြောင်းတစ်ခုကို စစ်ဆေးကြည့်ရာ ထိုလူသည် ဂျိနယ်ပယ်က ဖြစ်ကြောင်း သိရှိလိုက်ကြသည်။

ထိုသတင်းသည် ကျင့်ကြံခြင်း လောကရှိ ကျင့်ကြံသူ အားလုံးကို ကြောက်ရွံ့မှုများဖြင့် လှုပ်ခတ် သွားစေသည်။

ထိုကျင့်ကြံသူက ကျင့်ကြံခြင်းလောကတွင် နှစ် ၃၀၀၀ ကျော် သောင်းကျန်း သွားခဲ့သည်။ ကျင့်ကြံခြင်း လောကတွင် သူ့အား ယှဉ်နိုင်သူ တစ်ယောက်မှ မရှိခဲ့ကြချေ။ တစ်ယောက်ယောက်က သူ့ကို ဒေါသ ထွက်စေခဲ့လျှင် သူက တစ်မိသားစုလုံး၊ တစ်ဂိုဏ်းလုံးကို အမြစ်ဖြတ် သတ်ပစ်တတ်၏။

ထို နှစ် ၃၀၀၀ အတွင်း မည်သူကမှ သူ့နာမည်ကို အသံ မထွက်ရဲကြချေ။

ဂျိနယ်ပယ်သည် ကောင်းကင်ကို အံတုသော တည်ရှိမှုတစ်ခု ဖြစ်သည်။ ဂျိနယ်ပယ် ကျင့်ကြံ သူများသည် အဆင့်တူများထဲတွင် ပြိုင်ဘက်ကင်း ဖြစ်ရုံသာမက သူတို့၏ ဂျိနယ်ပယ် စိတ်စွမ်းအင် များဖြင့် အသုံးပြုလိုက်သည့် နည်းစနစ် အားလုံးသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။ စဦး စိတ်ဝိညာဉ် အဆင့်၌သာ ရပ်တန့်သွားသည့် အားနည်းချက်သာ မရှိခဲ့လျှင် ကျင့်ကြံခြင်း လောက တစ်ခုလုံးသည် ကပ်ဘေး ကျသကဲ့သို့ ဖြစ်သွားမည်မှာ အမှန်ပင်။

မိစ္ဆာလမ်းစဉ်က ရက်စက် ကြမ်းကြုတ်သော သားရဲတစ်ကောင် ဖြစ်လျှင် ဂျိနယ်ပယ် လမ်းစဉ် နှင့် ယှဉ်လိုက်ပါ အိမ်တွင်‌မွေးသော အလှမွေး ခွေးအဆင့်သာလျှင် ရှိ၏။

ရှေးယခင်က ဂျိနယ်ပယ်နှင့် ပတ်သက်ပြီး လေ့လာမှုများကို မရပ်တန့်ခဲ့ကြချေ။ သို့သော်လည်း အဆုံး၌ ဂျိနယ်ပယ်နှင့်ပက်သတ်၍ အပေါ်ယံလောက်သာ နားလည်ခဲ့ကြသည်။

ကံကောင်းစွာဖြင့် တစ်ယောက်သာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ချိုးဖြတ် နိုင်ခဲ့ပြီး နောက်ထပ် ဂျိနယ်ပယ် မျိုးဆက်များ အားလုံးသည် စဦးစိတ်ဝိညာဉ် နှောင်းပိုင်း အဆင့်၌သာ ရပ်တန့် သွားကြ၏။

နှစ်များကြာလာသည်နှင့်အမျှ ဂျိနယ်ပယ်နှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာများ အားလုံး သည် ပျက်စီးဆုံးရှုံး သွားရပြီ ဖြစ်သည်။ ယနေ့ ခေတ်တွင် ကျင့်ကြံသူများက ဂျိနယ်ပယ်ကိုပင် မသိ ကြတော့ချေ။

အဆင့်မြင့် နိုင်ငံများမှ အင်အား ကြီးမားသော ဂိုဏ်းကြီးများ၏ စာကြည့်တိုက်များတွင်သာ ဂျိနယ်ပယ်နှင့် ပတ်သက်သည့် အနည်းငယ်သော အချက်အလက်များ ကျန်ရှိနေ၏။

ရှေးခတ် အချိန်တုန်းက ပါရမီရှင် ကျင့်ကြံသူ တစ်ယောက်ကို ကူးနီ တိုင်းပြည်တွင် မွေးဖွား ခဲ့သည်။ အသက် ၁၀ နှစ်တွင် အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်ရှိခဲ့ပြီး ထိုနှစ်တွင်ပင် သူ၏ ဂိုဏ်းတစ်ခုလုံးကို တခြား ဂိုဏ်းများက အမြစ်ဖြတ် သုတ်သင်ခဲ့ကြသည်။ နောက် ၅ နှစ် ကြာပြီး နောက်တွင် ထူးခြား ဆန်းကြယ်သော ကျင့်ကြံသူတစ်ယောက် ပေါ်လာပြီး တစ်လအတွင်း ကျင့်ကြံသူ ၁၀၀၀၀ ကျော်ကို သတ်ပစ်ခဲ့သည်။ သူက စဦးစိတ်ဝိညာဉ် အဆင့်များကို လွယ်ကူစွာ သတ်ပစ် နိုင်ရုံသာမက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်မှ ကျင့်ကြံသူများ ကိုပင် သတ်နိုင်၏။ နောက်ဆုံးတွင် လမ်းမှန် ဂိုဏ်းများနှင့် မိစ္ဆာဂိုဏ်းများ ပူးပေါင်း၍ သူ့ကို သတ်ဖြတ်ရန် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူကို လွှတ်ခဲ့ရ၏။

ရှေးခတ် တစ်ချိန်တုန်းက ကြယ်လင်သော ရေနိုင်ငံသည် ဖျက်ဆီးခံရပြီး ဘုရင်သည် ဂိုဏ်းတစ်ခု အတွင်းသို့ ဝင်ရောက်သွား၏။ နောက်နှစ် ၃၀ ကြာပြီးနောက်တွင် သူက ဂိုဏ်းမှ ထွက်လာပြီး ကျင့်ကြံသူ အားလုံးကို စိတ်လွတ်ကိုယ်လွတ် သတ်ဖြတ်တော့သည်။ ၇ ရက် ကြာပြီးနောက် ကြည်လင် သော ရေနိုင်ငံ တစ်ခုလုံးတွင် ကျင့်ကြံသူ တစ်ယောက်မှ မကျန်တော့ချေ။ သူ၏ ဂိုဏ်းကို တောင်မှ မချန်ဘဲ သတ်ဖြတ်ခဲ့သည်။

ထိုအခါ အဆင့်မြင့် နိုင်ငံများက ကျင့်ကြံသူများက ထိုဘုရင်ကို သတ်ဖြတ်ရန် ပြင်ဆင်ကြသည်။ သို့သော်လည်း ဘုရင်က တိုက်ခိုက်နေရင်း ရှုပ်ထွေးနေသည့် ကြားထဲတွင် ရုတ်တရက် ပျောက်သွား၏။ တချို့ ကျင့်ကြံသူများက ထိုဘုရင်သည် ကောင်းကင်မှ ပစ်ဒဏ်ပေးခြင်းကို ခံလိုက်ရသည်ဟု ယုံကြည် ခဲ့ကြသည်။

ထိုလူနှစ်ယောက်တွင် တူနေသည့် အချက်တစ်ချက် ရှိ၏။ ထိုအရာမှာ နှစ်ယောက်လုံးတွင် ဂျိနယ်ပယ် ရှိခြင်းပင် ဖြစ်သည်။

ဂျိနယ်ပယ်ကို ရရှိရန် မည်သို့ လုပ်ရမည်ကို မည်သူမှ မသိကြချေ။ တချို့လူများ ပြောင်းလဲမှု တစ်ခုခုနှင့် ကြုံကြိုက်လျှင် ဂျိနယ်ပယ်ကို ရရှိနိုင်သည်ဟု ယုံကြည်ကြသည်။

မြောက်မြားလှသော ထင်မြင်ချက်များ ပျံ့နှံ့နေသော်လည်း အချိန်များ ကြာလာသည်နှင့်အမျှ ထို အကြောင်းအရာ များသည်လည်း ပျောက်ကွယ်သွား၏။

သို့သော်လည်း ယခုအချိန်၌ အဆင့် ၃ နိုင်ငံ တစ်ခုမှ မည်သူမှ စိတ်ဝင်စားခြင်း မရှိသည့် ကြွယ်မင် တောင်ကြားဟု ခေါ်ဆိုသော နေရာလေးတစ်ခုတွင် ဝမ်လင်းဟု ခေါ်သော ကျင့်ကြံသူ တစ်ယောက်က အစစ်အမှန် ဂျိနယ်ပယ်လမ်းကို ရောက်ရှိသွား၏။

ထန်းဟွယွမ်သာ ထိုအကြောင်းကို သိခဲ့ပါက ဝမ်လင်းကို ဂျိနယ်ပယ်သို့ ရောက်သွားစေမည့် ကိစ္စများကို လုပ်ခဲ့လိမ့်မည် မဟုတ်ပေ။

ဝမ်လင်းက မြေပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်ထား၏။ သူနှင့် ၁၂ မီတာ ပတ်လည်အတွင်းရှိ အရာအားလုံးကို ရေခဲများဖြင့် ဖုံးအုပ်ထားသည်။

သူ့ရင်ဘတ်မှ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့သည် ယခင်နှင့် မတူညီစွာ အနက်ရောင် အလင်းများကို ထုတ်လွှတ်ပြီး ရင်ဘတ်မှ ပျံသန်းသွားကာ ဝမ်လင်း၏ ခေါင်းပေါ်တွင် မျောနေ၏။

ထန်းဟွယွမ်က ဝမ်လင်းနှင့် သူ့မိသားစုကြားမှ ဆက်နွှယ်မှုကို အသုံးပြုကာ ဝမ်လင်း၏ စိတ်ထဲတွင် အသံမက်ဆေ့ တစ်ခုကို ချန်ထားလိုက်သည်။

“ငါ မင်းကို ကြွယ်မင်တောင်ကြားအပြင်ဘက်မှာ စောင့်နေမယ်… တောင်ကြား ပွင့်လာတဲ့ အချိန်မှာ မင်း ထွက်မလာရင် ငါ ဒီဝိညာဉ်ချုပ် အလံကို ဖျက်ဆီးပစ်မယ်… ဒါဆိုရင် မင်းရဲ့ မိဘတွေရဲ့ ဝိညာဉ်၊ ဆွေမျိုးတွေရဲ့ ဝိညာဉ်အားလုံးလည်း ပျက်စီး သွားလိမ့်မယ်… “

ထိုအချိန်တွင် သူ့နောက်မှ လိုက်လာသော ကျင့်ကြံသူ ၃ ယောက်ကလည်း သူ့ကို မီသွား၏။ သူတို့သည် ရှေ့မှ ရေခဲများ ဖုံးလွှမ်းနေသော မြင်ကွင်းကို ကြည့်ပြီး ရင်ထဲတွင် တင်းကျပ် သွားကြသည်။

အထူးသဖြင့် ရေခဲပြင်၏ အလယ်ရှိ လူငယ်သည် ပို၍ပင် ကြောက်ဖို့ ကောင်းနေ၏။ သူ၏ ခန္ဓာကိုယ်မှ ဖျက်ဆီးခြင်း အော်ရာများ ထွက်ပေါ်နေပြီး ခန္ဓာကိုယ်သန့်စင်ခြင်း အလယ်အဆင့် ကျင့်ကြံ သူကိုပင် ကြက်သီးမွေးညင်းများ ထလာစေသည်။

အနည်းငယ် တုံ့ဆိုင်း နေပြီးနောက် ခန္ဓာကိုယ်သန့်စင်ခြင်း အလယ်အဆင့် ကျင့်ကြံသူက ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီး လက်ကို ၀ှေ့ယမ်းကာ အော်ပြောလိုက်သည်… “

နောက်ဆုတ်မယ်… “

ထိုအချိန်တွင် အမျိုးသမီးတပည့်က ဝမ်လင်း၏ ခေါင်းပေါ်မှ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ကို သေချာ ကြည့်ပြီး ပြောလိုက်သည်…

“စီနီယာ… အဲဒီ ပုတီးစေ့ကို ရင်းနှီး နေသလိုပဲ… “

တခြား အမျိုးသားကလည်း ပြောလိုက်သည်…

“ဒီပုတီးစေ့က ဘိုးဘေး ငါတို့ကို ပြောလိုက်တဲ့ ပုတီးစေ့မလား… နေဦး… ပုတီးစေ့ပေါ်က ပုံစံက ကွဲပြားနေတယ်… ဘိုးဘေး ငါတို့ကို ပြလိုက်တာက သက်တံ့တိမ်ပုံစံ ဒါပေမဲ့ ဒီပုတီးစေ့ကတော့ သစ်ရွက်… “

ခန္ဓာကိုယ် သန့်စင်ခြင်း အလယ်အဆင့် ကျင့်ကြံသူသည် အနည်းငယ် တိုးကပ်ပြီး ကြည့်လိုက်ရာ သူ၏ အမူအရာက လေးနက်သွား၏။ ပုတီးစေ့ပေါ်မှ ရုပ်ပုံများမှ လွဲ၍ ဘိုးဘေး ပြောလိုက်သော ပုတီးစေ့နှင့် တစ်ထေရာတည်း တူနေသည်။ သူ့ခေါင်းထဲတွင်လည်း ပုတီးစေ့အတွက် ရရှိမည့် ဆုလာဘ်များ ပေါ်လာသည်။

“ပုတီးစေ့ ပေးအပ်နိုင်သည့် မည်သူမဆို စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ရတနာတစ်ခု ရရှိမည် ဖြစ်ပြီး ဂိုဏ်းကလည်း စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ရှိ ရုပ်သေး ၁၀ ခု ရရှိမည် ဖြစ်သည်။ သူတို့၏ နိုင်ငံကိုလည်း အဆင့်တစ်ဆင့် မြှင့်ပေးမည် ဖြစ်သည်။

သူက တွေးတွေးဆဆဖြင့် ပြောလိုက်သည်…

“ဒီပုတီးစေ့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ… ငါတို့ ဒီပုတီးစေ့ကို ရအောင် ယူသင့် တယ်… “

အမျိုးသမီး ကျင့်ကြံသူက အသံလွှင့် ကျောက်စိမ်းပြားကို ထုတ်ယူပြီး အသံ ပို့လိုက်တော့မည့် အချိန်တွင် ခန္ဓာကိုယ် သန့်စင်ခြင်း အလယ်အဆင့် ကျင့်ကြံသူမှ သူမကို တားဆီးကာ တိုးတိုးလေး ပြောလိုက်သည်…

“ဒီလူက ထူးဆန်းပေမဲ့လည်း… ငါတို့ ၃ ယောက်သာ ပူးပေါင်းမယ်ဆိုရင် သူ့ကို သေချာပေါက် သတ်နိုင်လိမ့်မယ်… တခြား သူတွေကို ခေါ်လိုက်မယ် ဆိုရင် ဒီပုတီးစေ့ကို ငါတို့ရဖို့ မသေချာတော့ဘူး… ဒီပုတီးစေ့က ငါတို့ကို ရှာခိုင်းထားတဲ့ ပုတီးစေ့ မဟုတ်ရင်လည်း ငါတို့က အပြောခံရ ဦးမယ်… “

အမျိုးသမီးသည် ထိတ်လန့်သွားပြီး အနည်းငယ် တုံ့ဆိုင်းဆိုင်း ဖြစ်သွားကာ အသံလွှင့် ကျောက်စိမ်းပြားကို သိမ်းလိုက်၏။ ထို့နောက် သုံးယောက်စလုံးက မှော်ရတနာများကို ကိုယ်စီ ထုတ်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ဝမ်လင်းက မျက်လုံးကို ဖွင့်လိုက်သည်။ သူ၏ မျက်လုံးက နီရဲမနေတော့ ဘဲ ရေကဲ့သို့ ကြည်လင်နေ၏။ ပြင်းထန်သော သတ်ဖြတ်ခြင်း စိတ်ဆန္ဒကလည်း သူ့ကိုယ်ထဲမှ ထွက်လာ သည်။ သတ်ဖြတ်ခြင်း စိတ်ဆန္ဒ ထွက်ပေါ်လာသည်နှင့် သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက လှုပ်ရှား သွား၏။

ဝမ်လင်းက ကျင့်ကြံသူ ၃ ယောက်ကို ကြည့်ပြီး လက်ကို ၀ှေ့ယမ်းလိုက်ရာ အပြာရောင် အလင်းတန်း တစ်ခုက ဖြာထွက်သွားပြီး မြေပြင်ပေါ်မှ ရေခဲများကို လှုပ်ရှား သွားစေကာ သူတို့ ၃ ယောက်ကို ဖုံးအုပ်သွားစေသည်။

သူတို့ ၃ ယောက်လုံးသည် ချက်ချင်း ခဲသွား၏။

ဝမ်လင်းက မတ်တတ် ရပ်လိုက်ပြီး သူ့ခေါင်းပေါ်မှ ကောင်းကင်ဘုံ ဆန့်ကျင့်ခြင်း ပုတီးစေ့ကို ပြန်သိမ်း ထားလိုက်သည်။

ထို့နောက် ဝမ်လင်းက ကျင့်ကြံသူ ၃ ယောက် ရှိရာသို့ သွားလိုက်၏။ အနားသို့ ရောက်သောအခါ ရေခဲ ရုပ်ထုများက ကွဲအက်သံများ ထွက်ပေါ်လာပြီး ရေခဲများ ကွဲကြေသွားကာ ကျင့်ကြံသူ ၃ ယောက်လည်း သေဆုံးသွား၏။

ဝမ်လင်းက ကြွယ်မင် တောင်ကြားတွင် နှေးကွေးစွာ သွားနေရင်း သူရှေ့သို့ ဓားပျံတစ်ချောင်း ရုတ်တရက်‌ ပေါ်လာပြီး လူငယ်လေး တစ်ယောက်ပါ ပေါ်လာသည်။ သူက ဝမ်လင်းကို လက်ချောင်းဖြင့် ညွှန်လိုက်ရာ ဓားပျံက ဝမ်လင်းဆီသို့ ပြေးဝင်သွား၏။

ဝမ်လင်းက ဂရုစိုက်မနေဘဲ ရှေ့ဆက်သွား၏။ ဓားပျံက သူ့ခန္ဓာကိုယ် အနီးသို့ ရောက်သောအခါ ဓားပျံ၏ ထိပ်တွင် ရေခဲများ ပေါ်လာပြီး ချက်ချင်း ဓားပျံ တစ်ချောင်းလုံး ခဲသွား၏။

လူငယ်က အလွန် အံ့အားသင့်သွားပြီး လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။ ဝမ်လင်းကို တွေ့စဉ် က ခန္ဓာကိုယ် သန့်စင်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်ကြောင်း သိသွားပြီး ဝမ်လင်း ကို သတ်ပြီး ရတနာများ လုယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ဝမ်လင်းက သူ၏ ဓားပျံကို ဖျက်ဆီးရန်အတွက် အနည်းငယ်မျှပင် လှုပ်ရှားစရာ မလိုခဲ့ပေ။

လူငယ်က ကြောက်စိတ်မွန်ပြီး သူ့အတွေး ထဲတွင် ထွက်ပြေးရန် အတွေးကသာ ကြီးစိုး နေ၏။

သို့သော်လည်း လူငယ်က နောက်သို့ အနည်းငယ် ဆုတ်ပြီးသည်နှင့် အစိမ်းရောင် အလင်းတန်း တစ်ခုက ဖျတ်ခနဲ လက်သွားပြီး သူ့ရင်ဘတ်ကို ထွင်းဖောက်သွား၏။ ထို့နောက် သူ့ခန္ဓာကိုယ်က ချက်ချင်း ခဲသွားပြီး မြေပြင်ပေါ်သို့ ကျသွား၏။

တစ်ရက် ကြာပြီးနောက်တွင် တောင်ကြားထဲမှ နေရာတစ်ခု၌ မိစ္ဆာဂိုဏ်းနှင့် လမ်းမှန်ဂိုဏ်းမှ လူငယ် ၈ ယောက်က တိုက်ခိုက်နေပြီး လူပေါင်းများစွာက ဘေးမှ ကြည့်နေ၏။ ထိုအချိန်တွင် လမ်းလျှောက်ပြီး လာနေသော ဝမ်လင်း၏ ပုံရိပ်က ထွက်ပေါ်လာသည်။ သူက မည်သည့်အရာကိုမှ မမြင်သကဲ့သို့ အရှေ့သို့သာ လျှောက်နေ၏။

ကြည့်နေသည့် လူကြားထဲတွင် မိစ္ဆာဂိုဏ်းမှ သက်လတ်ပိုင်း လူကြီးတစ်ယောက်က မျက်မှောင် ကြုတ်လိုက်ပြီး ဝမ်လင်းထံသို့ မိုးကြိုး အဆောင်တစ်ခုကို ချက်ချင်း ပစ်လွှတ်လိုက်၏။ ရုတ်တရက် ကောင်းကင်ပေါ်မှ မိုးကြိုးတစ်ခု ပေါ်လာပြီး ဝမ်လင်းပေါ်သို့ ကျသွား၏။ သို့သော်လည်း သူ့ကိုယ်နှင့် ထိတော့မည့် အချိန်တွင် ရေခဲ ပေါ်လာပြီး မိုးကြိုးကိုပင် ခဲသွားစေသည်။

ထိုအဖြစ်က တိုက်ခိုက်နေသည့် လူအားလုံးကို ရပ်တန့်သွားစေပြီး ဝမ်လင်းကို အံ့အားသင့်စွာ ဖြင့် ကြည့်ကာ မှင်တက်နေကြသည်။

မျက်တောင် တစ်ခတ်အတွင်းမှာပင် ဝမ်လင်းထံသို့ အဆောင်ကို ပစ်လွှတ်လိုက်သော သက်လတ်ပိုင်း လူကြီးသည် တစ်ကိုယ်လုံး အေးခဲပြီး သေဆုံးသွား၏။

လူအားလုံးသည် ပို၍ပင် အံ့ဩသွားသည်။ ထို့နောက် ဝမ်လင်းက ကျင့်ကြံသူ ၄ ယောက်၏ ရှေ့သို့ ရောက်လာ၏။ သူတို့ မည်သည့်စကားမှ မပြောနိုင်ခင် အပြာရောင် အလင်းတစ်ခုကိုသာ မြင်လိုက် ရပြီးနောက် သူတို့၏ ခန္ဓာကိုယ်သည် အေးခဲသွားကာ သက်လက်ပိုင်း လူကြီး၏ နောက်သို့ လိုက်သွားကြရ၏။

ထို့ကြောင့် လူတိုင်းက ဝမ်လင်း၏ ရှေ့တည့်တည့်တွင် မည်သူမှ မနေရဲတော့ဘဲ ဘေးတစ်ဖက်သို့ အလျင်အမြန် ဆုတ်သွားကြ၏။ ထိုလူများထဲတွင် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် တပည့်တစ်ယောက်က လက်နှစ်ဖက်ကို ဆုပ်ပြီး အရိုအသေပေးကာ ပြောလိုက်သည်…

“ရောင်းရင်းက ဘယ်ဂိုဏ်းကပါလဲ… ငါက ယွမ်ထျန်းဂိုဏ်းက ကျိုးချွမ်… “

ဝမ်လင်းက သူ့ကို လျစ်လျူရှုပြီး ရှေ့ဆက်လျှောက်သွား၏။ ဝမ်လင်းက လူအုပ်နှင့် မီတာ ၁၀၀ အကွာခန့်သို့ ရောက်သောအခါ မိစ္ဆာဂိုဏ်းမှ လူငယ်တစ်ယောက်က ဝမ်လင်းကို စိုက်ကြည့်ပြီး စိတ်ထဲတွင် တွေးလိုက်သည်…

“မင်းက ငါတို့ဂိုဏ်းက ဂိုဏ်းတူအစ်ကိုကို သတ်သွားတာ ငါ မှတ်ထားတယ်… “

ဝမ်လင်းက သူ့နောက်မှ သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခု ထွက်ပေါ် လာသည်ကို ခံစားမိပြီး သွားနေရင်းမှ ရပ်တန့်လိုက်ပြီး မိစ္ဆာဂိုဏ်းမှ လူငယ်ကို အေးစက်စွာ ကြည့်လိုက်သည်။

ဝမ်လင်း၏ အကြည့်အောက်တွင် ထိုလူငယ်သည် တစ်ကိုယ်လုံး အေးစက် သွားသကဲ့သို့ ခံစား လိုက်ရသည်။ သူက ဝမ်လင်းကို မကြည့်ရဲတော့ဘဲ ခေါင်းကို အလျင်အမြန် ငုံ့လိုက်၏။

လူတိုင်းကလည်း ထိုအကြည့်ကို မြင်ပြီး အေးစက်သည့် လေများ ရှူသွင်း လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ဝမ်လင်း မျက်လုံးများက လှုပ်ရှားမှု မရှိဘဲ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နေသည်။

မိစ္ဆာဂိုဏ်းမှ တပည့်ကို ခဏသာ ကြည့်ပြီး ရှေ့သို့ ပြန်လှည့်ကာ ဆက်လျှောက်သွား၏။ ထို တပည့်၏ ရင်ဘတ်တွင် အစိမ်းရောင် အလင်းက လတ်ခနဲ ဖြစ်သွားပြီး သွေးအန်ကာ လဲကျသွားသည်။ သူ၏ ခန္ဓာကိုယ်ကလည်း ချက်ချင်း အေးခဲသွား၏။ အန်ထုတ်လိုက်သော သွေးများပင် ခဲနေ၏။

အားလုံး၏ မြင်ကွင်းမှ ဝမ်လင်း ပျောက်ကွယ် သွားမှသာလျှင် အသက်ကို ရဲရဲဝံ့ဝံ့ ရှူရဲကြ၏။ မည်သူမှ နောက်ထပ် မတိုက်ချင်တော့ဘဲ လူစု ခွဲလိုက်ကြသည်။

ဝမ်လင်းက ကြွယ်မင် တောင်ကြားတွင် ဆက်လက်သွားနေသည်။ သူ့ကို တားဆီးလာသည့် မည်သူကို မဆို လက်တစ်ဖက် ၀ှေ့ယမ်းပြီး အားလုံးကို အေးခဲစေခဲ့၏။ သူ၏ အေးခဲခြင်း စွမ်းရည်ကို ခန္ဓာကိုယ် သန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူပင် မခံနိုင်ပေ။

၃ ရက် ကြာပြီးနောက်တွင် များပြားလှသော ကျင့်ကြံသူများသည် ဝမ်လင်း၏ လက်ထဲတွင် သေသွားခဲ့ရ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset