အခန်း (၃၇)

ရေခဲနဂါးဝိဉာဉ်နှင့် ထူးကဲ ယင် ခန္ဓာကိုယ်ပိုင်ရှင် မိန်းမပျို

အပိုင်း(၃၇) ရေခဲနဂါးဝိဉာဉ်နှင့် ထူးကဲ ယင် ခန္ဓာကိုယ်ပိုင်ရှင် မိန်းမပျို

အားဟူက ရေခဲရေကန်၏မျက်နှာပြင်ကို ကြေကွဲစွာ ကြည့်နေသည်။ “ဒါသာ တကယ့် ရေခဲနဂါးအရိုးဝိဉာဉ်ဆို…. ထုတ်ယူစရာ နည်းလမ်း မရှိရင် တကယ့် ဝမ်းနည်းစရာပဲ”

“မင်းသား၊ ကျွန်တော် ပြန်ပြီး အကူအညီသွားခေါ်ရင် မကောင်းဘူးလား၊ ကျွန်တော်တို့ ရတာတွေကို နည်းနည်း ခွဲပေးရလောက်ပေမယ့် ရတနာသိုက်ကြီးတွေ့ပြီး လက်ဗလာနဲ့ ပြန်သွားရတာထက်စာရင်တော့ တော်သေးပါတယ်”

ရန်ကျောက်ကဲလည်း အလားတူပင် ရေကန် မျက်နှာပြင်ကို ငေးကြည့်နေသည်။ ရေကန်၏ အောက်ခြေတွင် ဧရာမအရိပ်ကြီး လှုပ်ရှားနေသည်ကို သူ ဝိုးတဝါးမြင်ရသည်။ ထိုအရိပ်ကြီး၏ လှုပ်ရှားမှုနှင့်အတူ ရေခဲတောင်ကြား တစ်ခုလုံးကလည်း လိုက်ပါ တုန်ခါနေပုံရသည်။

တခဏမျှ တွေးပြီးနောက် ရန်ကျောက်ကဲဧနှုတ်ခမ်းထောင့်မှ တွန့်ကွေးသွားသည်။ “နည်းလမ်းတစ်ခုတော့ ရှိတယ်၊ ငါတို့ စမ်းကြည့်ကြတာပေါ့”

သတ္တုပြားလေးကို သူ ထုတ်ယူလိုက်သည်။ ထိုမျက်နှာပြင်ပေါ်ရှိ ထွင်းထုထားသော မျဉ်းကြောင်းများ၊ ရှေ့ဟောင်းအက္ခရာများကို ကြည့်ရင်း သူ့ ကြယ်တာရာချီကို သတ္ထုပြားလေးထဲသို့  ဖြည့်သွင်းလိုက်သည်။

သတ္တုပြားငယ်ပေါ်ရှိ မျဉ်းကြောင်းများမှ အဖြူရောင်အလင်းများ စတင်တောက်ပလာသည်။
လက်ရှိ ရေခဲတောင်ကြား၏ အလွန်အေးမြသော  ပတ်ဝန်းကျင်၌ပင်  အဖြူရောင်အလင်းများက တောက်ပသည်ထက် တောက်ပလာကာ တဖြည်းဖြည်းနှင့် ရေခဲပြာရောင်အလင်းများ စတင် ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက လျို့ဝှက်ပညာရပ်တချို့ကို အသုံးပြုလိုက်သောအခါ သူ့ကြယ်တာရာချီက စတင်  အေးစက်၊ မည်းမှောင်လာသည်။

သူ ရပ်နေသော ရေခဲရေကန်အစပ်၌ပင် ခါးကို ညွှတ်လိုက်ပြီး သတ္ထုပြားငယ်ကို ရေကန်၏မျက်နှာပြင်နှင့် ထိလိုက်သည်။

နောက်ခဏတွင် တဝုန်းဝုန်း လှုပ်ရှားနေသော  ရေကန်၏ အောက်ခြေက ရုတ်ချည်း ငြိမ်သက်သွားသည်။

ထို့နောက် လျင်မြန်စွာ ပြန်လည် လှုပ်ရှားလာပြီး ယခင်ကထက်ပင် ပိုမို ကြမ်းတမ်း၊ ခက်ထန်လာသည်။ ရေကန်မျက်နှာပြင်ပေါ်တွင် ဖုံးအုပ်နေသော ရေခဲအလွှာ၏ နေရာအများအပြားတွင် ကွဲအက်လာသည်။

သတ္ထုပြားမှ ရုတ်တရက် ကြီးမားသော စွမ်းအား ပေါက်ကွဲထွက်လာပြီး ရန်ကျောက်ကဲပင် လက်ထဲမှ လွတ်ကျမတတ် ဖြစ်သွားသည်။

ရန်ကျောက်ကဲက သူ့လက်ချောင်းများကို အားပိုစိုက်၍ သတ္တုပြားအား တင်းတင်းကြပ်ကြပ် ညှပ်ထားသည်။

ရေကန်ထဲမှ ပြင်းထန်သော စုပ်အားတစ်ခု ထွက်ပေါ်လာပြီး သတ္တုပြားကို ကန်အောက်ခြေသို့ စုပ်ယူသွားချင်နေသည်ဟု  သူ ခံစားရသည်။

ကန်အတွင်းမှ လာသော နဂါးဟိန်းသံက ပိုမို ကျယ်လောင်၊ စူးရှလာသည်။

သူ ရပ်နေစဉ် မမြင်နိုင်သော လေစီးကြောင်းများက  သတ္တုရောင်ဖျော့ဖျော့ တောက်ပနေသော သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပတ်ရံထားသည်။ သူ့ကြယ်တာရာချီကို အပြင်သို့ ထုတ်ဖော်ပြီးနောက် ရန်ကျောက်ကဲသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ရေကန်ထဲသို့ ဆင်းသက်လိုက်သည်။

သူ့ကြယ်တာရာချီက သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးသလို ရေကန်ထဲမှ ရေခဲတမျှ အေးစက်သော ရေများနှင့် မထိတွေ့စေရန် တားဆီးပေးသည်။  ရေကန်ထဲသို့ ဆင်းသွားသော ရန်ကျောက်ကဲ၏ပုံရိပ်ပျောက်ကွယ်သွားသည်။

အားဟူက ကျန်ရှိနေသူများကို စောင့်ကြပ်ရန် မှာကြား၍ ရေထဲသို့ ခုန်ဆင်းလိုက်ပြီး ရန်ကျောက်ကဲ နောက်သို့ အလျင်အမြန် လိုက်သွားသည်။

ရေအောက်သို့ ဦးစိုက် ဆင်းသွားရင်း သူတို့နှစ်ယောက်သည် ဧရာမ ရေခဲတုံးကြီးများကို ကျော်ဖြတ်သွားသည်။ ပတ်ဝန်းကျင်မှ ရေခဲရေများက ရန်ကျောက်ကဲ လက်ထဲရှိ သတ္ထုပြားလေးဆီသို့ အဆက်မပြတ် ပေါင်းဆုံလာသည်။

ရေခဲပြာရောင်အလင်း လွှမ်းခြုံထားသော ထိုသတ္တုပြားလေးက တဖြည်းဖြည်း စွမ်းအား ပြန်လည်ပြည့်ဝလာသည်။

ရန်ကျောက်ကဲ၏မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ နောက်အခိုက်အတန့်တွင် သူ့ရှေ့မှ ဧရာမအနက်ရောင်ပုံရိပ်ကြီးက စတင် လှုပ်ရှားလာသည့်အလား အနည်းငယ် လှုပ်ခတ်သွားသည်။ အနားသို့ ရောက်သောအခါ ထိုအရာကား နဂါး၏ ကြီးမားသော အမှီးရိုးကြီးဖြစ်သည်ကို သူ တွေ့လိုက်ရသည်။

နဂါးအမှီးရိုးပေါ်သို့ အားဟူနှင့်အတူ ဆင်းသက်ပြီး ရန်ကျောက်ကဲသည် သူ့ကိုယ်သူ ဟန်ချက်ထိန်းလိုက်သည်။ နဂါးအမှီးရိုးအတိုင်း ရေအောက်ရေစီးကြောင်းများဖြင့် ရှုပ်ထွေးနေသော ရေကန်၏အောက်ခြေသို့ သူတို့ ဆက်သွားကြသည်။

ရန်ကျောက်ကဲသည် သူ့လက်ထဲမှ သတ္ထုပြားငယ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း အရိုးနှစ်ခုကို ဆက်သွယ်ထားသော အဟထဲသို့ တိတိကျကျ ထိုးသွင်းထားသည်။

နဂါးအရိုးများ သိမ့်သိမ့်တုန်သွားသည်။ အမှီးရိုးအလယ်မှ အလင်းဖျော့ဖျော့တစ်ခု စတင် တောက်ပလာပြီး အရိုးစုတစ်ခုလုံးကို ဆက်လက် ဖြန့်ကြက်သွားသည်။

ရန်ကျောက်ကဲက အခြားလက်တစ်ဖက်ကို ဆန့်ထုတ်၍ အဖြူရောင်အလင်းပေါ်လာသော နဂါးအရိုး၏ မျက်နှာပြင်ပေါ်သို့ ဖိလိုက်သည်။

အထိအတွေ့က ရေခဲတမျှ အေးစက်နေကာ သူ့ခန္ဓာကိုယ်ကို ကြယ်တာရာချီ ကာကွယ်ထားသည်တိုင် အရိုးကွဲမတတ် အေးစိမ့်မှုကို သူ ခံစားရသည်။

“ပြောင်းလဲ……..” ရန်ကျောက်ကဲ စိတ်ထဲမှ ရွတ်ဆို၍ လျို့ဝှက်ပညာရပ်တစ်ခုကို အသုံးပြုလိုက်သောအခါ နဂါးအရိုးထဲရှိ အဖြူရောင်အလင်းက စတင် ပုံပျက်လာသည်။

ကြီးမားသော အင်အားဖြင့် အတင်းအကြပ် ဆွဲထုတ်ခြင်းကို ခံရသကဲ့သို့ အဖြူရောင်အလင်းက နဂါးအရိုးထဲမှ စတင် ထွက်ခွာလာသည်။

သူ့နောက်တွင် အားဟူက ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ ရေခဲပြာ ကျောက်စိမ်းကို သူ့အိတ်ထဲမှ ထုတ်ယူပြီး ရန်ကျောက်ကဲအား အလျင်အမြန် ပေးလိုက်သည်။

ရန်ကျောက်ကဲ၏လက်တစ်ဖက်က နဂါးအရိုးအား ဆက်လက် ဖိထားပြီး အခြားတစ်ဖက်က ရေခဲပြာကျောက်စိမ်းကို ကိုင်ထားသည်။  အလွန်လျင်မြန်စွာဖြင့် ရေခဲပြာကျောက်စိမ်းမှ အဖြူရောင်အလင်းတစ်ခု ဖြည်းဖြည်းချင်း စတင် ထုတ်လွှတ်လာသည်။ နဂါးအရိုးထဲမှ နဂါးဟိန်းသံက ပြန်၍  ပဲ့တင်လာသည်။

ရေခဲနဂါးအရိုးဝိဉာဉ်က နဂါးအရိုးထဲမှ  ဖြည်းဖြည်းချင်း ထွက်ခွာလာပြီးနောက် ရန်ကျောက်ကဲ၏ ရှေ့သို့ ရောက်လာသည်။ ရန်ကျောက်ကဲက ထိုဝိဉာဉ်ကို ရေခဲပြာ ကျောက်စိမ်းထဲတွင် သိမ်းဆည်းထားလိုက်သည်။

ရန်ကျောက်ကဲ၏မျက်နှာပေါ်တွင် ပါးလွှာသော ရေခဲအလွှာတစ်ခု ဖုံးအုပ်သွားသည်။ သို့သော် သူ့အမူအရာက ပုံမှန်အတိုင်းပင်။ မကြာမီ ရန်ကျောက်ကဲ၏မျက်နှာမှာ ပြန်လည် သွေးရောင်သန်း၍ နီမြန်းလာသည်။

ဤသည်ကို မြင်သောအခါမှ အားဟူ စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။ အရာရာတိုင်းက ချောချောမွေ့မွေ့ ပြီးဆုံးသွားလေပြီ။ သူ့သခင်လေးက အချိန်အနည်းငယ်မျှဖြင့် အဖိုးထိုက်တန်သော ရေခဲနဂါးအရိုးဝိဉာဉ်ကို အောင်အောင်မြင်မြင် ရရှိနိုင်ခဲ့သည်။

သို့သော် ရန်ကျောက်ကဲမှာ စိတ်မအေးနိုင်သေးပေ။ “နဂါးခေါင်းဘက်မှာ တစ်ယောက်ယောက်ရှိတယ်၊ ရေခဲနဂါးအရိုးဝိဉာဉ်ကို ထုတ်ယူဖို့ ကြိုးစားနေတယ် ထင်တယ်”

“ရေခဲနဂါးအရိုးဝိဉာဉ်ကို နှိုးဆွမိပြီး မြေငလျင်လှုပ်အောင် လုပ်တာလဲ သူတို့ပဲ ထင်တယ်”

ရန်ကျောက်ကဲသည် သူတို့နှစ်ယောက် ရပ်နေသော နေရာမှ နဂါး၏အမှီးအဆုံး ရှိနေနိုင်လောက်သည့် နေရာသို့ မျက်စိတစ်ဆုံး  မျှော်ကြည့်လိုက်သည်။

နဂါး၏ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန်အမင်း ရှည်လျားလှပြီး အမှီးရိုးသည်ပင် ရေကန်၏အနက်ရှိုင်းဆုံးနေရာတွင်ရှိသော ကျောက်ဆောင်များထဲသို့ ထိုးဖောက်ဝင်ရောက်နေလေသည်။ ၎င်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် ဦးခေါင်းခွံတို့က မည်မျှအထိ ရှည်လျားသည်ကိုတော့ သူလည်း မသိပေ။

သူ့မျက်လုံးကို မှိတ်လိုက်သည်။ စိတ်ထဲတွင် အာရုံစိုက်၍ သူ့လက်ထဲရှိ ရေခဲနဂါးဝိဉာဉ်နှင့် ချိတ်ဆက်လိုက်သောအခါ သူ့စိတ်ထဲတွင် အခြားမြင်ကွင်းတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာသည်။

ရန်ကျောက်ကဲ၏မျက်လုံးထဲတွင် ပုံရိပ်အများပြားက အလွန်တရာ မြန်ဆန်သော အလျင်ဖြင့် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသည်။

ကျယ်ပြန့်သော တောင်ကြားချိုင့်ဝှမ်းတစ်ခုတွင် လိုဏ်ဂူတစ်ဂူ၏ အတွင်းပိုင်း၌ အေးစက်သော လေများ တိုက်ခတ်လျက်ရှိသည်။ ၎င်းသည် အလားတူပင် ရေခဲကမ္ဘာတစ်ခု ဖြစ်သည်။

လှိုဏ်ဂူ၏ အတွင်းဘက်အကျဆုံးနေရာတွင် ရေကန်တစ်ကန် ရှိသည်။ ထိုကန်၏အောက်ခြေမှာ နက်ရှိုင်းလွန်းလှသဖြင့် အဆုံးမရှိဟုပင် ထင်ရသည်။

ထိုရေကန်၏ အောက်ခြေတွင် ရေခဲချီနဂါး၏ ဧရာမ ဦးခေါင်းခွံကြီးက နှစ်နှစ်ခြိုက်ခြိုက် အိမ်မောကျနေသည့်အလား ငြိမ်သက်စွာ တည်ရှိနေသည်။

ရေကန်ထဲတွင် လှိုင်းဂယက်များ ထသွားပြီး ရွန်းစိုလှပသော အဖြူရောင်ဝတ်စုံဝတ် မိန်းမပျိုတစ်ဦးကို တွေ့ရသည်။

ထိုမိန်းကလေးသည် ပုံပန်းသွင်ပြင်အရ စစ်ခုန်ချင်းအောက် မည်သည့်နည်းနှင့်မျှ မနိမ့်ကျပါ။ သူမ၏မျက်နှာက ပြီးပြည့်စုံ၍ အပြစ်ကင်းစင်သည်။ သူမ၏ သမင်မျက်လုံးတစ်စုံက ထက်မြတ်သည်။ သို့သော် နူးညံ့ပြီး အားနည်းပုံရသည်။ လူတိုင်း၏နှလုံးသားကို နွေးထွေးစေနိုင်သော မြင်သူတိုင်းက ဂရုဏာသက်စေနိုင်သော မျက်နှာပိုင်ရှင်လေးဖြစ်သည်။

“ဒါ ရေခဲနဂါးအရိုးဝိဉာဉ်ရဲ့ နောက်ဆုံး မှတ်ဉာဏ်အပိုင်းအစပဲ၊ သိပ်မကြာခင်တုန်းက ဖြစ်ပျက်ခဲ့တာကို ပြန်လည်ပြသနေတာပဲ” သို့သော် တစ်ဖက်လူက သူ သိသော လူတစ်ယောက်ဖြစ်ကြောင်း ရန်ကျောက်ကဲ ထင်ထင်ရှားရှား ခံစားမိနေသည်။

သူတို့ကြား အပြန်အလှန် အဆက်အဆံမရှိသော်လည်း ရန်ကျောက်ကဲ အမှတ်မမှားနိုင်ပေ။
ထိုမိန်းကလေးမှာ မန်ဝမ်ဖြစ်သည်။ သူမသည် နေသူတော်စင်ဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်၏။

“စိတ်ဝင်စားစရာပဲ…..” ရန်ကျောက်ကဲ၏ သူငယ်အိမ်များ အနည်းငယ်ကြုံ့သွားသည်။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က အလွန် စွမ်းအားကြီးမားသော အထွတ်အမြတ် ဝိဉာဉ်လက်နက်တစ်ခု အစွန်းရောက်ရှစ်ပါးကမ္ဘာပေါ်တွင် ရုတ်တရက် ပေါ်လာသည်။

ထိုဝိဉာဉ်လက်နက်ကို ထူးကဲ ယင် သရဖူဟု လူအများက ခေါ်ကြသည်။ ၎င်း၏ဇစ်မြစ်ကို မသိရသော်လည်း ထိုဝိဉာဉ်လက်နက်စွမ်းအားမှာ ထိပ်တန်းအဆင့်ဖြစ်သည်။ မဟာကပ်ဘေးပြီးနောက် အစွန်းရောက်ရှစ်ပါးကမ္ဘာထဲတွင် ထွက်ပေါ်ခဲ့သမျှ အထွတ်အမြတ် ဝိဉာဉ်လက်နက်များအနက် ၎င်းသည် အစွမ်းထက်ဆုံးဖြစ်သည်။

သို့သော် ဤအထွတ်အမြတ်ဝိဉာဉ်လက်နက်မှာ တမျိုး ထူးဆန်းသည်။ သိုင်းသူတော်စင်တစ်ယောက်ဖြစ်လျှင်တောင်မှ ၎င်းကို အသုံးမပြုနိုင်ပေ။ ၎င်း၏ အသေးငယ်ဆုံးပမာဏမျှသော စွမ်းအားကိုပင် မထုတ်ဖော်နိုင်ပေ။

အနိမ့်ဆုံး သိုင်းပညာရှင်အဆင့် ရောက်ပြီးသော ထူးကဲ ယင်ခန္ဓာကိုယ်ပိုင်ရှင် မိန်းမပျိုများကသာ ထိုလက်နက်ထဲတွင် သိုလှောင်ထားသော စွမ်းအား တစိတ်တပိုင်းကို ထုတ်ဖော်အသုံးပြုနိုင်သည်။

သို့ရာတွင် ထိုထူးကဲယင်သရဖူမှာ အလွန်စွမ်းအားကြီးမားလွန်းသည်။ သိုင်းပညာရှင်အဆင့် အစွန်းရောက် ယင် မိန်းမပျိုက ထုတ်ဖော်အသုံးပြုလျှင်တောင်မှ သာမာန် အထွတ်အမြတ် ဝိဉာဉ်လက်နက်တစ်ခု၏ စွမ်းအားမျိုးကို အချိန်အနည်းငယ်မျှ ပြသနိုင်သည်။

ဤအရေးပါသော လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိပြီးနောက် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးတွင် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။ ထိပ်သီးနယ်မြေကြီးများက ထူးကဲ ယင် ခန္ဓာကိုယ်ပိုင်ရှင် မိန်းမပျိုများကို အသည်းအသန် ရှာဖွေကြပြီး တပည့်အဖြစ် ခေါ်ယူကြသည်။

ထူးကဲယင် ခန္ဓာကိုယ်ပိုင်ရှင် မိန်းမပျိုများသည် မူလကတည်းက အလွန်ရှားပါးလေသည်။ ထို့ပြင် သိုင်းတာအို စတင်ကျင့်ကြံရန် သင့်တော်သော အသက်အရွယ်ကိုသာ သူတို့ ရှာဖွေရမည်ဖြစ်သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာထဲတွင် လူဦးရေ အလွန်များပြားသည့်တိုင် သတ်မှတ်ချက် ပြည့်မှီသူ အနည်းငယ်ကိုသာ တွေ့ရှိခဲ့ရာ ထိပ်သီးနယ်မြေများထဲသို့ အသီးသီး ရောက်သွားကြသည်။

ထူးကဲ ယင် သရဖူက အလွန်စွမ်းအားကြီးလွန်းသည်။ ထူးကဲ ယင် ခန္ဓာကိုယ်ပိုင်ရှင် အမျိုးသမီးကျင့်ကြံသူတစ်ယောက်က သိုင်းပညာရှင်အဆင့်သို့ ရောက်သည်နှင့် ဤကဲ့သို့ လွန်ကဲသော စွမ်းအားကို ထုတ်ဖော်နိုင်နေပြီ ဖြစ်သည်။ အကယ်၍ သူတို့ထဲမှ တစ်ယောက်က သိုင်းဆရာသခင်အဆင့်သို့ ရောက်သွားသည်နှင့် အကျိုးဆက်မှာ မတွေးရဲစရာပင် ဖြစ်သည်။

မည်သည့်ထိပ်သီးအင်အားစုကမဆို ထူးကဲ ယင် သရဖူကို တစ်ဦးတည်း ထိန်းချုပ်ပိုင်ခွင့်ရသွားလျှင် အခြားထိပ်သီးအင်အားစုများက လက်ခံနိုင်ကြလိမ့်မည် မဟုတ်ပေ။

ထူးကဲ ယင် သရဖူ၏စွမ်းအားက အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ကာလရှည်ရန်သူများဖြစ်သော မီးတောက်မိစ္ဆာများအပေါ်၌ သက်ရောက်မှု အကန့်အသတ်မျှသာ ရှိသော်လည်း ဤကဲ့သို့ စွမ်းအားမျိုးမှာ အစွန်းရောက်ရှစ်ပါးကမ္ဘာက ကြီးကြီးမားမား လိုအပ်နေသော အရာဖြစ်သည်။

ထို့ကြောင့် သည်ပြဿနာကို ဆွေးနွေးပြီးနောက် ထိပ်သီးနယ်မြေများ ဆုံးဖြတ်ချက်ချခဲ့ကြသည်။ ၎င်းမှာ အချိန်တစ်ခုကြာတိုင်းတွင် ထူးကဲ ယင် မိန်းမပျိုများ အားလုံး ပါဝင် ယှဉ်ပြိုင်နိုင်သည့် ထူးကဲ ယင် ပြိုင်ပွဲတစ်ခု ကျင်းပပြီး အနိုင်ရသူကို အချိန်အတိုင်းအတာတစ်ခုအထိ ထူးကဲယင်သရဖူကို ကိုင်ဆောင်ခွင့်ပြုမည် ဖြစ်သည်။

လက်ရှိအချိန်တွင် မည်သည့် ထူးကဲယင် ခန္ဓာကိုယ်ပိုင်ရှင် ကျင့်ကြံသူမျှ သိုင်းဆရာသခင်အဆင့်သို့ မရောက်သေးပေ။ ထို့ကြောင့် ထူးကဲယင်ပြိုင်ပွဲဟူသည် ထိပ်သီး အင်အားစုများ အားလုံးက လက်ခံနိုင်သော အရာဖြစ်ပြီး ငြိမ်းချမ်းစွာ အကောင်အထည်ဖော်နိုင်လေသည်။

ထိပ်သီးနယ်မြေအသီးသီးက သူတို့၏ ထူးကဲယင်မိန်းမပျိုများကို အင်အားများစွာ စိုက်ထုတ်၍ ပြုစု ပျိုးထောင်ကြသည်။

မန်ဝမ်သည် နေသူတော်စင်ဂိုဏ်း၏ ထူးကဲယင်မိန်းမပျိုဖြစ်သည်။

သူမ၏ထူးကဲယင်ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် ရေခဲရေကန်ပတ်ဝန်းကျင်သည် သူမအတွက် ရတနာနယ်မြေတစ်ခု ဖြစ်ချေသည်။

သို့သော် ထိုမတိုင်ခင်က ရေခဲနဂါးရိုးဝိဉာဉ်၏ မှတ်ဉာဏ်အပိုင်းအစများထဲတွင် သူမက ရေခဲရေကန်ထဲသို့ ဝင်ရောက်၍ ကျင့်ကြံပုံမရသလို ရေကန်အောက်ခြေတွင် အိပ်ပျော်နေသော ရေခဲနဂါးအရိုးဝိဉာဉ် ရှိသည်ကိုလည်း သိဟန် မတူပေ။
သူမ၏အခြေအနေက အနည်းငယ် ထူးဆန်းသည်။အချိန်အနည်းငယ်ကြာပြီးနောက် နဂါးဦးခေါင်းခွံရှိသော ရေခဲရေကန်ထဲသို့ လူတစ်ယောက် ခုန်ဆင်းသွားသည်။ ထိုသူကို ကြည့်ပြီး ကံကြမ္မာ၏တိုက်ဆိုင်မှုကို ရန်ကျောက်ကဲ သက်ပြင်းချမိသည်။ ထိုလူကား သူ သိသော လူတစ်ယောက်ဖြစ်သည်။

သူ့အပေါ်ပိုင်းက ဗလာကျင်းဖြစ်နေသည်။ ဆံပင်များက သူ့ကျောဘက်သို့ လွင့်နေကာ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်ပုံစံ အမှတ်အသားများကို ထင်ထင်ရှားရှား မြင်နိုင်သည်။ ထိုလူမှာ အခြားမဟုတ်၊ ရီကျင်းသာ ဖြစ်ပေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset