Switch Mode

အခန်း (၁၀၃)

ကြေကွဲရခြင်း (၂)

ထန်းဟွယွမ်က ခြောက်ခြားဖွယ်အပြုံး ပြုံးလိုက်ပြီး စိတ်ထဲတွင် တွေးလိုက်သည်…

“လီအာ… အဘိုးက မင်းအတွက် လက်စားချေဖို့ လုပ်နေပြီ… “

သူက ထန်းလီအကြောင်းကို တွေးမိပြီး သူ့ရင်ထဲတွင် နောင်တများ ရလာသည်။ ထန်းမိသားစုမှ လေးဆက်မြောက် မျိုးဆက်ထဲတွင် အထူးချွန်ဆုံး ဖြစ်သည့် သူ၏ မြေးက တခြားသူ၏ သတ်ဖြတ်ခြင်း ကို ခံလိုက်ရသည်။

အဘိုးအိုက သက်ပြင်းချပြီး ပြောလိုက်သည်…

“ရောင်းရင်ထန်း… ငါ့ရဲ့ တွက်ချက်မှု အရတော့ သူက ကြွယ်မင် တောင်ကြားကို ရောက်နေတယ်… သူ့ရဲ့ မိသားစုကို ဘာကြောင့် ရှာချင်တာလဲ… ဒီအကြောင်းကို မေ့လိုက်ပါ… မင်းရဲ့ ဒေါသတွေ သာမန် သေမျိုးတွေအပေါ် ကျသွားတယ်လို့ သတင်းထွက်လာရင် မကောင်းဘူး… “

ထန်းဟွယွမ်းက ဘာမှမပြောဘဲ အဘိုးအိုကို စူးစိုက်ကြည့်လိုက်သည်။

အဘိုးအိုက ခါးသက်စွာ ပြုံးလိုက်ပြီး ခေါင်းကို ခါလိုက်သည်။ သူက ကြေးမုံကို ကိုင်ထားပြီး ညာလက်ဖြင့် အစီအရင်တစ်ခုကို ပြုလုပ်လိုက်သည်။ ထိုအခါ ကြေးမုံက ချက်ချင်း လေထဲသို့ ပျံတက်သွားပြီး တစ်ခုခုကို ရှာနေသကဲ့သို့ လေထဲတွင် ပတ်ပျံနေ၏။ သို့သော်လည်း အချိန် တော်တော်ကြာအောင် ရှေ့နှင့်နောက်ကို ပျံသန်းနေပြီး အရပ်မျက်နှာကို ရှာမရချေ။

အဘိုးအိုက မျက်မှောင်ကြုတ်သွား၏။ ထိုသို့ ဖြစ်ရခြင်းမှာ သဲလွန်စက အလွန် နည်းနေခြင်း ကြောင့် ဖြစ်သည်။ ထို့ကြောင့် သူက ကြေးမုံကို ပြန်ခေါ်လိုက်ရာ သူ့လက်ထဲသို့ ပျံသန်းပြီး ပြန်ရောက်လာ၏။

အဘိုးအိုက လက်ချောင်းထိပ်ကို ကိုက်ဖောက်လိုက်ပြီး ကြေးမုံပေါ်တွင် သွေးဖြင့် သင်္ကေတ တစ်ခုကို ရေးဆွဲလိုက်သည်။ ထို့နောက် ကြေးမုံကို နောက်တစ်ကြိမ် ပစ်လွှတ် လိုက်ပြန်သည်။ ဒီတစ်ကြိမ်တွင် ကြေးမုံသည် မူလ အရွယ်အစားထက် အဆပေါင်းများစွာ ကြီးသွား၏။

ကြေးမုံသည် ထန်းဟွယွမ်၏ ရှေ့သို့ ရောက်လာပြီး ထန်းဟွယွမ်နှင့် မျက်နှာချင်း ဆိုင်လိုက်သည်။

အဘိုးအိုက လေးနက်သည့် အမူအရာဖြင့် ပြောလိုက်သည်…

“အံ့အား မသင့်သွားပါနဲ့… ငါ့ရဲ့ ကြေးမုံက မင်းတို့ နှစ်ယောက်ကြားက ကျိန်စာရဲ့ အော်ရာကို စုပ်ယူဖို့ လိုတယ်… “

အနက်ရောင် အငွေ့ပါးပါးလေများက ထန်းဟွယွမ်၏ နဖူးမှ ထွက်လာပြီး ကြေးမုံအတွင်းသို့ ဝင်ရောက်သွား၏။ ကြေးမုံပေါ်တွင် လှိုင်းတွန့်လေးများ ထွက်ပေါ်လာပြီး ကြီးမားသော အိမ်တစ်လုံးပုံ ပေါ်လာသည်။

ထန်းဟွယွမ်၏ မျက်လုံးထဲတွင်လည်း သတ်ဖြတ်ချင် စိတ်များဖြင့် ပြည့်လာသည်။ သူက ကြေးမုံကို ကြည့်ပြီးနောက် အဘိုးအိုကို ကြည့်လိုက်သည်။

အဘိုးအိုကလည်း တုံ့ဆိုင်းနေပြီးနောက် သက်ပြင်းချကာ ညာလက်ကို ၀ှေ့ယမ်းလိုက်ရာ ကြေးမုံက သူ့ရှေ့သို့ ပျံသန်းလာ၏။ သူကလည်း ကြေးမုံအတွင်းလို့ ဝင်သွားလိုက်သည်။

ထန်းဟွယွမ်ကလည်း ပြုံးလိုက်ကာ သူ့နောက်မှ လိုက်ဝင်သွား၏။

သူတို့နှစ်ယောက်လုံး ကြေးမုံအတွင်းသို့ ဝင်ရောက်သွားသည်နှင့် ကြေးမုံက ကျုံ့ဝင်လာပြီး နောက်ဆုံးတွင် အစအနပင် မကျန်ဘဲ ပျောက်ကွယ်သွား၏။

***

ထိုနေရာနှင့် ကီလိုမီတာ ၁၀၀ အကွာရှိ သေးငယ်သော မြို့လေးတစ်မြို့တွင် ဝမ်မိသားစုသည် အကြီးဆုံး မိသားစုကြီးဟု သတ်မှတ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဝမ်မိသားစုတွင် အင်မော်တယ် ဂိုဏ်းကို ဝင်ရောက်ထားသော လူငယ် မျိုးဆက်များ ရှိခြင်းကြောင့် ဖြစ်သည်။

မြို့တစ်ခုလုံးတွင် ဇိမ်ခံပစ္စည်းများဖြင့် ဆောက်လုပ်ထားသော အဆောက်အဦးများထဲတွင် ဝမ်မိသားစုမှ အဓိက အိမ်တော်သည် အကောင်းဆုံး ဖြစ်သည်။

အချိန်ကား နေကျက်ကျက်တောက် ပူနေသော နေ့လယ်အချိန် ဖြစ်သည်။ ဝမ်မိသားစု၏ အစောင့် တစ်ယောက်သည် တိုင်လုံးတစ်ခုကို မှီပြီး သူ့ကိုယ်သူ ယပ်ခတ်နေသည်။

သူ၏ ချည်ထည် ဝတ်စုံသည် ချွေးများဖြင့် ရင်ဘတ်နှင့် ကျောကို ကပ်နေသည်။

“ဒီ ရာသီဥတုကလည်း ပူလိုက်တာ… ဒီ ရာသီဥတုအောက်မှာ ဘယ်လို အသက်ရှင်ရမလဲ… “ အစောင့်က သူ၏ ဝတ်စုံကို အနည်းငယ် ဟလိုက်ပြီး အထဲသို့ ယပ်ခတ်လိုက်သည်။

ထိုအချိန်တွင် ဘေးအဆောက်အဦးမှ တံခါးက ပွင့်သွားပြီး အစေခံ မိန်းကလေးတစ်ယောက် ပန်းကန်လုံး တစ်လုံး ကိုင်ပြီး ထွက်လာသည်။ သူက အဓိက အိမ်တော်ဆီသို့ လျှောက်လာပြီး တံခါးဆီသို့ ရောက်လာ၏။ သူက အစောင့်ကို ရယ်ပြီး ပြောလိုက်သည်…

“အစ်ကို… ဒီအချဉ်သီး ဟင်းရည်က အပူဒဏ်ကို သက်သာစေတယ်… သောက်လိုက်ပါဦး… “

အစောင့်က လှည့်ကြည့်လိုက်ရာ ပန်းကန်လုံး ကိုင်ထားသော မိန်းကလေးကို တွေ့လိုက်ရပြီး ပြုံးပြကာ ပန်းကန်လုံးကို လက်ခံလိုက်သည်။ သူက တစ်ချက်တည်း ကုန်အောင် သောက်လိုက် ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲတွင် အေးမြမှုကို ခံစားလိုက်ရသည်…

“ဒီသခင်လေးတွေက သူတို့ကိုယ်သူတို့ ဘယ်လိုပျော်ရွှင်အောင် နေရမယ်ဆိုတာ တစ်ကယ် သိတာပဲ… ဒီ အအေးစွပ်ပြုတ်က အရမ်း အရသာရှိတယ်… ညီမလေး… မင်း ထွက်လာတုန်းက သခင်လေးဟိုကို မတွေ့ခဲ့ဘူးလား… “

မိန်းကလေးက ယပ်တောင်ကို ယူလိုက်ပြီး အစောင့်ကို ယပ်ခတ်ပေးကာ ပြောလိုက်သည်…

“အစ်ကို… စိတ်အေးလက်အေးနေပါ… သခင်လေးက ငါ့ကို မတွေ့ပါဘူး… သူ ငါ့ကို မကြည့်တဲ့ အချိန်ကို အသုံးချပြီး ထွက်လာတာ… ပြီးတော့ သခင်လေးဟိုက ကောင်းတဲ့ လူတစ်ယောက်ပါ… သူ ငါ့ကို မြင်ရင်တောင် ဘာပြဿနာမှ ရှာမှာ မဟုတ်ဘူး… “

အစောင့်က သူ့ညီမလေး၏ ယပ်ခတ်ပေးမှုကြောင့် ပျော်သွားပြီး ခေါင်းညိတ်ကာ ပြောလိုက် သည်…

“ဒါ ဖြစ်နိုင်တယ်… သခင်လေးဟိုက အင်မော်တယ် တစ်ယောက်ပဲ… ငါတို့လို လူမျိုးတွေနဲ့ ပတ်သက်ပြီး ဘယ်စိတ်ရှုပ်ခံပါ့မလဲ… ညီမလေး… သခင်လေးဟိုက မင်းကို သတိထားမိအောင် ပိုပြီးနေပါ… မင်းသာ သူ့ကို အမိဖမ်းနိုင်ရင် သူ့ရဲ့ ကိုယ်လုပ်တော် ဖြစ်လာလိမ့်မယ်… မင်းရဲ့ အစ်ကိုကလည်း ဒီနေရာမှာ ကောင်းကောင်း နေရလိမ့်မယ်… ပြီးရင် ငါ့ကို အိမ်တော်ထဲမှာ အလုပ်ခန့်ပေး စမ်းပါ… ဒါဆို ငါအတွက် သာယာပြီပဲ… “

မိန်းကလေး၏ ပါးနှစ်ဖက်သည် နီရဲသွားပြီး သူ့အစ်ကိုကို ကြည့်ကာ မေးလိုက်သည်…

“အစ်ကိုက ဒီမှာ အလုပ်လုပ်တာ ကြာနေပြီ… ညီမလေး ကြားခဲ့တာ အင်မော်တယ် ဂိုဏ်းက ရွေးတာ သုံးယောက်ဆို… ညီမလေး ဒီမှာ ရောက်နေတဲ့ သုံးနှစ်အတွင်းမှာ သခင်လေးဟိုနဲ့ သခင်လေး ကျောက်ကိုပဲ တွေ့ဖူးတယ်… သခင်လေး ကျောက်ကိုတောင်မှ တစ်ကြိမ်ပဲ မြင်ဖူးတယ်… နောက် တစ်ယောက်က ဘယ်မှာလဲ… “

အစောင့်က ပြန်ပြောလိုက်သည်…

“ဒါလား… ငါသိတယ်… တတိယတစ်ယောက်ရဲ့ နာမည်က ဝမ်လင်းလို့ ခေါ်တယ်… သူက ဘယ်လိုလုပ် သခင်လေးဟိုတို့ကို ယှဉ်နိုင်မှာလဲ… ငါ ကြားတာတော့ သူက … “

သူက ပြောနေရင်းဖြင့် ပါးစပ်ကို ပိတ်လိုက်ပြီး ကောင်းကင်ပေါ်ကို ကြည့်လိုက်သည်။

ကောင်းကင်ပေါ်တွင် သူတို့ဆီသို့ လာနေသော သက်တန့်ရောင် အလင်းတန်းတစ်ခု ရှိပြီး မျက်တောင် တစ်ခတ်အတွင်းမှာပင် မြေပြင်ပေါ်သို့ ကျလာကာ အနက်ရောင်ဝတ်စုံနှင့် လူငယ်လေး တစ်ယောက် ပေါ်လာသည်။ လူငယ်လေး၏ အသားအရေက ကျောက်စိမ်းကဲ့သို့ ချောမွတ်နေပြီး သူ၏ မျက်နှာက တည်ကြည် ခန့်ညားလှသည်။ သူ၏ နောက်ကျောတွင်လည်း ဓားတစ်ချောင်းကို လွယ်ထား၏။

သို့သော်လည်း အနီးကပ်ကြည့်လျှင် လူငယ်ဟု မြင်ကြလိမ့်မည် မဟုတ်ချေ။ မျက်လုံးထောင့် တွင် လှိုင်းတွန့်လေးများ ရှိနေ၏။ ယခင်က မောက်မာဝံ့ကြွားတတ်သော ဟန်အမူအရာ အစား တည်ငြိမ်မှုက သူ့မျက်နှာတွင် ထင်ဟပ်နေသည်။

“သခင်လေး… သခင်လေးကျောက်… “

အစောင့်က ထစ်ငေါ့ထစ်ငေါ့ဖြင့် လျင်မြန်စွာ ဦးညွှတ်လိုက်သည်။

မိန်းမလေးက လူငယ်လေး မြေပြင်ပေါ်သို့ ကျလာသည်ကို ကြည့်ပြီး ထိတ်လန့်တကြား ဖြစ်သွားပြီးနောက် သူ့အစ်ကို နောက်တွင် လျင်မြန်စွာ ပုန်းကွယ် နေလိုက်သည်။

လူငယ်ကာ ဝမ်ကျောက်ဖြစ်သည်။ သူက မျက်မှောင်ကြုတ်ပြီး အစောင့်ကို ကြည့်ကာ မေးလိုက်သည်…

“မင်းနာမည်က ဝမ်တောက်… ဟုတ်တယ်မလား… “

အစောင့်သည် သခင်လေး ဝမ်ကျောက်က သူ့နာမည်ကို မှတ်မိ နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူက ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်ဖြေလိုက်သည်…

“ဟုတ်ပါတယ်… သခင်လေး… ကျွန်တော့်နာမည် ဝမ်တောက်ပါ… “

ဝမ်ကျောက်က အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် မေးလိုက်သည်…

“ဝမ်တောက်… ဝမ်လင်းအကြောင်း မင်းကို ဘယ်သူ ပြောပြတာလဲ… သူတို့က ဘာတွေပြောလဲ… “

ဝမ်တောက်၏ နှလုံးခုန်သံသည် အလွန် မြန်ဆန်လာပြီး ချက်ချင်း ဖြေလိုက်သည်…

“ဒါက … ဒါက အစေခံ တစ်ယောက်က ပြောတာ ကြားခဲ့တာပါ… သူက သခင်လေးကို တိုက်ခိုက်ဖို့အတွက် ကြိုးစားနေတဲ့ အသုံးမကျတဲ့ ကောင်တစ်ယောက် ဖြစ်ပြီး… သခင်လေးကို မယှဉ်နိုင်လို့ အိမ်ပြန်ရမှာ ရှက်ပြီး ပြန်မလာတာလို့ ကြားခဲ့ပါတယ်… “

ဝမ်ကျောက်က အနည်းငယ် ငြိမ်သက်သွားပြီး အချိန် တော်တော်ကြာပြီး နောက်တွင် သက်ပြင်း ချကာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်…

“အသုံးမကျတဲ့ ကောင်တဲ့လား… သူနဲ့သာ ယှဉ်လိုက်ရင် ငါကမှ တစ်ကယ် အသုံးမကျတဲ့ ကောင်ပဲ… “

ဝမ်ကျောက်၏ စကားကို ကြားပြီး ဝမ်တောက်သည် ထိတ်လန့်တကြား ဖြစ်သွား၏။ ထိုအချိန် တွင် လူငယ်တစ်ယောက်က အပြင်သို့ ထွက်လာသည်။ သူက ဝမ်ကျောက်ကို ကြည့်ပြီး ပြောလိုက် သည်…

“ဝမ်ကျောက်… မတွေ့တာ ကြာပြီနော်… “

ဝမ်ကျောက်က ပြုံးပြီး ပြောလိုက်သည်…

“ဝမ်ဟို… ငါတို့ မတွေ့တာ သုံးနှစ်ပဲ ရှိသေးတယ်… မင်းလည်း တော်တော် ပြောင်းလဲ သွားတာပဲ…“

ဝမ်ဟို၏ မျက်နှာက ညှိုးငယ်သွားပြီး တိုးတိုးလေး ရေရွတ်သကဲ့သို့ မေးလိုက်သည်…

“ဝမ်လင်းရဲ့သတင်းရော ကြားမိသေးလား… “

“ဟုန်ယွီဂိုဏ်းက ထွက်သွားကတည်းက သူ့သတင်းကို မကြားရတော့ဘူး… “

ဝမ်ကျောက်က ဖြေလိုက်သည်။

ဝမ်ဟိုက သက်ပြင်းချပြီး ထပ်မေးလိုက်သည်…

“မင်းရဲ့အခု ကျင့်စဉ်အဆင့်ကရော ဘယ်လောက် ရောက်ပြီလဲ… မင်းရဲ့ ပင်ကိုယ် အရည်အသွေး နဲ့ဆိုရင် ရွမ်တောက်ဂိုဏ်းက အကြီးအကဲတွေက မင်းကို သတိထားမိမှာပဲ… “

ဝမ်ကျောက်က ခါးသက်စွာ ပြောလိုက်သည်…

“တိုးတက်ဖို့က ခက်ခဲပါတယ်… ငါ အခုမှ ချီစုစည်းခြင်း အဆင့် အလွှာ ၁၁ ကိုပဲ ရောက်သေး တယ်… ဒါတောင် လွန်ခဲ့တဲ့နှစ်က တောင်အနောက်ဘက်က နေရာလုပွဲမှာ နိုင်ပြီး နေရာတစ်ခု ရခဲ့လို့ပဲ… သူကတော့ ငါ့အထင် အနည်းဆုံး အလွှာ ၁၅ ကို ရောက်လောက်ပြီ… “

ဝမ်ဟိုက ခဏလောက် စဉ်းစားပြီး သူ့ကိုယ်သူ ရယ်မောကာ ပြောလိုက်သည်…

“ငါက အခုမှ အလွှာ ၇ ကိုပဲ ရောက်သေးတယ်… ငါတို့ကြားက ကွာဟမှုတွေက တော်တော် ကြီးလာပြီပဲ… “

ဝမ်တောက် အံ့အားသင့်နေသည်။ ကျင့်စဉ်အဆင့်များကို သူ မသိသော်လည်း သခင်လေး နှစ်ယောက်၏ ပြောစကားများအရ ဝမ်လင်းသည် အစေခံပြောသကဲ့သို့ အသုံးမကျသည့် လူတစ်ယောက် မဖြစ်နိုင်ပေ။

ထိုအချိန်တွင် ကောင်းကင်ကြီးက ရုတ်တရက်‌ မှောင်ကျသွားပြီး အပူချိန်ကလည်း ထိုးဆင်း သွား၏။ ကြီးမားသော ကြေးမုံတစ်ချပ်ကလည်း ကောင်းကင်ထက်တွင် ပေါ်လာသည်။ ကြေးမုံ မျက်နှာပြင်တွင် လှိုင်းတွန့်ကလေးများ ပေါ်လာပြီး လူနှစ်ယောက် ထွက်လာ၏။ တစ်ယောက်က အင်မော်တယ် တစ်ယောက်ကဲ့သို့ အော်ရာများ ထွက်ပေါ်လျက်ရှိပြီး နောက်တစ်ယောက်ကတော့ မိစ္ဆာ အော်ရာများဖြင့် ဖုံးလွှမ်းလျှက် ရှိသည်။

ကြီးမားသော ဖိအားတစ်ခုကလည်း ချက်ချင်း အပေါ်မှ ဖိလာသည်။

ဝမ်ကျောက်နှင့် ဝမ်ဟို၏ မျက်နှာက အကြီးအကျယ် ပျက်ယွင်းသွားပြီး အသက်ပင် မရှူ ဝံ့တော့ချေ။ ဝမ်ကျောက်က လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးပြီး ပြောလိုက်သည်…

“ဂျူနီယာက ရွှမ်တော်ဂိုဏ်းက တပည့် ဝမ်လင်းပါ… စီနီယာ နှစ်ယောက်ကို ကြိုဆိုနှုတ်ဆက် ပါတယ်… “

အင်မော်တယ်ကဲ့သို့ အော်ရာများရှိသော အဘိုးအိုက ထိတ်လန့်သွားကာ မေးလိုက်သည်…

“ရွှမ်တောက်ဂိုဏ်းကလား… မင်း သက်သေပြနိုင်လား… “

ဝမ်ကျောက်၏ နှလုံးခုန်သံက မြန်သွားပြီး မကောင်းသည့် ခံစားချက် တစ်ခုကို ရလိုက်သည်။ သူက ချက်ချင်း ရွှမ်တောက်ဂိုဏ်း၏ ကျောက်စိမ်းပြားကို ထုတ်ယူပြီး ပေးလိုက်သည်။ အဘိုးအိုက ကျောက်စိမ်းပြားကို စစ်ဆေးကြည့်ပြီး ဝမ်ဟိုကို ကြည့်ကာ မေးလိုက်သည်…

“မင်းရောလား… “

ဝမ်ဟိုသည် ဉာဏ်ကောင်းသည့် လူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် တုံ့ဆိုင်းနေခြင်း မရှိဘဲ ခေါင်းညိတ်လိုက်သည်။

ထန်းဟွယွမ်က နှာခေါင်းရှုံ့လိုက်ပြီး လက်ကို ၀ှေ့ယမ်းလိုက်ရာ ပေါက်ကွဲသံနှစ်ခု ထွက်လာပြီး အစောင့်နှင့် သူ့ညီမတို့၏ ခန္ဓာကိုယ်သည် ပေါက်ကွဲသွားသည်။ သွေးများကလည်း နေရာအနှံ့ ပျံ့သွား၏။

သူတို့၏ ခန္ဓာကိုယ်မှ အဝါရောင် အငွေ့နှစ်ခု ထွက်ပေါ်လာရာ ထန်းဟွယွမ်က အလံတစ်ခုကို ထုတ်ယူလိုက်ပြီး အငွေ့နှစ်ခုကို အလံထဲ သိမ်းထားလိုက်၏။

မကြာမီ အလံပေါ်တွင် နာကျင်မှုများဖြင့် ပြည့်နေသည့် မျက်နှာနှစ်ခု ပေါ်လာသည်။ ထိုမျက်နှာ နှစ်ခုကား အစောင့်နှင့် သူ၏ညီမလေး ဖြစ်သည်။

ထန်းဟွယွမ်က ဆုံးဖြတ်ချက် ချထားဟန်ဖြင့် ပြောလိုက်သည်…

“ဒီနေ့ ဘယ်သူမှ အသက်မရှင်ရဘူး… “

ပြောပြီးသည်နှင့် သူက ဝမ်ကျောက်နှင့်ဝမ်ဟိုကို ကျော်သွားပြီး အိမ်တော်ထဲသို့ ဝင်သွား၏။

***

ဝမ်လင်းကတော့ ကြွယ်မင်တောင်ကြားထဲတွင် လျင်မြန်စွာ ပြေးလွှားနေ၏။ သူ့နောက်တွင် အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်က လိုက်နေပြီး သူတို့ မျက်နှာတွင် သတ်ဖြတ်ချင် စိတ်များဖြင့် ပြည့်နေသည်။

ဝမ်လင်းသည် ပြေးနေရင်း သူ၏ နှလုံးသားက ရုတ်တရက် စူးခနဲ နာကျင်သွား၏။ နာကျင်မှုက ဒဏ်ရာကြောင့် မဟုတ်ဘဲ နှလုံးသားထဲမှ ခံစားမှုကြောင့် ဖြစ်သည်။

သူ၏ နှလုံးသားထဲတွင် ထိတ်လန့်မှုနှင့် မချင့်မရဲ ဖြစ်သော အာရုံတစ်ခု ပေါ်လာသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset