အပြာရောင်အရည်ကို ဓားအိမ်ဆီသို့ ပို့လိုက်ပြီးနောက် ဝမ်လင်း၏ အမူအရာက ပိုပြီး လေးနက်လာကာ ဓားအိမ်ပေါ်မှ သင်္ကေတကို စိုက်ကြည့်လိုက်သည်။ သူ၏ လက်နှစ်ဖက်ဖြင့် အစီအရင် တစ်ခုကို ဖန်တီးပြီး အပြာရောင် စိတ်စွမ်းအင်များကို ပါးစပ်အပြည့် ထွေးထုတ်လိုက်သည်။ အပြာရောင် စွမ်းအင်များက ဓားအိမ်ကို ထိသွားသည်နှင့် ဓားအိမ်တစ်ခုလုံးကို အပြာရောင် မီးတောက်တစ်ခုက ဝိုင်းရံ သွား၏။
အမှန်တစ်ကယ်တွင် မီးဟု မခေါ်သင့်ပေ။ မီးကဲ့သို့ ပုံသဏ္ဌာန် ရှိသော်လည်း မီးကဲ့သို့ အပူချိန် မရှိချေ။ ထိုမီးတောက် ထွက်ပေါ် လာသည်နှင့် ဂူတစ်ခုလုံး အပူချိန်က သိသိသာသာ လျော့ကျသွား၏။
ဝမ်လင်းက မျက်တောင်ပင် မခတ်ဘဲ အေးခဲမီးတောက်ကို ထိန်းချုပ်ပြီး ဓားအိမ်ကို သန့်စင် လိုက်သည်။
အေးခဲ မီးတောက်သည် အမြုတေ ဖွဲ့တည်ခြင်း အဆင့်၏ အမြုတေ မီးတောက်ကဲ့သို့ ခိုးချပြီး လုပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် အလွန် ဂရုစိုက်ပြီး လုပ်ဆောင်နေခြင်း ဖြစ်၏။ အချိန် တော်တော်ကြာအောင် စဉ်းစားတွေးတော ပြီးမှသာ အေးခဲ အမြုတေက ဓားအိမ်ကို သန့်စင်နိုင်သည်ဟု ယုံကြည်ခဲ့ပြီး ယခုအချိန် ရောက်မှ အသုံးချလိုက်ခြင်း ဖြစ်သည်။
***
အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာသည်။ သုံးရက်ကြာပြီးနောက် ရီဇီကျိုင်းသည် အလောင်းကောင် ဂိုဏ်းသို့ ပြန်ရောက်လာ၏။
သူ၏ ကိုယ်ပိုင်ဂူထဲတွင် သူက တခြားမိစ္ဆာဂိုဏ်း သုံးဂိုဏ်းနှင့် ပက်သတ်၍ စိတ်ထဲတွင် နေမထိထိုင်မသာ ဖြစ်နေသည်။
ပြင်ပတိုက်ပွဲ မြေပြင်ဝင်ခွင့် ပြိုင်ပွဲတွင် ယခင်က မိစ္ဆာဂိုဏ်းများသာ နိုင်ခဲ့ကြသည်။ သို့သော် ယခုမူ ဖုနန်ဇီ၏ ရွှမ်တောက်ဂိုဏ်းက ထူးချွန်သူများ ပေါ်ထွက်လာဖို့က သေချာသလောက် ရှိ၏။
ရုတ်တရက် သူ၏ မျက်လုံးက တွန့်ကွေးသွားပြီး ရေရွတ်လိုက်သည်…
“မင်း ဖုနန်ဇီကို သတ်နိုင်လား… “
ရီဇီကျိုင်း၏ ခန္ဓာကိုယ်ထဲမှ အက်ကွဲကွဲ အသံတစ်ခု ထွက်လာသည်…
“အဲဒီဂျူနီယာက စဦးစိတ်ဝိညာဉ် အလယ်အဆင့်ဆိုပေမဲ့… အလယ်အဆင့် အထွတ်အထိပ်ပဲ… သူသာ ကံကောင်းရင် နှစ် ၁၀၀ အတွင်း နှောင်းပိုင်းအဆင့်ကို ရောက်သွားလိမ့်မယ်… ပြီးတော့ ကျောင်း နိုင်ငံထဲမှာ အဆင့်အမြင့်ဆုံး ဖြစ်လာလိမ့်မယ်… ငါက မင်းရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်သွားပြီးရင် သူ့ကို သတ်ဖို့က လွယ်လွယ်လေးပါ… ဒါ့ပေမဲ့ ငါက ခက်ခဲရှုပ်ထွေးလာမဲ့ ကိစ္စတွေကို မလုပ်ချင်ဘူး… “
ရီဇီကျိုင်းက အချိန် တော်တော်ကြာအောင် စဉ်းစားလိုက်ပြီးနောက် အစိမ်းရောင် ကျောက်စိမ်းပြား တစ်ခု ထုတ်ယူလိုက်၏။
“ဂူနံပါတ် ၇၇ ကနေ ၉၉ ထိက ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် တပည့်အားလုံး ဂူနံပါတ် ၃၆ ကို လာခဲ့ကြ… “
ပြောပြီးသည်နှင့် သူက ဂူထောင့်ရှိ အစီအရင်ဖြင့် ချိပ်ပိတ်ထားသော အားသိုင်ကို ကြည့်ပြီး ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။ ထို့နောက် သူက ကျောက်စိမ်းပြားတစ်ခုကို အားသိုင်၏ နဖူးပေါ်တွင် တင်လိုက်ပြီး အပြင်သို့ လွှင့်ပစ်လိုက်၏။
မုရုံသည် ကျင့်ကြံနေခိုက် သူ၏ သိုလှောင်အိတ်က အလိုလို ပွင့်သွားပြီး ကျောက်စိမ်းပြား တစ်ခု ပျံသန်းပြီး ထွက်လာသည်။ ကျောက်စိမ်းပြားမှ အမိန့်ကို ကြားလိုက်ရပြီးနောက် သူက တိုးတိုးလေး ရေရွတ်လိုက်သည်…
“ငါ တော်တော်ကံကောင်းတာပဲ… လွန့်ခဲ့တဲ့ ၃ နှစ်က ခန္ဓာကိုယ် သန့်စင်ခြင်း အလယ်အဆင့်ကို ရောက်ပြီး ဂူ ၈၂ ကနေ ၇၂ ထိရောက်သွားလို့ပေါ့… မဟုတ်ရင် ငါလည်း ဒီအချိန်မှာ ခေါ်တဲ့အထဲ ပါသွားမှာ… “
ရုတ်တရက် သူ့ရှေ့တွင် အစိမ်းရောင်အငွေ့များ ထွက်ပေါ်လာပြီး ကျောက်စိမ်းပြား တစ်ခု၏ပုံစံ ပေါ်လာသည်။
မုရုံက မှင်တက်သွားကာ ထိုကျောက်စိမ်းကို စစ်ဆေး ကြည့်ပြီးနောက် နှာခေါင်းရှုံ့လိုက်ပြီး ဝမ်လင်း၏ ဂူရှိရာသို့ ထသွားလိုက်သည်။
အချိန်တိုအတွင်း သူက ဝမ်လင်း၏ ဂူရှေ့သို့ ရောက်လာသည်။ ဂူက ပိတ်ထားသည်ကို မြင်ပြီး ဂူကို လှုပ်ခါသွားအောင် စိတ်စွမ်းအင်ကို သုံး၍ လက်ဖြင့် ဂူပေါက်ဝကို ဖိလိုက်သည်။ ထို့နောက် သူက အော်ပြောလိုက်သည်…
“ဘိုးဘေး… ပထမဘိုးဘေးက ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့်တွေ အားလုံးကို ဂူ ၃၆ မှာ စုခိုင်း လိုက်တယ်… ကျွန်တော်က ဘိုးဘေးကို လမ်းပြဖို့ လာခဲ့တာပါ… “
အထဲမှ တုံ့ပြန်မှုကို မကြားရ၍ မုရုံ မျက်မှောင်ကြုတ်သွား၏။ ပထမ ဘိုးဘေးဆီမှ အသံ အရ ဝမ်လင်းကို ဘိုးဘေးက သိပ်ပြီးတော့ အမြင်ကြည်ပုံ မရချေ။
ထိုအချိန်တွင် ဂူပေါက်ဝက ပွင့်သွားပြီး အလွန် ပင်ပန်းနေသည့် ဟန်ဖြင့် ဝမ်လင်းက အပြင် ထွက်လာသည်။
မုရုံက ဝမ်လင်းကို ကြည့်ပြီး ပြုံးပြကာ ပြောလိုက်သည်…
“ဘိုးဘေး… ဘာများဖြစ်လို့လဲ… “
ဝမ်လင်းက မဖြေဘဲ နက်ပြာရောင် ကျောက်စိမ်းပြားကို ထုတ်ယူပြီး ပြောလိုက်သည်…
“အစ်ကိုမု… ငါ့ကို ဂူ ၃၆ ဆီ လမ်းပြပေးပါ… “
မုရုံက ဘာမှ ဆက်မပြောတော့ဘဲ ခေါင်းညိတ်လိုက်ပြီး ဝမ်လင်းရှေ့မှ ထွက်သွား၏။
ဝမ်လင်းက နောက်မှ လိုက်လာရင်း သူ့ မျက်လုံးထဲတွင် အလင်းရောင် တစ်ချက် လက်သွား၏။ သူက ဓားအိမ်ကို အပြည့်အဝ မသန့်စင်နိုင် သေးသော်လည်း ဓားကို ၅ ပုံ ၄ ပုံထိ ထိုးသွင်း နိုင်လာသည်။ ထို ၅ ပုံ ၄ ပုံ အစွမ်းနှင့်ဆိုလျှင် ဓား၏ အစွမ်းက လွန်စွာ တိုးတက် သွားပေလိမ့်မည်။
သူတို့က ဂူများကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်လာပြီးနောက် နောက်ဆုံးတွင် ကျောက်တိုင် ၁၆ ခုရှိသော ကြီးမားသည့် ဂူကြီးထဲသို့ ရောက်လာ၏။ ကျောက်တိုင် တစ်ခုချင်းစီ၏ ထိပ်တွင် အပြာရောင် မီးတောက်လုံး တစ်လုံးစီ ရှိနေသည်။
ဂူထဲတွင် တပည့် ၂၀ ကျော်က တန်းစီး ရပ်နေပြီး သူတို့ နောက်တွင် ခေါင်းတလား တစ်ခုစီ ကလည်း ရှိနေသည်။ ခေါင်းတလားများသည် ပုံစံအမျိုးမျိုး ရှိပြီး အားကောင်းသော အော်ရာများကို ထုတ်လွှတ်လျက် ရှိ၏။
ဝမ်လင်းက ဂူထဲသို့ ရောက်သည်နှင့် မုရုံက ဂူထဲရှိ လူများကို တစ်ချက်ကြည့်လိုက်ပြီး ဂူထဲမှ ပြန်ထွက်သွား၏။
ဝမ်လင်းက မျက်မှောင် ကြုတ်လိုက်သည်။ သူ့စိတ်ထဲ တစ်ခုခု မှားနေသည်ကို ခံစားမိလိုက် သည်။ သူက အားလုံးကို ကြည့်လိုက်ပြီး စိတ်ထဲတွင် သတိထား နေလိုက်သည်။
အားလုံးထဲတွင် ခန္ဓာကိုယ် သန့်စင်ခြင်း အလယ်အဆင့် တစ်ယောက်မှ မပါသော်လည်း ခန္ဓာကိုယ် သန့်စင်ခြင်း နှောင်းပိုင်းအဆင့် သုံးယောက်ပါနေပြီး သူတို့၏ မျက်နှာများက တခြားသူများနှင့် လုံးဝ ကွဲပြားနေသည်။
ထိုအချိန်တွင် မီးတောက် ၁၆ မှ အငွေ့များ ထွက်လာပြီး ရီဇီကျိုင်း၏ပုံစံ ဖြစ်သွား၏။ သူပေါ်လာသည်နှင့် အားလုံး၏ မျက်လုံးထဲတွင် အားကျသည့် အရိပ်ယောင်များ ပေါ်လာသည်ကို ဝမ်လင်း သတိပြုမိလိုက်သည်။
ရီဇီကျိုင်းက အားလုံးကို ဝေ့ကြည့်လိုက်ပြီး သူ၏အကြည့်က ဝမ်လင်းထဲတွင် နှစ်စက္ကန့်ခန့် ရပ်တန့်သွား၏။ ထို့နောက် သူက ပြောလိုက်သည်…
“ပြင်ပတိုက်ပွဲ မြေပြင်က နှစ် ၁၀၀ တိုင်းမှာ တစ်ခါ ဖွင့်ပေးတယ်… အထဲကို ဝင်ရောက် နိုင်ဖို့အတွက် တခြားဂိုဏ်းတွေနဲ့ ယှဉ်ပြိုင် ရလိမ့်မယ်… စဦးစိတ်ဝိညာဉ် အဆင့်နဲ့ အမြုတေ ဖွဲ့တည်ခြင်း အဆင့်က လူတွေကို ပါဝင်ယှဉ်ပြိုင်ဖို့ ခွင့်မပြုထားဘူး… ခဏနေရင် မင်းတို့အားလုံးကို ကြွယ်မင် တောင်ကြားကို ပို့ပေးမယ်… တုချန်… မင်းက အားလုံးကို ဦးဆောင်ပါ… တုချန် ဒီကိုလာခဲ့… “
အနက်ရောင် ဝတ်စုံဖြင့် သက်လတ်ပိုင်း လူကြီးက လျှောက်လာသည်။ ဝမ်လင်းက သူ့ကို မြင်သည့်အခါ အမြုတေအဆင့်သို့ ခြေလှမ်းတစ်ဝက် လှမ်းပြီးနေသည့် ခန္ဓာကိုယ် သန့်စင်ခြင်း နှောင်းပိုင်းအဆင့် တစ်ယောက်ဖြစ်ကြောင်း သိလိုက်သည်။
“ဒါက တိုက်ပွဲမြေပြင်ကို ဝင်ဖို့အတွက် တိုကင်ပြားပဲ… ဒါကို ကောင်းကောင်း ကိုင်ထားပါ… မှတ်ထားဦး… ဝင်ခွင့်ပြိုင်ပွဲ လုပ်တယ်ဆိုတာ တခြားသူတွေရဲ့ တိုကင်ပြားကို လုယူဖို့ပဲ… ပြီးတော့ တခြား မိစ္ဆာဂိုဏ်း သုံးဂိုဏ်းကိုလည်း သတိထားပါ… ရန်သူကို ငါးယောက်ပြည့်အောင် သတ်နိုင်တဲ့ ဘယ်သူမဆို သူတို့ရဲ ဝိညာဉ်ကို လွတ်လပ်ခွင့် ပေးမယ်… “
ပြောပြီးသည်နှင့် သူက ကျောက်စိမ်းပြား သုံးခုကို ထုတ်ပေးလိုက်သည်။ ထို့နောက် သူ၏ အကြည့်က ဝမ်လင်းဆီသို့ ရောက်သွား၏။
ဝမ်လင်းက ပုံမှန်အတိုင်းပင် ရီဇီကျိုင်းကို မသိမသာ ပြန်ကြည့်လိုက်သည်။
ရီဇီကျိုင်းက ထပ်ပြောလိုက်သည်…
“ဒီကျောက်စိမ်းပြား သုံးပြားထဲမှာ မင်းတို့ အားလုံးရဲ့ ဝိညာဉ်တွေကို ချုပ်နှောင်ထားတယ်… “
ဝမ်လင်းက ထိုစကားကို ကြားတော့ ချက်ချင်း လက်ကို ကိုက်ဖောက်လိုက်ရာ သွေးစက်တချို့ ထွက်လာသည်။ သူက နဖူးကို လက်ဖြင့် ထိလိုက်ရာ ရွှေရောင် တောက်ပလာ၏။ ထို့အတူ ကျလာသော သွေးစက် များကလည်း ရွှေရောင်သွေးစက်များ ဖြစ်သွား၏။
ထို့နောက် ဝမ်လင်းက ရွှေရောင် သွေးစက်တစ်စက်ကို လက်ဖြင့် ညွှန်လိုက်ရာ ထိုသွေးစက်က ရီဇီကျိုင်း၏ လက်ထဲမှ ကျောက်စိမ်းပြား တစ်ခုပေါ်သို့ ကျသွား၏။ ဝမ်လင်း၏ လုပ်ရပ်ကို မြင်ပြီး ရီဇီကျိုင်းက အံ့အားသင့်သွားသည်။ သူ ကြံစည်ထားသည် ဝမ်လင်းသည် ဝိညာဉ်ချုပ်နှောင်ရန် လက်မခံ ပါက သတ်ပစ်ရန် တွေးထားသည်။ သို့သော်လည်း ဝမ်လင်းက ယခုကဲ့သို့ လိုလိုလားလားဖြင့် လက်ခံမည်ဟု ထင်မထားမိခဲ့ချေ။ သူက ဝမ်လင်းကို အလောင်းရုပ်သေး သို့မဟုတ် ခန္ဓာပိုင်ရှင်အဖြစ် မရွေးချယ်တော့ပေ။ တခြား ရွေးချယ်ထားသည့် လူများသည် ဝမ်လင်းထက် ပိုပြီး ပါရမီ ရှိကြသည်။ ထို့ကြောင့် နောက်ဆုံးတွင် သူက အားသိုင်ကို ရွေးချယ်လိုက်၏။
ရီဇီကျိုင်းက လက်ကို ဝှေ့ယမ်းလိုက်ရာ မှောင်မဲနေသော အပေါက်တစ်ခု ပေါ်လာ၏။ ထိုအပေါက်မှ စုပ်အားတစ်ခု ထွက်နေသည်ကို အားလုံး ခံစားမိကြသည်။
ရီဇီကျိုင်းက ဝိညာဉ်များ ချုပ်နှောင်ထားသော ကျောက်စိမ်းပြားသုံးပြားကို တုချန်နှင့် နောက် နှစ်ယောက်ဆီသို့ ပစ်ပေးလိုက်သည်။ သူတို့သုံးယောက်သည် ခန္ဓာကိုယ် သန့်စင်ခြင်း နှောင်းပိုင်းအဆင့် များ ဖြစ်ကြောင်း ဝမ်လင်း သတိထားမိလိုက်သည်။
သူ့ရင်ထဲမှ သံသယများက ပိုပိုပြီး တိုးပွားလာ၏။ ထို့ကြောင့် ဝမ်လင်းက သူ၏ ဝိညာဉ်ကို ချုပ်နှောင်ထားသော ကျောက်စိမ်းပြား ကိုင်ဆောင်သူကို သေသေချာချာ မှတ်ထားလိုက်၏။
ရီဇီကျိုင်းက ပြောလိုက်သည်…
“သွားကြတော့… သတင်းကောင်းကို စောင့်နေမယ်… “
တုချန်က လေးစားစွာဖြင့် ခေါင်းညိတ်လိုက်ကာ ကြီးမားသော အပေါက်ကြီးထဲသို့ ပထမဆုံး ဝင်ရောက်သွားပြီး ပျောက်ကွယ်သွား၏။
ဝမ်လင်းကလည်း တုံ့ဆိုင်းနေခြင်း မရှိဘဲ သူတို့နောက်မှ လိုက်ပါ ဝင်ရောက်သွား၏။
အားလုံး ထွက်သွားပြီးနောက် အက်ကွဲကွဲ အသံတစ်ခု ထွက်ပေါ်လာသည်။
“ရီဇီကျိုင်း… ဒီလူ ၂၀ ကျော်နဲ့ ကောင်လေးပါ ပေါင်းလိုက်ရင် အလောင်းရုပ်သေးတွေရဲ့ အဆင့်က အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကို ခြေလှမ်းတစ်ဝက် လှမ်းနေပြီး ဖြစ်တဲ့ အယောင်ဆောင် အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကို ရောက်သွားလိမ့်မယ်… ဒီတစ်ခါတော့ အလောင်းကောင်ဂိုဏ်း ဝင်ခွင့် ရဖို့က ကျိန်းသေနေပြီ… “
ရီဇီကျိုင်းက တည်ငြိမ်စွာ ပြောလိုက်သည်…
“ဝမ်လင်းရဲ့ ခန္ဓာကိုယ်ထဲက ယင်စွမ်းအင်တွေက အရမ်း သန့်စင်တယ်… ဒါကြောင့် သူ့မှာ လျှို့ဝှက်ချက် တစ်ခုခုတော့ ရှိရမယ်… လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကသာ သူ့ကို သိရရင် နည်းနည်းလောက်တော့ စုံစမ်းစစ်ဆေး ကြည့်မိမှာ… ဒါပေမဲ့ အခု ငါက အသက်ရှင်ဖို့ သုံးလလောက်ပဲ ကျန်တော့တယ်… ပြင်ပ တိုက်ပွဲမြေပြင် ဖွင့်တဲ့ရက်က ငါသေမယ့်နေ့ပဲ… ငါက သူ့ရဲ့ ခန္ဓာကိုယ်ကို အသုံး မပြုချင်မှတော့ အလောင်း ရုပ်သေးတွေ အဆင့်တက်ဖို့အတွက် သူ့ကို ထိုးကျွေးလိုက်တာ… “
“လျိုရှ… အားသိုင်ကို အမြုတေ ဖွဲ့တည်ခြင်းအဆင့်ကို ရောက်ဖို့ မင်းကိုပဲ အကူအညီ တောင်းရမှာပဲ… ပြင်ပ စစ်မြေပြင်ကို သွားပြီး အလောင်းရုပ်သေး ကောင်းတာလေး တစ်ခုလောက် ရှာခဲ့ပေးပါ… ငါ ပြန်ရှင်လာရင် ငါ့ညီရဲ့ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ဖို့ သခင်ဇီကို ကူညီပေးမယ်… “
အက်ကွဲကွဲ ရယ်သံကြီး ထွက်ပေါ်လာကာ လျိုရှက သဘောတူလိုက်သည်။
***
ကြွယ်မင်တောင်ကြားသည် ကျောင်းနိုင်ငံ၏ တောင်ပိုင်း အစွန်အဖျား ဒေသတွင် တည်ရှိသည်။ ကြွယ်မင် တောင်ကြားသည် အလွန်ကြီးမားပြီး တောအုပ်နှင့် မြစ်ချောင်းများ အလွန်ပေါများ၏။ ထိုဒေသတွင် တစ်နှစ်ပတ်လုံး မြူများဖြင့် ပိတ်ဖုံးနေသည်။
ကြွယ်မင် တောင်ကြား၏ တစ်နေရာတွင် ရုတ်တရက် ကြီးမားသော တံခါးကြီးတစ်ချပ် ပေါ်လာ ပြီး နောက်တွင် ခေါင်းတလားများပါသော ကျင့်ကြံသူများသည် တံခါးပေါက်ထဲမှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်။
နောက်ဆုံးလူ ထွက်လာပြီးသည်နှင့်တစ်ပြိုင်နက် တံခါးက ရွှေရောင်အမှုန်လေးများအဖြစ် ပြောင်းလဲလာပြီး တဖြည်းဖြည်းနှင့် ပျောက်ကွယ်လာသည်။
ထိုအချိန်တွင် ဝိညာဉ် ကျောက်စိမ်းပြားများ ကိုင်ဆောင်ထားသော ကျင့်ကြံသူ သုံးယောက်သည် ကျောက်စိမ်းပြားကို ချေမွ ပျက်စီးပစ်ရန် ပြင်လိုက်ကြသည်။
***