Switch Mode

အပိုင်း (၁၀၀)

ဓားအိမ်ကို သန့်စင်ခြင်း

ရှေ့တွင် ကြီးမား ဂူကြီးတစ်ဂူ ရှိပြီး နံရံပေါ်တွင်လည်း အပေါက်သေးများ အများကြီး ရှိနေ၏။ ဝမ်လင်း၏ နတ်ဘုရား စိတ်အာရုံထွက်လာသော အပေါက်သည် ထိုအပေါက်များထဲမှ တစ်ပေါက် ဖြစ်သည်။

အခန်း၏ အလယ်တွင် ကြီးမားသော ခေါင်းတလားတစ်ခု ရှိ၏။ ထိုခေါင်းတလားသည် သာမန် ခေါင်းတလား တစ်လုံးသာ ဖြစ်သည်။ သို့သော်လည်း ထိုခေါင်းတလားထဲမှ ပြင်းထန်သော ယင်စွမ်းအင် လှိုင်းများ ထွက်ပေါ်နေသည်။ ထို ယင် စွမ်းအင်များက အဖြူရောင် အငွေ့များ အဖြစ် ပြောင်းကာ နံရံပေါ်ရှိ အပေါက်များထဲသို့ ဝင်သွား၏။

ဝမ်လင်းက ခေါင်းတလား၏ ထူးခြားမှုကို သတိထားမိပြီး ခဏတာ မှင်တက်သွားသည်။ ဝမ်လင်းက ချက်ချင်းပဲ ခေါင်းတလားကို နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးလိုက်ရာ အံအား သင့်သွား၏။

ခေါင်းတလားထဲတွင် မည်သည့်အရာမှ မရှိဘဲ ကြီးမားသော အပေါက်ကြီး တစ်ခုသာ ရှိ၏။ ယင်စွမ်းအင်များသည် ထို အပေါက်ကြီးထဲမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ထို ယင်စွမ်းအင်များသည် အလွန် သိပ်သည်းနေသဖြင့် ဝမ်လင်း၏ နတ်ဘုရား စိတ်အာရုံက ယင်စွမ်းအင် လှိုင်းများကို ဖြတ်ပြီး မမြင်နိုင်ပေ။

ဝမ်လင်းက ဂူထဲတွင် ထိုင်နေရင်း ဆုံးဖြတ်ချက် ချလိုက်သည်။ ယင်စွမ်းအင်များ ထွက်လာသည့် နေရာနှင့် အဘယ်ကြောင့် မှော်ကျောက်တုံးက ယင်စွမ်းအင်များကို စုပ်ယူနိုင်ရလဲ ဆိုတာကို ဝမ်လင်း သိချင်နေသည်။ ထို့ကြောင့် ယင် စိတ်ဝိညာဉ် အရည်များ ထည့်ထားသော ဘူးသီးခြောက်ကို ထုတ်ယူလိုက်ပြီး တစ်ငုံ သောက်လိုက်သည်။

ဝမ်လင်း၏ လက်ရှိ ခန္ဓာကိုယ် အခြေအနေနဲ့တောင်မှ ယင်စိတ် ဝိညာဉ်ရေကို တောင့်မခံနိုင်ဘဲ တုန်ယင်သွား၏။ သူက ချက်ချင်း ယင်စွမ်းအင်များကို စုပ်ယူရန် ခန္ဓာကိုယ်အနှံ့ လှည့်ပတ်လိုက်သည်။ ယင် စွမ်းအင်များကို စုပ်ယူပြီးနောက် သူ၏ နတ်ဘုရား စိတ်အာရုံကလည်း အားကောင်းလာပြီး ခေါင်းတလားထဲရှိ အပေါက်ထဲသို့ တိုးဝင်လိုက်သည်။

သူ၏ နတ်ဘုရား စိတ်အာရုံက ယင် စွမ်းအင်လှိုင်းများကို ဖြတ်ကျော်ပြီး ခေါင်းတလားကြီးထဲမှ အပေါက်ထဲသို့ တိုးဝင်သွားလိုက်၏။ မီတာ ၄၀၀ ကျော်ခန့် သွားပြီးနောက် ရှေ့တွင် ယင်စွမ်းအင်များက နံရံတစ်ခုကဲ့သို့ ပိတ်ဆို့ ထားသည်ကို တွေ့လိုက်ရသည်။

ဝမ်လင်းက အံကြိတ်ပြီး ယင်စိတ်စွမ်းအင် အရည် နောက်တစ်ငုံ ထပ်သောက်လိုက်၏။ ထို့နောက် သူ၏ နတ်ဘုရားစိတ်အာရုံကို အတင်း တိုးဝင်လိုက်၏။ ထိုအခါ မြင်လိုက်ရသော မြင်ကွင်း ကြောင့် အံ့ဩမှင်တက်သွားသည်။

လေထဲတွင် ကြီးမားသော ခန္ဓာကိုယ်ကြီးတစ်ခုက လေထဲတွင် မျောနေ၏။ ဝမ်လင်း၏ ခန္ဓာကိုယ်က ထိုခန္ဓာကိုယ်ကြီး၏ လက်တစ်ချောင်း စာမျှသာ ရှိသည်။ ထို ခန္ဓာကိုယ်ကြီးပေါ်တွင် အစိမ်းရောင်နှင့် ခရမ်းရောင် ပေါင်းစပ်ထားသော အပင်တစ်ပင် ရှိနေသည်။ ခန္ဓာကိုယ်ကြီးသည် တဖြည်းဖြည်း ကျုံ့ဝင်သွားလိုက်၊ ပုံမှန်အတိုင်း ပြန်ဖြစ်သွားလိုက်ဖြင့် သံသရာလည်နေပြီး၊ အပင် ကလည်း ယင်စွမ်းအင်များကို လျင်မြန်စွာ ထုတ်ပေးနေသည်။

ဝမ်လင်းက မှင်တက်သွားပြီး နတ်ဘုရား စိတ်အာရုံဖြစ် သေချာစစ်ဆေး ကြည့်လိုက်ရာ ပိုပြီး အံ့အား သင့်သွား၏။ ထိုခန္ဓာကိုယ်ကြီးသည် စိမ်းရောင်သန်းနေသော အပင်အတွက် အာဟာရ ဖြစ်စေရန် ဤနေရာ၌ တစ်ယောက်ယောက်က လုပ်ထားခြင်း ဖြစ်ရပေမည်။

ဤအပင်ကြောင့်သာ အလောင်းကောင် ဂိုဏ်းက ယင်စွမ်းအင်များကို အလျှံပယ် ရရှိနေခြင်း ဖြစ်သည်။

မှော်ကျောက်တုံးက ယင်စွမ်းအင်များကို စုပ်ယူပြီး သစ်ရွက် တိုးလာရခြင်းမှာ ဤအပင်ကြောင့် ဖြစ်ရပေမည်။ ဝမ်လင်းက ဤနေရာသို့ ဝင်လာသည့် အချိန်တွင် အန္တရာယ်ကို ခံစားမိသောကြောင့် ချက်ချင်း ပြန်ထွက်ရန် ပြင်လိုက်သည်။

ထိုအချိန်တွင် တိုးလွန်းလှသော အသံတစ်ခု ထွက်ပေါ်လာသည်။

ဝမ်လင်းကလည်း ချက်ချင်း သူ၏ နတ်ဘုရားစိတ်အာရုံကို ပြန်ရုပ်သိမ်းလိုက်သည်။ သို့သော် လည်း ထိုနေရာရှိ ယင်စွမ်းအင်များက ဝမ်လင်း၏ နတ်ဘုရား စိတ်အာရုံကို ပိတ်ဆို့ထားလိုက်၏။ မကြာမီ အသံက တဖြည်းဖြည်း သူကြားနိုင်သည့်အထိ ကျယ်လာ၏။

“ငါ့ကို ကယ်ပေးပါ… “

ဝမ်လင်းက တုံ့ဆိုင်းခြင်းမရှိ ဘူးသီးခြောက်ကို ထုတ်ယူလိုက်ပြီး ကျန်နေသေးသော ယင် စိတ်ဝိညာဉ် အရည်အားလုံးကို သောက်ပစ်လိုက်သည်။ ထို့နောက် သူ၏ နတ်ဘုရား စိတ်အာရုံကို ပိတ်ဆို့ထားသော ယင်စွမ်းအင်များအား အတင်းတိုးထွက် စေလိုက်သည်။ သူ၏ ကိုယ်ထဲမှ များပြား လှသော ယင်စွမ်းအင်များက သူ၏ နတ်ဘုရား စိတ်အာရုံထဲသို့ အားဖြည့်လိုက်၏။ သို့သော်လည်း မစုပ်ယူရ သေးသော ယင်စွမ်းအင်များက ခန္ဓာကိုယ်ထဲမှ စိတ်စွမ်းအင်များနှင့် ရောနှောသွားပြီး ဝမ်လင်း သွေးအန် လိုက်ရသည်။ သူအန်ထုတ်လိုက်သော သွေးများသည် လေထဲမှာပင် သွေးခဲများ ဖြစ်သွားပြီး ကြမ်းပြင်ပေါ်သွား ကျသွား၏။

သူ၏ နတ်ဘုရားစိတ်အာရုံက ယင်စွမ်းအင် အတားအဆီးကို ချိုးဖြတ်နိုင်ခဲ့ပြီး သူ၏ ခန္ဓာကိုယ် အတွင်းသို့ ပြန်ဝင်ရောက် သွားချိန်တွင်လည်း သွေးများ ထပ်အန်လိုက်ရသည်။

ဝမ်လင်းလည်း အလွန်ထိတ်လန့်သွားပြီး‌ နောက်ထပ်တစ်ကြိမ် ထပ်မစစ်ဆေး ရဲတော့ချေ။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များကို ပြန်လည် ထိန်းညှိရန်အတွက် ကျင့်ကြံလိုက်သည်။ မကြာမီ သူ၏မျက်လုံးက ပွင့်လာပြီး နံရံပေါ်မှ အပေါက်များ အကြောင်းကို စဉ်းစားလိုက်သည်။

အချိန်များက တဖြည်းဖြည်းနှင့် ကုန်ဆုံးလာပြီး ဝမ်လင်း အလောင်းကောင် ဂိုဏ်းသို့ ရောက်ရှိနေသည်မှ ၄ ရက်ပင် ကုန်လွန်သွား၏။ ပထမဆုံးရက်မှ လွဲ၍ နောက်ရက်များတွင် မှော်ကျောက်တုံးမှ ယင်စိတ်ဝိညာဉ် အရည်များကို စုဆောင်းရင်း ကျင့်ကြံနေခဲ့သည်။ ထိုအချိန် အတွင်း တွင် မှော်ကျောက်တုံးပေါ်မှ သစ်ရွက်များက နှစ်ရွက်မှ သုံးရွက်အထိ တိုးသွားခဲ့၏။

ဝမ်လင်း၏ တွက်ချက်မှုအရဆိုလျှင် ယခင်က သက်တံတိမ်များ ၁၀ အထိ ရှိခဲ့သည့် အတွက် ဒီ တစ်ကြိမ်တွင်လည်း သစ်ရွက်က ၁၀ ရွက်အထိ ရှိရပေမည်။ သစ်ရွက်တစ်ရွက် ပေါ်လာရန်အတွက် ကြာသည့် အချိန်သည် နောက်ပိုင်းရောက်လေ ပိုကြာလေ ဖြစ်သည်။ ထို့ကြောင့် သစ်ရွက် ၁၀ ရွက်လုံး ပြည့်ရန်အတွက် လနှင့်တင် မဟုတ်ဘဲ နှစ်ချီ သွားနိုင်သည်။

သို့သော် အလောင်းကောင် ဂိုဏ်းသည် ကြာကြာနေလို့ ကောင်းသည့် နေရာတစ်ခု မဟုတ်ပေ။ ထို့ကြောင့် အစိမ်းရောင် သန်းနေသော ခရမ်းရောင် အပင်ရှိသည့် နေရာသို့ သွားချင်နေသည်။ သူသာ ထို အပင်တချို့ကို ရလိုက်ပါက မှော်ကျောက်တုံးအတွက် သစ်သားဒြပ်စင်ကို ဖြည့်ပေးနိုင်မှုက မြန်ဆန် သွားပေလိမ့်မည်။

သို့သော် ထိုကိစ္စက အသက်နှင့် ရင်းရမည့်ကိစ္စ ဖြစ်နေသည်။ အပင်ကို ရဖို့ကလည်း မသေချာပေ။

ထိုကိစ္စကို အချိန် တော်တော်ကြာ စဉ်းစားပြီးနောက် လက်လျော့ရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် သူက သိုလှောင်အိတ်ထဲ ပုတ်လိုက်ရာ သိုလှောင်အိတ်ထဲမှ ရှေးဟောင်းဓားအိမ် ထွက်လာပြီး ဝမ်လင်း၏ ရှေ့တွင် လေထဲ၌ ရပ်တန့်နေသည်။

ဤဓားအိမ်ကို ရရှိခဲ့စဉ်က သန့်စင်ခဲ့သော်လည်း အပြည့်အဝ မအောင်မြင်ခဲ့ပေ။ သို့သော်လည်း ဓားအိမ်ထဲသို့ ဓားကို ၅ပုံ ၃ပုံ အထိ ထိုးထည့်နိုင်ခဲ့၏။

ဓားအိမ်သည် ဓားထက်ပင် အလွန် အဖိုးတန်ကြောင်း စစ်ထူနန်က ပြောပြဖူးသည်။

ဝမ်လင်းက ဓားအိမ်ကို ကြည့်ရင်း ရေရွတ်လိုက်သည်…

“ကျန်းဟူက ပြောပြတဲ့ အတိုင်းဆို ဒီဓားနှင့် ဓားအိမ်ကို အမြုတေအဆင့် ရောက်မှ သန့်စင် နိုင်လိမ့်မယ်… ဒါပေမဲ့ အမှန်က ဒီလိုမှ မဟုတ်တာ… ဒီဓားကို သန့်စင်ဖို့ လိုအပ်တဲ့ စွမ်းအင်က အလွန် များပြားနေလို့ပဲ… အမြုတေ အဆင့်ကို ရောက်သွားရင် အမြုတေထဲက မီးနဲ့ သန့်စင်မယ်ဆိုရင် လွယ်ကူတာမို့… သူတို့က အမြုတေ အဆင့်ရောက်မှ သန့်စင်နိုင်မယ် ထင်နေကြတာပဲ… သွေးသန့်စင် ခြင်း နည်းစနစ်က တစ်ခါပဲ အသုံးပြုလို့ရတာ ငါ့အတွက် ကံဆိုးတာပဲ… “

ဓား၏ စွမ်းအားကို တိုးတက်စေရန်အတွက် ဓားအိမ်ကို ထပ်ပြီး သန့်စင်ရပေမည်။ သူ့တွင် အမြုတေ မရှိသော်လည်း တစ္ဆေလောက ပျံတက်ခြင်း ကျင့်စဉ်မှ ရရှိထားသည့် အေးခဲအမြုတေ ရှိ၏။

စစ်ထူနန်က သူ့ကို တစ်ခု ပြောခဲ့ဖူးသည်။ အေးခဲ အမြုတေသည် အစစ်အမှန် အမြုတေနှင့် မတူညီပေ။ အေးခဲ အမြုတေကို ခန္ဓာကိုယ်မှ မထုတ်သင့်ပေ။ အေးခဲ အမြုတေကို ခန္ဓာကိုယ်ထဲမှ ထုတ်လိုက်လျှင် အချိန်တိုလေးအတွင်း ပျောက်ကွယ်သွားမည် ဖြစ်သည်။ ထိုသို့ ဖြစ်ခဲ့လျှင် နောက်တစ်ကြိမ် ထပ်ပြီး ကျင့်ကြံရပေမည်။

ပထမအကြိမ် သန့်စင်တုန်းက သူသည် ခန္ဓာကိုယ် သန့်စင်ခြင်း အစောပိုင်း အဆင့်ကို စတင် ရောက်ရှိသည့် အချိန် ဖြစ်သည်။ ယခု တစ္ဆေလောက ပျံတက်ခြင်း ကျင့်စဉ်ကြောင့် သူ၏ စိတ်စွမ်းအင် အရည်အသွေးက တိုးတက် ကောင်းမွန်လာပြီး စိတ်စွမ်းအင် ပမာဏကလည်း လွန်စွာ များပြား လာသည်။ ယခု ခန္ဓာကိုယ် သန့်စင်ခြင်း အစောပိုင်းအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေပြီ ဖြစ်သော ကြောင့် ယခင်ကထက် အများကြီး ပိုမိုလွယ်ကူ သွားပေလိမ့်မည်။

ထိုအကြောင်းကို တွေးပြီးနောက် ဝမ်လင်းက သူ့ကိုယ်ထဲမှ ယင်စွမ်းအင်များကို ထုတ်ယူပြီး ဓားအိမ်နဲ့ ထိတွေ့စေလိုက်သည်။ ထိုအခါ နှင်းခဲအလွှာ တစ်လွှာက ဓားအိမ်ပေါ်တွင် ဖုံးအုပ်သွား၏။

ဝမ်လင်းက ဓားအိမ်ကို လက်ဖြင့် ညွှန်လိုက်ရာ ဓားအိမ်ဆီသို့ အပြာရောင် အလင်းတန်း တစ်ခုက ထိမှန်သွားသည်။

ဝမ်လင်း ဆက်တိုက် အပြာရောင် အလင်းတန်းများကို ဓားအိမ်ဆီသို့ ပစ်လွှတ်နေ၏။ အပြာရောင် အလင်းတန်းက ဓားအိမ်ကို ထိမိတိုင်း ဓားက တုန်ခါသွား၏။ တဖြည်းဖြည်းနှင့် ဝမ်လင်း၏ လက်များက လျင်မြန်လာပြီး အပြာရောင် အလင်းတန်း ထိမှန်နေသော ဓားအိမ်ကလည်း ပိုပြီး တုန်ခါလာသည်။

ဝမ်လင်း၏ နဖူးတွင် ချွေးများ စီးကျသော်လည်း ချွေးများက အပြင်ရောက်သည်နှင့် ချက်ချင်း ခဲသွားပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကုန်၏။ စိတ်စွမ်းအင်များက ကုန်ဆုံးလုနီးပါး ဖြစ်လာသောအခါ ယင် စိတ်ဝိညာဉ် အရည်ကို ထုတ်သောက်ပြီး သန့်စင်ခြင်းကို ဆက်လက် လုပ်ဆောင်သည်။

အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာသည်။ ဓားအိမ်ကလည်း တုန်ခါနေပြီး နောက်ဆုံးတွင် ပဉ္စဂံ ပုံသဏ္ဌာန်တစ်ခု ဓားအိမ်ပေါ်တွင် ပေါ်လာသည်။

ဝမ်လင်းက ထို ပုံသဏ္ဌာန်ကို မြင်ပြီး စိတ်အနည်းငယ် သက်သာသွား၏။ ထို့နောက် သူက အပြာရောင် အလင်းတန်းများ ပစ်ခတ်နေခြင်းမှ ရပ်တန့်လိုက်ပြီး စိတ်ထဲတွင် တွေးလိုက်သည်…

“အရင်က စိတ်စွမ်းအင် အလင်းတန်း ၅၀၀၀ ကျော်မှ ပုံသဏ္ဌာန်ပေါ်လာတာ… ပြီးတော့လည်း အဲဒီအချိန်ဆို ငါ့က အရမ်းပင်ပန်းပြီး ဆက်မလုပ်နိုင်တော့ဘူး… အခုကတော့ စိတ်စွမ်းအင် အလင်းတန်း ၁၀၀၀ လောက်နဲ့ ပုံသဏ္ဌာန်ပေါ်လာတယ်… ငါ့ရဲ့ကျင့်စဉ် အဆင့်က မြင့်လာပေမဲ့လည်း အမြုတေ အဆင့်ကို မီဖို့ အဝေးကြီး လိုသေးတယ်… အမြုတေ အဆင့်ကိုသာ ရောက်သွားရင် အလင်းတန်း အနည်းငယ်လောက်နဲ့ ပုံသဏ္ဌာန် ဖော်နိုင်လိမ့်မယ်… “

သူက အသက်ကို ဝအောင် ရူလိုက်ပြီး ညာလက်ဖြင့် အစီအရင် တစ်ခု ဖန်တီးကာ လက်ညှိုးဖြင့် ဝမ်းဗိုက်ကို ညွှန်လိုက်သည်။ သူ့ဝမ်းဗိုက် ကျုံ့သွားပြီး သူ့မျက်နှာတွင် နာကျင်သည့် အမူအရာများ ပေါ်လာသည်။ သူ့ ညာလက်က တဖြည်းဖြည်း အပေါ်သို့ တက်လာပြီး ပါးစပ်ကို ဟလိုက်ရာ ပါးစပ်ထဲမှ ကလေး လက်သီးဆုပ် အရွယ်ရှိ အပြာရောင် အလုံးတစ်လုံး ထွက်လာသည်။

ဝမ်လင်း၏ မျက်နှာက ဖြူရော်သွားပြီး ဝမ်လင်းက အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ် လိုက်သည်။ ထို့နောက် သူက အေးခဲအမြုတေကို လက်ချောင်းဖြင့် ညွှန်လိုက်သည်။ ရုတ်တရက် အေးခဲ အမြုတေက ချက်ချင်း အရည်ပျော်ကျသွားပြီး အပြာရောင် အရည်များ ဖြစ်သွား၏။ ဝမ်လင်း၏ မျက်နှာက ပိုပြီး ဖြူရော်လာကာ သွေးတစ်စက်တောင် မရှိတော့ပေ။ သို့သော်လည်း သူ၏ အမူအရာက လေးနက်သည်ထက် လေးနက်လာပြီး အရည်ပျော်သွားသော အေးခဲအမြုတေကို ဓားအိမ်ဆီသို့ ဂရုတစိုက် ပို့လိုက်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset