Switch Mode

အခန်း (၉၉)

မှော်ကျောက်တုံး၏ ပြောင်းလဲမှု

ဝမ်လင်းကတော့ ဖိအားကြီး ပျောက်ကွယ် သွားပြီးနောက် သူ၏ မျက်နှာက သုန်မှုန်နေ၏။

‘ရီဇီကျိုင်းက ဖိအားပေါ်လာတဲ့ အချိန်မှာ ထွက်သွားတယ်… ဒီဖြစ်ရပ်မှာ ကိစ္စတစ်ခုခုတော့ ရှိရမယ်… ‘ ဟု တွေးလိုက်သည်။

ရီဇီကျိုင်းသည် သူက ထွက်ခွာသွားသော်လည်း အလောင်းကောင် ဂိုဏ်းတစ်ခုလုံးက ပို၍ပင် နိုးနိုးကြားကြား ရှိသွား၏။ ထိုအကြောင်းကို တွေးမိပြီး ဝမ်လင်းက ဒီအချိန်သည် အချိန်ကောင်းတစ်ခု မဟုတ်သေးကြောင်း တွေးမိလိုက်ပြီး နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက် ကြည့်လိုက်သည်။ သူ၏ နတ်ဘုရား စိတ်အာရုံက နံရံကို ထိလိုက်သည်နှင့် သူ၏ နတ်ဘုရားစိတ်အာရုံက ရှေ့ဆက် မတိုးနိုင်တော့ချေ။ သို့သော်လည်း နံရံပေါ်မှ အပေါက်များကတော့ သူ၏ နတ်ဘုရား စိတ်အာရုံကို မတားဆီးပေ။

သို့သော်လည်း အပေါက်များသည် ယင်စွမ်းအင်များဖြင့် ပြည့်နေပြီး အလွန် နက်ရှိုင်းလှသည်။ အပေါက်များ အတွင်းသို့ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ မီတာ ၁၀၀ ကျော်သည့်အထိ ဘာကိုမှ မတွေ့ရချေ။ သို့သော်လည်း ယင်စွမ်းအင်များကတော့ ပို၍ အားကောင်းလာ၏။ တစ်နေရာသို့ အရောက်တွင် သူ၏ နတ်ဘုရားစိတ်အာရုံက တောင့်မခံ နိုင်တော့ချေ။ ဝမ်လင်းက အနည်းငယ် စဉ်းစား လိုက်ပြီး သူ၏ နတ်ဘုရား စိတ်အာရုံကို ရုပ်သိမ်းလိုက်သည်။

ဝမ်လင်းက သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီး အစီအရင်တချို့ကို ပြုလုပ်လိုက်ရာ သူ၏ ကိုယ်ထဲမှ စိတ်စွမ်းအင်များ အားလုံးသည် လှုပ်ရှားလာကြသည်။ ထို့နောက် သူ့ကိုယ်မှ အပြာရောင် အလင်းလွှာ တစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းလွှာက ရေဝဲတစ်ခုကဲ့သို့ ဖြစ်သွားပြီး အဖြူရောင် အငွေ့ အားလုံးကို စုပ်ယူလိုက်၏။

အလောင်းကောင်ဂိုဏ်းမှ တပည့်များ အားလုံးသည်လည်း ကြီးမားသော ဖိအားအောက်မှ ပြန်သတိ ဝင်လာကြ၏။ ဝမ်လင်း လေ့ကျင့်နေသည့် အချိန်တွင် သူတို့အားလုံးသည် ယင်စွမ်းအင်များ လျော့ကျ လာသည်ကို ခံစားမိပြီး အံ့အားသင့်သွားကြသည်။

ဝမ်လင်းက ယင်စွမ်းအင်များ ဆက်တိုက် စီးဝင်လာသည်ကို မြင်သောအခါ အလျင်အမြန် ယင် စွမ်းအင်များကို စုပ်ယူနေခြင်းမှ ရပ်တန့်လိုက်ပြီး စုပ်ယူထားသော ယင်စွမ်းအင်များကို သူ၏ စိတ်စွမ်းအင်အဖြစ် ပြောင်းယူရန် စတင် လုပ်ဆောင်လိုက်သည်။

ကျင့်ကြံနေချိန်တွင် သူ၏ရင်ဘတ်မှ အေးလာသည်ကို ခံစားမိပြီး မှော်ကျောက်တုံးကို ထုတ်ယူကာ ကြည့်လိုက်သောအခါ မှော်ကျောက်တုံးပေါ်တွင် အရည်စက်များ အများအပြား ရှိနေသည်ကို တွေ့လိုက်ရ၏။

ဝမ်လင်းသည် ချက်ချင်း အံ့အားသင့်သွား၏။ အဘယ်ကြောင့်ဆိုသော် မှော်ကျောက်တုံးမှ ယင် စိတ်ဝိညာဉ် အရည်များ ထုတ်ပေးမှုသည် စိတ်စွမ်းအင်များ သိပ်သည်းစွာ ပါဝင်သော ရေငွေ့ရည်ကဲ့သို့ အလွန်‌ နှေးကွေးလှသည်။

သို့သော်လည်း ယခုအချိန်တွင်မူ မှော်ကျောက်တုံးက ထူးဆန်းစွာ ယင်စိတ်ဝိညာဉ် အရည်များ ကို အများအပြား ထုတ်ပေးနေသည်။ ယခု ထုတ်ပေးသော ယင်စိတ်ဝိညာဉ် အရည်များတွင် ယင်စိတ်စွမ်းအင် ပါဝင်မှုသည် ရေငွေ့ရည်တွင် ပါဝင်သော စိတ်စွမ်းအင် ပါဝင်မှုထက် အောက်မကျ သည်ကို သူ ခံစားမိသည်။

ဝမ်လင်းက လေကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ယင်စိတ်ဝိညာဉ် အရည်များကို ချက်ချင်း သိမ်းဆည်း လိုက်သည်။

ထို့နောက် ပြန်ပြီး ကျင့်ကြံ နေလိုက်သည်။ ချက်ချင်းပင် အခန်းအတွင်း၌ ကုန်ဆုံးသွားသော အဖြူရောင် အငွေ့များက ပြန်ပြည့်သွား၏။ ဒီတစ်ကြိမ်တွင်တော့ ဝမ်လင်းက မှော်ကျောက်တုံးကို သူ၏ နတ်ဘုရား စိတ်အာရုံဖြင့် သေချာကြည့်နေရာ အဖြူရောင် အငွေ့တချို့က မှော်ကျောက်တုံးထဲသို့ ဝင်သွားသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ယင်စိတ်ဝိညာဉ် အရည်စက်များက မှော်ကျောက်တုံး ပေါ်တွင် ပေါ်လာ၏။

ဝမ်လင်း၏ မျက်နှာတွင် ပျော်ရွှင်မှု အရိပ်အယောင်များဖြင့် ပေါ်လာပြီး ယင်စိတ်ဝိညာဉ် အရည်များကို ထပ်မံ သိမ်းဆည်းလိုက်သည်။

ဘူးသီးခြောက်၏ အရောင်က ယင်စွမ်းအင်များကြောင့် နက်ပြာရောင်သို့ပင် ပြောင်းသွား၏။ ဘူးသီးခြောက်ကို ဝမ်လင်း ထိတာတောင်မှ အနည်းငယ် အေးစက်နေသည်ကို ခံစားရသည်။

တခြား တစ်ယောက်သာ ထိလိုက်ပါက ချက်ချင်း အေးခဲသွားနိုင်သည်။

ဘူးသီးခြောက်ကို ဂရုတစိုက် သိမ်းလိုက်ပြီးနောက် နောက်ထပ် ဘူးသီးခြောက် တစ်လုံးကို ထုတ်ယူ လိုက်သည်။ ထိုအချိန်တွင် သူ့အကြည့်က မှော်ကျောက်တုံးပေါ်သို့ ကျရောက်သွား၏။

မှော်ကျောက်တုံးပေါ်တွင် ယခင်က သစ်ရွက် တစ်ရွက်သာ ရှိသော်လည်း ယခုအချိန်တွင် ပထမ သစ်ရွက်အပြင် အရွယ်အစားတူသည့် နောက်ထပ် သစ်ရွက် တစ်ရွက်ကိုပါ ရှိနေသည်။

ဝမ်လင်း၏ မျက်လုံးက အရောင်တောက်သွား၏။ စစ်ထူနန်၏ ပြောပြချက်အရ မှော်ကျောက်တုံးကို သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီးဆိုသည့် ဒြပ်စင် ၅ မျိုး ဖြည့်ပေးရန် လိုအပ် ကြောင်း သိထားသည်။ ဒြပ်စင် ၅ မျိုးလုံး ဖြည့်ပေးပြီးမှသာ မှော်ကျောက်တုံးက ပွင့်သွားပြီး သူ့ကို ပိုင်ရှင်အဖြစ် အသိအမှတ် ပြုလိမ့်မည် ဖြစ်၏။

ရေဒြပ်စင်က ပြည့်သွားပြီ ဖြစ်သည့်အတွက် မှော်ကျောက်တုံးပေါ်မှ သက်တံတိမ်ပုံစံများက ပျောက်ကွယ်သွားပြီး ယခုအခါ သစ်သားဒြပ်စင်ကို ဖြည့်စည်းပေးရန်အတွက် သစ်ရွက်ပုံလေး ပေါ်နေခြင်း ဖြစ်သည်။

သို့သော်လည်း သစ်သားဒြပ်စင် ပစ္စည်းများသည် ရှာရ အလွန်ခက်ခဲ၏။ ထန်းမိသားစုမြို့တွင် သစ်သားဒြပ်စင် ပစ္စည်း အနည်းငယ်ကို တွေ့ခဲ့သော်လည်း ဈေးနှုန်းက အလွန် မြင့်မားနေသည့် အပြင် မှော်ကျောက်တုံးကို မည်သို့ စုပ်ယူခိုင်းရ မည်ကိုလည်း မသိခဲ့ချေ။ ထိုပစ္စည်းများက မှော်ကျောက်တုံးကို အပြည့်အဝ ဖြည့်ဆည်း ပေးနိုင်ပါ့မလား မသေချာသည့် အတွက် ထိုပစ္စည်းများအပေါ် လက်လျော့ ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင်မူ မှော်ကျောက်တုံးပေါ်တွင် နောက်ထပ် သစ်ရွက်တစ်ရွက် ပေါ်နေလေပြီ။ ထိုအဖြစ်က ဝမ်လင်းကို လေးလေးနက်နက် တွေးတောစေသည်။ မှော်ကျောက်တုံးကို အချိန်ကြာကြာ စိုက်ကြည့်ပြီးနောက် ဝမ်လင်း၏ မျက်လုံးက အရောင်လက်သွား၏။ သူ့အနေဖြင့် ဤနေရာမှ အလောတကြီး ထွက်သွားရန် မလုပ်သင့်ဘဲ အနည်းဆုံး သစ်ရွက်များ ပျောက်ကွယ် သွားသည်အထိ သို့မဟုတ် နောက်ထပ် သစ်ရွက်များ ပေါ်လာသည်အထိ နေရပေမည်။

ဝမ်လင်းက မှော်ကျောက်တုံးကို သိမ်းလိုက်ပြီး လက်ဖြင့် အစီအရင်တစ်ခု ဖန်တီးပြီး အပြာရောင် အလင်းတန်း တစ်ခုကို နံရံဆီသို့ ပစ်လွှတ်လိုက်သည်။ အပြာရောင် အလင်းတန်းက နံရံကို ထိသွားသည်နှင့် ဂူပေါက်က ပွင့်သွား၏။ ဝမ်လင်းကလည်း ဂူထဲမှ ထွက်ပြီး မူလ လာခဲ့သည့် လမ်းကြောင်းအတိုင်း ထွက်လာလိုက်၏။

လိုဏ်ခေါင်းက သိပ်တော့ မရှည်ပေ။ ထို့ကြောင့် နောက်ထပ် ဂူတစ်ခုကို ရောက်ရန် အချိန် သိပ်မလိုအပ်ပေ။ လိုဏ်ခေါင်းထဲမှ ထွက်လိုက်သည်နှင့် ဂူထဲတွင် ခြေချိတ် ထိုင်နေသော မုရုံကို မြင်ပြီး ရုတ်တရက် ရပ်တန့်လိုက်သည်။

မုရုံက ဝမ်လင်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်…

“ဘိုးဘေး… ကျေးဇူးပြု၍ ပြန်သွားပေးပါ… ပထမ ဘိုးဘေးက ဘယ်သူမှ ကိုယ်ရဲ့ ဂူထဲက မထွက်သွားရဘူးလို့ အမိန့်ပေးခဲ့ပါတယ်… ဘိုးဘေး… ကျွန်တော့်ကို ခက်ခဲအောင် မလုပ်ပါနဲ့… “

ဝမ်လင်းက ဂူထဲကို ဝေ့ကြည့်ပြီး ခေါင်းညိတ်ကာ နောက်သို့ ပြန်ဆုတ်ပြီး လာလမ်းအတိုင်း ပြန်လှည့် ထွက်လိုက်၏။

ပြောင်းလဲသွားသော အခြေအနေများကို ဝမ်လင်း နားလည်လိုက်လေပြီ။ အလောင်းကောင် ဂိုဏ်းက မည်သို့ပင် စည်းကမ်းတင်းကျပ် စေကာမူ သူ၏ လိုဏ်ခေါင်းဝတွင် ခန္ဓာကိုယ် သန့်စင်ခြင်း အလယ်အဆင့် တစ်ယောက်ကို ထားထားစရာ အကြောင်းမရှိပေ။

သူ မှတ်မိသလောက်ဆိုရင် ယခု မုရုံထိုင်နေသော ဂူသည် ချီစုစည်းခြင်းအဆင့် အလွှာ ၁၃ က တပည့် တစ်ယောက်၏ဂူ ဖြစ်သည်။

ထိုအကြောင်းကို တွေးလိုက်ပြီးနောက် သူ၏ဂူဘေးမှ နောက်ထပ် လိုဏ်ခေါင်း တစ်ခုအတွင်း ဝင်သွားလိုက်၏။ မကြာမီ လိုဏ်ခေါင်းထဲမှ ထွက်လိုက်သည်နှင့် ဂူအသေး တစ်ခုအတွင်းသို့ ရောက်သွား၏။

သူက ရှေ့သို့ ခြေနှစ်လှမ်းစာလောက် သွားပြီးနောက် ရုတ်တရက် ရပ်တန့်လိုက်သည်။ ဂူထဲရှိ ကြမ်းပြင်ပေါ်တွင် အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယာက် ထိုင်နေလေသည်။ သူက ဝမ်လင်းကို ဘာမှမပြောဘဲ အေးစက်စက် ကြည့်လိုက်သည်။ သူ၏နောက်တွင် ခေါင်းတလားတစ်ခု ရှိ၏။

“နောက်ထပ် ခန္ဓာကိုယ် သန့်စင်ခြင်း အလယ်အဆင့် တစ်ယောက်လား… “

ဝမ်လင်းက မျက်မှောင်ကြုတ်ပြီး နောက်သို့ ဆုတ်ပြီး ဂူထဲမှ ပြန်ထွက်သွားလိုက်သည်။ သူ တော်တော်ဝေးဝေး ရောက်သည်အထိ ထိုလူငယ်လေး၏ နတ်ဘုရား စိတ်အာရုံသည် သူ့အပေါ်တွင် အာရုံ စိုက်ထားတုန်း ဖြစ်သည်။

နောက်ထပ် လိုဏ်ခေါင်းတွေထဲလည်း ဝင်ကြည့်လိုက်၏။ သူ၏ ကိုယ်ပိုင်ဂူဝတွင် လိုဏ်ခေါင်း ၁၁ ခု ရှိသည်။ ၅ ခုမှာ အပိတ်ဖြစ်ပြီး နောက်ထပ် ၆ ခုမှာ လိုဏ်ခေါင်း အပေါက်ဝ၌ ရှိသော ဂူများထဲ၌ ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ စောင့်ကြပ်နေ၏။

ဝမ်လင်း၏ စိတ်ထဲတွင် လေးလံနေပြီး သူ၏ဂူထဲသို့ ပြန်လာလိုက်သည်။ ဂူထဲသို့ ရောက်သည်နှင့် ကြမ်းပြင်တွင် ထိုင်ချပြီး စဉ်းစားလိုက်သည်။ အားလုံးက ရီဇီကျိုင်း စီစဉ်သွားခြင်း ဖြစ်ရပေမည်။

စောင့်ကြပ်နေသော ကျင့်ကြံသူများတွင် တစ်ယောက်မှာ ခန္ဓာကိုယ်သန့်စင်ခြင်း နှောင်းပိုင် အဆင့် တစ်ယောက်ဖြစ်သည်။ သို့သော်လည်း ဝမ်လင်းသည် သူတို့ကို အနိုင်တိုက်နိုင်သည်ဟု ယုံကြည်ချက် ရှိသည်။ သို့သော်လည်း ထို ၆ ယောက်က ပထမအလွှာသာ ရှိသေး၏။ အနည်းဆုံး နောက်ထပ် ဂူ ၃၀ မက ဖြတ်ကျော် ရပေဦးမည်။

ထို့ကြောင့် အချိန်တိုအတွင်း ထွက်သွားရန် မဖြစ်နိုင်ချေ။ နောက်ဆုံးဂူ၌ ခန္ဓာကိုယ် သန့်စင်ခြင်း အလယ်အဆင့် သို့မဟုတ် အမြုတေအဆင့် ကျင့်ကြံသူတောင်မှ ရှိနေနိုင်သည်။

ဝမ်လင်းက ဘာမှမတတ်နိုင်ဘဲ ပြုံးမိလိုက်သည်။ ယခုအချိန်တွင် စစ်ထူနန်ကို နိုးလာ စေချင်သည်။ စစ်ထူနန်သာ နိုးလာလျှင် သူ၏ အတွေ့အကြုံနှင့် ဆိုပါက လွတ်မြောက်ရန် လွယ်ကူ ပေသည်။

ဝမ်လင်းက အိပ်မက် နယ်မြေထဲဝင်ပြီး စစ်ထူနန်ကို အော်ခေါ်ကြည့်လိုက်သည်။ သို့သော်လည်း မည်သည့် တုံ့ပြန်မှုမှ မကြားရပေ။

ဝမ်လင်းသည် စောစောက အပြင် ထွက်ကြည့်ခြင်းသည် အခြေအနေကို သွားပြီး ကြည့်ခြင်းသာ ဖြစ်သည်။

လက်နှစ်ဖက်ဖြင့် အစီအရင်တစ်ခုကို ဖန်တီးပြီး ဂူပေါက်ကို ပိတ်လိုက်သည်။ ထို့နောက် ယင်စွမ်းအင်များဖြင့် ကျင့်ကြံလိုက်သည်။ မှော်ကျောက်တုံးမှ ယင်စိတ်ဝိညာဉ် အရည်စက်များကို သိမ်းဆည်းလိုက်ပြီးနောက် နတ်ဘုရား စိတ်အာရုံဖြင့် နံရံပေါ်ရှိ အပေါ်များထဲသို့ ဖြန့်ကြက် ကြည့်လိုက်သည်။

ဝမ်လင်းက ယခင်ကကဲ့သို့ အပေါက်များ အားလုံးထဲသို့ ထည့်မကြည့်ဘဲ နတ်ဘုရား စိတ်အာရုံကို တစ်ပေါက်ချင်းစီသာ ထည့်ပြီး စစ်ဆေးကြည့်၏။ ထို့ကြောင့် သူ၏ နတ်ဘုရား စိတ်အာရုံ ရောက်နိုင်သော အကွာအဝေးက တိုးတက်သွား၏။

ပုံမှန်ဆိုလျှင် သူ၏ နတ်ဘုရားစိတ်အာရုံက ၁ ကီလိုမီတာသာ ရှိ၏။ ထို့အပြင် နံရံမှ တားဆီး မှုကလည်း အလွန်အမင်း အားကောင်း၏။ ထို့ကြောင့် နတ်ဘုရား စိတ်အာရုံက ဂူထဲမှ မထွက်နိုင် သကဲ့သို့ ဖြစ်နေရသည်။

ဝမ်လင်းက ကျင့်ကြံနေစဉ်တွင် အဖြူရောင် အငွေ့များ အားလုံးကို ဝမ်လင်းက လျင်မြန်စွာ စုပ်ယူ လိုက်၏။ ထို့နောက် သူ၏ နတ်ဘုရားစိတ်အာရုံကို အပ်ချည်တစ်ခုကဲ့သို့ အပေါက်တစ်ခုထဲသို့ ထည့်လိုက်သည်။ ထိုအပေါက်မှ လိုဏ်ခေါင်း သေးသေးလေးသည် အလွန် ရှည်သော်လည်း လိုဏ်ခေါင်း၏ ရှုပ်ထွေးမှုက ပိုတောင် အံ့ဩဖို့ကောင်း၏။

သူ၏ နတ်ဘုရား စိတ်အာရုံက မီတာ ၁၀၀ ကျော်လာသောအခါ ယင်စွမ်းအင်လှိုင်းများက ပိုမို ပြင်းထန်လာ၏။ ဝမ်လင်းသည် တစ္ဆေလောက ပျံတက်ခြင်း ကျင့်စဉ်ကို ကျင့်ကြံထား၍သာ ယင်စွမ်းအင် လှိုင်းများကို တောင့်ခံနိုင်ခြင်း ဖြစ်သည်။

ထိုနေရာမှ စ၍ သူ၏ ရှေ့ဆက်တိုးနိုင်မှုက တော်တော် လျော့ကျသွား၏။ အချိန်တော်တော် ကြာပြီးနောက်တွင် သူ၏ နတ်ဘုရား စိတ်အာရုံက မီတာ ၃၀၀ ထိ ရောက်သွား၏။ ထိုနေရာတွင် လိုဏ်ခေါင်းထဲမှ သူ၏ ဂူတွင်းသို့ လာသော အဖြူရောင် အငွေ့များက သူ၏ နတ်ဘုရား စိတ်အာရုံကို တံတိုင်းတစ်ခုဖြင့် ပိတ်လိုက်သကဲ့သို့ ပိတ်ဆို့ လိုက်သည်။

ဝမ်လင်းက အံကြိတ်ပြီး အဖြူရောင် အငွေ့တံတိုင်းကို သူ၏ နတ်ဘုရား စိတ်အာရုံဖြင့် ရိုက်ခတ်ပြီး ဖြိုခွဲလိုက်သည်။

ထို့နောက် ရှေ့တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ဝမ်လင်းက မျက်လုံးမှိတ်ထားရာမှ ဖွင့်လိုက်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset