ကျောင်းနိုင်ငံ၏ စဦးစိတ်ဝိညာဉ်အဆင့် အားလုံးသည် ကောင်းကင်မျှော်စင်ဆီသို့ သွားနေကြသည်။
အလောင်းကောင်ဂိုဏ်း၏ တစ်နေရာတွင် ရီဇီကျိုင်း၏ မျက်လုံးများက အရောင်လက်သွားပြီး အခန်းထဲမှ ပျောက်ကွယ်သွားကာ ကောင်းကင်မျှော်စင်သို့ ထွက်ခွာသွား၏။ သူမသွားခင် အစိမ်းရောင် ကျောက်စိမ်းဖြင့် အလောင်းကောင် ဂိုဏ်းသားအားလုံးကို အမိန့်တစ်ခု ပေးထားခဲ့သည်။
“ငါ ရက်အနည်းငယ်လောက် သွားစရာရှိတယ်… ခုခံမှု ဝင်္ကပါအစီအရင် အားလုံးကို ဖွင့်ထားပြီးတော့ ဂိုဏ်းကနေ ထွက်သွားရဲတဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်… “
ထန်းမိသားစု၏ ဘိုးဘေး ထန်းဟွယွမ်သည် ထန်းမိသားစု၏ ဘိုးဘေးအိမ်ရာတွင် ကျင့်ကြံ နေခိုက် သက်တံရောင် တိမ်တိုက်ကြီး ပေါ်လာသဖြင့် သူ့မျက်လုံးက အရောင်လက်သွားပြီး အသံပို့ လွှတ်မှု တစ်ခုကို ကျောက်စိမ်းတစ်ခုကို ချန်ထားခဲ့ကာ ကောင်းကင်မျှော်စင်ဆီသို့ ထွက်ခွာ သွား၏။
ထိုကဲ့သို့ အဖြစ်အပျက်များ ကျောင်းနိုင်ငံတစ်ဝှမ်းရှိ ဂိုဏ်းကြီးများတွင် ဖြစ်ပျက်နေ၏။
ကောင်းကင်မျှော်စင်သည် ကျင့်ကြံခြင်းအဖွဲ့၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ နိုင်ငံတစ်ခုက ပူးပေါင်းခဲ့လျှင် မျှော်စင်ကို တည်ဆောက်ရန် အဖွဲ့က တစ်ယောက်ယောက်ကို စေလွှတ်၏။ မျှော်စင် အတွင်းတွင် တမန်တော် နေထိုင်ပြီး နိုင်ငံတွင်း ကိစ္စများကို မဝင်စွတ်ဖက်ပေ။ ကိစ္စအကြီးကြီး တစ်ခုခု ဖြစ်မှသာ ထွက်ပေါ်လာတတ်သည်။
ဖုနန်ဇီသည် ကောင်းကင်မျှော်စင်ဆီသို့ အရင်ဆုံး ရောက်လာသည်။ သူက ယခုအချိန်တွင် စဦးစိတ်ဝိညာဉ် အလယ်အဆင့်သို့ ရောက်နေပြီး နှောင်းပိုင်းအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းစာ လောက်သာ လိုတော့၏။
ပြင်ပတိုက်ပွဲ မြေပြင်မှ ပြန်လာသော သူ၏ အတွေ့အကြုံများကြောင့် ကျောင်းနိုင်ငံထဲတွင် သူက စွမ်းအား အကောင်းဆုံး တစ်ယောက် ဖြစ်နေလေပြီ။
သူက အညိုရောင်ဝတ်စုံကို ဝတ်ထားပြီး ကောင်းကင်မျှော်စင်၏ အောက်ခြေတွင် ပေါ်လာ၏။ သူက ကောင်းကင်မျှော်စင်ကို ပူပန်မှုများနှင့် ပြည့်နေသော မျက်လုံးဖြင့် တစ်စိုက်မတ်မတ် ကြည့်နေ လေသည်။ သူက ဒီနေရာသို့ ဒုတိယအကြိမ် ရောက်ခြင်းဖြစ်သည်။ ပထမအကြိမ်သည် လွန်ခဲ့သော နှစ် ၅၀၀ ကဖြစ်သည်။ ထိုအချိန်က ကျောင်းနိုင်ငံက စဦးစိတ်ဝိညာဉ်အဆင့် ၂၃ယောက်လုံးကို အဆင့်လေးနိုင်ငံက တိုက်ပွဲတွင် ပါဝင်ရန် ဖိအား ပေးခဲ့သည်။
နှစ် ၅၀၀ ကြာပြီးနောက်တွင် သူတစ်ယောက်သာ ပြန်လာနိုင်ခဲ့၏။
ကုန်လွန်ခဲ့သည့် နှစ် ၅၀၀ လုံးတွင် နေ့တိုင်း တိုက်ပွဲများ ဆင်နွှဲရပြီး သေခြင်းနဲ့ ရှင်ခြင်း လမ်းကျဉ်းလေး ပေါ်တွင် လျှောက်လှမ်း ခဲ့ရသည်။
ထို နှစ် ၅၀၀ လုံးတွင် သူ့ကို လက်ချောင်းလေး တစ်ချောင်း လှုပ်လိုက်ရုံဖြင့် သတ်နိုင်သည့် အစွမ်းထက်သော ကျင့်ကြံသူများကိုလည်း တွေ့ဖူးခဲ့၏။
သူ့ထက် အစွမ်းထက်သော ကျင့်ကြံသူများကို ပိုပြီး မြင်ရလေ၊ ပိုပြီး ကြောက်လန့် လာရပြီး စဦးစိတ်ဝိညာဉ် အဆင့်ကနေ နောက်ထပ် အဆင့်များကို ချိုးဖြတ် ချင်လာသည်။ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်၏ နောက်တွင် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ရှိသေးကြောင်းလည်း သိခဲ့ ရသည်။
သူက ရှုပ်ထွေးနေသာ ခံစားချက်များကို ရင်ထဲတွင် သိမ်းဆည်းလိုက်ပြီး ကောင်းကင်မျှော်စင်ကို ဦးညွှတ်ကာ ပြောလိုက်သည်…
“တမန်တော်… ရွှမ်တောက်ဂိုဏ်းက ဖုနန်ဇီ ရောက်လာပါပြီ… “
“ဖုနန်ဇီ… မင်းနဲ့ငါက အသိအကျွမ်း ဟောင်းတွေပဲ… ပုံစံတွေအတိုင်း လိုက်လုပ်ဖို့ မလိုပါဘူး… “ မျှော်စင်ပေါ်မှ အသံတစ်ခုနှင့်အတူ အဘိုးအိုတစ်ဦး ထွက်လာ၏။ ထိုအဘိုးအိုသည် ရုပ်ဆိုးပြီး သူ၏ လုံးဝန်းသော ဗိုက်သားများကို ပေါ်လွင်စေသည့် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် သူ့ကို ကြည့်လိုက်လျှင် ရယ်စရာ ကောင်းနေပေသည်။
သို့သော်လည်း ဖုနန်ဇီက မလေးစားသည့် အမူအရာ မပြရဲပေ။ သူက သိုလှောင်အိတ် တစ်ခုကို ထုတ်လိုက်ပြီး အဘိုးအိုကို ကမ်းပေးကာ ပြောလိုက်သည်… “အရှင်တမန်တော်… ဒါက ငါပြန်ရောက်တော့ စုဆောင်းထားတဲ့ ပစ္စည်းလေးတွေပါ… ဒီထဲက ပစ္စည်းတချို့က တမန်တော် မေးထားတဲ့ ပစ္စည်းတွေပါ… “
ထို ခပ်ဝဝ အဘိုးအို၏ မျက်လုံးက ကျဉ်းမြောင်းသွားပြီး တစ်ချက် ရယ်လိုက်သည်။ သူက သိုလှောင်အိတ်ကို တစ်ချက်ပင် မကြည့်ဘဲ လက်ခံလိုက်သည်။ သိုလှောင်အိတ်ကို သိမ်းလိုက်ပြီးနောက် တမန်တော်က ပြောလိုက်သည်…
“ဖုနန်ဇီ… ကျောင်းနိုင်ငံက စဦးစိတ်ဝိညာဉ် အဆင့်တွေထဲမှာ မင်းတစ်ယောက်ပဲ ပြန်လာ နိုင်ခဲ့တယ်… မင်းရဲ့အကြောင်းကို ငါရဲ့ဂိုဏ်းကို သတင်းပို့ထားပြီးပြီ… မင်းသာ နှစ် ၁၀၀ အတွင်း စဦးစိတ်ဝိညာဉ် နှောင်းပိုင်းအဆင့်ကို ရောက်နိုင်မယ်ဆိုရင် ဂိုဏ်းက မင်းကို ပြင်ပတပည့်အဖြစ် လက်ခံ မယ်တဲ့… “
ဖုနန်ဇီ၏ မျက်နှာတွင် ပီတိများ ဖြာဝေလာပြီး ခေါင်းညိတ်လိုက်သည်။
သူတို့ စကားပြောနေစဉ်မှာပင် အလင်းတန်းနှစ်ခု ရောက်လာ၏။ လူကြီးတစ်ယောက်နှင့် အမျိုးသမီးကြီး တစ်ယောက် ဖြစ်သည်။ လူကြီးက အသက် ၃၀ ခန့် ရှိ၏။ သူက ခပ်ဝဝ အဘိုးအိုကို မြင်လိုက်သည်နှင့် အလျင်အမြန် ရိုသေ လေးစားစွာဖြင့် ပြောလိုက်သည်…
“ဟဲဟွမ်းဂိုဏ်းက ချန်းဟွမ်က အရှင် တမန်တော်ကို နှုတ်ဆက်ပါတယ်… “
အမျိုးသမီးသည်သည် အလွန် ချောမောလှပသည်။ သူမက တမန်တော်ကို ကြည့်ပြီး ရိုသေ လေးစားစွာ ပြောလိုက်သည်…
“ဟဲဟွမ်ဂိုဏ်းက ချန်းယန်က အရှင် တမန်တော်ကို နှုတ်ဆက်ပါတယ်… “
တမန်တော်က ခေါင်းကို ညိတ်လိုက်ပြီး ဖုနန်ဇီနှင့် စကားဆက်ပြော နေလိုက်သည်။ သူ၏ စိတ်ထဲတွင် ဖုနန်ဇီ တစ်ယောက်သာ သူနှင့် စကားပြောဖို့ ထိုက်တန်သည်ဟု ထင်နေသည်။
မကြာမီ ၁၀ ယောက်ကျော် ထပ်ရောက်လာ၏။ နောက်ဆုံးမှ ရောက်လာသူကာ ရီဇီကျိုင်း ဖြစ်သည်။ ရီဇီကျိုင်း မျှော်စင်ထဲသို့ ဝင်လာသည်နှင့် တမန်တော်က အသက်ကို ရှူထုတ်လိုက်၏။ သူက ဖုနန်ဇီကို ကြည့်ကာ မသိမသာ ပြုံးလိုက်သည်။
စဦးစိတ်ဝိညာဉ်အဆင့် အားလုံး ရောက်သည့်အချိန်တွင် သက်တံရောင် တိမ်တိုက်ကြီးက ပိုမို သိပ်သည်း လာသည်။ တမန်တော်၏ မျက်နှာ အမူအရာက လေးနက်လာပြီး အစီအရင်တစ်ခု ဖန်တီးကာ ကောင်းကင်ပေါ်သို့ ပစ်လိုက်၏။
မကြာမီ တိမ်တာကြီးက လည်လာပြီး အနီရောင် အလင်းတန်းတစ်ခုက ကောင်းကင်ပေါ်မှ မျှော်စင်ပေါ်သို့ ကျလာ၏။ သူ့နောက်မှ နောက်ထပ် သက်တံရောင် အလင်းတန်း ၆ ခုကလည်း မျှော်စင်ပေါ်သို့ ကျဆင်းလာသည်။
မျှော်စင်က အလင်းတန်း ခြောက်ခုကို စုပ်ယူပြီးနောက် တုန်ခါသွားပြီး မျှော်စင်ထိပ်မှ ၁၂ မီတာ ခန့် အချင်းရှိသော အလင်းကွင်း တစ်ခုက ကောင်းကင်ပေါ်သို့ ထိုးတက်သွားကာ အနက်ရောင် တွင်းနက်ကြီးတစ်ခုကို ဖြစ်ပေါ်လာစေသည်။ လျှပ်စီး ကွင်းများကလည်း အနက်ရောင် တွင်းနက်ကြီး ဘေးတွင် ဝန်းရံနေသည်။
အနက်ရောင် တွင်းနက်ကြီး၏ အလယ်တွင် အလင်းတိုင်များ ရှိနေပြီး စွမ်းအင်လှိုင်းများ ထုတ်လွှတ် နေ၏။ တိမ်တိုက်များကလည်း ရေပူကဲ့သို့ နှင်းများပေါ်သို့ အရည်ပျော်ပြီး ကျလာ၏။
အလင်းတိုင်များမှ လေပြင်းများကလည်း ထွက်ပေါ်နေပြီး ထို လေပြင်းများကြောင့် စဦး စိတ်ဝိညာဉ် အစောပိုင်းအဆင့် အများစုမှာ နောက်သို့ ဆုတ်လိုက်ရ၏။ ကျင့်ကြံသူ လေးယောက်သာ နောက်မဆုတ်ဘဲ နေနိုင်ခဲ့သည်။
ထို၄ယောကက်မှာ ဖုနန်ဇီ၊ ရီဇီကျိုင်း၊ ဖျောင်မြောင်ဂိုဏ်းမှ ဆံပင်ဖြူနှင့်ကျင့်ကြံသူ၊ ထျန်းတောက်ဂိုဏ်းမှ ပိန်ကပ်ကပ် အဘိုးအိုတို့ ဖြစ်သည်။
တမန်တော်က အလေးအနက်ထားသည့် အမူအရာဖြင့် လေပေါ်သို့ ပျံတက်သွားပြီး ရိုသေ လေးစားစွာ အော်ပြောလိုက်သည်…
“အဆင့်သုံးနိုင်ငံရဲ့ ကြီးကြပ်သူ ရှီလင်းရီက ကျင့်ကြံခြင်းအဖွဲ့မှ တမန်တော်ကို ကြိုဆိုပါတယ်… “
အနက်ရောင် တွင်းနက်ကြီးထဲမှ ကြီးမာသော ခေါင်းကြီးတစ်လုံး ထွက်ပေါ်လာပြီး လူတိုင်းကို အေးစက်စွာ ကြည့်လိုက်သည်။
စဦးစိတ်ဝိညာဉ်အဆင့် အားလုံးသည် ထိုအကြည့်အောက်တွင် သူတို့၏ စိတ်ဝိညာဉ်များက ပြိုလဲမတတ် ခံစားရသည်။ အနက်ရောင် တွင်းနက်ကြီးထဲမှ လူကသာ သူတို့ကို ကြာကြာ ကြည့်ပါက သူတို့၏ စိတ်ဝိညာဉ်များသည် မခံနိုင်တော့သည့် အဆုံး ပေါက်ကွဲသွားရမှာ အမှန်ဖြစ်သည်။
ပထမဆုံး သတိဝင်လာသူကာ ဖုနန်ဇီ ဖြစ်သည်။ သူ၏ မျက်နှာက ဖြူရော်နေပြီး အနက်ရောင် တွင်းနက်ကြီးထဲမှ လူသည် ဘီလူးနတ်ဆိုး မိသားစုမှ အဆင့်မြင့် ကျင့်ကြံသူတစ်ယောက် ဆိုတာကို သူ သိလိုက်၏။ ထိုမိသားစုမှ ကျင့်ကြံသူများသည် တခြား ကျင့်ကြံသူများကို ဝါးမျိုပြီး ကျင့်ကြံကြသည်။ ဟုန်ယွီဂိုဏ်းမှ ဘိုးဘေးတစ်ယောက်ပင် ဘီလူးနတ်ဆိုး မိသားစုမှ ကျင့်ကြံသူ တစ်ယောက်၏ စားသောက်ခြင်းကို ခံလိုက်ရ၏။
ကြီးမားသော ဦးခေါင်းကြီးက လင်းရီကို ကြည့်လိုက်ရာ သူ၏ အမူအရာက အနည်းငယ် ပြေလျော့ သွားသော်လည်း စိတ်မရှည်သည့် ဟန်ဖြင့် ပြောလိုက်သည်…
“ဒီနေရာမှာ စိတ်စွမ်းအင်ကလည်း ဟုတ်တိပတ်တိ မရှိဘူး… သဘောတူ စာချုပ်သာ မရှိဘူး ဆိုရင် ဒီနေရာက စိတ်စွမ်းအင်တွေကို တစ်ချက်တည်းနဲ့ အကုန် စုပ်ယူပစ်လိုက်တယ်… မင်းတို့အားလုံး နားထောင်… ပြင်ပတိုက်ပွဲ မြေပြင်က နောက် ငါးလအတွင်းမှာ ပွင့်လိမ့်မယ်… မင်းတို့ ကျောင်းနိုင်ငံရဲ့ ဝင်ပေါက်ကနေ မြောက်ဘက်ကို ၅၈ ဒီဂရီ၊ တစ်သိန်း စတုရန်း ကီလိုမီတာထိ တာဝန် ယူရမယ်… ဒီမှာ တိုကင် ၇ ခုရှိတယ်… စည်းမျဉ်းကတော့ သာမန်ပဲ… ၇ ခုတည်းက ၄ ခုက ပျက်စီးရမယ်… အများဆုံး ဂိုဏ်း ၃ ခုပဲ ဝင်ခွင့် ပြုနိုင်မယ်… ငါးလကျော်ပြီးတော့မှ တိုကင်က ၃ ခုထက် ပိုနေရင် ကျောင်းနိုင်ငံက ဘယ်ဂိုဏ်းကိုမှ ဝင်ခွင့် မပေးဘူး… “
ပြောပြီးသည်နှင့် သူ၏ ပါးစပ်ထဲမှ အလင်းတန်း ၇ ခုက အပြင်သို့ ပျံသန်း ထွက်လာပြီး မြေပြင်ပေါ်သို့ ကျသွား၏။ ထို့နောက် ကြီးမားသော ဦးခေါင်းကြီးက အနက်ရောင် တွင်းနက်ကြီးထဲသို့ ပြန်ဝင်သွားပြီးမှ ပြန်ထွက်လာကာ အော်ပြောလိုက်သည်…
“ပြင်ပတိုက်ပွဲ မြေပြင်မှာ ဒီလို ကျောက်တုံးကို ရှာတွေ့ရင် အဲဒါကို ချက်ချင်း အပ်ရမယ်… အဲဒါကို အပ်နိုင်တဲ့ ဘယ်သူမဆို စိတ်ဝိညာဉ် အသွင်းပြောင်းခြင်းအဆင့် မှော်ရတနာတစ်ခု ရမယ်… သူတို့ရဲ့ ဂိုဏ်းကလည်း စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် အလောင်းကောင် ၁၀ ကောင် ရမယ်… ပြီးတော့ သူတို့ရဲ့ နိုင်ငံကိုလည်း အဆင့်တစ်ဆင့် မြှင့်ပေးမယ်… “
“ဒါပေမဲ့ တစ်ယောက်ယောက်ကသာ အဲဒါကို သိမ်းထားရဲရင် သူတို့ရဲ့ တိုင်းပြည်တစ်ခုလုံး သုတ်သင်ရှင်းလင်း ခံရမယ်… လင်းရီ… ဒီစကားကို ဆုဇခုကနေ အထက်ကို ပို့လိုက်… မင်းဆီကို နောက်ရက် အနည်းငယ်အတွင်း အကြောင်းကြားစာ တစ်ခု ရောက်လာလိမ့်မယ်… “
ပြောပြီးသည်နှင့် သူ၏ မျက်လုံးက အရောင်တောက်သွားပြီး ကောင်းကင်ပေါ်မှ တိမ်များကို ပုံစံ တစ်ခုအဖြစ် ပုံဖော်လိုက်သည်။ ပုံစံသည် သက်တံတိမ် ပုံစံများပါသော ကျောက်တုံးတစ်ခု ဖြစ်သည်။
ဝမ်လင်းက ထိုပုံကို မြင်လိုက်ပါက သူ့ရင်ဘတ်တွင် ရှိသော ကောင်းကင်ဘုံ ဆန့်ကျင်သော ပုတီးစေ့ကို ပြောတာဖြစ်ကြောင်း သိနိုင်သည်။
ထို့နောက် ဘီလူးနတ်ဆိုး မိသားစုဝင်က အနည်းငယ် ရေရွတ်လိုက်ပြီးနောက် တွင်းနက်ထဲမှ လက်ကြီးတစ်ဖက် ထွက်လာကာ ကောင်းကင်မျှော်စင်ထိပ်မှ အလင်းတိုင်များကို ဆွဲယူလိုက်၏။ သူက ခေါင်းကို ခါရမ်းပြီး ပြောလိုက်သည်…
“လင်းရီ… ငါ ဒီမှော်ရတနာ ၇ မျိုးကို ယူသွားတယ်… ငါ ဒီကိုလာတာ အလကားတော့ မလာပေးနိုင်ဘူး… “
မိုးခြိမ်းသံကဲ့သို့ အသံကျယ်ကြီး တစ်ခု ထွက်ပေါ်လာပြီး တွင်းနက်ကြီးက ပျောက်ကွယ်သွား၏။ ထို့နောက် သက်တံရောင် တိမ်တိုက်ကြီးကလည်း ကွဲထွက်သွားပြီး ကျောင်းနိုင်ငံအပေါ် ကျရောက်နေသော ဖိအားကလည်း ပျောက်ကွယ်သွားသည်။
တမန်တော်၏ မျက်နှာက သုန်မှုန်သွားပြီး အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ မျှော်စင်အတွင်းသို့ ဝင်ရောက် သွား၏။ ထို့နောက် မျှော်စင်အတွင်းက အသံတစ်ခု ထွက်ပေါ်လာသည်။
“အရင် စည်းမျဉ်းတွေအတိုင်းပဲ… အမြုတေ ဖွဲ့တည်ခြင်း အဆင့်နဲ့ စဦး စိတ်ဝိညာဉ်အဆင့် တွေကို ပါဝင် ယှဉ်ပြိုင်ခွင့် မပြုဘူး… မင်းတို့ရဲ့ ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေကိုပဲ ခေါ်လာခဲ့ပါ… မင်းတို့က ယှဉ်ပြိုင် တိုက်ခိုက်ရမယ်… ပြန်ကြတော့ အခု… နောက် ၃ ရက်နေရင် ပြိုင်ပွဲစမယ်… “
ဂိုဏ်း ၇ ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းများက သူတို့၏ တိုကင်များကို ကောက်ယူ လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့ကြောင့် ဂိုဏ်းကြီး ၃ ဂိုဏ်းမှ စဦး စိတ်ဝိညာဉ် အဆင့် ၃ ယောက်သည် တူညီသော အရပ်မျက်နှာ တစ်ခုတည်းသို့ ထွက်ခွာသွား၏။
ထိုအခါ ထျန်းတောက်ဂိုဏ်းမှ ပိန်ကပ်နေသော အဘိုးအိုက ထွက်ခွာသွားသော လူ ၃ ယောက်ကို ကြည့်ကာ ပြောလိုက်သည်…
“ရောင်းရင်းတို့… ငါ့ရဲ့ နေရာကို ခဏလောက် မလာချင်ကြဘူးလား… “