Switch Mode

အခန်း (၉၇)

ကြီးမားသောပြောင်းလဲမှု

အလောင်းကောင်ဂိုဏ်း၏ အဓိကဂိုဏ်းသည် အဆင့်ငါးနိုင်ငံတွင် ရှိပြီး နိုင်ငံငယ်များတွင် အလောင်းကောင် ဂိုဏ်းခွဲများ အများအပြား ရှိ၏။

ဂိုဏ်းခွဲများ အားလုံးတွင် တပည့်များကို ကြိုးစားပန်းစား လေ့ကျင့် ခိုင်းကြ၏။ ထိုသို့ လေ့ကျင့် ခိုင်းရသည့် နောက်ကွယ်မှ အကြောင်းများကို ရီဇီက သိသွားပြီးနောက် သူတို့၏ တိရစ္ဆာန်များကဲ့သို့ ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။

အလောင်းကောင် ဂိုဏ်းသည် အဆင့်ငါးနိုင်ငံမှ ဂိုဏ်းများအတွက် ခန္ဓာကိုယ် ထောက်ပံ့ပေးသော အကြီးမားဆုံး ဂိုဏ်းကြီးတစ်ခု ဖြစ်သည်။ အဆင့်လေးနှင့် လေးအထက် တိုင်းပြည်များသည် နှစ်တိုင်း စစ်ပွဲများ ဆင်နွှဲကြသည်။ စစ်မြေပြင်တွင် စဦး စိတ်ဝိညာဉ်အဆင့်နှင့် ထို့ထက် မြင့်သော ကျင့်ကြံ သူများသည် ခန္ဓာကိုယ်ကို စွန့်ခွာပြီး ထွက်ပြေးနိုင်စွမ်း ရှိ၏။

ထို့သို့သော ခန္ဓာကိုယ် ဆုံးရှုံးလာသော စိတ်ဝိညာဉ်များသည် ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်နိုင်ရန် အလောင်းကောင် ဂိုဏ်းသို့ လာကြရသည်။ သူတို့အတွက် လိုအပ်သော ခန္ဓာကိုယ်များကို အလောင်းကောင် ဂိုဏ်းမှ ထောက်ပံ့ပေးခြင်း ဖြစ်သည်။

အလောင်းကောင် ဂိုဏ်းမှ ထောက်ပံ့ပေးလိုက်သော ခန္ဓာကိုယ်များသည် ကျင့်ကြံခြင်းတွင် ပါရမီရှိသည့် ခန္ဓာကိုယ်များ ဖြစ်ပြီး ငယ်ရွယ်စဉ် ကတည်းက အလောင်းကောင် ဂိုဏ်းမှ သူတို့ လေ့ကျင့်ရမည့် ကျင့်စဉ်များကို လေ့ကျင့် ပေးထားကြ၏။ အလောင်းကောင် ဂိုဏ်းခွဲတိုင်းတွင် တပည့်များကို ကျင့်ကြံရန်‌ ပေးထားသော ကျင့်စဉ်များသည် မတူညီကြချေ။

ကျောင်းနိုင်ငံ၏ အလောင်းကောင်ဂိုဏ်းသည် အဆင့်ငါးနိုင်ငံမှ မိစ္ဆာဂိုဏ်း တစ်ခု၏ ဂိုဏ်းခွဲတစ်ခု ဖြစ်သည်။ ဂိုဏ်းတွင် ကျင့်ကြံသော ကျင့်စဉ်သည် တစ္ဆေလောက ကျင့်စဉ်ဖြစ်၏။

ရီဇီက အလောင်းကောင် ဂိုဏ်းအကြောင်းကို တဖြည်းဖြည်းပိုပြီး သိလာခဲ့သည်။ သူကိုယ်တိုင် လည်း အလောင်းရုပ်သေးမှ သူ့ကို ဆန့်ကျင်မှုကို မတားဆီးနိုင်ခဲ့ပေ။ သူ၏ ကျင့်စဉ်အဆင့်က အလောင်းကောင် ရုပ်သေး၏ ကျင့်စဉ်ထက် အများကြီး မြင့်နေမှသာ အလောင်းကောင်၏ ဆန့်ကျင်မှုကို ရပ်တန့်နိုင်မည် ဖြစ်သည်။

အလောင်းကောင်ဂိုဏ်းတွင် စည်းမျဉ်းတစ်ခု ရှိသေး၏။ တပည့် တစ်ယောက်က စဦး စိတ်ဝိညာဉ် အဆင့်သို့ ရောက်လျှင် သူ့ခန္ဓာကိုယ်ကို အလောင်းရုပ်သေးမှ စိတ်ဝိညာဉ်က ဝါးမျိုခဲ့လျှင် တောင်မှ သူ့အတွက် နောက်ထပ် ခန္ဓာကိုယ်တစ်ခုကို အစားထိုး ပြန်ရနိုင်သည့် အခွင့်တစ်ခု ရှိ၏။

ရီဇီကျိုင်းသည် ဥပမာ ဖြစ်သည်။ သူ့ကို လျိုရှက အပြည့်အဝ ဝါးမျိုသွားလျှင် သူ၏ စိတ်ဝိညာဉ်ကို သူရွေးချယ်ထားသည့် အလောင်းရုပ်သေး အတွင်း၌ ပြန်ထည့်ပေးမည် ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ် ထည့်ထားသော အလောင်းကောင်အား ပိုင်ဆိုင်သူ၏ ခန္ဓာကိုယ်ကို သူက တစ်ဖန် ပြန်လည် ပိုင်ဆိုင် နိုင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း သူ့ထံတွင် အခွင့်အရေး တစ်ခုသာ ရှိသည်။ သူသာ စဦး စိတ်ဝိညာဉ် အဆင့်သို့ မရောက်လျှင် သူ့ကို စစ်ပွဲတွင် အသေခံအဖြစ် ပို့ခံရမည် ဖြစ်၏။

တစ်ယောက်ယောက်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်လျှင် သူသည် အဆင့် လေးနိုင်ငံမှ ဂိုဏ်းခွဲတစ်ခုတွင် အကြီးအကဲအဖြစ် ရာထူးတိုးပေးခြင်း ခံရမည် ဖြစ်သည်။ သို့သော် လည်း သူသည် နှစ်၁၀၀၀အတွင်း စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ မရောက်လျှင် အဆုံးသတ် ကတော့ အတူတူပဲ ဖြစ်၏။

ရီဇီကျိုင်းက အေးစက်စွာဖြင့် လျိုရှ၏ မေးခွန်းကို ပြန်ဖြေလိုက်သည်…

“အားသိုင်က အမြုတေ ဖွဲ့တည်ခြင်း အဆင့်တောင် မရောက်သေးဘူး… အဲဒါကို ငါက သူနဲ့ ဘာလုပ် ရမှာလဲ… ပြီးတော့ သူက ငါ့ရဲ့ ဂိုဏ်းတူညီလေးရဲ တပည့်ပဲ… ဒါကြောင့် ငါ ရှိနေသေးသ၍ သူကို ကာကွယ် ပေးရလိမ့်မယ်… “

သူက ထိုစကားကို ပြောလိုက်ချိန်တွင် လျိုရှဆီမှ ထွက်လာသော ဖိအားကို ခံစားလိုက်ရသည်။ သို့သော်လည်း ရီဇီကျိုင်းကတော့ ဆက်ပြောလိုက်၏…

“သူ့ကို ဘယ်သူကမှ ထိခိုက်အောင် လုပ်ခွင့်ပြုမှာ မဟုတ်ဘူး… “

လျိုရှက ရယ်လိုက်ပြီး သူ၏ မျက်လုံးများက အရောင်တောက်သွားကာ ပြောလိုက်သည်…

“အားသိုင်ရဲ့ ခန္ဓာကိုယ်က အရမ်းကောင်းတယ်… သူ့ရဲ့ ခန္ဓာကိုယ်က မင်းအတွက် တော်တော် သင့်တော်တယ်… “

ရီဇီကျိုင်းက နှာခေါင်းရှုံ့လိုက်၏။ သူ့စိတ်ထဲတွင် ထိုစိတ်ကူးက အမှန်ပင် ရှိနေသည်။ သူက အားသိုင်ကို မြင်မြင်ချင်း သူ့အတွက် အားသိုင်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ရန် ကြိုးစားမည်ဟု ဆုံးဖြတ်ချက် ထားခြင်းဖြစ်သည်။

လျိုရှက မသိမသာ ပြုံးပြီး ပြောလိုက်သည်…

“ဒီကောင်လေး ဝမ်လင်းက ထူးဆန်းတဲ့ နည်းစနစ်တစ်ခုကို ကျင့်ကြံထားတယ်… သူ့ ခန္ဓာကိုယ်ကနေ တစ္ဆေလောက ကျင့်စဉ်ရဲ့ အရိပ်အယောင်တွေ ခံစားနေရတယ်… သူက ဘယ်လိုပဲ လေ့ကျင့်ခဲ့ လေ့ကျင့်ခဲ့… နောက်ဆုံးမှာ ငါတို့အတွက် ကောင်းမွန်တဲ့ ခန္ဓာပိုင်ရှင်တစ်ယောက် ဖြစ်လာ ရမှာပဲ… ရီဇီကျိုင်း… ငါမေးတဲ့ မေးခွန်း မင်း မဖြေရသေးဘူး… ဘာလို့ သူ့ရဲ့ ဝိညာဉ်ကို မပိတ်လှောင် လိုက်ရတာလဲ… “

ရီဇီကျိုင်းက မျက်လုံးကို မှိတ်ကာ ဖြေလိုက်သည်…

“ငါ့ရဲ့ ဆုံးဖြတ်ချက်က အားသိုင် တစ်ယောက်တည်းတင် မဟုတ်ဘူး… ဝမ်လင်းပါ ပါတယ်… ပြီးတော့ ဘယ်သူ့ကို ခန္ဓာပိုင်ရှင်၊ ဘယ်သူ့ကို အလောင်းရုပ်သေး လုပ်ရမလဲ… အခုထိ မဆုံးဖြတ်ရ သေးဘူး… သူ့ကို အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကို မရောက်ဘဲ သူ့ရဲ့ ဝိညာဉ်ကို ပိတ်လှောင်မှာ မဟုတ်ဘူး… ငါသာ သူ့ဝိညာဉ်ကို ပိတ်လှောင်လိုက်ရင် အလောင်းကောင် ဂိုဏ်းထဲမှာ သူ့နာမည် ပါသွားလိမ့်မယ်… တစ်ယောက်ကသာ သူ့ခန္ဓာကိုယ်ကို ရွေးသွားရင် ငါလုပ်သမျှ အလကား ဖြစ်မသွား ပေဘူးလား… “

သူ၏ အကြံကို လျိုရှသိသွားလျှင်တောင်မှ ရီဇီကျိုင်းက စိတ်မပူချေ။ သူ့အတွက် သူလုပ်နေခြင်း ဖြစ်၏။ တခြားတစ်ဖက်မှ ကြည့်လျှင် လျိုရှကို အရှုံးပေးပြီး သူ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရင် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း လျိုရှကို အသိပေးလိုက်ခြင်း ဖြစ်သည်။

သူက မျက်လုံးကို ပြန်ဖွင့်ပြီး ဆက်ပြောလိုက်သည်…

“တိုက်ပွဲမြေပြင် ရှင်းလင်းပွဲ စတော့မယ်… “

လျိုရှက အက်ကွဲကွဲအသံဖြင့် ရယ်လိုက်ပြီး…

“ဒီတစ်ကြိမ်မှာတော့ တမန်တော်က ပြင်ပတိုက်ပွဲ မြေပြင်ဆီကို သွားမည့် ပေါ်တယ်ကို ဖွင့်ပေး လိမ့်မယ်… အဲဒီအချိန်မှာ မင်းရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ စိတ်စွမ်းအင် အသက်ရှူခြင်း သုံးရှိုက်စာပဲ လိုလိမ့်မယ်… အလောင်းကောင်ဂိုဏ်းနဲ့ ငါနဲ့ သဘောတူညီမှုအရ မင်းကို ပိုင်ဆိုင်ပြီးသွားရင် မင်းရဲ့ အသိစိတ်ကို ငါက သိမ်းပေးထားရမယ်… မင်းက ခန္ဓာပိုင်ရှင် တစ်ယောက်ကို ရွေးလိုက်ပြီ ဆိုတာနဲ့ အဲဒီခန္ဓာကိုယ် ပိုင်ရှင်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် အမြုတေ ဖွဲ့တည်ခြင်းအဆင့် ရောက်အောင် လုပ်ပေးပြီး သူ့ကို ပိုင်ဆိုင်ရအောင် ငါက ပြန်ပြီး ကူညီပေးရမယ်… “

ပြင်ပ တိုက်မြေပြင် ရှင်းလင်းပွဲသည် နှစ်၁၀၀တွင် တစ်ခါလုပ်မြဲ ဖြစ်သည်။ လျိုရှ၏ စကားကို နားထောင်ပြီးနောက် ရီဇီက ဘာမှမပြောတော့ဘဲ မျက်လုံးကို မှိတ်လိုက်တော့၏။

***

ဝမ်လင်းကတော့ မုရုံနှင့်အတူ လိုဏ်ခေါင်းများကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်လာကြသည်။ သူတို့သည် ပိုနက်သည့် မြေအောက်ထဲသို့ သွားနေကြောင်း ဝမ်လင်း သတိထားမိသည်။ ပိုပြီးသွားလေ အောက်မှ ယင်စွမ်းအင်များကို ပိုမိုခံစားမိလေ ဖြစ်သည်။

အချိန် တော်တော်ကြာပြီးနောက် မုရုံက ဂူတစ်ခုရှေ့တွင် ရပ်လိုက်ပြီး ဝမ်လင်းကို အားကျသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်…

“ဘိုးဘေး… ဒီဂူက ဘိုးဘေးအတွက် ပြင်ပေးထားတဲ့ ဂူပါ… အလောင်းကောင် ဂိုဏ်းရဲ့ အကောင်းဆုံး ကျင့်ကြံခြင်း နေရာတစ်ခုဆိုလည်း ဟုတ်တယ်… “

မုရုံ ထွက်သွားသည်နှင့် ဝမ်လင်းက ဂူထဲသို့ ဝင်လိုက်၏။ သူ၏ဂူက မုရုံ နေထိုင်သော ဂူ၏ ၅ပုံ၁ပုံခန့်သာ ရှိပြီး မြေပြင်ပေါ်တွင် ထူထဲသော ရေခဲလွှာတစ်ချပ် ရှိနေသည်။

နံရံပေါ်တွင် အပေါက် သေးသေးလေးများ ရှိနေပြီး ထိုအပေါက်များမှ ယင်စွမ်းအင်များ ထွက်နေသည်။ ဂူထဲတွင် ဘာပစ္စည်းမှလည်း ရှိမနေချေ။

ဝမ်လင်းက ဆောင့်ကြောင့်ထိုင်ပြီး မြေပြင်ကို စမ်းကြည့်လိုက်သည်။ ယင်စွမ်းအင်များက သူ့ ကိုယ်ထဲတွင် ဝင်လာပြီး အငွေ့အဖြစ်သို့ ပြောင်းကာ ခန္ဓာကိုယ်ထဲတွင် ပျောက်ကွယ်သွား၏။

ဝမ်လင်းက မြေပြင်ပေါ်တွင် ခြေချိတ်ထိုင်လိုက်ပြီး ကျောက်စိမ်းပြားထဲမှ အစီအရင်များကို ပြုလုပ်လိုက်၏။ ချက်ချင်း နံရံပေါ်မှ အပေါက်များက ပိတ်သွား၏။

ဂူတစ်ခုလုံးသည် ယခုအချိန်တွင် အလုံပိတ်ဖြစ်သွားသည်။

ဝမ်လင်းက ဘေးဘီကို ဝေ့ကြည့်ရင်း အနည်းငယ် စဉ်းစားလိုက်သည်။ သူက မြို့ပျက်ကြီးမှ အဖြစ်အပျက်များကြောင့် အလောင်းကောင် ဂိုဏ်းထဲသို့ ဝင်ခဲ့ရသည်။ သူသာ ရွှေ့ပြောင်း အလင်းတန်း ထဲသို့ မဝင်ရောက်ခဲ့ပါက အလောင်းရုပ်သေးနှင့် ဝူယု၏ တိုက်ပွဲကြားသို့ ရောက်သွားမည် ဖြစ်သည်။

‘ကြည့်ရတာ ဝူယုက မညာဘူးဘဲ… ဒီနေရာက တစ္ဆေလောက ပျံတက်ခြင်း ကျင့်စဉ်ကို လေ့ကျင့်ဖို့ အတွက် အကောင်းဆုံး နေရာတစ်ခုပဲ… ဒါပေမဲ့ ဒီနေရာမှ အန္တရာယ်တစ်ခုကို ခံစား မိနေတယ်… အထူးသဖြင့် ရီဇီကျိုင်းဆီကပဲ… ‘

ရီဇီကျိုင်း၏ အမူအရာများသည် သဘောကောင်း ကြင်နာတတ်ပုံ ရသော်လည်း ဝမ်လင်း၏ စိတ်ထဲတွင် သူက အဆိပ်ရှိသည့် မြွေတစ်ကောင်ဟု ခံစားမိနေသည်။ သို့သော်လည်း ရီဇီကျိုင်းက အားသိုင်ကို မြင်သောအခါ ထိုခံစားချက်သည် သူ့အပေါ်မှ အားသိုင်ဆီသို့ ပြောင်းသွားကြောင်း သတိထား မိလိုက်သည်။

မည်သို့ပင် ဖြစ်စေကာမူ ဝမ်လင်းကတော့ ယခင်ကထက် ပိုပြီး သတိထားရန် ဆုံးဖြတ်လိုက်၏။

‘ဒီရီဇီကျိုင်းရဲ့ စိတ်ထဲမှာ အကြံဆိုးတွေ ရှိရမယ်’

ဝမ်လင်းက တစ်ခုခုကို သတိထားမိပြီး ရေရွတ်လိုက်သည်…

“စစ်ထူနန် အိပ်ပျော်နေတာ ကံဆိုးတာပဲ… သူ့ရဲ့ အတွေ့အကြံနဲ့ဆို ရီဇီကျိုင်းရဲ့ စိတ်ကို မြင်နိုင်မှာပဲ… ငါ ဒီကနေ လွတ်မြောက်ဖို့ အခွင့်အရေး ရှာရမယ်… ဒီမှာရှိနေတုန်း သူတို့ပေးထားတဲ့ အခွင့်အရေးကို ယူပြီး ကျင့်ကြံနေရမယ်… “

ထို့နောက် သူ၏မျက်လုံးက တောက်ပသွားပြီး အစီအရင်များစွာ ဖန်တီး အသက်သွင်းလိုက်ရာ အပေါက်များက ပြန်ပွင့်သွား၏။ ထို့နောက် တဝုန်းဝုန်း အသံများ ထွက်ပေါ်လာပြီး အဖြူရောင် အငွေ့များ ထွက်လာကာ တစ်ခန်းလုံး ပြည့်သွား၏။

ဝမ်လင်းက ပါးစပ်ကို ဟလိုက်ပြီး အငွေ့များ အားလုံးကို ချက်ချင်း စုပ်ယူလိုက်သည်။ သို့သော် လည်း အပေါက်များမှ ထွက်လာသော အငွေ့များက ပို၍ပင် များများပြားပြား ထွက်လာသည်။

သူ၏ ခန္ဓာကိုယ် အတွင်းသို့ အငွေ့များ ဝင်သွားသည်နှင့် ထိုအငွေ့များကို သူ၏ စိတ်စွမ်းအင်က စုပ်ယူ လိုက်သည်။

ထိုအခါ ဝမ်လင်း၏ မျက်နှာက အနည်းငယ် ထူးဆန်းသွားပြီး လက်နှစ်ဖက်ဖြင့် အစီအရင် တစ်ခုကို ပြုလုပ်ကာ အလင်းတန်းတစ်ခု တစ်ခုကို ပစ်လွတ်လိုက်သည်။ ထို အလင်းတန်းက လျင်မြန်စွာ ကျုံ့သွားပြီး အလင်းလုံးတစ်လုံး ဖြစ်သွား၏။

အလင်းလုံးက အပြာရောင် တောက်ပလာပြီး တစ်ချက် လင်းလက်သွားသည်။ ဝမ်လင်းက အလင်းလုံးကို ကြည့်ပြီး ရေရွတ်လိုက်သည်…

“မြေကြီးယင်… သာမန် ယင်အဆင့် ၁… “

ထိုအချိန်တွင် သူ့ကိုယ်ထဲသို့ ဘက်ပေါင်းစုံမှ စွမ်းအင်များ ဝင်လာပြီး သူ့ကိုယ်ထဲမှ စိတ်စွမ်းအင် များကို ထိန်းချုပ်နိုင်မှုက လျော့ကျလာသည်။

ဝမ်လင်းက ထိုအဖြစ်အပျက်ကြောင့် သူ၏ မျက်လုံးကို ချက်ချင်း ပိတ်လိုက်ပြီး ကျင့်ကြံ လိုက်သည်။

***

ထိုအချိန်တွင် အလွန်ကြီးမားသော သက်တံရောင် တိမ်တိုက်ကြီး တစ်ခုက ကျောင်းနိုင်ငံ ပေါ်တွင် ပေါ်လာသည်။ ထို တိမ်တိုက်ကြီးသည် ကောင်းကင် တစ်ခုလုံးကိုပင် ဖုံးကွယ် ထားနိုင်သည် ဟုပင် ပြော၍ရ၏။

တိမ်တိုက်ကြီးပေါ်လာသည်နှင့် ကျောင်းနိုင်ငံရှိ စဦးစိတ်ဝိညာဉ် အဆင့်အောက် ကျင့်ကြံသူ အားလုံး၏ မျက်နှာ အမူအရာများက အကြီးအကျယ် ပျက်ယွင်းသွားကြသည်။

ကြီးမားလှသော ဖိအားအောက်တွင် ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများ အားလုံးသည် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်စွမ်းအင်များကို မထိန်းချုပ် နိုင်ကြတော့ပေ။

ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်နှင့် အမြုတေအဆင့် ကျင့်ကြံသူ အားလုံးသည် ချက်ချင်း ထိုင်ချ လိုက်ကြပြီး သူတို့ ကိုယ်ထဲမှ စိတ်စွမ်းအင်များကို ထိန်းသိမ်းရန် ကျင့်ကြံ လိုက်ရသည်။ စဦးစိတ်ဝိညာဉ် အဆင့်များက ဖိအားကို တောင့်ခံနိုင်သော်လည်း သူတို့၏ မျက်နှာများကတော့ အကြီးအကျယ် ပြောင်းလဲ သွား၏။

ရွမ်တောက်ဂိုဏ်း၏ တောင်အနောက်ဘက်တွင် ဖုနန်ဇီသည် ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်သည်။ သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး ထိုနေရာမှ ပျောက်သွားသာ ကီလိုမီတာ ၁၀၀ အကွာရှိ နေရာတစ်ခုတွင် ပြန်ပေါ်လာသည်။

ကျောင်းနိုင်ငံအတွင်းတွင် အလင်းတန်းများ ထွက်ပေါ်လာပြီး အလင်းတန်းအားလုံးက ကျောင်းနိုင်ငံ အလယ်ရှိ ကောင်းကင်မျှော်စင်သို့ ဦးတည်နေကြသည်။

ကျင့်ကြံသူများပင် ဖိအားကို ထိုမျှခံစားရလျှင် သေမျိုးများသည် ပို၍ပင် ခံစားကြရ၏။ အားလုံးကို မြေပြင်တွင် ကောင်းကင်မျှော်စင်ဘက်ကို ဒူးထောက်နေကြသည်။ ဒဏ္ဍာရီထဲတွင် ထို သက်တံရောင် တိမ်တိုက်ကြီးသည် နှစ် ၁၀၀ တွင် တစ်ခါ ပေါ်လာတတ်ကြောင်း သူ့တို့ သိထားကြ၏။ ယခု ထိုသက်တံရောင် တိမ်တိုက်ကြီး ရောက်လာလေပြီ။

***

Comment

Leave a Reply

Options

not work with dark mode
Reset