အခန်း (၃၆)

လမ်းမှားသို့ ဦးတည်နေသော ဇာတ်လိုက်

အပိုင်း(၃၆) လမ်းမှားသို့ ဦးတည်နေသော ဇာတ်လိုက်

“ရီမျိုးရိုးကောင်က အန္တရာယ်ကနေ မသေတဲ့အပြင် ကျင့်ကြံမှုပါ အကြီးအကျယ် တိုးတက်လာတယ်၊ လန်ဝမ်ရန်က မင်းသားပေးထားတဲ့ အဆင့်နိမ့် ဝိဉာဉ်လက်နက်နဲ့တောင် လက်ဗလာနဲ့ ရီကျင်းကို အနိုင်မယူနိုင်ခဲ့ဘူး”

အားဟူ ပြန်လှန်ပြောပြသည်ကို နားထောင်ပြီးသောအခါ ရန်ကျောက်ကဲ မအံ့ဩတော့ပေ။

၎င်းက ဇာတ်လိုက်၏အရောင်အဝါကြောင့်ပင်။

တကယ်တော့ ရီကျင်းသည် မိုးကောင်းကင်၏ အလိုအရ ဇာတ်လိုက်ဖြစ်ရန် ကံပါလာသူဖြစ်သည်။

အန္တရာယ်များကို ကျော်လွှားနိုင်ခဲ့ပြီးနောက် ခွန်အားပိုင်းအရ သူ အဆင့်မြင့်လာသည်မှာ သဘာဝပင်ဖြစ်သည်။

သို့သော် ရီကျင်း၏ ယခု လုပ်ရပ်က ရန်ကျောက်ကဲ သိထားသည့် ဇာတ်လိုက်များနှင့် အနည်းငယ် ကွဲပြားနေသည်။

“ပိုပြီး ရန်လိုတယ်၊ ပို ခေါင်းမာလာတယ်၊ ပြီးတော့ ပိုစိတ်ဆတ်လာပြီး ဒေါသထွက်လွယ်လာတယ်” ရန်ကျောက်ကဲက သူ့မေးစေ့ကို ပွတ်သပ်ရင်း တွေးနေသည်။ “အဲ့လက်စွပ်က သူ့ကို ခန္ဓာကိုယ်အသစ်တစ်ခု ဖန်တီးပေးတဲ့ ပုံပဲ၊ ဒါပေမယ့် မကောင်းတဲ့ အကျိုးသက်ရောက်မှု တချို့ပါ တပါးထဲ ပါလာတဲ့ပုံပဲ”

“ရီကျင်း ကျင့်ကြံတဲ့ လျှို့ဝှက်သိုင်းက လူတစ်ယောက်ရဲ့ စိတ်ကို မကောင်းတဲ့အတွေးတွေနဲ့ သက်ရောက်နိုင်တဲ့ ပညာမျိုးဖြစ်ရင်၊ ခန္ဓာကိုယ်ရော စိတ်ရောပါ သန့်စင်ပစ်ဖို့ လိုတယ်၊ မဟုတ်ရင် မကောင်းတဲ့အတွေးတွေကြား နစ်မွန်းပြီး လမ်းလွဲသွားနိုင်တယ်”

“ဒီရှု့ထောင့်ကနေ ကြည့်ရင်… ပထမ သူ့ခန္ဓာကိုယ် ပျက်စီးသွားတယ်၊ ပြီးတော့ ပြန်တည်ဆောက်တယ်၊ ပြန်တည်ဆောက်လိုက်တဲ့ဟာက လက်ရှိ ရီကျင်းနဲ့ အံဝင်ချင်မှ အံဝင်မယ်၊ သူ ကျင့်ကြံမှု အဆင့် ပိုပြီး မြင့်တဲ့ အချိန်ရောက်မှ  ဒီလို ပြဿနာမျိုးနဲ့ ကြုံတွေ့ရင်၊ ဒီပြဿနာက သူ့ကို အနှောက်အယှက် ပေးနိုင်မှာ မဟုတ်ဘူး”

“ဒီခံစားချက်…..၊ ဒီဇာတ်လိုက်ရဲ့လမ်းကြောင်းက နည်းနည်း သွေဖယ်နေတယ်လို့ မထင်ရဘူးလား၊ အို…… အပြစ်ကြီးပဲ၊ တော်တော်ကို ကြီးမားတဲ့ အပြစ်ပဲ”

“ဒါပေမယ့်……” ရန်ကျောက်ကဲ၏အကြည့်က တဖြည်းဖြည်း အေးစက်သွားသည်။ “ဒါလေးပြောမိတာနဲ့ပဲ မင်းဇာတ်လိုက် အရောင်အဝါ အားကိုးပြီး သူများကို ရိုက်နှက်လို့ရလား”

သူ၏ တောင်စဉ်ရေမရ အတွေးများကို ရှင်းထုတ်ပြီး အားဟူအား ကြည့်လိုက်သည်။ “ဂိုဏ်းက ဒီသတင်းကို သိတော့ ဘာပြောလဲ”

အားဟူ၏ နှုတ်ခမ်းထောင့်နှစ်ဖက် တွန့်ကွေးသွားသည်။ “ပထမ ဒီတပည့်က ကိုယ့်ဂိုဏ်းသားအချင်းချင်းကို မုန်းတီးမှုနဲ့ အပြင်းအထန် ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့တဲ့အတွက် အပြစ်ပေးခံရမှာတော့ အမှန်ပဲ၊ သေချာတာပေါ့ စုံစမ်းစစ်ဆေးမှုတွေက ပြဿနာရဲ့ဇစ်မြစ်အထိ သိရအောင် စုံစမ်းမှာဘဲ၊  ဂိုဏ်းက တစ်ဖက်ထဲက အမြင်ကိုပဲ နားထောင်မှာ မဟုတ်ဘူး”

“ပြီးတော့၊ မင်းသား၊ အဲ့နေ့က မင်းသား ခန့်မှန်းတာ မှန်ကန်ကြောင်း သက်သေပြနေတယ်၊ ရီကျင်းက အန္တရာယ်ထဲမှာ မသေတဲ့အပြင် နဂါးချုပ်လှောင်ခြင်းချောက်နက် အပြင်ကိုပါ အရှင်လတ်လတ်ထွက်လာနိုင်တယ်”

“ဒါပေမယ့် မင်းသားအပေါ်  ရီကျင်းရဲ့ ဒေါသနဲ့ အမုန်းတရားက အရမ်း ကြီးမားလွန်းတယ်၊ မင်းသားရဲ့ အစောပိုင်းက ရှင်းပြချက်တွေကို မယုံသင်္ကာ ဖြစ်နေတဲ့ သူတွေ ရှိသေးတယ်၊ တကယ့်ဖြစ်ရပ်မှန်က ပေါ်ပေါက်တော့မယ်ဆိုပြီး မျှော်နေကြတဲ့ သူတွေလည်း ရှိတယ်”

“အဲ့တာကြောင့် ရီကျင်းကို ဖမ်းဆီးပြီးရင် မင်းသားပါ သွားပြီး သူနဲ့အတူ သွေးဝိဉာဉ်အမှတ်ရခြင်းနည်းစနစ်ကို လုပ်ရမယ် ထင်တယ်”

ရန်ကျောက်ကဲက ပုခုံးတွန့်လိုက်သည်။ “ငါအဆင်ပြေပါတယ်၊ အခု ဒုတိယဦးလေးဘက်က လူတွေ ငါ့ကို ချောက်တွန်းဖို့ ရီကျင်းကို မသတ်လောက်တော့ဘူး၊ ရီကျင်းပါးစပ်ထဲက တကယ့်ဖြစ်ရပ်မှန်ဆိုတာတွေကို သိအောင် လုပ်ပြီး ငါ့ကို ဘယ်လို အရှက်ခွဲရင် ကောင်းမလဲပဲ စဉ်းစားနေလောက်တယ်”

အားဟူ ခေါင်းကုတ်လိုက်သည်။ “ကျွန်တော် အရင်တုန်းကတော့ မတွေးမိဘူး၊ အဲ့ဒီ့ရီ မျိုးရိုးကောင်က ပြဿနာရှာတဲ့နေရာမှာတော့ တော်တော် တော်တာပဲ”

“ဟဟ…..” ရန်ကျောက်ကဲ ရယ်ရုံ ရယ်လိုက်သည်။ မည်သည့်စကားမျှ မပြောပေ။

အားဟူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ဒီတစ်ခါတော့ ဒီကောင်ရီကျင်း၊ ဂိုဏ်းရှေ့မှာ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတော့မယ် ထင်တယ်”

“မင်းသား၊ ဂိုဏ်းက ဆုံးဖြတ်ချက်ချပြီးပြီဆိုတော့ ကျွန်တော်တို့ သူနဲ့ ပတ်သတ်ပြီး  စိတ်ရှုပ်ခံစရာမလိုတော့ဘူးပေါ့၊ အဲ့အကြောင်း မပြောဘဲနေတာ ကောင်းမယ်၊ တော်ကြာ မင်းသားလေးက တစ်စုံတစ်ခုကို အတင်းအကြပ် ဖုံးကွယ်ချင်လို့ အဲ့ကောင်ကို သတ်ပစ်ချင်တာဆိုပြီး အခြားလူတွေ ထင်နေကြဦးမယ်”

“ဒီလို အခြေအနေမျိုးမှာ မင်းသားလေးက တခြားသူတွေ စွပ်စွဲတာပါ ခံရရင် မမျှတဘူး၊ ဒီကိစ္စနဲ့ ပတ်သတ်တဲ့ အရာအားလုံးကို ဂိုဏ်းထဲက ဒီအမှုကို စစ်ဆေးမယ့် သူတွေဆီ လွဲလိုက်တာ ပိုကောင်းမယ်ထင်တယ်”

ရန်ကျောက်ကဲက ပျော့ပျောင်းစွာ ပြောလိုက်သည်။ “သူ မသေသေးသရွေ့ အဆင်ပြေတယ်”

“သူ့ရဲ့ ခြေတွေ လက်တွေကို မတုပ်နဲ့၊ သူ့ကို တွေ့ရင် ငါ့ဆီ အမြန်ဆုံး သတင်းပို့လိုက်၊ သူ့ကို ဂိုဏ်းမပို့ခင် ဂျူနီယာညီလေးလန်ကို လုပ်ခဲ့တာတွေအတွက် သူ့ကို ငါကိုယ်တိုင် သင်ခန်းစာပေးမယ်”

“ဂျူနီယာညီလေးလန်က ငါ့ဘက်က ပြောပေးလို့ ရီကျင်း တိုက်ခိုက်တာ ခံရတာပဲ”

“သူ့ဒဏ်ရာအတွက် ဆေးဝါးတွေအပြင် အခြား အထောက်အပံ့တွေပါ ပေးလိုက်၊ ပြီးတော့ ပြောလိုက်ဦး၊ ငါ့ဆီမှာ သူ့အတွက် အလယ်အလတ်အဆင့် ဝိဉာဉ်လက်နက်တစ်ခု အရံသင့်ရှိတယ်လို့၊ သူ သိုင်းပညာရှင် အဆင့်ရောက်တဲ့နေ့ကြရင် အဲ့ဝိဉာဉ်လက်နက်ကို လွဲပေးမယ်လို့”

အားဟူက ထုံးစံအတိုင်း ရယ်မောလိုက်သည်။ “ဟုတ်ကဲ့၊ မင်းသားလေး”

ရန်ကျောက်ကဲ ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် အဝေးမှ တောင်တန်းသို့ ငေးကြည့်နေသည်။

ထိုစဉ် အနက်ရောင်ဝတ်စုံဝတ်လူက ရန်ကျောက်ကဲ ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး သူ့အား ဝိဉာဉ်မြက်ပင်လေးကို တရိုတသေ ပေးလိုက်သည်။

“မင်းသား၊ တွေ့ပါပြီ”

ရန်ကျောက်ကဲ၏မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။ “ရွက်ချပ်ဆယ်မွှာ ရွှေသစ်ခွ!”

ဝိဉာဉ်မြက်ပင်ကို ယူ၍ တခဏမျှ ဂရုတစိုက် စစ်ဆေးပြီးနောက် ရန်ကျောက်ကဲ၏မျက်နှာတွင် အပြုံးပန်းဝေနေသည်။ မိုးကောင်းကင်ပင် ကြားနိုင်သည်အထိ ကျယ်ကျယ်လောင်လောင် ရယ်ချင်စိတ်ကို မနည်း ချိုးနှိမ်ထားရသည်။

ထိုရွက်ချပ်ဆယ်မွှာ ရွှေသစ်ခွက နှစ်ရာဂဏန်းအနည်းငယ်မျှသာ သက်တမ်းရှိမည်ဟု သူ  အစက ထင်ခဲ့သည်။ သို့သော် ၎င်း၏ သက်တမ်းက နှစ်တစ်ထောင်ထက်ပင် ကျော်လွန်နေသည်။ အဘယ်သို့ ရန်ကျောက်ကဲ မပျော်ရွင်ဘဲ နေမည်နည်း။

တကယ်တော့ ရွက်ချပ်ဆယ်မွှာ ရွှေသစ်ခွက အလွန်ရှားပါးလွန်းသည်။ အရွယ်မရောက်ခင် ခူးဆွတ်ခံရလေ့ရှိသည့် အချက်ကိုပါ ထည့်တွက်လျှင် နှစ်တစ်ထောင်သက်တမ်းရှိ ရွပ်ချပ်ဆယ်မွှာ ရွှေသစ်ခွကို ရဖို့က အစစ်အမှန်လီမီးတောက် မီးစေ့ကို ရဖို့ထက် မလွယ်ကူပေ။

ယခု ဤကဲ့သို့ ဝိဉာဉ်မြက်ကို ချောချောမွေ့မွေ့ ရရှိခဲ့သည်။ ရန်ကျောက်ကဲ အလွန် ပျော်ရွင်နေ၏။

အနက်ရောင်ဝတ် လူက ဆက်ပြောလိုက်သည်။ “မင်းသားလေး၊ ရွပ်ချပ်ဆယ်မွှာ ရွှေသစ်ခွ ရှာတုန်းမှာ ထူးခြားဆန်းကြယ်တဲ့ တောင်ကြားတစ်ခုကို အမှတ်မထင် တွေ့ခဲ့ပါတယ်”

ရန်ကျောက်ကဲက မေးလိုက်သည်။ “ဘယ်လိုမျိုး ထူးခြားဆန်းကြယ်တာလဲ”

“အဲ့တာက ရေခဲတွေနဲ့ ပြည့်နေတဲ့ တောင်ကြားပါ”

စိတ်ဝင်စားလာပြီး ရန်ကျောက်ကဲက  ထပ်မံ မေးလိုက်သည်။ “အိုး၊ ရေခဲတောင်ကြားလား၊ ဘယ်နားမှာလဲ”

သည်နှစ် လက်ရှိအချိန်တွင် လျူလျောင်တောင်တန်းပေါ်၌ အလွန်အိုက်စက်သည်။

ထို့ကြောင့် ရေခဲပြင်သာ အမှန်တကယ် ရှိနေပါက ရန်ကျောက်ကဲ၏အာရုံကို ဆွဲဆောင်နိုင်မည်မှာ ပုံမှန်ပင် ဖြစ်သည်။

အနက်ရောင်ဝတ်စုံဝတ်လူက ပြန်လည်ဖြေကြားသည်။ “ဟုတ်ကဲ့၊ တကယ် ရေခဲတောင်ကြားပါ၊ အပြင်ပန်းကကြည့်ရင် တော်တော်လေး ကြီးမားပုံရပေမယ့် အထဲရောက်တော့ ထင်သလောက် မဟုတ်ပါဘူး”

“ကျွန်တော်တို့ အဲ့တာကို တွေ့တဲ့အချိန်  အဲ့ထဲမှာ ဖောက်လွဲဖောက်ပြန်တဲ့ အဖြစ်အပျက်တချို့ ဖြစ်ပေါ်နေပါတယ်၊ မြေငလျင်တွေ လှုပ်နေသလိုမျိုးတွေပါ”

ရွက်ချပ်ဆယ်မွှာ ရွှေသစ်ခွကို ရရှိပြီးနောက် ရန်ကျောက်ကဲတွင် လတ်တလော လုပ်စရာ မရှိသေးပေ။ “လမ်းပြဗျာ၊ သွားကြည့်ကြတာပေါ့”

သူတို့ အုပ်စုက တောင်များကို လျင်မြန်စွာ ဖြတ်ကျော်သွားသည်။ သူတို့ အတွင်းပိုင်းသို့ လျှောက်လာလေလေ ပတ်ဝန်းကျင်လေထုက ပိုအေးလာလေ ဖြစ်သည်။

သဘာဝအလျောက် ရာသီဥတု ပြောင်းလဲမှုကြောင့် မဖြစ်နိုင်ပေ။ နှစ်တိုင်း သည်ရာသီတွင် လျူလျောင်တောင်တန်းတစ်ခုလုံးမှာ ရေနွေးအိုးထဲ ရောက်နေသလို အလွန်ပူပြင်းသည်။

သူတို့အုပ်စုက ရေခဲတောင်ကြားနှင့် နီးသည်ထက် နီးလာသည်ဟု ရန်ကျောက်ကဲ သဘောပေါက်မိသည်။

အနည်းငယ်မျှ ဆက်လျှောက်ပြီးနောက် သူတို့၏ခေါင်းအထက်ရှိ နေက ချစ်ချစ်တောက် ပူပြင်းနေသော်လည်း လေထုထဲမှ အေးစိမ့်မှုကို သိသိသာသာ ခံစားရသည်။

အားဟူက မတ်စောက်သော တောင်ထွတ်တစ်ခုကို တက်သွားသည်။ အနည်းငယ်ဝေးသော နေရာသို့ အချိန် တချို့မျှ စူးစိုက်ကြည့်ပြီး နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။ “မင်းသား၊ ကျွန်တော်တို့ ရောက်ပြီ”

ရန်ကျောက်ကဲလည်း ထိုတောင်ထွတ်ပေါ်သို့ တက်၍ ကြည့်လိုက်သည်။ သူ့ရှေ့မှာ မြင်ရသည်ကား အလွန်ကြီးမားသော တောင်ကြားကြီး ဖြစ်သည်။ ပို၍ အံ့ဩစရာကောင်းသည်ကား ထိုတောင်ကြားတစ်ခုလုံးကို ရေခဲများ၊ နှင်းများဖြင့် ဖုံးလွှမ်းထားသည်။

ကီလိုမီတာပေါင်းများစွာ ကွေ့ကောက်ရှည်လျားသော သီးခြား ရေခဲကမ္ဘာအလား ထိုတောင်ကြားသည် အဖြူရောင်နဂါးကြီးက ထူထဲသော တောအုပ်ထဲ၌ အလျားလိုက် ဝပ်နေသည်နှင့် ဆင်တူပေသည်။

တောင်စောင်းများတွင် ဖြစ်ပေါ်နေသော ရေခဲနှင့် နှင်းများသည်  သလင်းကျောက်များကဲ့သို့ ကြည်လင်နေပြီး နေရောင်ခြည်အောက်တွင် မျက်စိကျိန်းလောက်အောင် တလက်လက် တောက်ပနေသည်။ ထိုမြင်ကွင်းကို သာမာန်လူများ ကြည့်လိုက်လျှင် မျက်လုံးကန်းတော့မတတ်အောင် သူတို့၏မျက်လုံးများ၌ စူးရှသော နာကျင်မှုကို ခံစားရနိုင်သည်။

တောင်ကြားအပြင်ဘက်တွင် နွေရာသီ၏ စိမ်းစို လတ်ဆတ်သော သစ်တောကို တွေ့ရသည်။

တောင်ကြားထဲသို့ ခြေချကြည့်သည်နှင့် နွေခေါင်ခေါင်မှ အပြင်းထန်ဆုံး ဆောင်းရာသီအလယ်သို့ ရုတ်ချည်း ရောက်သွားသကဲ့သို့ပင်။

အစွန်းနှစ်ဖက်ကဲ့သို့ ထိုနှစ်နေရာအကြား ကွာခြားမှုက ထူးခြားသော ခံစားမှုကို ဖြစ်ပေါ်စေသည်။

ဤသည်ကို တခဏမျှ လေ့လာပြီး ရန်ကျောက်ကဲက တောင်ကြားထဲသို့ စတင် ဆင်းရင်း ပြောလိုက်သည်။ “ဆင်းရအောင်”

တောင်စောင်း အစပ်မှပင် တောင်ကြားထဲမှ မြေပြင်က ပြင်းပြင်းထန်ထန် တုန်ခါနေသည်ကို ထင်ထင်ရှားရှား ခံစားရသည်။ ထိုတုန်ခါခြင်း၏ အဓိက ဇစ်မြစ်မှာ မြေအောက်မှ လာသည်။

လှုပ်ခါနေသော တောင်ကြားထဲသို့ ဆက်လက်ချီတက်သွားပြီးနောက် သူတို့ကို နှုတ်ဆက်လိုက်သည်က ရေခဲများ၊ နှင်းများဖြင့် ပြည့်နှက်နေသော ကမ္ဘာကြီးဖြစ်သည်။ မှန်ကဲ့သို့ ချောမွေ့သော ဧရာမရေခဲတုံးကြီးများ၌ သူတို့၏ပုံရိပ်များ ရောင်ပြန်ဟပ်နေသည်။

ရန်ကျောက်ကဲနှင့် အားဟူတို့သည် ရှေ့ဆုံးမှ လျှောက်သွားကြသည်။ အကွေ့အကောက်များကို ကျော်ဖြတ်၍ တောင်ကြား၏ အတွင်းဘက်အကျဆုံးနေရာသို့ ရောက်သောအခါ ဧရာမ ရေခဲရေကန်ကြီးက သူတို့ရှေ့တွင် ဘွားခနဲ ပေါ်လာသည်။

ရေကန်၏အောက်ခြေတွင် ရှုပ်ထွေးသော ရေအောက် ရေစီးကြောင်းများကို တွေ့ရသည်။

ကသောင်းကနင်းနိုင်သော ရေစီးကြောင်းများထဲတွင် နဂါးဟိန်းသံ သဲ့သဲ့ကိုပါ ကြားရသည်။

ရန်ကျောက်ကဲသည် ရေကန်၏မျက်နှာပြင်ကို ခဏမျှ ကြည့်၍ ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှု့လိုက်သည်။ ခပ်တိုးတိုး ရေရွတ်လျက် “ဒီနေရာက ရေခဲချီနဂါးရဲ့ သင်္ချိုင်း ထင်တယ်၊ ဒီလောက် အိုက်စက်နေတဲ့ ပတ်ဝန်းကျင်မှာ ဒီလို ထူးဆန်းတဲ့ ရေခဲတောင်ကြား ဖြစ်ပေါ်နေတာ အံ့ဩစရာ မရှိဘူး”

“နဂါးတွေရဲ့ ဝိဉာဉ်တွေက သူတို့ရဲ့ အရိုးထဲမှာ နားခိုနေတယ်၊ တစ်ယောက်ယောက်က ရေခဲနဂါးရဲ့ ဝိဉာဉ်ကို နှောက်ယှက်မိပြီး သွားနိုးလိုက်သလို ဖြစ်သွားတာ ထင်တယ်၊ အဲ့တာကြောင့် ဒီမှာ ဖောက်လွဲဖောက်ပြန်တွေ ဖြစ်ပြီး မငြိမ်မသက် ဖြစ်နေတာပဲ”

သူ့စကားကို ကြားသောအခါ အားဟူ၏မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။ “ရေခဲနဂါးအရိုးလား၊ မင်းသားလေး၊ ဒါက တကယ့် ပစ္စည်းကောင်းပဲ၊ အာ…….”

ထို့နောက် ချက်ချင်းပင် သူ့၏ကြီးမားတုတ်ခိုင်သော လက်ကြီးနှစ်ဖက်ကို ပွတ်ရင်း ရှက်ကိုးရှက်ကန်းအမူအရာဖြင့် ပြောလိုက်သည်။ “ဒါပေမယ့်၊ မင်းသားလေး၊ ဒါက တကယ့် ရေခဲနဂါးအရိုးဝိဉာဉ်ဆို သိုင်းဆရာသခင်တွေမှပဲ ထုတ်ယူနိုင်မယ် ထင်တယ်၊ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”


Comment

Leave a Reply

Options

not work with dark mode
Reset