သူတို့ပါးစပ်မှ ‘စီနီယာ’ ဟု ထွက်သွားချိန်တွင် နောက်ထပ် အလင်းကွင်းသုံးခုက လင်းလက် သွား၏။
ထိုအခါ လူငယ်သုံးယောက်၏ မျက်နှာများသည် နောက်တစ်ကြိမ် ပြောင်းလဲသွားပြီး အံ့ဩနေ သည့် အရိပ်အယောင်များဖြင့် ပြည့်နေ၏။ သူတို့က ဒူးတစ်ဖက်တည်း ထောက်ထားရာမှ နောက်တစ်ဖက်ပါ ချလိုက်ပြီး ဒူးနှစ်ဖက်စလုံး ထောက်ကာ ပိုပြီး ရိုသေလေးစားသည့် အပြုအမူကို ပြလိုက် ကြသည်။ အလင်းကွင်း (၄၀)ထိ လင်းလက်လျှင် ယခု ရောက်လာမည့် လူက အလောင်းကောင် ဂိုဏ်း၏ အရေးပါသည့် လူတစ်ယောက် ဖြစ်ပြီး အလင်းကွင်း (၄၀)ကျော်လျှင် စဦး စိတ်ဝိညာဉ်အဆင့် ဘိုးဘေးတစ်ယောက် ဖြစ်၏။
ဝင်္ကပါ အစီအရင်ထဲတွင် ပုံရိပ်နှစ်ခု ပေါ်လာပြီး တဖြည်းဖြည်းနှင့် အစစ် ဖြစ်လာသည်။ နှစ်ယောက်ထဲမှ တစ်ယောက်က အသက် (၂၀)ခန့် ရှိပြီး ရုပ်ရည်က တည်ကြည်ခန့်ညားပြီး အေးစက် နေသည်။ သူက အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့နောက်တွင် အပြာရောင် အသားအရေနှင့် လူတစ်ယောက် ပါလာသည်။ ထိုလူ၏ ကိုယ်တွင် သင်္ကေတများစွာ ရှိပြီး အဆောင်စာရွက် (၉)ခုကိုလည်း ကပ်ထားသေး၏။
ထိုလူနှစ်ယောက် ထွက်ပေါ်လာသည်နှင့် အေးစက်သော လေထုက ပြန့်နှံ့လာသည်။
သူတို့(၂)ယောက်အား မြင်ပြီး လူငယ်(၈)ယောက်မှ တစ်ယောက်က အာမေဋိတ်သံ ထွက်သွားပြီး အားလုံးကလည်း အံ့ဩနေ၏။
ဝတ်စုံနက်နှင့် လူငယ်သည် ဝမ်လင်းဖြစ်ပြီး သူက ရောက်သည်နှင့် ချက်ချင်း ပါးစပ်ထဲမှ အစိမ်းရောင်ဓားကို ထုတ်လိုက်သည်။ ဓားက အေးစက်သော အော်ရာများ ထုတ်လွှတ်ပြီး သူ့ခန္ဓာကိုယ် ဘေးတွင် ပတ်ပျံနေပြီး ဓားဦးက လူငယ်(၈)ယောက်ကို တစ်လှည့်စီ ချိန်နေလေသည်။
ဝမ်လင်းသည် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ကြည့်လိုက်မှ စိတ်သက်သာရာ ရသွား၏။ လူငယ် (၈)ယောက်လုံးသည် ချီစုစည်းခြင်း အဆင့် အလွှာ(၁၅)သာ ရောက်သေးကြသည်။ သူတို့ကို သူသာ သတ်ချင်လျှင် တစ်ချက်တည်းနှင့် သတ်နိုင်ပေသည်။
သူ့နောက်မှ အားသိုင်ကတော့ တိုင်လုံး (၈)ခုပေါ်မှ သင်္ကေတများကို ကြည့်ပြီး တစ်ခုခုကို လေးလေးနက်နက် တွေးနေပုံပင်။
တိုင်လုံးပေါ်မှ လူငယ် (၈)ယောက်လုံးက မတ်တတ် ထလိုက်ပြီး သူတို့ထဲမှ တစ်ယောက်က မေးလိုက်သည်… “စီနီယာက ဘယ်သူလဲ ပြောပြ ပေးနိုင်မလား… “
ဝမ်လင်းက အေးစက်စွာဖြင့် ပြောလိုက်သည်…
“ငါ့နာမည် ဝမ်လင်း… ငါ့ဆီမှာ အရေးကြီး ပြောပြစရာတစ်ခု ရှိတယ်လို့ ဆရာဦးလေး ရီဇီကျိုင်းကို ပြောပေးပါ… “
လူငယ်က အထိတ်တလန့် ဖြစ်သွားပြီး တခြား လူငယ်များအား ပြန်ကြည့်လိုက်ကာ ပြောသည်…
“စီနီယာ… ကျွန်တော်က ဒီလိုတော့ ကူညီပေးလို့ မရဘူး… ဒါပေမဲ့ အကြီးအကဲဆီကိုတော့ ခေါ်သွား ပေးနိုင်တယ်… “
ဝမ်လင်းက ခေါင်းညိတ်လိုက်ပြီး ဝင်္ကပါ အစီအရင်ဘက်သို့ ထွက်လာ၏။ အားသိုင်ကလည်း သူ့နောက်မှ လိုက်လာသည်။
လူငယ်ကလည်း ကျောက်တိုင်ပေါ်မှ ခုန်ဆင်းလိုက်၏။ သူ့နောက်မှ ခေါင်းတလားကလည်း သူ့နောက်မှ ကပ်ပါလာသည်။
“စီနီယာ… ဒီလမ်းပါ…“
ပြောပြီးသည်နှင့် လူငယ်က လိုဏ်ခေါင်း တစ်ခုထဲသို့ ပျံသန်းဝင်ရောက် သွား၏။
ဝမ်လင်းကလည်း စကားတစ်ခွန်းမှ မဆိုဘဲ သူ့နောက်သို့ လိုက်သွားသည်။
လမ်းတစ်လျှောက် လူငယ်က စစ်ဆေးသလိုဖြင့် မသိမသာ အကဲခတ်နေသည်။ သူ ပိုပြီး ကြည့်လေ ဝမ်လင်းကို ပိုပြီး လေးစားမိလာသည်။ ကျင့်ကြံခြင်း လောကတွင် စွမ်းအားကသာ အခရာ ဖြစ်သည်။ ဝမ်လင်း၏ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်နှင့်ဆိုလျှင် ထိုလူငယ်လေးက လေးစားသည်မှာ သာမန်သာ ဖြစ်သည်။
ဝမ်လင်းနောက်မှ အားသိုင်သည်လည်း လူငယ်လေး၏ စိတ်ကို ဆွဲဆောင်ထားနိုင်၏။
အလားတူစွာ ဝမ်လင်းကလည်း လူငယ်လေးကို အကဲခတ်လိုက်သည်။ အထူးသဖြင့် သူ့နောက်မှ ခေါင်းတလားကို ဖြစ်သည်။ ခေါင်းတလားမှ အအေးဓာတ် စွမ်းအင်များက သိသိသာသာ ထွက်နေပြီး အထဲကို ကြည့်လို့မရစေရန် နတ်ဘုရား စိတ်အာရုံကို တားမြစ်ထားသည့် စည်းတစ်ခုလည်း ရှိသည်။ သို့သော်လည်း ဝမ်လင်းသည် ခန္ဓာကိုယ်သန့်စင်ခြင်း အလယ်အဆင့်ကို ရောက်နေသည့်အတွက် အနည်းငယ် အားစိုက်လိုက်ရုံမျှဖြင့် အထဲကို မြင်နိုင်ပေသည်။
အထဲတွင် အလောင်းတစ်လောင်း ရှိပြီး ခန္ဓာကိုယ်က ခြောက်သွေ့ပြီး အိပ်ပျော်နေသည်။ ဝမ်လင်းက အလောင်းကို မြင်လိုက်သည်နှင့် အလောင်းက မျက်လုံးပွင့်လာ၏။ အလောင်း မျက်လုံးထဲ တွင် သတ်ဖြတ်ခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
လူငယ်က သတိပြုမိသွားပြီး ခေါင်းတလားကို လက်ဝါးဖြင့် ရိုက်လိုက်ရာ အလောင်းက မျက်လုံး ပြန်မှိတ်သွား၏။ ထို့နောက် လူငယ်က ပြုံးပြီး ပြောလိုက်သည်…
“စီနီယာ… ဒီအလောင်းရုပ်သေးက ကျွန်တော့်ရဲ့ ဆရာက ကျွန်တော့်ကို ပေးခဲ့တာပါ… ဆရာက ဒါကို အပြင်က တိုက်ပွဲတွေ ဆီကနေ ရလာခဲ့တာ… အဲဒါကြောင့် ဒီအလောင်းရုပ်သေးက နတ်ဘုရား စိတ်အာရုံကို အာရုံခံနိုင်တဲ့ စွမ်းအား အရမ်းကောင်းပြီး သတ်ဖြတ်ချင်စိတ်တွေ ပြည့်နေတာပါ… ဒါကို သန့်စင်နိုင်ဖို့ အချိန်တော်တော် ယူလိုက်ရတယ်… “
ဝမ်လင်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်…
“မင်းရဲ့ အလောင်းရုပ်သေးက ခန္ဓာကိုယ်သန့်စင်ခြင်း အစာပိုင်းအဆင့်ပဲ… မဆိုးဘူး… “
ဝမ်လင်း၏စကားကို လူငယ်က ကြားလိုက်သည်နှင့် ပိုပြီး အံ့အားသင့်သွား၏။ ခေါင်းတလား တွင် နတ်ဘုရား စိတ်အာရုံကို တားဆီးပေးနိုင်သည့် ဂုဏ်သတ္တိရှိသည်။ သို့သော်လည်း ဝမ်လင်းက ခေါင်းတလားကို ဖောက်ပြီး မြင်နိုင်ပုံ ရသည်။ ထိုသို့ ဝမ်လင်းက ခန္ဓာကိုယ်သန့်စင်ခြင်း နှောင်းပိုင်း အဆင့်၌ပင် ရှိနိုင်သည်ဟု လူငယ်၏ စိတ်ထဲတွင် တွေးမိလိုက်၏။
ထိုသို့ တွေးမိသည်နှင့် ဝမ်လင်းကို ပိုမိုလေးစားသွားပြီး မေးလိုက်သည်…
“စီနီယာ… ဒါက စီနီယာရဲ့ အလောင်းရုပ်သေးလား… “
ဝမ်လင်းက ခေါင်းညိတ်ပြုလိုက်သည်။
လူငယ်က အားသိုင်ကို ကြည့်ပြီး ပြောလိုက်သည်… “စီနီယာရဲ့ အလောင်းရုပ်သေးက အသိစိတ် ရနေပြီလား… ဒီမှာတော့ ဘိုးဘေးဇီရဲ့ လျိုရှပဲ အသိစိတ်ရသေးတယ်… “
ဝမ်လင်းက လူငယ်ကို ကြည့်လိုက်ပြီး ဘာမှမဖြေလိုက်ပေ။
လူငယ်၏ အကြည့်များက အားသိုင်ကို ဒေါသထွက်လာစေပြီး အားသိုင်က အော်လိုက်သည်။
အားသိုင်၏ စကားကို ကြားပြီး လူငယ်က အလန့်တကြား ဖြစ်သွားကာ မေးလိုက်သည်…
“စီနီယာရဲ့ အလောင်းရုပ်သေးက စကားပြောလို့ ရတာလား… “
ဝမ်လင်းက မဖြေဘဲ မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်လိုက်သည်။ စိတ်ထဲတွင်လည်း
“ဒီကောင် အရမ်းစကားများတာပဲ”
ဟု တွေးနေလေသည်။
ချူးယန် ပြန်ဖြေသည်ဖြစ်စေ၊ မဖြေသည်ဖြစ်စေ လူငယ်ကတော့ တစ်လမ်းလုံး ဆက်တိုက် ပြောလာ၏။
လူငယ်သည် အားသိုင်မှစ၍ ပြောလိုက်သည်မှာ သူ၏ နောက်လိုက်တပည့်၊ ဆရာ၊ ဂိုဏ်းမှ ဘိုးဘေးများ အစရှိသဖြင့် ပြောပြခဲ့ရာ ဝမ်လင်းသည်လည်း အလောင်းကောင် ဂိုဏ်းအကြောင်းကို တော်တော်များများ သိသွား၏။
“ကျောင်းနိုင်ငံရဲ့ အလောင်းကောင်ဂိုဏ်းက အဆင့်၁၊ ၂ နိုင်ငံက အဆင့်တိုး စာမေးပွဲတွေ အားလုံးကို ချုပ်ကိုင်ထားတယ်… “
လိုဏ်ခေါင်းကလည်း တဖြည်းဖြည်း ကျယ်လာသည်။ လူငယ်ကတော့ ဆက်ပြောနေတုန်းပင်။
လူငယ်က လိုဏ်ခေါင်းအဆုံးကို မြင်သည်နှင့် အရှိန်တင်ပြီး ပျံသန်းသွား၏။
လိုဏ်ခေါင်းအဆုံးမှ ထွက်လိုက်သည်နှင့် ကြီးမားသော ဂူကြီးထဲသို့ ရောက်သွား၏။ ဂူကြီးထဲ တွင် ကျောက်တိုင်လုံးကြီး (၅)တိုင် ရှိပြီး တိုင်ထိပ် တစ်ခုစီတွင် ကြီးမားသော အပြာရောင် မီးတောက်လုံးများ ရှိနေသည်။
အလယ်ရှိ တိုင်လုံးပေါ်တွင် အဘိုးအိုတစ်ယောက် ထိုင်နေပြီး သူ့မျက်နှာက နီကြန့်ကြန့် ရှိပြီး သူ၏ ဆံပင်များက လေမတိုက်ဘဲ လွင့်နေ၏။ ထိုအဘိုးအိုသည် ကျင့်ကြံနေပြီး မီးလုံးများက သူ၏ ကိုယ်ထဲသို့ ဝင်ရောက်ပြီး ပြန်ထွက်လာကာ ကျောက်တိုင်လုံး အတွင်းသို့ ဝင်ရောက်သွားသည်။
ဂူထဲသို့ ဝမ်လင်းတို့ ရောက်သည်နှင့် အဘိုးအိုက မျက်လုံးဖွင့်ပြီး ဝမ်လင်းကို အေးစက်စက် အကြည့်ဖြင့် စစ်ဆေးသကဲ့သို့ ကြည့်လိုက်သည်။
ဝမ်လင်းက နတ်ဘုရား စိတ်အာရုံဖြင့် ပြန်ပြီး စစ်ဆေးကြည့်ရာ ထိုအဘိုးအိုသည် ခန္ဓာကိုယ် သန့်စင်ခြင်း အလယ်အဆင့်သို့သာ ရောက်သေးကြောင်း တွေ့လိုက်ရသည်။
လူငယ်က လျင်မြန်စွာဖြင့် အဘိုးအိုကို အရိုအသေပေးပြီး ပြောလိုက်သည်…
“အကြီးအကဲ… ဒီစီနီယာက အလင်းကွင်း (၄၃)ခုနဲ့ ရောက်လာတာပါ… သူက ဘိုးဘေးရီကို တွေ့ချင်တယ်လို့လည်း ပြောပါတယ်… “
ထိုစကားကို ကြားလိုက်သည်နှင့် အဘိုးအို၏ မျက်နှာက ပြောင်းလဲသွားပြီး ထူးဆန်းသည့် အကြည့်ဖြင့် ဝမ်လင်းကို ကြည့်လိုက်သည်…
“ကျင့်ကြံသူ ရောင်းရင်းကို ဘယ်သူကများ ရွှေ့ပြောင်း အလင်းတန်းကို ဖွင့်ပေးခဲ့တာပါလဲ… “
ဝမ်လင်းက တည်ငြိမ်စွာဖြင့် ဖြေလိုက်သည်… “ဝူယု… “
ထိုနာမည်ကို ကြားပြီး အဘိုးအို၏ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားပြီး မတ်တတ် ထရပ်ကာ ပြောလိုက်သည်…
“လွန်ခဲ့တဲ့ နှစ် (၃၀၀)ကျော်က ပျောက်သွားတဲ့ ဘိုးဘေးဝူယုလား… ဘိုးဘေးနဲ့ မင်းနဲ့က ဘယ်လို ပတ်သက်လဲ… “
အဘိုးအိုကို ကြည့်ပြီး ဝမ်လင်းက ပြောလိုက်သည်…
“တပည့်… “
အဘိုးအိုက လေကို ရှူသွင်းလိုက်သည်။ ဝူယု၏ အဆင့်အတန်းသည် အလောင်းကောင် ဂိုဏ်း၌ အလွန် မြင့်မားလှသည်။ သူ့စိတ်ထဲတွင် တွေးလိုက်သည်…
‘ဒီကောင်လေး ပြောတာသာ အမှန်ဆိုလျှင် သူ့ကို ငါတားလို့ မဖြစ်ဘူး… ‘
သူက အတွေးဆုံးသည်နှင့် ဝမ်လင်းကို ပြုံးပြပြီး ပြောလိုက်သည်…
“ဒါဆို ဆရာဦးလေးက ပြန်လာပြီလား… ဒီဂျူနီယာရဲ့ နာမည်က မုရုံပါ… စီနီယာရဲ့ နာမည်ကို ပြောပြနိုင်မလား… “
ဝမ်လင်းက မသိမသာ ပြုံးပြီး ပြန်ပြောလိုက်သည်…
“ငါ့နာမည်က ဝမ်လင်းပါ… ဆရာဦးလေး ဆီကို ခေါ်သွားပေးနိုင်မလား… စီနီယာလို့ ခေါ်ခံဖို့ ငါက မထိုက်တန်ပါဘူး… “
မုရုံက တစ်ချက် ရယ်လိုက်ပြီး လူငယ်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်…
“မင်း အခု ပြန်နိုင်ပြီ… ဆရာဦးလေးရဲ့ တပည့်ဝမ်ကို ငါပဲ လိုက်ပို့ပေးလိုက်မယ်… “
လူငယ်က လျင်မြန်စွာ သဘောတူလိုက်ပြီး နောက်လှည့်ကာ ထွက်သွား၏။
လူငယ် ထွက်သွားသည်နှင့် မုရုံက ဝမ်လင်းကို ကျောက်တိုင်လုံးပေါ်သို့ ဖိတ်ခေါ်ပြီး မေးလိုက်သည်…
“ညီငယ်ဝမ်… ဘိုးဘေးဝမ်က ညီလေးနဲ့အတူ ပါမလာဘူးလား… “
ဝမ်လင်းက မုရုံကို ကြည့်ပြီး ပြန်ပြောလိုက်သည်…
“ငါ့ဆရာရဲ့ အလောင်းရုပ်သေးမှာ ပြဿနာတစ်ခု ရှိနေတယ်… ဒါကြောင့် သူက အဲဒါကို ဂရုစိုက်ဖို့ နေခဲ့တယ်… “
မုရုံက ခေါင်းညိတ်ပြီး ပြောလိုက်သည်…
“ဘိုးဘေးဝူယုရဲ့ အလောင်းရုပ်သေးက ဘိုးဘေးရီရဲ့ အလောင်းရုပ်သေးနီးပါး အစွမ်း ထက်တယ်… အလောင်းရုပ်သေးက စွမ်းအားကြီးလေ ထိန်းချုပ်ရ ခက်လေပဲ… ဒါပေမဲ့လည်း ဘိုးဘေးဝူယုရဲ့ စွမ်းအားနဲ့ဆိုရင် ပြဿနာ ကြီးကြီးမားမားတော့ ရှိမှာ မဟုတ်ဘူး… “
သူက ဝမ်လင်းကို ကြည့်ပြီး ဝမ်လင်းဆီမှ အချက်အလက်များ နှိုက်ထုတ်ဖို့ ကြိုးစားလိုက်သည်။
ကံဆိုးစွာနှင့်ပင် ဝမ်လင်း၏ အမူအရာက လုံးဝ မပြောင်းလဲသွားချေ။ မုရုံက အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်…
“ဒီမှာ ခဏလောက် စောင့်ပါဦး… ငါ ဘိုးဘေးရီကို အကြောင်းကြားလိုက်ဦးမယ်… “
ပြောပြီးသည်နှင့် သူက သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။ သူက ကျောက်စိမ်းပြားကို အရေးကြီးသည့် အမူအရာဖြင့် ကိုင်ထားပြီး ဂူပေါက် တစ်ခုအတွင်းသို့ ပစ်လိုက်၏။
ကျောက်စိမ်းပြားက မုရုံ၏ လက်ထဲမှ ထွက်သွားပြီး ဂူတစ်ခုအတွင်းသို့ ပျံသန်းဝင်ရောက် သွား၏။
ကျောက်စိမ်းပြားကို ပစ်လိုက်ပြီးနောက် ဝမ်လင်းနောက်မှ အားသိုင်ကို ကြည့်လိုက်သည်။ သူက တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ကျောက်တိုင်လုံးကြီးများ ပေါ်မှ အပြာရောင် မီးတောက်များကို သေချာ ကြည့်နေသည့် ဝမ်လင်း၏ စကားကြောင့် မပြောဖြစ်လိုက်ပေ။
“အစ်ကိုမု… ဒီ ယင်မီးတောက်တွေထဲမှာ ယင်စွမ်းအင်တွေ ပါနေတယ်… အဲဒီ ယင်စွမ်းအင်တွေ က သာမန် မဟုတ်သလိုပဲ… “
မုရုံက တစ်ချက်ရယ်ပြီး ဖြေလိုက်သည်…
“ညီငယ်ဝမ်… လွန်ခဲ့တဲ့နှစ် ရာပေါင်းများစွာက ရှေးဂိုဏ်းတွေက အမြုတေအဆင့် ကျင့်ကြံ သူတွေရဲ့ အမြုတေကို အရည်ဖျော်ပြီးတော့ ဒီအပြာရောင် မီးတောက်တွေကို ဖန်တီးထားတာပဲ… ဘိုးဘေးရီက ထပ်ပြီးတော့ မီးတောက်တွေကို သန့်စင်လိုက်တဲ့အခါမှာ ဒီမီးတောက်တွေက အလောင်းကောင်ဂိုဏ်းရဲ့ ရတနာ ဖြစ်လာတယ်… ဒီမီးတောက်တွေက ငါတို့ရဲ့ ကျင့်ကြံခြင်းကို အရမ်း အထောက်အကူ ပြုတယ်… အထူးသဖြင့် ငါတို့ရဲ့ အလောင်းရုပ်သေးတွေကို ပိုပြီး အကျိုးဖြစ်စေတယ်… “
ဝမ်လင်းက အပြာရောင် မီးတောက်တွေကို ကြည့်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ အပြာရောင် မီးတောက်တစ်ခုက သူ့ဆီကို မျောလွင့်လာ၏။ သူက မီးတောက်ကို သေချာကြည့်ပြီးနောက် မီးတောက် ထဲသို့ သူ၏ ယင်စွမ်းအင်များ ထည့်ကြည့်လိုက်သည်။ မီးတောက်မှ တကျီကျီ မြည်သံများ ထွက်ပေါ် လာပြီး မီးတောက်က သူ့လက်ပေါ်တွင် အပြာရောင် အလုံးလေး ဖြစ်သွား၏။
မုရုံ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ပြုံးလိုက်သည်…
“ညီငယ်ဝမ်… ဒီ မီးတောက်အငွေ့ တစ်ခုကို အစိုင်အခဲ ဖြစ်သွားအောင် လုပ်ဖို့ဆိုတာ တစ်ကယ် မလွယ်ဘူး… ကြည့်ရတာ ဘိုးဘေးဝူယုက ညီလေးကို တော်တော်ချစ်တယ် ထင်တယ်… “
ဝမ်လင်း၏ ယင်စွမ်းအင်ကြောင့် ဝမ်လင်းအပေါ် ရှိနေသည့် မုရုံ၏ သံသယ လက်ကျန်လေးက ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ထိုအချိန်တွင် အပြောရောင် မီးတောက်များသည် ရုတ်တရက် စုစည်းလာပြီး မီးတောက်ထဲတွင် လူတစ်ယောက်၏ပုံစံ ပေါ်လာသည်။ ထိုပုံရိပ်ဆီမှ အားကောင်းသော ဖိအားတစ်ခုလည်း ထွက်ပေါ် နေသည်။
ထိုပုံရိပ်ဆီမှလာသော ဖိအားအောက်တွင် ဝမ်လင်းက မျက်မှောင်ကြုတ်သွားပြီး ထိတ်လန့် သွား၏။ ထို့နောက် သူက မုရုံကို ကြည့်လိုက်ရာ ဒူးထောက် နေသည်ကို တွေ့လိုက်ရသည်။
ထိုပုံရိပ်ဆီမှ အက်ကွဲကွဲ အသံတစ်ခု ထွက်ပေါ်လာသည်… “မင်းက ဂိုဏ်းတူညီလေး ဝူယုရဲ့ တပည့်လား… “
***