ထူးဆန်းသောလူက မျက်နှာပျက်သွားပြီး သူ့ကိုယ်မှ အဆောင်ကိုးခု စလုံးကို ဖယ်ရှားလိုက်၏။ ထို့နောက် ဝမ်လင်းရှိရာသို့ ခုန်ဝင်သွားပြီး အနီရောင် အလင်းလုံးကို ဆုတ်ဖြဲကာ ဝမ်လင်းကို ဆွဲထုတ် လိုက်သည်။
ဝမ်လင်းကလည်း ထိုလူ ရောက်လာကတည်းက နိုးနေပြီ ဖြစ်သည်။ သူက ထူးဆန်းသော လူ၏မျက်နှာပေါ်မှ ထိတ်ထိတ်ပျာပျာ ဖြစ်နေသော အမူအရာကို သတိပြုမိကာ ထူးဆန်းသော လူ၏ ဆွဲခေါ်ခြင်းကို ခံယူလိုက်ပြီး ရုပ်ထုပေါ်မှ အတူတူ ခုန်ချ လိုက်ကြသည်။
သူတို့နှစ်ယောက် မြေပေါ်ကျသည်နှင့် ထူးဆန်းသောလူက အစီအရင် တစ်ခုကို အသက်သွင်း ပြီး သူ့လက်ကို ရုပ်ထုနှင့် ထိလိုက်၏။ ထိလိုက်သည့် နေရာတွင် အနက်ရောင် တံခါးပေါက်တစ်ခု ပေါ်လာပြီး ထူးဆန်းသော လူက ဝမ်လင်းကို ဆွဲခေါ်၍ အတွင်းသို့ ဝင်လိုက်ကြ၏။
တစ်ချိန်တည်းမှာပင် အလင်းတိုင်ရှစ်ခုကလည်း ပျောက်ကွယ်သွားပြီး ရုပ်ထုကလည်း မြေအောက်ထဲသို့ ပြန်ဝင်သွား၏။
ထိုအချိန်တွင် ပုံရိပ်ယောင်သည်လည်း တစ်ကယ့် ခန္ဓာကိုယ် အစစ်သို့ ကူးပြောင်းပြီးသွား၏။ သူ၏ မျက်နှာက မံမီအလောင်းကောင် မျက်နှာနှင့် တူပြီး အသက်က လူငယ်တစ်ယောက် ရုပ်ရည်မျိုး ဖြစ်သည်။ သူ့ဘေးတွင် အလောင်းကောင်က အင်မတန် ဆိုးဝါးသော အနံ့အသက် တစ်မျိုးကို ထုတ်လွှတ်ပြီး ရပ်နေသည်။
ထိုလူငယ်က မြေကြီးထဲသို့ ဖြည်းညင်းစွာ ပြန်ဝင်နေသော ရုပ်ထုကို ကြည့်လိုက်ပြီး နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်လိုက်၏။ ထို့နောက် သူ၏ အကြည့်က ရုပ်ထုဆီသို့ ပြန်ရောက်သွားသည်။
ဝမ်လင်းကတော့ ထူးဆန်းသော လူကြီး၏ ဆွဲခေါ်မှုကြောင့် ရုပ်ထုအတွင်းသို့ ရောက်နေသည်။ သူက နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ကြည့်ရာ ချက်ချင်း သူ့မျက်နှာတွင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။
ရုပ်ထုအတွင်းရှိ နေရာသည် အရမ်းမကျယ်ပေ။ အဖြူရောင် သလင်းကျောက်များက လေထဲတွင် မြောနေပြီး အလယ်၌ လေထဲတွင် ထိုင်နေသည့် ပုံစံရှိသော အနက်ရောင် ကျောက်လူ တစ်ယောက် ရှိ၏။
ကျောက်လူ၏ အသွင်အပြင်သည် အပြင်ဘက်မှ ရုပ်ထုကြီး၏ အသွင်အပြင်နှင့် တစ်ထပ် တည်း တူညီနေသည်။ ကျောက်လူနှင့် အပြင်ဘက်မှ ရုပ်ထုကြီးကို ဆက်သွယ်ထားသော အပြာရောင် ကြိုးများလည်း ရှိ၏။
မကြာမီ အပြာရောင် ကန့်လန့်ကာတစ်ခု ပေါ်လာ၏။ ထို ကန့်လန့်ကာသည် အပြင်ဘက်မှ မြင်ကွင်းကို ဖော်ပြနေသည်။
အပြာရောင် ကန့်လန့်ကာကို ကြည့်ပြီး ဝမ်လင်းက အပြင်ဘက်မှ မြင်ကွင်းများကို မြင်နေ ရသည်။ အပြင်ဘက်မှ မြင်ကွင်းကို ကြည့်ပြီး ထူးဆန်းသော လူကို ပြန်ကြည့်လိုက်ရာ ထူးဆန်းသော လူ၏ မျက်လုံးထဲတွင် ပြင်းထန်သော အမုန်းများကို မြင်လိုက်ရသည်။
လူငယ်က အပြင်၌ ရပ်နေရင်း ရုပ်ထုကို စိုက်ကြည့်ကာ ပြောလိုက်သည်…
“ဆရာ… နှစ်(၁၀၀)က ဒီလိုပဲ မြန်မြန်နဲ့ ကုန်သွားပြီ… ဒီတစ်ကြိမ်မှာတော့ ဆရာ ထွက်ပြေးလို့ မရတော့ပါဘူး… “
ဝမ်လင်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ထူးဆန်းသောလူကို ကြည့်ကာ မေးလိုက်သည်…
“မင်းက သူ့ရဲ့ဆရာလား… “
ထူးဆန်းသောလူက ဝမ်လင်းကို ဗလာအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ထိုအခါ ဝမ်လင်း၏ မျက်လုံးက တောက်ပသွားပြီး အစိမ်းရောင်ဓားကို ပါးစပ်ထဲမှ ထုတ်လိုက်သည်။ ဓားက ချက်ချင်း လေထဲတွင် ထိုင်နေသော ကျောက်လူကို ဆတ်ခနဲ ပြေးထွက်သွား၏။
ဓားကို တားဆီးရန် ခရမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသော်လည်း ဓားက တည်နေရာ ပြောင်းရွှေ့ခြင်း ဖြင့် နေရာရွေ့ပြီး ခရမ်းရောင်အလင်းတန်းကို ဖြတ်ကျော်သွားကာ ကျောက်လူဆီသို့ ဓားက ထိုးစိုက်သွားသည်။
ကျယ်လောင်သော အော်ညည်းသံတစ်ခု ထွက်ပေါ်လာပြီး ကျောက်လူဆီမှ အလင်းလုံး တစ်လုံး ထွက်လာသည်။ ဝမ်လင်းက လက်ကို ၀ှေ့ယမ်းလိုက်ရာ ဓားက လှည့်လိုက်ပြီး အလင်းလုံးဆီသို့ ပြေးဝင်သွား၏။
ဝမ်လင်း၏ လုပ်ရပ်ကို မြင်သွားသော ထူးဆန်းသောလူ၏ မျက်ဝန်းထဲတွင် စိုးရိပ်ပူပန်မှုများ ပေါ်လာကာ ဝမ်လင်းကို စိုက်ကြည့်ကာ ဓားကို လက်ညှိုးထိုးပြီး ဝမ်လင်း နားမလည်သော စကားကို အကြိမ်ကြိမ် အော်ပြောနေသည်။
ဝမ်လင်းကလည်း ထူးဆန်းသောလူကို ကြည့်ပြီး အံ့အားသင့်သွား၏။ ထိုအချိန်တွင် အလင်းလုံးဆီမှ အက်ကွဲကွဲ အသံတစ်ခု ပေါ်ထွက်လာသည်။
“ကောင်လေး… စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့… ငါက မင်းကို ဒုက္ခမပေးပါဘူး… ငါက အပြင်ဘက်က လူရဲ့ဆရာပါ… “
တစ်ချိန်တည်းမှာပင် အလင်းတန်းများစွာက အလင်းလုံးဆီတွင် လာစုပြီး တစ်ပေအရွယ်သာ ရှိသည့် လူတစ်ယောက်ပုံစံ ဖြစ်ပေါ်လာသည်။
ထို လူသေးလေးက အားနည်းနေဟန် ရှိပြီး မျက်နှာက ဖြူရော်နေကာ ကလေး တစ်ယောက်နှင့် တူနေသည်။
ဝမ်လင်းက နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး လက်ကို ၀ှေ့ယမ်းလိုက်ရာ ဓားက သူ့ဘေးနားသို့ ပြန်ရောက်လာသည်။ ဓားက သူ့ကိုယ်ကို တစ်ပတ် ပတ်လိုက်ပြီး ဓားဦးက လူသေးလေး ကို ချိန်ထား၏။
ထူးဆန်းသောလူက လူသေးလေးဆီသို့ သွားလိုက်ပြီး ဝမ်လင်းကို ဒေါသတကြီးဖြင့် အကြိမ်ရေ အနည်းငယ်ခန့် အော်လိုက်သည်။ သူ၏မျက်လုံးထဲတွင်လည်း စိတ်ပျက်မှုများ ပြည့်နေသည်။
လူသေးလေးက ခါးသက်စွာ ရယ်မောပြီး သူ့ကိုယ်က လေထဲတွင် မျောလာကာ ထူးဆန်းသော လူ၏ ပခုံးထက်သို့ ခြေချလိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်…
“အားသိုင်… ငါတို့ရဲ့ ဧည့်သည်ကို မရိုင်းနဲ့… “
ထူးဆန်းသော လူ၏ မျက်နှာထားက ပြေလျော့ လာသော်လည်း သတိထားနေသည့် အကြည့် ဖြင့် ကြည့်နေတုန်းပင် ဖြစ်သည်။
လူသေးလေးက သက်ပြင်းချပြီး ဝမ်လင်းကို ကြည့်ကာ နွေးထွေးစွာ ပြောလိုက်သည်…
“ကောင်လေး… မဆင်မခြင် မလုပ်ပါနဲ့… ငါက… “
သူပြောလို့ မပြီးခင်မှာတင် အပြင်ဘက်မှ လူငယ်က ထူးဆန်းသော စကားများကို ပြောလိုက်သည်။ ထိုစကားများ ထွက်လာသည်နှင့် ရုပ်ထုကြီးတစ်ခုလုံး လှုပ်ရမ်းလာပြီး မြေကြီးထဲသို့ ဝင်နေရာမှ ရပ်တန့်သွား၏။
လူသေးလေး၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး အစီအရင်တစ်ခုကို ဖန်တီးလိုက် ပြီး ခရမ်းရောင် အငွေ့များကို ပါးစပ်မှ ထုတ်လိုက်သည်။ ခရမ်းရောင် အငွေ့များက ထွက်လာသည်နှင့် တစ်ခါတည်း ရုပ်ထုကြီးထဲသို့ ဝင်သွား၏။
ရုပ်ထုကြီး၏ မျက်လုံးက ခရမ်းရောင် အလင်းများ တောက်ပလာပြီး အောက်သို့ ဆက်ဆင်း သွားသည်။
လူငယ်က အေးစက်စွာ နှာခေါင်း ရှုံ့လိုက်ပြီး လက်ကို လေထဲသို့ ဆွဲယူ လိုက်သည်ဟန် ပြုလုပ် လိုက်သောအခါ ရုပ်ထုက လှုပ်ခါလာပြီး မြေကြီးထဲသို့ ဆင်းသွားသည့်နှုန်းကို နှေးသွားစေသည်။ တစ်ချိန်တည်းမှာပဲ သူက အစီအရင် အများကြီးကို ထုတ်သုံးပြီး ရုပ်ထုကြီး ပိုပြီး လှုပ်ခါ လာစေသည်။ သို့သော်လည်း ရုပ်ထုက အကောင်းအတိုင်း ရပ်လျက်ပင် ရှိနေသေး၏။
လူသေးလေးက အနည်းငယ် စိတ်သက်သာရာ ရသွားဟန်ဖြင့် ဝမ်လင်းကို ပြောလိုက်သည်…
“ဒီရုပ်ထုက အပြင်ဘက်ကလူရဲ့ တိုက်ခိုက်မှုကို အနည်းဆုံး နာရီဝက်တော့ ခံနိုင်သေးတယ်… နာရီဝက်ဆိုတဲ့ အချိန်က ဒီကိစ္စတွေရဲ့ နောက်ကွယ်က အကြောင်းတွေကို ပြောပြဖို့ အတွက်ဆို ပိုတောင် ပိုနေပါသေးတယ်… “
ဝမ်လင်းကတော့ ဘာမှမပြောဘဲ လူသေးလေးကိုသာ စိုက်ကြည့်နေသည်။
လူသေးလေးက သက်ပြင်းချပြီး ပြောလိုက်သည်…
“ငါနာမည်က ဝူယု… ကောင်လေး…မင်း အလောင်းကောင်ဂိုဏ်းကို ကြားဖူးလား… “
ဝမ်လင်းက ဓားကို သူဘေးတွင် အသင့်အနေအထား ပြင်ထားပြီး တည်ငြိမ်နေသော မျက်နှာထားနှင့်ပင် ခေါင်းခါ ပြလိုက်၏။
ဝူယုက ခါးသက်စွာ ပြုံးပြီး ပြောလိုက်သည်…
“ကောင်လေး… အလန့်တကြား ဖြစ်နေစရာ မလိုပါဘူး… ငါက ခန္ဓာကိုယ်မရှိတဲ့ စဦးစိတ် ဝိညာဉ် တစ်ခုပဲလေ… ဖြတ်သန်းလာတဲ့ နှစ်တွေထဲမှာ စဦးစိတ် ဝိညာဉ်စွမ်းအင်တွေကို အကြိမ်ရေ အများကြီး အသုံးပြုခဲ့ပြီးပြီ… ဒါကြောင့် ငါ့မှာ မင်းကို တိုက်ခိုက်ဖို့ စွမ်းအင် မကျန်တော့ဘူး… စောန ကတောင် မင်းရဲ့ဓားက ငါ့ကို သတ်မလို ဖြစ်သွားသေးတာပဲ… “
ဝမ်လင်း၏ မျက်လုံးက အရောင်တောက်သွားပြီး အနည်းငယ် စဉ်းစားကာ မေးလိုက်သည်…
“အပြင်ဘက်မှ ရှိနေတာ ဘယ်သူလဲ… ခင်ဗျားက သူ့ဆရာလား… “
ဝူယု၏ မျက်လုံးထဲတွင် အကူအညီမဲ့သည့် အမူအရာများ ပေါ်လာပြီး ဖြေလိုက်သည်…
“သူက ငါ့ရဲ့ အလောင်းရုပ်သေး တစ်ခုပဲ… ပြီးတော့ ငါက အလောင်းကောင် ဂိုဏ်းရဲ့ ဘိုးဘေး တစ်ယောက်လည်း ဖြစ်တယ်… အလောင်းကောင် ဂိုဏ်းမှာ စည်းမျဉ်းတစ်ခု ရှိတယ်… အလောင်းကောင်ဂိုဏ်းသား ဖြစ်ပြီဆိုတာနဲ့ ဂိုဏ်းသားတိုင်းက ကိုယ်ပိုင် အလောင်းရုပ်သေး တစ်ခု ရှိနေရမယ်… “
“မင်းရဲ့ ကျင့်စဉ်က မြင့်လာတာနဲ့ အလောင်းရုပ်သေးကလည်း မြင့်လာလိမ့်မယ်… “
ဝမ်လင်းက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်…
“မင်းရဲ့ အလောင်းရုပ်သေးက မင်းကို ဆန့်ကျင်သွားတာလား… “
ဝူယုက မဲ့ပြုံးဖြင့် ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏…
“ဟုတ်တယ်… ပုံမှန်ဆိုရင် အလောင်းကောင် ရုပ်သေးတွေက မဆန့်ကျင် နိုင်ပါဘူး… ကံဆိုးစွာနဲ့ပဲ ဒီနေရာကို စဦးစိတ်ဝိညာဉ် အစောပိုင်း အဆင့်ကို ချိုးဖြတ်ဖို့အတွက် လွန်ခဲ့တဲ့ နှစ်(၃၀၀)က ရောက်လာခဲ့တယ်… ငါ ကျရှုံးခဲ့ရုံတင် မဟုတ်ဘူး… ငါ့ရဲ့ အလောင်းရုပ်သေးကလည်း ငါ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရတာကို အခွင့်ကောင်းယူပြီး ငါ့ရဲ့ ထိန်းချုပ်မှုက လွတ်မြောက် သွားနိုင်ခဲ့တယ်… “
ထိုအချိန်တွင် ရုပ်ထုက တဖြည်းဖြည်းပိုပြီး လှုပ်ခါလာသည်။ ဝူယု၏ မျက်နှာတွင် စိုးရိမ် ကြောင့်ကြသော အမူအရာများ ပေါ်လာပြီး လျင်မြန်စွာ ဆက်ပြောလိုက်သည်…
“ငါက ဒဏ်ရာတွေ ပြန်ကုရဦးမှာ ဖြစ်တဲ့အတွက် သူ့နောက်ကို မလိုက်နိုင်ခဲ့ဘူး… နှစ် (၁၀၀) ကျော်လာတဲ့ အချိန်မှာ ငါ့ရဲ့ ဒဏ်ရာတွေကလည်း ပြန်ကောင်းသွားတယ်… အဲဒီအချိန်မှာ အလောင်း ရုပ်သေးက သူ့ရဲ့ကိုယ်ပိုင် အသိဉာဏ်ကို ပြန်ရနေရုံတင် မဟုတ်ဘူး ကြီးကြီးမားမား ကံကောင်းမှု တစ်ခုကိုတောင် ကြုံတွေ့သွားပြီး ငါ့ရှေ့မှာတင် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ရောက်သွား ခဲ့တယ်…“
“ငါ့မှာ နိုင်ဖို့ အခွင့်အရေး မရှိတာမို့ ငါ့ခန္ဓာကိုယ်ကို စွန့်ပစ်ပြီးတော့ ငါ့ရဲ့ စဦးစိတ်ဝိညာဉ်နဲ့ ထွက်ပြေးခဲ့ရတယ်… ငါ့ရဲ့ စိတ်ဝိညာဉ်ကလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ပြီး ရုပ်ထုထဲမှာပဲ ပုန်းနေ ခဲ့ရတယ်… အပြင်ဘက်မှာရှိတဲ့ အလောင်းကောင်က ငါ့ရဲ့ ခန္ဓာကိုယ်ပဲ… ကြည့်ရတာ သူလည်း ဒီနေရာမှာ နှစ် (၁၀၀)လောက် နေခဲ့တာဆိုတော့ ကိုယ်ပိုင် အသိဉာဏ် ရသွားပုံပဲ… “
ဝမ်လင်းက အေးစက်စွာ ပြုံးပြီး ပြောလိုက်သည်…
“ဘယ်လောက်တောင် အဓိပ္ပာယ် မရှိတဲ့ စကားတွေလဲ… အလောင်းကောင် ရုပ်သေးကသာ မင်းပြောတဲ့ အတိုင်းဆို မင်းကို ဆက်ရှာမယ့်အစား ထွက်သွားမှာပေါ့… ဘာလို့မင်းကို ဆက်ရှာ နေမှာလဲ… “
ဝူယုက မဲ့ပြုံးပြုံးပြီး ပြောလိုက်သည်…
“ငါ ပြောဖို့ မေ့နေတာ… ငါတို့ အလောင်းကောင် ဂိုဏ်းမှာ လျှို့ဝှက်ချက် တစ်ခု ရှိတယ်… အလောင်းကောင် ရုပ်သေးတစ်ကောင်ကသာ ထိန်းချုပ်မှု လွှတ်သွားခဲ့ရင် အလောင်းကောင်က ငါနဲ့ ကီလိုမီတာ (၁၀၀)အဝေးထက် ပိုဝေးလို့ မရဘူး… ပိုဝေးသွားပြီ ဆိုတာနဲ့ သူ သေရလိမ့်မယ်… “
“ဒီပြဿနာကို ဖြေရှင်းဖို့က ငါ့ရဲ့ စဦးစိတ်ဝိညာဉ်ကို ဝါးမျိုပြီး သူ့ကိုယ်ထဲမှာ ပိတ်လှောင် ထားရလိမ့်မယ်… ဒါမှပဲ သူက ငါ့ရဲ့ ထိန်းချုပ်မှု အောက်ကနေ အမှန်တကယ် လွတ်မြောက် နိုင်လိမ့်မယ်… “
ဝမ်လင်းက ဆက်မေးလိုက်သည်…
“သူက ခင်ဗျားကို ဒီနှစ်(၁၀၀) ကျော်အတွင်း တစ်ခါမှာ မရှာဘူးလား… “
ဝူယုက ရုပ်ထုကြီး၏ အတွင်း မျက်နှာပြင်ကို ထိကိုင်ကာ ဖြေလိုက်၏…
“ငါ ထွက်ပြေးလာတဲ့ အချိန်မှာ ဒီရုပ်ထုကို မတော်တဆ တွေ့ခဲ့ရတယ်… ဒီရုပ်ထုက ငါ့ရဲ့ အော်ရာတွေကို ဖျောက်ပေးနိုင်တယ်… ဒီရုပ်ထုရဲ့ အကူအညီနဲ့ငါ ငါက အသက်ရှင်နိုင်ခဲ့တာ… “
“ပြီးတော့ အလောင်းကောင်ရုပ်သေးက စဦးစိတ်ဝိညာဉ် အလယ်အဆင့်ကို ရောက်သွား ပြီးနောက် တစ်ခါ အပြင်ထွက်လာတိုင်း တစ်ခါ ပြန်အနားယူဖို့ လိုလိမ့်မယ်… တစ်ခါ အနားယူရင် နှစ်(၁၀၀)ကြာတယ်… ဒါက ငါ အခုချိန်ထိ သူ့လက်က လွတ်မြောက် နေရခြင်းရဲ့ တခြား အကြောင်း ပြချက် တစ်ခုပဲ… “
ဝမ်လင်းက တည်ငြိမ်စွာဖြင့် မေးလိုက်သည်…
“အိုး ဟုတ်လား… သူအိပ်နေတဲ့ နှစ်(၁၀၀)အတောအတွင်း ခင်ဗျားက ဘာလို့ ထွက်မပြေး တာလဲ… “
“ငါ အကြိမ်ပေါင်းများစွာ ထွက်ပြေးဖို့ ကြိုးစားပြီးပြီ… ဒါပေမဲ့ ဒီတောအုပ်က မြူတွေ အများကြီးနဲ့ ဝန်းရံထားတယ်… ဒီမြူတွေက စဦးစိတ်ဝိညာဉ်တွေ အတွက် အလွန် အန္တရာယ်ရှိတယ်… မြူတွေကို နည်းနည်းလေး လောက်တောင် ငါ ထိလို့ မရဘူး…. အလောင်းကောင် ရုပ်သေးက ငါ့ကို မရှာနိုင် ပေမဲ့လည်း ငါ့ရဲ့ ခန္ဓာကိုယ်က ကိုယ်ပိုင်အသိစိတ် ရသွားလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး… ငါနဲ့ ငါ့ရဲ့ ခန္ဓာကိုယ်ကြား ဆက်သွယ်မှုကို အသုံးပြုပြီး ငါ့ကို ရှာလို့ရတယ်… “
“ပြီးတော့ အားသိုင်က မင်းအတွက် ရုပ်ထုကို ပေါ်အောင် လုပ်ပေးလိုက်တာက သူတို့ကို ပိုပြီး အာရုံခံနိုင် သွားစေတယ်… ဘာပဲဖြစ်ဖြစ်ပါလေ… ဒါတွေအားလုံးက ငါ့အမှားတွေပါ… တခြား ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး… “
ဝူယုက ခါးသက်စွာ ပြုံးပြီး ဆက်ပြောလိုက်သည်…
“ကောင်လေး… အားသိုင်က မင်းနဲ့သူနဲ့ကြား ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ငါ့ ပြောပြပြီးပြီ… လွန်ခဲ့တဲ့ နှစ်(၃၀၀)လောက်က ဆိုရင်တော့ မင်းရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ ကြိုးစား မိလိမ့်မယ်… ဒါပေမဲ့ အားသိုင်ရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ ငါ့ရဲ့ စွမ်းအားတွေကို ဖြုန်းမိလိုက် ပြီးပြီ… အခု ငါက စဦးစိတ်ဝိညာဉ် အလယ်အဆင့်ကို မရောက်ပဲနဲ့ ငါ့မှာ တခြားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို လုယူဖို့ မဖြစ်နိုင်တော့ဘူး… “
ဝမ်လင်းက ဝူယုပြောသည့် စကားများကို မယုံပေ။ သို့သော်လည်း သူ၏ မျက်နှာက မပြောင်းလဲဘဲ ဝူယုကို ကြည့်ကာ မေးလိုက်သည်…
“သူ့ရဲ့နာမည်က အားသိုင်လား… “
ဝူယုက ခေါင်းညိတ်ပြီး ပြောလိုက်သည်…
“ကောင်လေး… ငါက အားသိုင်ကို ဒီရုပ်ထုထဲက တွေ့ခဲ့တာ… ဒီရုပ်ထုထဲကို ဝင်လာတဲ့ အချိန်တုန်းက အားသိုင်က အိပ်ပျော်နေတာ… ငါက သူ့ရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ သူ့ရဲ့ ကိုယ်ထဲမှာ အလွန်အားကောင်းတဲ့ စွမ်းအားတွေ ရှိနေတယ်… ငါ့ရဲ့ စွမ်းအင် အများစုကို သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ထည့်လိုက်မှ ငါလည်း သူ့ကိုယ်ထဲက လွတ်မြောက် နိုင်ခဲ့တာ… ငါက အားသိုင်ရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ ရှုံးနိမ့်ခဲ့ရပေမယ့်… သူ့ကို နိုးသွားစေခဲ့တယ်… ပြီးတော့ ငါတို့ နှစ်ယောက်မှာလည်း ဆက်သွယ်မှု တစ်ခု ရှိသွားတယ်… “
“အဲဒီအချိန်ကစပြီး မင်းအကြောင်းကို အားသိုင် မပြောပြခင် အချိန်အထိ ငါ့မှာ လွတ်မြောက်ဖို့ အခွင့်အရေး မရှိတော့ဘူး ဆိုတာကို သေချာသလောက် ဖြစ်နေခဲ့တယ်… “
ထိုစကားကို ပြောလိုက်သည့် အချိန်တွင် ဝူယု၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည်။
ဝမ်လင်းက ဘာမှမပြောဘဲ ဝူယုကိုသာ စိုက်ကြည့်ပြီး နောက်ထပ် ပြောလာမည့် စကားများကို စောင့်ဆိုင်း နေလိုက်သည်။
ဝူယုက အသနားခံသည့် အမူအရာဖြင့် ပြောလိုက်သည်…
“ကောင်လေး… ငါ တောင်းပန်ပါတယ်… ငါ့ကို ကူညီပေးပါ… “
***