ဝမ်လင်းက ထူးဆန်းသောလူကို ကြည့်ပြီး တခစ်ခစ် ရယ်လိုက်သည်။ ထိုလူအပေါ်တွင် ဝမ်လင်းသည် ရန်လိုစိတ် မရှိပါချေ။ ဝမ်လင်းက အကြောဆန့်လိုက်ပြီး ထူးဆန်းသော လူဆီသို့ ပြေးသွားလိုက်သည်။
သူတို့နှစ်ယောက်၏ ကြားမှ အကွာအဝေးသည် တဖြည်းဖြည်း နီးကပ်လာသည်။ ထူးဆန်းသော လူသည် ဝမ်လင်းက သူ့ဆီသို့ ပြေးလာနေသည်ကို မြင်သောအခါ ဝမ်လင်းကို စိုက်ကြည့်ပြီး တိုက်ခိုက် နိုင်ရန်အတွက် အသင့် ပြင်ထားလိုက်သည်။ သို့သော်လည်း ဝမ်လင်းက အစိမ်းရောင်ဓား မထုတ် ထားသည်ကို သတိပြုမိပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူက ဒီနေရာသို့ လာရသည့် အကြောင်းရင်းကို မေ့သွားပြီး ဝမ်လင်းနှင့် တိုက်ခိုက်ရန်အတွက် ပြင်ဆင်လိုက်သည်။ သူက တုံ့ဆိုင်းခြင်းမရှိ ကိုယ်ပေါ်မှ အဆောင်စာရွက် တစ်ခုကို ဆုတ်ဖြဲလိုက်ရာ အပြာရောင် အငွေ့များ ထွက်လာ၏။ ထိုအပြာရောင် အငွေ့များကို သူ့ခန္ဓာကိုယ်က စုပ်ယူလိုက်ရာ သူ၏ အော်ရာသည် ချက်ချင်း အားကောင်းလာသည်။
သူက ဝမ်လင်းကို တစ်ခုခု ပြောသည့်ဟန်ဖြင့် ထူးဆန်းသော စကားများကို ပြောလိုက်သည်။
ထူးဆန်းသော လူ၏ အဆောင်စာရွက်သည် အလွန် ထူးဆန်းသည်ကို ဝမ်လင်းလည်း သိသည်။
ယခု ထူးဆန်းသော လူက နောက်ထပ် အဆောင်စာရွက် တစ်ခုကို ဆုတ်ဖြဲလိုက်ရာ သူ၏ စွမ်းအားများသည် ချက်ချင်း နှစ်ဆတိုးမြင့်သွားသည်။
ဝမ်လင်းကလည်း ချက်ချင်း လက်ကို ၀ှေ့ယမ်းလိုက်ရာ သူ၏ စိတ်စွမ်းအင်များသည် သူ့ ကိုယ်ကို လှည့်ပတ်သွားပြီး သူ၏ အော်ရာကလည်း ပြောင်းလဲသွား၏။
သူ၏ ခန္ဓာကိုယ်တွင် အေးစက်သော အော်ရာများ ထွက်ပေါ်နေပြီး သူ၏ မျက်နှာကလည်း အေးစက်နေသည်။
ထူးဆန်းသောလူ၏ မျက်လုံးက တောက်ပသွားပြီး ပါးစပ်ကို ဟလိုက်ရာ ဝမ်လင်း နားလည်သော အသံတစ်ခု ထွက်လာသည်…
“စွမ်းအား… “
ပြောပြီးသည်နှင့် လက်သီးဆုပ်လိုက်၏။ သူ၏ လက်မောင်းက တောက်ပပြီး ကြီးမားလာသည်။ ထိုလက်သီးဖြင့် ဝမ်လင်းကို ထိုးလိုက်သည်။
ဝမ်လင်း၏ မျက်လုံးထဲတွင် အလင်းရောင် လက်သွားပြီး သူ၏ကိုယ်ထဲမှ စိတ်စွမ်းအင်များကို ထုတ်ယူပြီး လက်သီးအဖြစ် ပုံဖော်က ထူးဆန်းသောလူ၏ လက်သီးကို ပြန်ထိုးလိုက်သည်။ လက်သီးခြင်း ယှဉ်မိချိန်တွင် ထူးဆန်းသောလူက အနည်းငယ်သာ ယိုင်သွားပြီး ဝမ်လင်းကတော့ နောက်သို့ (၃)လှမ်း ဆုတ်လိုက်ရ၏။ ဝမ်လင်းက အံ့ဩသွားပြီး ထူးဆန်းသော လူကို စိုက်ကြည့် လိုက်သည်။
ထူးဆန်းသောလူ၏ စိတ်ထဲတွင် ဝမ်လင်းထက်ပင် ပို၍ အံ့ဩနေသည်။ ဝမ်လင်း၏ လက်သီးမှ စိတ်စွမ်းအင်များသည် သူ၏ ကိုယ်ထဲသို့ ဝင်ရောက်သွာပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွား၏။ သူ့ကိုယ်မှ ထူးဆန်းသော သင်္ကေတ များကြောင့်သာ မဟုတ်ပါက သူ၏ ခန္ဓာကိုယ်သည် အခုချိန်တွင် ခဲနေ လောက်လေပြီ။
ထူးဆန်းသောလူက ခဲနေသာ သူ့ညာလက်ကို ကြည့်လိုက်ပြီး အလွန် ထိတ်လန့်သွား၏။ ညာဘက်လက်မှ ကြွက်သား၊ အရိုးအားလုံးသည် ခဲနေ၏။ သူက ဝမ်လင်းကို ဖြူရော်နေသော မျက်နှာဖြင့် ကြည့်ပြီး ဝမ်လင်းနားလည်သော စကားဖြင့် မေးလိုက်သည်…
“ဂျိလား… “
ဝမ်လင်းက ဂျိဆိုသည့် အဓိပ္ပာယ်ကို မသိသည့်အတွက် ဘာပြောရမှန်း မသိ ဖြစ်သွားပြီး ခေါင်းခါ ပြလိုက်သည်။
ထူးဆန်းသောလူက မှင်တက်သွားပြီး နောက်ထပ် အဆောင်စာရွက် တစ်ခုကို ဆုတ်ဖြဲလိုက်၏။ အဖြူရောင်နှင့် အစိမ်းရောင် အငွေ့များ ထွက်လာပြီး ခဲနေသော သူ့လက်ကို ပြန်ကောင်း သွားစေသည်။ သို့သော်လည်း သူ့လက်က တုန်နေသေးသည်ကို ဝမ်လင်း မြင်လိုက်ရ၏။
ထို့နောက် ထူးဆန်းသောလူက ဝမ်လင်းကို ကြည့်ပြီး နှာခေါင်းရှုံ့ကာ ထွက်သွား၏။ ဝမ်လင်း လည်း အောက်တွင် ထိုင်ချလိုက်ပြီး စောစောက တိုက်ပွဲကို ပြန်စဉ်းစားလိုက်သည်။
ထူးဆန်းသောလူ၏ လက်သီးမှ စွမ်းအင်သည် အလွန် ထူးဆန်းသည်။ ထိုစွမ်းအင်က စိတ်စွမ်းအင် မဟုတ်ဘဲ တခြားစွမ်းအင် တစ်မျိုး ဖြစ်၏။
“စွမ်းအားလား…“
ထိုစကားလုံးကို ထူးဆန်းသောလူက လက်သီးနှင့် မထိုးခင် အော်ပြောလိုက်သည်ကို မှတ်မိ လိုက်၏။
ဝမ်လင်းက ထူးဆန်းသော လူ၏ စွမ်းအားအကြောင်းကို မေ့လိုက်ပြီး သူ့ကိုယ်ထဲမှ စိတ်စွမ်းအင် ၏ စွမ်းအားကို တွေးကာ အားရကျေနပ်နေသည်။ ဝမ်လင်းက သူ၏ စိတ်စွမ်းအင်ကို “ဂျိ ယင်စိတ်စွမ်းအင်” ဟု နာမည်တပ်လိုက်သည်။
“ဂျိ” ထိုစကားလုံးသည် သူ၏ စွမ်းအားကို ထူးဆန်းသောလူက မြင်ပြီး မေးခဲ့သည့် စကားလုံး ဖြစ်၏။
“တစ္ဆေလောက ပျံတက်ခြင်း ကျင့်စဉ် အဆင့်(၅)ကို ရောက်ရင် ဒီနေရာကနေ ထွက်သွားပြီး ပိုပြီး ပြင်းထန်တဲ့ မြေကြီးယင်ကို ငါ ရှာရမယ်… “
နောက်ထပ် အဆင့်များကို ချိုးဖြတ်ရန်အတွက် ပိုပြီး ပြင်းထန်သိပ်သည်းသော ယင်စွမ်းအင် များ လိုသည်ကို ဝမ်လင်းသိသည်။ ထို့ကြောင့် အရည်အသွေး ပိုမြင့်သော ယင်စွမ်းအင်များ ရှိမည့် နေရာကို ရှာရန် လိုပေသည်။
ဤ မြို့ပျက်ကြီးထဲတွင် ယင်စွမ်းအင်များက သိပ်သည်းသော်လည်း သိပ်သည်း ယင်အဆင့် (၁၀) ဝန်းကျင်သာ ရှိကြောင်း ဝမ်လင်း သိထား၏။ အလွန်ဆုံးရှိ ပြင်းထန်းယင် အဆင့်တစ်ထိသာ ရှိနိုင်ပေမည်။
ကောင်းကင်ယင်၊ မြေကြီးယင်၊ လျှို့ဝှက်ဆန်းကြယ်ယင်၊ တစ္ဆေယင်ဟု လေးမျိုး ရှိသော်လည်း လျှို့ဝှက်ဆန်းကြယ် ယင်နှင့် တစ္ဆေယင်ကြားရှိ ကွာခြားချက်သည် သိပ်မကြီးမားလှချေ။ သို့သော်လည်း မြေကြီးယင်နှင့် ကောင်းကင်ယင်ကြားရှိ ကွာခြားချက်သည် အလွန် ကွာခြားလှ၏။ ကောင်းမွန်ယင် အဆင့်တစ်ရှိသော မြေကြီးယင်သည် ပြင်းထန်ယင် အဆင့်တစ် ရှိသော လျှို့ဝှက်ဆန်းကြယ်ယင် သို့မဟုတ် တစ္ဆေယင်နှင့် ညီမျှသည်။
ကောင်းကင်ယင်ကတော့ မတူတော့ချေ။ သာမန်ယင်အဆင့်တစ် ကောင်းကင်ယင်သည် ပြင်းထန်ယင် အဆင့်တစ်ရှိသော လျှို့ဝှက်ဆန်းကြယ်ယင် သို့မဟုတ် တစ္ဆေယင်ထက် ပိုပြီး ကောင်းပေ သည်။
ဝမ်လင်းက ထိုအကြောင်းကို စဉ်းစား နေစဉ်မှာပင် ခေါင်းကို မော့ကြည့်လိုက်ရာ ထူးဆန်းသော လူ ပြန်လာနေသည်ကို မြင်လိုက်ရသည်။ သူက ဝမ်လင်းကို လက်ဟန်ခြေဟန်ဖြင့် တစ်ခုခု လုပ်ပြပြီး ပတ်ဝန်းကျင်ကို လက်ညှိုးထိုးပြကာ လေကို ပြင်းပြင်း ရှူသွင်းပြီး ခေါင်းခါ ပြလိုက်သည်။
ထို့နောက် သူက ဝမ်လင်းကို လက်ညှိုးပြီး သူ့ကိုယ်သူ ပြန်ထိုးပြကာ လက်ဟန်ခြေဟန်ဖြင့် တစ်ခုခု လုပ်ပြသည်။ တဖြည်းဖြည်း ဝမ်လင်းက ထူးဆန်းသော လူ၏ ဆိုလိုရင်းကို နားလည် လာသည်။ ထူးဆန်းသော လူက ဝမ်လင်းကို သူ့နောက်သို့ လိုက်လာစေချင်နေသည်။ ဝမ်လင်းက သိချင်စိတ် ပြင်းပြကာ ခေါင်းညိတ်လိုက်သည်။
ထူးဆန်းသောလူ၏ လှုပ်ရှားမှုများက အလွန် လျင်မြန်လှသည်။ သူက အန္တရာယ်ရှိသော နေရာများကို ရှောင်ပြီး ရှေ့မှ သွားနေ၏။
ထူးဆန်းသောလူက မြေပေါ်မှ အက်ကြောင်းတစ်ခုထဲသို့ ဝင်သွားလိုက်ပြီး မြေအောက်ရှိ ဥမင် လှိုဏ်ခေါင်းထဲသို့ ဆက်ဝင်သွား၏။ ဝမ်လင်းကလည်း နောက်မှ အံ့အားသင့်စွာဖြင့် လိုက်ပါလာသည်။
နှစ်ရက်ကြာပြီးနောက် သူတို့နှစ်ယောက်သည် မြို့ပျက်ကြီး၏ ထောင့်တစ်နေရာသို့ ရောက်လာ သည်။ နှစ်ရက်လုံးလုံး သူတို့သည် လမ်းတွင် အနည်းငယ်မျှပင် အနားမယူ ခဲ့ကြချေ။
ထိုနေရာတွင် မပျက်စီးသေးသည့် မျှော်စင်တစ်ခု ရှိနေပြီး မျှော်စင်ထပ်တွင် နှစ်မီတာ ကျယ်သော ကျောက်တုံးတစ်တုံး ရှိနေ၏။
ဝမ်လင်း၏ မျက်လုံးက အရောင်တောက်သွား၏။ ထိုကျောက်တုံးသည် သူ ယခင်တစ်ခါ တွေ့ခဲ့သော ကျောက်တုံးနှင့် တစ်ပုံစံတည်း ဖြစ်သောကြောင့် ဖြစ်သည်။
ထူးဆန်းသောလူက မျှော်စင်ပေါ်သို့ တက်သွားပြီး အစီအရင် တစ်ခုကို ထုတ်ဖော်ပြီး ကျောက်တုံးကို ထိလိုက်သည်။ ထိုအခါ ကျောက်တုံးမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မြို့ပျက်ကြီး၏ အလယ်သို့ ထိုးလိုက်၏.
ထို့နောက် ထူးဆန်းသောလူက မျှော်စင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ဝမ်လင်းကို လက်၀ှေ့ယမ်း ပြလိုက်ပြီး နှစ်ယောက်သား ထိုနေရာမှ ထွက်ခွာသွား၏။
ထူးဆန်းသောလူက မျှော်စင်တွေဆီ တစ်ခုပြီး တစ်ခု ကူးပြောင်းနေ၏။ မျှော်စင်အားလုံးနီးပါးသည် ပျက်စီးနေသော်ငြားလည်း ကျောက်တုံးများကမူ အကောင်းအတိုင်း ရှိနေသေးသည်။
သူတို့သည် ကျောက်တုံးများဆီသို့ တစ်ခုပြီး တစ်ခု ကူးပြောင်းနေပြီး အလင်းတန်းများကလည်း မြို့ပျက်ကြီး၏ အလယ်ဆီသို့သာ ဦးတည်နေ၏။
နောက်ဆုံး ကျောက်တုံးသည် ဝမ်လင်း ပထမဆုံးမြင်ခဲ့သော ကျောက်တုံး ဖြစ်ပြီး ထိုကျောက်တုံးက အလင်းတန်း ထွက်ပေါ်လာသည်နှင့် မြို့ပျက်ကြီး တစ်ခုလုံး၏ မြင်ကွင်းကလည်း ပြောင်းလဲသွား၏။
တစ်လမ်းလုံး ကျောက်တုံးများကို မှတ်သား လာသဖြင့် ကျောက်တုံး အားလုံးပေါင်း (၈)ခု ရှိသည်ကို ဝမ်လင်းက သိနေသည်။
ထူးဆန်းသောလူက ကောင်းကင်ကို မော့ကြည့်ပြီး သူ့မျက်နှာတွင် စိုးရိမ် ကြောင့်ကြနေသော အရိပ်အယောင်များ ပေါ်လာသည်။ သူတို့ နှစ်ယောက်က မြို့ပျက်ကြီး၏ အလယ်ခေါင်သို့ ပြေးသွား လိုက်သည်။ လေးရက်မြောက်နေ့ နေဝင်ချိန်တွင် မြို့လယ်၏ အပြင်ဘက်သို့ သူတို့နှစ်ယောက် ရောက်လာသည်။
အလင်းတန်းရှစ်ခုက ဤနေရာတွင် စုစည်းနေ၏။ ထူးဆန်းသောလူက ရပ်လိုက်ပြီး ဦးညွှတ်ကာ အရိုအသေ ပေးလိုက်သည်။ သူ၏ မျက်လုံးထဲတွင် ရိုသေ အလေးထားမှု များဖြင့် ပြည့်နေသည်။
ထို့နောက် သူက စကားလုံးတချို့ကို ရွတ်လိုက်သည်။ သူ၏ အသံက တဖြည်းဖြည်း စူးရှလာကာ မြေကြီးကလည်း တုန်လာပြီး မီတာ(၁၀၀)ခန့် မြင့်သော ရုပ်ထုကြီးတစ်ခု မြေအောက်မှ ထိုးထွက်လာသည်။ ရုပ်ထုက တစ်ဝက်ကျော် မြင့်တက်လာပြီးနောက် ရပ်တန့်သွား၏။
ရုပ်ထုသည် ဆံပင်ရှည်နှင့် လူကြီး တစ်ယောက်၏ပုံ ဖြစ်သည်။ နဂါးတစ်ကောင်က သူ့ကိုယ်ကို ပတ်ခွေထားပြီး ပါးစပ်ကို ဟထားသည်။ ပတ်ခွေနေသော နဂါးက လက်ရာမြောက်စွာ ထုလုပ် ထားသဖြင့် အစစ်နီးပါး တူနေသည်။
အလင်းတန်းရှစ်ခုက ရုပ်ထုပေါ် ကျရောက်နေသဖြင့် ရုပ်ထု၏ မျက်လုံးများက ပိုပိုပြီး တောက်ပ လာသည်။ ထိုအချိန်တွင် ဝမ်လင်းက ရုပ်ထုကို ကြည့်လိုက်ရာ အလင်းရောင်များဖြင့် ရုပ်ထုက လွန်စွာ အသက်ဝင်လှ၏။
ရုပ်ထု ထွက်ပေါ်လာသည်နှင့် ထူးဆန်းသောလူ၏ မျက်လုံးများထဲမှ ရိုသေ လေးစားသော အရိပ်အယောင်များက ပိုပိုပြီး တိုးပွားလာသည်။ သူက ဝမ်လင်းကို လက်၀ှေ့ယမ်း ပြလိုက်ပြီး အဆော တလျင် နဂါးပါးစပ်ကို လက်ညှိုးထိုးပြ လိုက်၏။
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် နဂါးဦးခေါင်း ဆီသို့ ရောက်ရန် တစ်ဆင့်ပြီး တစ်ဆင့် ခုန်တက်လိုက်သည်။ သူက နဂါးခေါင်းပေါ်သို့ ရောက်သောအခါ အားကောင်းသော ယင်စွမ်းအင်သည် သူ၏ ခြေထောက်မှ ထွက်လာနေသည်ကို ခံစားမိလိုက်၏။
ဝမ်လင်းက ချက်ချင်း ထိုင်ချလိုက်ပြီး ယင်စွမ်းအင် အရည်အသွေးကို တိုင်းတာနိုင်သော နည်းစနစ်ကို အသုံးပြုလိုက်ရာ အနီရောင် အလင်းလုံးတစ်လုံး ထွက်ပေါ်လာ၏။ အလင်းလုံးက ချက်ချင်း လေးလုံးအဖြစ် ကွဲထွက်သွားသည်။ ဝမ်လင်းက အလွန် အံ့ဩသွားပြီး ဤနေရာသည် ပြင်းထန်ယင် အဆင့်ရှိသော ယင်စွမ်းအင်များ ရှိသည့် နေရာတစ်ခု ဖြစ်ကြောင်း သိလိုက်သည်။
သူက အချိန်ဆွဲ မနေတော့ဘဲ ချက်ချင်း ယင်စွမ်းအင်ကို စုပ်ယူပြီး ကျင့်ကြံလိုက်သည်။ သို့သော်လည်း ဒီတစ်ကြိမ်တွင် စုပ်ယူနိုင်သည့် အကွာအဝေးသည် ယခင်ကလောက် မကြီးမားတော့ဘဲ သူ၏ပတ်လည် မီတာ အနည်းငယ်လောက်သာ ရှိ၏။ ယခုချိန် အဝေးမှ လှမ်းကြည့်လျှင် နဂါးဦးခေါင်း ထက်၌ အနီရောင် အလင်းလုံးကြီး ပေါ်နေသည်ကို မြင်ရပေမည်။
ဝမ်လင်းက ငါးရက်တိတိ ထိုနေရာ၌ လေ့ကျင့်ခဲ့သည်။
ငါးရက်လုံးလုံး ထူးဆန်းသောလူက ဝမ်လင်းကို စောင့်နေပြီး သူ့မျက်နှာထက်မှ စိုးရိမ် ပူပန်မှုကလည်း ပိုပိုပြီး တိုးလာသည်။ သူက ကောင်းကင်ကို ခဏခဏ ကြည့်နေတတ်ပြီး သူ့ကိုယ်မှ အဆောင်စာရွက် (၉)ခုကိုလည်း အချိန်မရွေး အသုံးပြုနိုင်ရန် ပြင်ဆင်ထား၏။
ငါးရက်မြောက်နေ့ မနက်ခင်း၌ ဝမ်လင်း၏ ချီပင်လယ်ကို သုံးကြိမ်မြောက် ဖွင့်နိုင်လိုက်ပြီး တစ္ဆေလောက ပျံတက်ခြင်း ကျင့်စဉ်၏ အလွှာငါးကို အောင်မြင်သွား၏။
နောက်တစ်ဆင့်ကို အောင်မြင်လျှင် နောက်ထပ် အေးခဲ အမြုတေတစ်ခု ဖြစ်ပေါ်ပေမည်။ အေးခဲ အမြုတေနှစ်ခု ရှိနေပြီဆိုလျှင် ခန္ဓာကိုယ်သန့်စင်ခြင်း နှောင်းပိုင်း အဆင့်များကို ကြောက်လန့် နေစရာ မလိုတော့ပေ။ ယခုတော့ ခန္ဓာကိုယ် သန့်စင်ခြင်း အလယ်အဆင့်များကိုသာ ယှဉ်နိုင်သေး၏။
ဝမ်လင်းက သူ၏ စိတ်စွမ်းအင် အရည်အသွေးကို တိုးတက်စေရန် ပြင်းထန် ယင်စွမ်းအင် များကို စုပ်ယူပြီး သူ၏ စိတ်စွမ်းအင်နှင့် ပေါင်းစပ်စေသည်။
သူက ပေါင်းစပ်မှုကို ထိန်းချုပ်နေရင် သူ၏ စိတ်စွမ်းအင်များကိုလည်း လေ့လာနေသည်။ သူ၏ စိတ်စွမ်းအင် အနက်ရောင်များက ပိုပို မည်းနက်လာပြီး အပြာရောင်သို့ ပြောင်းကာ နောက်ဆုံးတွင် နက်ပြာရောင်သို့ ပြောင်းသွား၏။
သူ၏ စိတ်စွမ်းအင်များက ဂျိနယ်ပယ်ကို လုံးလုံးလျားလျား ဝင်ရောက်ရန် နီးကပ်လာသည်ကို သူ မသိချေ။
ထိုအချိန်တွင် ကောင်းကင်ကြီးက ရုတ်တရက် မှောင်သွားပြီး တိမ်များကလည်း တစ်စုံ တစ်ယောက်က တွန်းထုတ် လိုက်သကဲ့သို့ ရွှေ့လျားသွား၏။ အနက်ရောင် မြူများက စုစည်းလာပြီး ခေါင်းတလား တစ်ခုပုံစံ ဖြစ်သွား၏။
ခေါင်းတလားထိပ်တွင် ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာပြီး ပုံရိပ်ယောင်က တစ်ကယ့် ခန္ဓာကိုယ် အစစ်သို့ တဖြည်းဖြည်းနှင့် ကူးပြောင်းလာသည်။
ကောင်းကင်မှ အက်ကွဲသော အသံကြီး ထွက်ပေါ်လာသည်။
“ဆရာရဲ့ စဦးစိတ်ဝိညာဉ်က ဒီရုပ်ထုထဲမှာ ရှိတယ်လို့ ဆိုလိုတာပေါ့… “
ထိုအဖြစ်အပျက်ကို မြင်နေသည့် ထူးဆန်းသောလူ၏ အမူအရာများက အကြီးအကျယ် ပျက်ယွင်းသွား၏။
***