Switch Mode

အခန်း (၉၁)

ပြင်းထန်ယင်စိတ်စွမ်းအင်

ထန်းဟွယွမ်သည် တောအုပ်ထဲတွင် နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ကာ ဂရုတစိုက်ဖြင့် ရှေ့ဆက် သွားနေသည်။ ရုတ်တရက် ဝမ်လင်းကို အာရုံခံမိပြီး တည်နေရာ ရွေ့ပြောင်းခြင်း သုံးရန် ပြင်လိုက်စဉ်တွင် ခက်ထန်သော အသံတစ်ခု ထွက်ပေါ်လာပြီး သူ့နောက်မှ ကြောက်မက်ဖွယ် လေပြင်း တစ်ခုက ကပ်ပါလာသည်။

“ဒီနေရာကနေ ထွက်သွားစမ်း… “

ထန်းဟွယွမ်၏ အမူအရာက ချက်ချင်း ပျက်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ ဘေးဘီကို ကြည့်လိုက်သည်။

သူက အဝေးမှ ပျံသန်းပြီးလာနေသော အနက်ရောင် အငွေ့အစုတစ်ခု မြင်လိုက်ရသည်။ ပျံသန်း လာနေသော အနက်ရောင် အငွေ့စုထဲမှ ပိန်ခြောက်နေသော လက်တစ်ဖက် ထွက်လာပြီး ထန်းဟွယွမ် ကို ကုတ်ဆွဲလိုက်သည်။

ထန်းဟွယွမ်က အနက်ရောင် အငွေ့ထဲသို့ နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ အနက်ရောင် အငွေ့ထဲတွင် ရှိနေသောလူသည် စဦး စိတ်ဝိညာဉ် အလယ်အဆင့်သို့ ရောက်နေသော ကျင့်ကြံသူ တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရပြီး မျက်နှာတွင် ထိတ်လန့်သော အရိပ်အယောင်များ ပေါ်လာကာ နောက်သို့ အနည်းငယ် ထပ်ဆုတ်မိသွား၏။

အနက်ရောင် အငွေ့ထဲမှ ပိန်ခြောက်နေသော လက်ကြီး ပေါ်ထွက်လာသည့်အခါ ထန်းဟွယွမ်က ရှုံမဲ့ပြီး တုန့်ဆိုင်းခြင်းမရှိ နောက်သို့ ဆုတ်ပြေးလိုက်၏။ ဤနေရာတွင် အစွမ်းထက်သော ကျင့်ကြံ သူများ ရှိမည်ကို ခန့်မှန်းမိသော်လည်း စဦးစိတ်ဝိညာဉ် အလယ်အဆင့် တစ်ယောက် ရှိနေ လိမ့်မည်ဟု မထင်ထားမိခဲ့ချေ။

ထန်းဟွမ်ယွမ်က ရုတ်တရက် တည်နေရာ ရွေ့ပြောင်းခြင်း နည်းစနစ်ကို သုံးလိုက်ရာ ပြေးနေရာ မှ ရုတ်တရက် ပျောက်ကွယ်သွား၏။ ထိုအခါ အနက်ရောင် အငွေ့ထဲမှ အေးစက်စွာ နှာခေါင်းရှုံ့သံ ထွက်ပေါ်လာပြီး ပိန်ခြောက်နေ‌သော လက်ကြီးကလည်း ရုတ်တရက် ပျောက်ကွယ်သွားသည်။

ထန်းဟွယွမ်က သစ်တော အပြင်ဘက်ရှိ ကောင်းကင်ပေါ်တွင် ပေါ်လာ၏။ ပေါ်ပေါ်လာချင်း သူ့မျက်နှာက ပျက်ယွင်းသွား၏။ ပိန်ခြောက်နေသော လက်ကြီးက သူ့နောက်တွင် ပေါ်လာကာ သူ့ကို ရက်ရက်စက်စက် ကုတ်ဆွဲလိုက်သည်။

ထန်းဟွယွမ်းက ချက်ချင်း သားရဲအရေခွံ တစ်ခုကို ထုတ်လိုက်ပြီး သူ့ဘေးပတ်ပတ်လည်ကို လွှမ်းခြုံလိုက်ပြီး သူကတော့ အဝေးကို ထွက်ပြေးလိုက်၏။ လက်ကြီးက သားရဲ အရေခွံကိုသာ ဖမ်းဆုပ် မိသွားပြီး ထန်းဟွယွမ်ကို သီသီလေး လွတ်သွား၏။

သို့သော်လည်း လက်ဖျားလေးနှင့် ထိသွားသည့်အတွက် သွေးအန်လိုက်ရပြီး မျက်နှာကလည်း ဖြူရော်သွား၏။ သို့သော်လည်း သူက နောက်ကို လုံးဝ လှည့်မကြည့်ဘဲ ထွက်ပြေး သွားတော့သည်။

ထိုနေရာတွင် အနက်ရောင် အငွေ့အစုက ပေါ်လာပြီး အငွေ့များက တဖြည်းဖြည်း ကျုံ့သွားကာ လူတစ်ယောက်ပုံ ပေါ်လာသည်။ ထိုလူ၏ ခန္ဓာကိုယ်သည် အရိုးပေါ် အရေတင်နေ၏။ သူက ထန်းဟွယွမ် ထွက်ပြေး သွားသည့်ဘက်ကို ကြည့်သာ ကြည့်လိုက်ပြီး မလိုက်သွားတော့ဘဲ သစ်တောထဲသို့ ပြန်ဝင်သွား၏။

သူက တောအုပ်ထဲသို့ ပြန်ဝင်လာပြီးနောက် တစ်စုံတစ်ခုကို ရှာဖွေနေဟန်ဖြင့် တောအုပ်ထဲတွင် လှည့်ပတ် ပျံသန်းနေသည်။ မကြာမီ သူက မြေပြန့် တစ်ခုပေါ်တွင် ရပ်လိုက်ပြီး လက်ဖြင့် မြေကြီး ပေါ်သို့ ရိုက်ချလိုက်သည်။

ထိုအခါ မြေပြင်ပေါ်တွင် အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်သွား၏။ ထို့အတူ အော်သံတစ်ခု ကလည်း မြေကြီးထဲမှ ထွက်ပေါ်လာပြီး အနက်ရောင် ပုံရိပ်တစ်ခုက ပျံသန်းကာ ထွက်ပြေးရန် ကြိုးစား လိုက်သည်။ အရိုးပေါ် အရေတင်နေသော လူကြီးကလည်း ပတ်ဝန်းကျင် တစ်ခုလုံးကို လှောင်အိမ် တစ်ခုဖြင့် ပတ်လှောင်လိုက်သည်။ အနက်ရောင် ပုံရိပ်က လှောင်အိမ်နှင့် တိုက်မိသွားပြီး နောက်သို့ ပြန်ကန် ထွက်လာသည်။ သူဘယ်လောက်ပဲ ကြိုးစားပါစေ နောက်ဆုံးတွင် ဒူးထောက်ပြီး အရှုံးပေး လိုက်ရသည်။

ထိုလူကြီးက ပြောလိုက်သည်…

“နှစ်(၁၀၀)လောက် မမြင်လိုက်ရတာနဲ့ ဆရာရဲ့ ခန္ဓာကိုယ်က အလောင်းကောင်အဖြစ် ပြောင်းသွားပြီး ကိုယ်ပိုင် ဝိညာဉ်တောာင် ဖြစ်ပေါ်နေပြီပဲ… ပြောရမယ်ဆိုရင် မင်းက ငါ့ရဲ့ မျိုးဆက်လို့ ပြောလို့ရတယ်… ဒါ့ကြောင့် ငါ မင်းကို အသက်ရှင်ခွင့် ပေးလိုက်မယ်… ဒါပေမဲ့ မင်းနဲ့ ဆရာရဲ့ ဆက်သွယ်မှုကို အသုံးပြုပြီး ဆရာ့ကို ရှာပေးရမယ်… “

အလောင်းကောင်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ထိုလူကြီးကို ကြောက်လန့်နေသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

ထိုလူကြီးက လက်ကို ဝှေ့ယမ်းလိုက်ရာ လှောင်အိမ်က ပျောက်ကွယ်သွားသည်။ သူက အလောင်းကောင်ကို ကြည့်ပြီး ပြောလိုက်သည်…

“ဆရာကို သွားရှာ… မင်း ငါ့ကို ကူညီပြီး ဆရာ့ကို ရှာပေးမယ်ဆိုရင်… မင်းကို ငါက နတ်ဆိုး တစ်ကောင် ဖြစ်သွားအောင် ကူညီပေးမယ်… “

အလောင်းကောင်၏ မျက်နှာတွင် ပျော်ရွှင်သည့် အရိပ်အယောင်များ ပေါ်လာပြီး လျင်မြန်စွာ ခေါင်းညိတ်ကာ တောအုပ်ထဲသို့ ပြေးဝင်သွား၏။

ထိုလူကြီးကလည်း အလောင်းကောင်နောက်မှ လိုက်သွားသည်။

***

အပျက်အစီးများကြားထဲရှိ နေရောင် မကျရောက်သော တစ်နေရာတွင် အပြာရောင် အရေပြားနှင့် ထူးဆန်းသော လူသည် ဝမ်လင်းရှိရာ ဘက်သို့ စူးစူစိုက်စိုက် ကြည့်နေလေသည်။

ဝမ်လင်းက ယင်စွမ်းအင်များကို အရူးအမူး စုပ်ယူခဲ့သည်။ သူ စုပ်ယူခဲ့သော ယင် အရည် အသွေးသည် သာမန် ယင်အဆင့်(၈) ရှိ၏။ သို့သော်လည်း သူ ယင်စွမ်းအင်များကို မည်မျှပင် စုပ်ယူ သော်လည်း နောက်ထပ်အဆင့် ချိုးဖြတ်ရန်အတွက် မလုံလောက်ဘဲ ဖြစ်နေ၏။ ထို့ကြောင့် ဝမ်လင်းက အပျက်အစီးများ၏ အလယ်သို့ ကြည့်လိုက်မိသည်။ သူ၏ပစ်မှတ်က ထိုနေရာတွင် တစ်ဝိုက်တွင် ရှိသည်။

ဒီထက်ပိုပြီး အရည်အသွေးမြင့်သော ယင်စွမ်းအင်ရှိသည့် နေရာကို ရှာရန် ဝမ်လင်း ဆုံးဖြတ် ချက် ချလိုက်၏။

ညသန်းခေါင် အချိန်သို့ ရောက်သောအခါ ဝမ်လင်းက ယင်စွမ်းအင် ရှာဖွေသော နည်းစနစ်ကို အသုံးပြုပြီး အပျက်အစီးများ ကြားထဲတွင် လျှောက်သွားနေသည်။

အချိန် တော်တော်ကြာအောင် လျှောက်သွားပြီးနောက် အနီရောင် အလင်းလုံးက နှစ်ခုအဖြစ် ကွဲထွက်သွား၏။

အလင်းလုံးက နှစ်ခု ဖြစ်သွားသည်ကို မြင်ပြီး ဝမ်လင်း၏ မျက်နှာတွင် အပျော်များ စွန်းထင်း လာသည်။ အလင်းလုံး ဖြစ်သွားရသည့် အကြောင်းရင်းမှာ ဤနေရာရှိ ယင်စွမ်းအင်များသည် ကောင်းမွန် ယင်အဆင့် ရှိသောကြောင့် ဖြစ်၏။

ရှေ့ဆက် လျှောက်သွားနေရင်း အနီရောင် အလင်းလုံးမှ တောက်ပလာသည်။

ကောင်းမွန် ယင်အဆင့် (၁)၊ အဆင့်(၂)၊ အဆင့်(၃)၊ အဆင့်(၄)ကို ကျော်ဖြတ်ပြီး အဆင့်(၅)သို့ ရောက်သောအခါ ရပ်တန့်လိုက်သည်။ သူ့ရှေ့တွင် ပျက်စီးနေသော လမ်းမကြီးတစ်ခု ရှိနေ၏။ ယခင်က ယခု နေရာသည့် အင်မတန် လူစည်မည့် နေရာတစ်ခု ဖြစ်ကြောင်း သိနိုင်သည်။

ဝမ်လင်းက အကွာအဝေးကို အနည်းငယ် တွက်ကြည့် လိုက်သောအခါ သူယခု ရောက်နေသည့် မြို့ပျက်ကြီး၏ အချင်းဝက် အပုံ (၁၀၀၀)ပုံ(၁)ပုံတောင် မရောက်သေးကြောင်း သိသွား၏။ ထို့ကြောင့် ရှေ့သို့ အလျင်အမြန် ဆက်လျှောက်သွားလိုက်သည်။

ဝမ်လင်းက ရှေ့ဆက်လျှောက်ရင်း နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေး ကြည့်နေသည်။

ယင်စွမ်းအင် အရည်အသွေးက တဖြည်းဖြည်း တိုးတက်လာသည်။ ကောင်းမွန်ယင် အဆင့် (၆)၊ (၇)၊ (၈)…

ဒီလိုနှင့် ရှေ့ဆက်လျှောက်ရင်း (၄)ရက်မြောက် နေ့တွင် မြို့ပျက်ကြီး၏ အတွင်းကျကျ နေရာ တစ်ခုသို့ ဝမ်လင်း ရောက်နေသည်။ သူ၏ ခန့်မှန်းချက်အရ ဤနေရာသည် မြို့၏အလယ် ဖြစ်နိုင်သည်။ အလယ်မဟုတ်လျှင်တောင်မှ အလယ်နှင့် ဤနေရာသည် အများကြီး ဝေးမည် မဟုတ်ချေ။

ဤနေရာတွင် နက်သော ချိုင့်တွင်းများ ရှိနေပြီး မိုးရေများဖြင့် ပြည့်နေသည်။ ထို့အပြင် ထူးဆန်းသော မြွေများလည်း ရှိနေသည်။

ဤနေရာမှ အပျက်အစီးများက ပိုပြီးတော့ပင် ပျက်စီးနေ၏။ ပေ(၁၀) အထက်ကျော်သော အဆောက်အဦပျက် တစ်ခုပင် ရှိမနေချေ။ ဘေးတွင်တော့ မြက်ပင်များ ဖုံးလွှမ်းနေသော ရွှံ့ညွှန်တစ်ခု ရှိနေသည်။

ဝမ်လင်းက အလယ်နားထိ ရောက်နေသော်လည်း ယင်စွမ်းအင် အရည်အသွေးက သိပ်သည်း ယင်အဆင့်သို့ပင် မရောက်သေးပေ။

(၅)ရက်မြောက် ညတွင် သူက ရွှံ့ညွှန်မှဖြတ်ပြီး အဆောက်အဦကြီးများ ရှေ့တွင် ရောက်နေသည်။ အဆောက်အဦးများက ပျက်စီး ပြိုလဲနေသော်လည်း ယခင်က မည်မျှ ခမ်းနားခဲ့သလဲ ဆိုတာကို အလွယ်တကူ သိမြင်နိုင်သည်။

သူ့မျက်လုံးကို ဖမ်းစားနိုင်သည့် အရာကတော့ မီတာ (၁၀၀၀)ခန့်ကျယ်ပြီး မီတာ (၁၀၀)ခန့် နက်သော တွင်းကြီး တစ်ခုကို ဖြစ်သည်။

ထိုကြီးမားသော တွင်းကြီးသည် အလွန် ထူးဆန်း၏။ သာမန်ဆိုလျှင် တွင်းကြီးထဲတွင် မိုးရေများဖြင့် ပြည့်နေသင့်သည်။ သို့သော်လည်း တွင်းကြီးထဲတွင် ရေတစ်စက်မှ ရှိမနေချေ။

ဝမ်လင်းက အနီးကပ် ကြည့်လိုက်သောအခါ ညအချိန် ဆိုသော်လည်း အောက်ခြေတွင် ပျားအုံ ကဲ့သို့ အပေါက်များ ရှိနေသည်ကို မြင်လိုက်ရ၏။

ဝမ်လင်းက တွင်းဘေးတွင် ရောက်သောအခါ အလင်းလုံး (၂)လုံးကလည်း တစ်လုံးတည်း အဖြစ် ပေါင်းစပ်သွားပြီး (၃)လုံးအဖြစ် ပြန်ကွဲသွား၏။ အလင်းလုံး (၃)လုံး၏ အဓိပ္ပာယ်မှာ သိပ်သည်း ယင်အဆင့်သို့ ရောက်သွားပြီ ဖြစ်ကြောင်း အမှတ်အသား ဖြစ်သည်။

ဝမ်လင်း၏ မျက်လုံးက အရောင်တောက်သွားပြီး နောက်ကို အနည်းငယ် ဆုတ်လိုက်ရာ အလင်းလုံး (၃)ခုက ပြန်ပေါင်းစပ်သွားပြီး နှစ်ခုအဖြစ် ပြန်ကွဲထွက် သွား၏။

တွင်းကြီးထဲတွင် သိပ်သည်း ယင်စွမ်းအင် ရှိနေပြီး အပြင်ဘက်မှ ယင်စွမ်းအင်များက သိပ်သည်း ယင်အဆင့်သို့ မရောက်သေးကြောင်း နားလည်လိုက်သည်။

ဝမ်လင်းက တွင်းထဲသို့ ဆင်းမသွားသေးဘဲ ဘေးတွင် ထိုင်ချကာ စဉ်းစားလိုက်ပြီး မနက်ခင်း အထိ စောင့်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။

သိပ်မကြာမီ နေက ထွက်လာသည်။ ယင်စွမ်းအင်များကလည်း ပျောက်ကွယ်သွား၏။ ထိုအခါ ဝမ်လင်းက တွင်းကြီးထဲသို့ ခုန်ချလိုက်သည်။ ခြေထောက်က အောက်ခြေသို့ ကျသည်နှင့် ဓားစိမ်းလေးကို ထုတ်လိုက်၏။

ဝမ်လင်းက တွင်းအောက်ခြေရှိ အပေါက်များကို ကြည့်လိုက်သည်။

ထိုအပေါက်များက မည်မျှ နက်သည်ကို မသိသော်လည်း ကျလာခဲ့သည့် မိုးရေ အားလုံးသည် ထို အပေါက်များထဲသို့ ရောက်သွားခြင်း ဖြစ်ရမည်ဟု ခန့်မှန်းလိုက်သည်။ ဝမ်လင်းက အပေါက်နားကို သွားပြီး စမ်းကြည့်လိုက်ရာ ထိုအပေါက်များသည် စိုထိုင်းထိုင်း ဖြစ်နေသည်ကို တွေ့လိုက်ရပြီး သူ၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်၏။

သူ၏ အနီးအနား တစ်ဝိုက်ကို စစ်ဆေးကြည့်ရာ အန္တရာယ် တစ်ခုကိုမှ မတွေ့ရချေ။ ထို့ကြောင့် သူက ခြေချိတ်ထိုင်ပြီး ညအချိန်ကို စောင့်နေလိုက်သည်။

ညအချိန်သို့ ရောက်လာသောအခါ ယင်စွမ်းအင် များကလည်း ထွက်ပေါ်လာသည်။

ဝမ်လင်း ဖန်တီးလိုက်သော အလင်းလုံးသည်လည်း တစ်ခုမှ နှစ်ခု၊ နှစ်ခုမှ သုံးခုထိ ရောက်သွား၏။

အချိန်က ညသန်းခေါင်ကို မရောက်သေးသော်လည်း ယင်စွမ်းအင် အရည်အသွေးက သိပ်သည်း ယင်အဆင့် (၁)သို့ ရောက်နေလေပြီ။

ဝမ်လင်း၏ မျက်နှာတွင် ပျော်ရွှင်သော အမူအရာများ ပေါ်လာပြီး ပတ်ဝန်းကျင်ကို နတ်ဘုရား စိတ်အာရုံဖြင့် ကြည့်ရှု စစ်ဆေးလိုက်ရာ အပေါက်များထဲမှ ယင်စွမ်းအင်များက ပတ်ဝန်းကျင်ရှိ ယင်စွမ်းအင်များနဲ့ ပေါင်းစပ်သွားသည်ကို တွေ့လိုက်ရသည်။

အချိန်များက ကုန်ဆုံးလာပြီး ယင်စွမ်းအင် အရည်အသွေးကလည်း သိပ်သည်း ယင်အဆင့်(၂) ထိ ရောက်သွား၏။ ညသန်းခေါင် အချိန်သို့ ရောက်သောအခါ သိပ်သည်းယင် အဆင့်(၅)ထိ ရောက် သွား၏။

ဝမ်လင်းက နောက်ထပ်စောင့်ကြည့် မနေတော့ဘဲ ကျင့်ကြံမှုကို စတင်လိုက်သည်။

ယင်စွမ်းအင်များက ရင်ဘတ်ဆီသို့ စုပ်ယူလိုက်ပြီးနောက် ယခင်ကနှင့် ကွဲပြားသွားသော တစ်ချက်ကို သတိပြုမိလိုက်သည်။ ယင်စွမ်းအင်များ၏ သန့်စင်မှုက ယခင်ကထက် (၁၀)မက သန့်စင် လာခြင်း ဖြစ်သည်။

အရည်အသွေး ပြောင်းလဲမှုက အရည်အတွက်ကိုလည်း ပြောင်းလဲ သွားစေသည်။ ယခု တစ်မိနစ် စုပ်ယူခြင်းသည် ယခင် (၁၀)မိနစ် စုပ်ယူခြင်းထက် ပိုကောင်းနေသည်။

မကြာမီ ရင်ဘတ်တွင် ယင်စွမ်းအင် စုပ်ဝဲ ဖြစ်ပေါ်လာပြီး လျင်မြန်စွာ လှည့်ပတ်လာသည်။ စုပ်ဝဲက မြန်ပြီးရင် မြန်လာကာ တဖြည်းဖြည်း ကြီးထွားလာသည်။

တဖြည်းဖြည်းနှင့် ပေ(၁၀၀) ပတ်လည်အတွင်းရှိ ယင်စွမ်းအင်များက ဝမ်လင်းဆီသို့ အရူးအမူး တိုးဝင် လာကြ၏။ မကြာမီ ယင်စွမ်းအင် စုပ်ဝဲက ပေ(၁၀၀၀) အချင်းဝက်ထိ ရှိလာ၏။

စုပ်ဝဲက ကြီးလာရင်းဖြင့် ပေ(၁၅၀၀) အချင်းဝက်ထိ ရောက်သွားသည်။ နောက်ထပ် ကြီးလာရင်း (၁၀)ကီလိုမီတာ အချင်းဝက်ထိ ရောက်သွားပြီး ဆက်လက် ကြီးမားလာရာ ဝမ်လင်းက စုပ်ဝဲသည် နောက်ထပ် ဆက်ကြီးမားလာပါက ထိန်းချုပ်နိုင်တော့မည် မဟုတ်ကြောင်း ခံစားမိသဖြင့် ချီပင်လယ်၌ ပထမ ချိုးဖြတ်မှုကို စတင် ကြိုးစားလိုက်သည်။

ယင်စုပ်ဝဲက လည်နေသော ဓားသွားကဲ့သို့ ချီပင်လယ်ကို ပွင့်သွားစေရန် အပြင်းအထန် ရိုက်ခတ်နေသည်။ တဖြည်းဖြည်းဖြင့် ချီပင်လယ်က ပွင့်တော့မည့် လက္ခဏာ ပြလာသည်။

တစ်နာရီခန့် ကြာပြီးနောက် ချီပင်လယ်က ဆက်လက်ပြီး တောင့်မခံနိုင်တော့ဘဲ ပွင့်သွား၏။

ချီပင်လယ်ထဲမှ လူသားစွမ်းရည်များက မီးတောင်ကဲ့သို့ ပွင့်ထွက်လာပြီး ယင်စွမ်းအင်များနှင့် ရောနှောသွားကာ အနက်ရောင် စုပ်ဝဲတစ်ခု ဖြစ်ပေါ်သည်။

တန်းထျန်းထဲမှ စိတ်စွမ်းအင်များသည် လှုပ်လှုပ်ရှားရှား ဖြစ်လာကာ အနက်ရောင် စုပ်ဝဲဆီသို့ ရွေ့လျားသွားပြီး စိတ်စွမ်းအင်များကို ယင်အားက ဝါးမျိုလိုက်၏။

အနက်ရောင်စုပ်ဝဲ ဖြစ်ပေါ်လာသည့် အချိန်တိုင်း ဝမ်လင်း၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင် အားလုံးသည် အနက်ရောင် စုပ်ဝဲ၏ ဝါးမျိုခြင်းကို ခံရပြီး သူ၏ စွမ်းအင်များသည် အားကောင်း သည်ထက် အားကောင်းလာသည်။

ထိုအချိန်တွင် ဝမ်လင်း၏ ချီပင်လယ်ထဲတွင် နီဘူလကဲ့သို့ နေရာတစ်ခု ပေါ်လာပြီး အပြာရောင် စိတ်စွမ်းအင် လှိုင်းများကို ထုတ်လွှတ်လိုက်သည်။

ဝမ်လင်းက သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များသည် အလွန် ထူးဆန်းနေသကဲ့သို့ ခံစားလိုက်ရပြီး ဘေးနားရှိ ကျောက်တုံးကို လက်ဖြင့် ကိုင်ကြည့်လိုက်၏။

အပြာရောင် အလင်းတစ်ခုက ဖျတ်ခနဲ လက်သွားပြီး ကျောက်တုံးတစ်ခုလုံး ခဲသွား၏။

ဝမ်လင်းက အသက်ဝအောင် ရှူလိုက်ပြီး ကျောက်တုံးကို ကန်လိုက်သည်။ ထိုအခါ ကျောက်တုံးက ကွဲကြေသွား၏။ ထိုကျောက်တုံး အပိုင်းအစများကို သေသေချာချာ စစ်ဆေး ကြည့်လိုက်သောအခါ ကျောက်တုံး၏ ဖွဲ့စည်းပုံက ပြောင်းလဲနေသည်ကို တွေ့လိုက်ရသည်။ ကျောက်တုံးနှင့် မတူတော့ဘဲ ရေခဲတုံးနှင့် ပိုတူနေသည်။

သူ၏ စိတ်စွမ်းအင်နှင့် ဆိုလျှင် ကျောက်တုံးကို ခဲအောင် မလုပ်နိုင်ချေ။ သို့သော်လည်း လက်နှင့် ထိလိုက်သည်နှင့် ကျောက်တုံးက ခဲသွား၏။

သူက ယင်စွမ်းအင်များကို စုပ်ယူပြီးနောက်တွင် သူ၏ စိတ်စွမ်းအင်များက ကြီးကြီးမားမား ပြောင်းလဲ သွားသည်ကို သူမသိချေ။

ရှေးခေတ်က ကျင့်ကြံခြင်း လောကထဲ၌ အဆင့်တူ ကျင့်ကြံသူများ ထဲတွင် အဆင့်များ ခွဲခြား ထားသေး၏။ စိတ်စွမ်းအင် အဆင့်များအတွက် ဂျိ၊ တောက်၊ ရှီ ဆိုသည့် နယ်ပယ်သုံးမျိုး ရှိ၏။

ထိုနယ်ပယ်သုံးမျိုးသည် အစဉ်လိုက် ပုံစံမျိုး စီထားခြင်း မဟုတ်ပေ။ နယ်ပယ် တစ်ခုခုထဲကို ဝင်သွားသည်နှင့် နောက်နယ်ပယ် တစ်ခုကို ပြောင်းလို့ မရတော့ချေ။

နယ်ပယ်သုံးခုကို ဝင်ရောက်နိုင်ရန် မခက်ခဲသော်လည်း လွယ်လည်း မလွယ်ကူပေ။

ရှေးခေတ်က ကျင့်ကြံသူများသည် ဂျိနယ်ပယ်ကို မရွေးချယ်ချင်ကြပေ။ ဂျိနယ်ပယ်သည် တိုက်စစ်တွင် စွမ်းအားကောင်းသလောက် အားနည်းချက် အလွန်များသည်။ ဂျိနယ်ပယ်ကို ရွေးချယ် လိုက်သည့် ကျင့်ကြံသူသည် စဦး စိတ်ဝိညာဉ်အဆင့်မှ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရှိရန် အင်မတန် ခက်ခဲလှသည်။

စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သည် ကမ္ဘာကြီးနှင့် တစ်သားတည်း ကျရန် လိုအပ်သည်။

ထို့သို့ အားနည်းချက် အကြီးကြီး ရှိနေသော်လည်း အကျိုးကလည်း အလွန် ကောင်းမွန်သည်။ ဂျိနယ်ပယ်ကို ရွေးချယ်ထားသော ကျင့်ကြံသူများကို တခြားအဆင့်တူ ကျင့်ကြံသူများက မယှဉ်နိုင်ကြချေ။

ဂျိနယ်ပယ်ကို ရွေးချယ်ထားသော ကျင့်ကြံသူများသည် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရှိရန် အခွင့်အရေး မရှိသော်လည်း စဦး စိတ်ဝိညာဉ်အဆင့် အထွတ်ထိပ်ကို ရောက်သည်နှင့် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်အောက်တွင် ပြိုင်ဘက်ကင်း ဖြစ်ပြီဟု ပြော၍ရသည်။

ထို့အပြင် ကျင့်စဉ်အဆင့် မြင်လာသည်နှင့် ဂျိနယ်ပယ် ကျင့်ကြံသူများသည် မှော်ရတနာများကို မလိုအပ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ဂျိနယ်ပယ် စိတ်စွမ်းအင်များသည် စိတ်စွမ်းအင် အမျိုးအစားများတွင် စွမ်းအား အပြင်းဆုံး စိတ်စွမ်းအင်များ ဖြစ်သောကြောင့် ဖြစ်၏။

တောက်နယ်ပယ်ကတော့ ကျင့်ကြံသူ အားလုံး၏ အိပ်မက်တစ်ခု ဖြစ်သည်။ သူတို့၏ စိတ်စွမ်းအင်များက တောက်နယ်ပယ် အတွင်းသို့ ဝင်သွားသည်နှင့် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရှိရန် အလွန် လွယ်ကူသွားသောကြောင့် ဖြစ်၏။

ထို့ကြောင့် တောက်နယ်ပယ်သည် ကျင့်ကြံသူများ အလိုချင်ဆုံး နယ်ပယ် ဖြစ်သည်။

ရှီနယ်ပယ်ကတော့ ဂျိနယ်ပယ်က သေဆုံးသွားလျှင် ရှီနယ်ပယ်က အသက်ရှင်သွားလိမ့်မည်။ ရှီနယ်ပယ်သည် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်အောက် ကျင့်ကြံသူများ နားလည် သဘော ပေါက်နိုင်သည့် နယ်ပယ်တစ်ခု မဟုတ်ပေ။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူများ တောင်မှ ရှီနယ်ပယ်ကို ရရှိရန် ဆုတောင်းနေတတ်ကြသည်။

စိတ်စွမ်းအင် နယ်ပယ်သုံးခုသည် ရရှိရန် ခက်ခဲသည့်အတွက် တဖြည်းဖြည်း အချိန်တွေ ကြာလာသည်နှင့်အမျှ စိတ်စွမ်းအင် နယ်ပယ်သုံးခု အကြောင်းကို ကျင့်ကြံသူများ မေ့ပျောက် သွားကြ၏။

ယခုခေတ် ကျင့်ကြံသူများသည် စိတ်စွမ်းအင်ကို အဓိက ထည့်မတွက်တော့ဘဲ ကျင့်ကြံခြင်း အဆင့်ကိုသာ စိတ်ထဲ ထည့်ထားကြသည်။

ယင်စွမ်းအင်များကို အများအပြား စုပ်ယူခဲ့ခြင်းကြောင့် သူ၏ စိတ်စွမ်းအင်များက ဂျိနယ်ပယ်ထဲသို့ ဝင်ရောက်သွားကြောင်း သူ မသိချေ။

ထိုသို့ ဖြစ်ရခြင်းမှာ တစ္ဆေလောက ပျံတက်ခြင်း ကျင့်စဉ်သည် ဂျိနယ်ပယ်ကို ဝင်ရောက် စေနိုင်သည့် ကျင့်စဉ် အနည်းငယ်ထဲမှ တစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။

သို့သော်လည်းပဲ စစ်ထူနန်ပေးခဲ့သော ကျင့်စဉ်သည် ရှေးခေတ်က မူရင်းကျင့်စဉ် မဟုတ်ပေ။ အချိန်တွေ ကြာလာသည်နှင့်အမျှ တချို့ကျင့်စဉ် အစိတ်အပိုင်းများက ပျောက်ဆုံး ကုန်သည့်အတွက် ကျင့်စဉ်ကို အောင်မြင်ခဲ့သူများက ပြန်လည် ဖြည့်စွက်ထားသည့် ကျင့်စဉ်သာ ဖြစ်သည်။

ဝမ်လင်းအတွက်ကတော့ သူ၏ စိတ်စွမ်းအင်များ ဂျိနယ်ပယ်သို့ ဝင်ရောက်သွားရခြင်း၏ အဓိက အကြောင်းရင်းမှာ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ ဖြစ်၏။

ဝမ်လင်းက လက်ချောင်းလေးများကို ကြည့်ပြီး မျက်လုံးက အရောင်တောက်သွား၏။ ထိုအချိန်တွင် သူက ခေါင်းကို မော့ကြည့်လိုက်ပြီး တွင်းပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို မျက်လုံး ကစားလိုက်ရာ သူ့ဆီသို့ လျင်မြန်စွာ ပြေးလာနေသော အပြာရောင် အသားရေနှင့် ထူးဆန်းသော လူကို တွေ့လိုက်သည်။

(မှတ်ချက်။ ။ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီးသွားတဲ့ စွမ်းအင်တွေ အားလုံးကို စိတ်စွမ်းအင်လို့ ရေးထားပါတယ်… ခန္ဓာကိုယ်နဲ့ မပေါင်းစပ်ရသေးတဲ့ စွမ်းအင်တွေကိုတော့ အမျိုးအစားခွဲပြီး ရေးပါတယ် … ဥပမာ= ယင်စွမ်းအင်လိုမျိုးပေါ့… အပြင်မှာတော့ ယင်စွမ်းအင်လို့ ရေးထားပေမဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ပြီးသွားရင် အဲဒီလူရဲ့ စိတ်စွမ်းအင် ဖြစ်သွားပါတယ်.. အဲဒီလိုပုံစံမျိုးပါ… တချို့လူတွေ လည်နေမှာ စိုးလို့ ပြောထားတာပါ… မူရင်းမှာလည်း အဲဒီလိုပဲ ရေးထားတာပါ…)

***

Comment

Leave a Reply

Options

not work with dark mode
Reset