ဝမ်လင်းက အေးစက်စွာ ပြောလိုက်သည်… “ငါက ဒီမှာ လေ့ကျင့်နေတာ… ဒါကြောင့် မလိုအပ်ပဲ ပြဿနာတွေ မဖန်တီးချင်ဘူး… မင်းလည်း ပြန်သွားလိုက်ပါ… ငါ့ကို နောက်တစ်ခါ လာမနှောင့်ယှက်ပါနဲ့… ဒီကိစ္စကို ဒီမှာပဲ မေ့လိုက်ရအောင်… “
ထူးဆန်းသောလူက ပဟေဠိ ဖြစ်နေသော အမူအရာဖြင့် ဝမ်လင်းနားမလည်သော စကားများကို ပြောလိုက်သည်။ သူတို့နှစ်ယောက် ဖြစ်နေပုံက ဝမ်လင်းကလည်း သူ့စကား နားမလည်သကဲ့သို့ သူကလည်း ဝမ်လင်း၏ စကားကို နားမလည်ပေ။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး ကျိုးပဲ့နေသော နံရံတစ်ခုဆီသို့ ဖြည်းဖြည်းချင်း တိုးကပ် သွားလိုက်၏။ ဝမ်လင်း လှုပ်ရှားလာသည်ကို မြင်ပြီး ထူးဆန်းသောလူက သတိထားသည့် အနေအထား ဖြစ်သွားသည်။
ဝမ်လင်းက ညာလက်ကို ဝှေ့ယမ်းပြီး နံနံပေါ်တွင် တစ်စုံတစ်ခုကို ရေးဆွဲလိုက်သည်။ ထူးဆန်းသောလူက ဝမ်လင်း၏ လက်ချောင်းလေးများကို စိုက်ကြည့်နေပြီး သူ့မျက်နှာက နားလည်သည့် အမူအရာနှင့် ဖြစ်၏။
ဝမ်လင်းက အလျင်အမြန် ယခုရောက်နေသည့် နေရာကို ပုံကြမ်းဆွဲလိုက်ပြီး ပျက်စီးနေသည့် နေရာတစ်ခုလုံး၏ အလယ်တွင် စည်းတားလိုက်သည်။
ထို့နောက် ဝမ်လင်းက ထူးဆန်းသောလူကို လက်ညှိုးထိုးပြပြီး ပုံ၏ညာဘက် ခြမ်းကိုလည်း ထိုးပြလိုက်သည်။ ထို့နောက် သူ့ကိုယ်သူ လက်ညှိုးထိုးပြီး ဘယ်ဘက်ခြမ်းကိုလည်း ထိုးပြလိုက်သည်။ ထို့နောက် တားထားသည့် စည်းကို ညွှန်ပြပြီး တင်းမာခက်ထန်စွာ ပြောလိုက်သည်။
“မင်း ငါ့ဘက်ကို ကျော်လာရင်… ငါ့ရဲ့ စိတ်စွမ်းအင်ကို အကုန်သုံးပြီး မင်းကို ရအောင် သတ်မယ်…“
ထူးဆန်းသောလူက အံ့အားသင့်နေပြီး သူ့ရင်ဘတ်ကို ပွတ်ကြည့်လိုက်သည်။ သူ့မျက်လုံး ထဲတွင်လည်း ကြောက်လန့်သော အရိပ်အယောင်များ ပေါ်လာ၏။ ထို့နောက် သူက ဓားကို ကြည့်လိုက်ပြီး ထူးဆန်းသော အသံဖြင့် ပြောလိုက်သည်။
ဝမ်လင်း မျက်မှောင် ကြုတ်သွား၏။ ထူးဆန်းသော လူက သူပြောသည့် စကားကို ချူးယန် နားမလည်သည်ကို မြင်သွားပြီး ဗျာများနေသည့် အမူအရာဖြင့် လက်ကို ခါယမ်း ပြလိုက်သည်။ သူက ရုတ်တရက် သူ့ခေါင်းကို ရိုက်လိုက်ပြီး ဘေးနားရှိ နံရံတစ်ခုကို လက်သီးနှင့် ထိုးလိုက်သည်။ ထို အခိုက်အတန့်တွင် သူ့ကိုယ်မှ သင်္ကေတများက လင်းလက်လာပြီး နံရံက ပြိုကျသွား၏။
သူက နံရံမှ ပြိုကျသွားသော ကျောက်တုံး ကျောက်ခဲများကို ကောက်ယူလိုက်ပြီး အနည်းငယ် စဉ်းစားလိုက်သည်။ ထို့နောက် သူက ကျောက်တုံးများကို မြေပြင်ပေါ်တွင် ချကာ ဝမ်လင်းကို ကြည့်ပြီး ထူးဆန်းသော စကားများ ပြောလိုက်ပြန်သည်။
ဝမ်လင်း၏ မျက်နှာက အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူက လေထဲတွင် လှမ်းဆွဲလိုက်သည့် ပုံစံလုပ်လိုက်ရာ ချက်ချင်း ထူးဆန်းသော လူနားမှ ကျောက်တုံးအားလုံးက ဘေးတွင် အစီအစဉ်တကျ စီထားသကဲ့သို့ ဖြစ်သွား၏။ ထို့နောက် ညာဘက်လက်ဖြင့် အစီအရင် တစ်ခုကို ဖန်တီးပြီး အလင်းရောင် တစ်ခုကို ပစ်လွှတ်လိုက်သည်။ မကြာမီ ကျောက်တုံးများ တစ်ဝိုက်တွင် မြူများက ပြန်လည်ဖွဲ့စည်းလာ၏။
ဝမ်လင်းက ထူးဆန်းသောလူကို စိုက်ကြည့်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။
“မင်းပြောချင်တာ ဒီစိတ်ထွေပြား ဝင်္ကပါအစီအရင်လား… “
ထူးဆန်းသော လူ၏မျက်နှာတွင် စိတ်လှုပ်ရှားသည့် အမူအရာများ ပေါ်လာပြီး လက်ကို ဝှေ့ယမ်းလိုက်ကာ သူ့ရင်ဘတ်ကို ပြန်ရိုက်လိုက်သည်။ ရုတ်တရက် သူ့ကိုယ်က တောက်ပလာ၏။ မြေပြင်ကလည်း တုန်ခါလာပြီး ဝင်္ကပါ အစီအရင်ချထားသော ကျောက်တုန်းများ ရှိရာ မြေပြင်သည် လေထဲသို့ မြောက်တက်လာ၏။ မြေပြင်တွင်လည်း ကျောက်တုံးများ ရှိရာနေရာတွင် မြေပြင်ပေါ်တွင် ကြီးမားသော အပေါက်ကြီး ဖြစ်ကျန်ခဲ့သည်။
စိတ်ထွေပြား ဝင်္ကပါ အစီအရင် အသေးက တောင်အသေး တစ်လုံးကဲ့သို့ ထူးဆန်းသော လူ၏ ဦးခေါင်းထက်တွင် လွင့်မျောနေသည်။ သူက ဝမ်လင်းကို ခေါင်းညိတ်ပြပြီး အလျင်အမြန် ထွက်သွား၏။ တော်တော်ဝေးဝေးသို့ ရောက်သောအခါ သူက ရပ်လိုက်ပြီး ဝမ်လင်းကို လှည့်ကြည့်ကာ စကားတချို့ အော်ပြောလိုက်သည်။ ထို့အပြင် အမူအရာတချို့ ကိုပါ လုပ်ပြပြီး အဝေးသို့ ပျောက်ကွယ်သွား၏။
ဝမ်လင်းက ပျောက်ကွယ်သွားသော ထူးဆန်းသောလူကို စိုက်ကြည့်နေမိသည်။ ထူးဆန်းသော လူ၏ အဆောင်စာရွက်များက အလွန် အစွမ်းထက်လွန်းသည်။ ဖြစ်နိုင်လျှင် ထူးဆန်းသော လူနှင့် သေသေကြေကြေ မတိုက်ခိုက်ချင်ပေ။
ထိုအကြောင်းကို တွေးနေစဉ်မှာပင် သူ၏ အမူအရာက ပြောင်းလဲသွား၏။ သူ့ဘေးမှ ဓားကိုလည်း အသင့်ပြင်ထားလိုက်သည်။ သူ၏ မျက်လုံးများကလည်း သတ်ဖြတ်ချင်စိတ် အပြည့်နှင့် ဖြစ်သည်။ ထူးဆန်းသောလူက ပြန်လာနေသည်။
ဝမ်လင်းက ထူးဆန်းသောလူကို ကြည့်ပြီး ခက်ထန်စွာ ပြောလိုက်သည်။
“မင်းက သေချင်နေပြီလား… “
ထူးဆန်းသောလူက ရပ်တန့်လိုက်၏။ သူ့လက်ထဲတွင် လုံးဝန်းသော အရာတစ်ခုကို ကိုင်ထား၏။ သူက လက်ကို ယမ်းပြပြီး ရှင်းပြရန် ကြိုးစားလိုက်သည်။ ဝမ်လင်း၏ သတ်ဖြတ်ချင် စိတ်များဖြင့် ပြည့်နေသော မျက်လုံးကို မြင်ပြီး သူက လုံးဝန်းသော အရာဝတ္ထုကို ဝမ်လင်းဆီသို့ ပစ်ပေး လိုက်သည်။
ဝမ်လင်းက နောက်သို့ အနည်းငယ် ဆုတ်လိုက်၏။ ထူးဆန်သောလူက အားအနည်းငယ်ပင် ထည့်ပြီး မပစ်လိုက်သည့်အတွက် မြေပြင်ပေါ်သို့ ကျပြီး အနည်းငယ် လိမ့်သွားကာ ဝမ်လင်း၏ ရှေ့တွင် ရပ်တန့်သွားသည်။
ထို့နောက် ထူးဆန်းသောလူက ဝမ်လင်းကို ပြုံးပြပြီး ထွက်သွား၏။
ဝမ်လင်းက ပျောက်ကွယ်သွားသော ထူးဆန်းသောလူကို ကြည့်လိုက်ပြီး လုံးဝန်းသော အရာလေးကို အောက်သို့ ငုံ့ကြည့်လိုက်သည်။
အချိန်သည် နေရောင်ပင် ထွက်လာနေပြီ ဖြစ်သည်။ လုံးဝန်းသော အရာဝတ္ထုလေးသည် လက်သီးဆုပ်၏ (၁၀)ပုံ (၁)ပုံခန့်သာ ရှိသော ကျောက်တုံးလေး ဖြစ်သည်။ ကျောက်တုံးပေါ်တွင် ဖုန်မှုန်များ ကပ်နေပြီး အက်ကွဲရာ တချို့လည်း ရှိ၏။ ကျောက်တုံးကို ကြည့်ပြီး ဝမ်လင်းက အနည်းငယ် အံ့အားသင့်သွား၏။ သူက မြေပြင်ပေါ်မှ ကျောက်တုံးကို ကောက်ယူပြီး နေရောင်နှင့် သေချာ လှည့်ပတ်ပြီး ကြည့်လိုက်သည်။
ကျောက်တုံးမှ သေးငယ်သော စိတ်စွမ်းအင် ငွေရောင်လေးက ယိုစိမ့်ပြီး ထွက်နေသည်။
“ဒါက ရတနာတစ်ခုလား… “
သူက မှင်တက်သွားပြီး နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီး စိတ်စွမ်းအင် အနည်းငယ်ကို ကျောက်တုံးထဲ ပို့လွှတ် ကြည့်လိုက်၏။
ရုတ်တရက် ကျောက်တုံးမှ အဖြူရောင် မီးခိုးများ ထွက်လာပြီး အဘိုးကြီး တစ်ယောက်၏ပုံစံ ပေါ်လာသည်။ ထိုလူကြီးထံမှ အန္တရာယ်ရှိသော အော်ရာကို ဝမ်လင်း ခံစားမိသည်။ အဘိုးကြီးက ဝမ်လင်းကို စိုက်ကြည့်ပြီး သရော်ပြုံးဖြင့် ပြုံးလိုက်သည်။
“မင်းက ဒီအဘိုးကြီးကို တိုက်ခိုက် ရဲတယ်ပေါ့… “
ဝမ်လင်းလည်း အံ့ဩသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ အဘိုးကြီးကို သေသေချာချာ ကြည့်လိုက်ပြီးနောက် အဘိုးကြီးသည် ချီစုစည်းခြင်း အဆင့် အလွှာ (၁၅) ကိုသာ ရောက် သေးကြောင်း သိလိုက်ရသည်။ သူက နှာခေါင်းကို ပွတ်လိုက်ပြီး ကျောက်တုံးထဲသို့ စိတ်စွမ်းအင်များ ပိုမို ထည့်လိုက်၏။
စိတ်စွမ်းအင်များ ကျောက်တုံးထဲကို ထည့်လိုက်သည်နှင့် အဘိုးကြီး၏ စိတ်စွမ်းအင် များက လည်း မြင့်တက်သွားပြီး ခန္ဓာကိုယ်သန့်စင်ခြင်း အလယ်အဆင့်သို့ ရောက်သွား၏။ အဘိုးကြီးက လေထဲတွင် မျောနေရင်း ပြောလိုက်သည်။
“မင်းက ဒီအဘိုးကို တိုက်ရဲတာလား… “
ဝမ်လင်း အလွန်ကို အံ့အားသင့်သွားသည်။ ကျောက်တုံးကို ဘယ်လို အသုံးပြုရမလဲ သူမသိချေ။ ထို့ကြောင့် စိတ်စွမ်းအင်များ ကျောက်တုံးထဲသို့ ပိုမို ထည့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အဘိုးကြီး၏ မျက်လုံးများက တောက်ပလာပြီး သူ၏ အော်ရာကလည်း လျင်မြန်စွာ မြင့်တက် လာသည်။ ထို့နောက်တွင်မူ အဘိုးကြီး မည်သည့်အဆင့်သို့ ရောက်သွားလဲ ဝမ်လင်းတောင်မှ မသိ နိုင်တော့ပေ။ သို့သော်လည်း အဘိုးကြီး၏ အကြည့် တစ်ချက်နှင့်တင် ဝမ်လင်း ကြောက်လန့်စိတ်များ ဖြစ်ပေါ်လာသည်။ အဘိုးကြီးက အသက်ရှူထုတ်လိုက်ပြီး ပြိုင်ဘက်ကင်း အော်ရာကို ထုတ်လွှတ် လိုက်သည်။ ထို့နောက် အဘိုးကြီးက လက်ကို နောက်ပစ်ပြီး ပြောလိုက်သည်။
“အမြုတေ ဖွဲ့တည်ခြင်း အဆင့်အောက်က လူတွေက ငါ့ကို ထိခိုက်အောင် မတိုက်နိုင်ဘူး… မမြင်ချင်ဘူး… ထွက်သွားစမ်း… “
ဝမ်လင်းက စိတ်စွမ်းအင်များ ပို့လွှတ်မှုကို ရပ်ဆိုင်းလိုက်ပြီးနောက် အဘိုးကြီးကလည်း လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အငွေ့များက ကျောက်တုံးထဲသို့ ပြန်လည်ဝင်ရောက် သွား၏။ မီးခိုးငွေ့များ ပြန်လည်ပျောက်ကွယ် သွားသည်နှင့် ကျောက်တုံးပေါ်တွင် အက်ရာတစ်ခု ထပ်ပေါ် လာသည်။
ဝမ်လင်းက ကျောက်တုံးကို စိုက်ကြည့်ပြီး အံ့အားသင့်နေသည်။ ဝမ်လင်းက ကျောက်တုံးက မည်သည့် ရတနာပစ္စည်း ဖြစ်သည်ကို မှန်းဆ နိုင်သွားပြီ ဖြစ်သည်။ ကျောက်တုံးက ပုံရိပ်ယောင် မှော်ရတနာ တစ်ခုဖြစ်ပြီး ပုံရိပ်ယောင်သည် အစစ်နီးပါး တူညီနေသည်။ အဘိုးကြီးပြောသည့် စကားများကို ထည့်မတွက် လျှင်တောင် အဘိုးကြီးထံမှ ထွက်လာသော အော်ရာများနှင့်တင် ပြည့်စုံတဲ့ ပုံရိပ်ယောင်တစ်ခု ဖြစ်နေလေပြီ။ ထို့အပြင် နောက်ဆုံးပြောလိုက်သော စကားလုံးများသည် လွန်စွာ ပီပြင်လှသည်။
ဝမ်လင်းသာ ကျောက်တုံးကို မရရှိခဲ့ပါက အဘိုးကြီး၏ အော်ရာနှင့် ဟန်ပန်ကို ကြည့်ပြီး အတုဟု ပြောနိုင်မည် မဟုတ်ပေ။ အဘိုးကြီး၏ အော်ရာသည် တစ်ကယ့်ကို ဘိုးဘေးကျင့်ကြံသူ တစ်ယောက်၏ ပုံစံအတိုင်းပင် ဖြစ်သည်။
သူ၏ကျင့်စဉ် မြင့်လာသည်နှင့် ကျောက်တုံးထဲသို့ စိတ်စွမ်းအင်များ ပိုမို ထည့်သွင်း လာနိုင်မည် ဖြစ်ပြီး အဘိုးကြီး၏ စွမ်းအားကလည်း မြင့်တက်လာမည် ဖြစ်သည်။ ဒီကျောက်တုံးက တခြားလူများကို ခြောက်လှန့်ရန်အတွက် အကောင်းဆုံး ရတနာပစ္စည်း တစ်ခုဖြစ်သည်။
ဝမ်လင်းက ရတနာကို သိမ်းပြီး ရေရွတ်လိုက်သည်။
“ဒီ ထူးဆန်းတဲ့လူက တစ်ကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ… သူက ငါ့ရဲ့ စိတ်ထွေပြား ဝင်္ကပါကို ဖျက်ဆီးမိပြီး မကောင်းတတ်လို့ ဒီရတနာကို ပြန်ပေးခဲ့တာ ဖြစ်ရမယ်… “
ဒီလဲလှယ်မှုအရ ဝမ်လင်းက ထိုထူးဆန်းသော လူသည် မှော်ရတနာများကို အသုံးပြုနိုင်စွမ်း မရှိသည်ကို နားလည်လိုက်၏။ ထို့အပြင် ပျက်စီးနေသော မြို့ထဲတွင် ရတနာများ ရှိနေနိုင်သေးသည်ဟု ကောက်ချက် ချလိုက်သည်။
ယခု အချိန်တွင် ပျက်စီးနေသည့် မြို့ကြီးက ဝမ်လင်း၏ မျက်လုံးထဲတွင် ပိုင်ရှင်မရှိသော ရတနာ တစ်ခုအဖြစ် မြင်လာသည်။
“ဒီနေရာမှာ ထူးဆန်းတဲ့ အလင်းတိုင်၊ ပုံရိပ်ယောင် မှော်ရတနာနဲ့ ထူးဆန်းတဲ့ အပြာရောင်လူ… နောက်ထပ်ရော ဒီနေရာမှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေဦးမလဲ… “
ဝမ်လင်းက မေးစေ့ကို ပွတ်ပြီး စဉ်းစားလိုက်သည်။ ယခုက နေ့အချိန် ဖြစ်နေသောကြောင့် ဝမ်လင်းက ဝင်္ကပါကို ပြန်ချလိုက်ပြီး အလယ်တွင် ထိုင်ကာ ယင်စိတ်ဝိညာဉ်ရေကို သောက်ပြီးနောက် စတင် ကျင့်ကြံတော့၏။
ဒီလိုနှင့် (၂)လ ကုန်ဆုံးသွား၏။
တစ်ရက်တွင် ဝမ်လင်းက အခန်းထဲတွင် ထိုင်ပြီး ကျင့်ကြံနေသည်။ လွန်ခဲ့သည့် (၂)လလုံးလုံး ယင်စွမ်းအင်များကို စုပ်ယူပြီး လေ့ကျင့် နေသည့်အတွက် ပထမ ချိုးဖြတ်မှုကို စတင်ရန်အတွက် ယင်စွမ်းအင်များကို လုံလုံလောက်လောက် စုဆောင်ထားပြီး ဖြစ်၏။
တစ္ဆေလောက ပျံတက်ခြင်းကျင့်စဉ် တစ်ခုလုံးကို ဝမ်လင်း လေ့လာပြီး ဖြစ်၏။ ချိုးဖြတ်မှုကြီး (၃)ခုက ဘယ်လိုလဲ ဆိုတာကို ကောင်းကောင်း နားလည်နေပြီ ဖြစ်သည်။
ချိုးဖြတ်မှုအတွက် အဓိကအချက် (၃)ချက်မှာ ဝမ်းဗိုက်ရှိ တန်းထျန်း၊ ရင်ဘတ်ရှိ ချီပင်လယ်နှင့် ဘိုးဘေး ချီသွေးကြောတို့ ဖြစ်ကြ၏။
ထိုနေရာ (၃)ခုလုံးသည် အေးခဲအမြုတေ ဖြစ်လာရန် တစ်နေရာကို (၃)ကြိမ်စီ ချိုးဖြတ်ရမည် ဖြစ်သည်။ အဆင့်(၁)အတွက် တန်းထျန်းကို ဖွင့်ရမည်ဖြစ်ပြီး အဆင့်(၂)ကို ရောက်သည့်အခါ တန်းထျန်း ၌ ပွင့်နေသည်ကို ဖျက်ဆီးပစ်ပြီး ပြန်ဖွင့်ရမည် ဖြစ်သည်။
တစ္ဆေလောက ပျံတက်ခြင်း ကျင့်စဉ်၏ စည်းမျဉ်းက အရင် ဖျက်ဆီးပြီးမှ ပြန်တည်ဆောက်ကာ အစွမ်း ပိုထက်စေခြင်း ဖြစ်သည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး ပထမ ချိုးဖြတ်မှုအတွက် တန်းထျန်းထဲရှိ ယင်စွမ်းအင် များကို ကျင့်စဉ်ထဲက အတိုင်း ရွေ့လျား စေလိုက်သည်။
သူ၏ထိန်းချုပ်မှု အောက်တွင် ယင်စွမ်းအင်များ ပိုပြီး မြန်မြန်လည်ပတ် လာသကဲ့သို့ သူ၏ ဝမ်းဗိုက်မှလည်း နာကျင်မှုကို ခံစားလာရသည်။ နာကျင်မှုက ပိုပြင်းထန်လာလေ ချိုးဖြတ်ရန် နီးကပ် လာလေ ဖြစ်ကြောင်း ဝမ်လင်း သိထားသည်။
ထိုနာကျင်မှုမျိုးက သာမန်လူများ တောင့်ခံနိုင်သည့် နာကျင်မှုမျိုး မဟုတ်ပေ။ ဗိုက်ကို ဓားနှင့်ထိုးပြီး အထဲကို မွှေလိုက် သကဲ့သို့ နာကျင်မှုကို ခံစားရခြင်း ဖြစ်သည်။ အသက် အနည်းငယ် ရှူချိန်ခန့် ကြာပြီးနောက်တွင် ဝမ်လင်း၏ တစ်ကိုယ်လုံး ချွေများဖြင့် စိုရွှဲနေပြီ ဖြစ်သည်။
ယင်စွမ်းအင်များက လျင်မြန်စွာ လည်ပတ်ရင်း ဝဲကတော့ပုံစံ တစ်ခု အဖြစ်သို့ ပြောင်းသွားပြီး ပိုပိုပြီး ကြီးမားလာသည်။ အပြင်ဘက်မှသာ ဝမ်လင်းကို ကြည့်လိုက်လျှင် သူ၏ ဝမ်းဗိုက်က အစိမ်းရောင် ပြောင်းနေပြီး တစ်ကိုယ်လုံးတွင်လည်း ပါးလွှာသော နှင်းခဲလေးများ ကပ်နေသည်ကို တွေ့နိုင် ပေလိမ့်မည်။
နာကျင်မှုက ပိုပိုပြီး ဆိုးလာသဖြင့် ဝမ်လင်းက အံတင်းတင်း ကြိတ်ပြီး တောင့်ခံထားရ၏။ ရုတ်တရက် ယင်စွမ်းအင်များက သူ၏ တစ်ကိုယ်လုံးကို ဖြတ်သွား၏။
ထိုအချိန်တွင် ယင်စွမ်းအင်များ လှည့်ပတ်မှုနှင့်အတူ လေပွေကဲ့သို့ စုပ်ဝဲ တွင်းနက်ကြီး တစ်ခု ဖြစ်ပေါ်နေသည်။ ထိုစုပ်ဝဲကြီးအတွင်းသို့ ယင်စွမ်းအင်များက ရေထဲကို ခဲလုံးကျသကဲ့သို့ တစ်ဟုန်ထိုး စီးဝင်နေ၏။
မကြာမီ သူ၏ ခန္ဓာကိုယ်ထဲမှ စိတ်စွမ်းအင် များကိုလည်း စုပ်ဝဲကြီးက စတင်စုပ်ယူ လာ၏။
စုပ်ဝဲကြီးအတွင်းတွင်လည်း ပြောင်းလဲမှုများ ဖြစ်နေသည်။ တစ်ဖက်နှင့် တစ်ဖက် အမြဲလျစ်လျူ ရှုနေတတ်သည့် စွမ်းအင် (၂)မျိုးက ယခုအချိန်တွင် ထိန်းချုပ်နိုင်ရန်အတွက် တစ်ခုနှင့်တစ်ခု တိုက်ခိုက် နေကြ၏။
တဖြည်းဖြည်းနှင့် စိတ်စွမ်းအင်များက စတင်ဝါးမျိုခံရပြီး ယင်စွမ်းအင်များနှင့် ပေါင်းစပ် သွားကာ စုပ်ဝဲကြီးထဲတွင် နှေးကွေးစွာ လည်ပတ်နေသော စွမ်းအင်သစ်တစ်မျိုး ဖြစ်ပေါ် လာသည်။
***