Switch Mode

အပိုင်း (၈၈)

ထူးဆန်းသော အပြာရောင်အသားအရေနှင့်လူ

ဝမ်လင်းက ဝမ်းဗိုက်ကို စမ်းကြည့်ပြီး ရေရွတ်လိုက်သည်…

“ဘာကြောင့် တစ္ဆေလောပျံတက်ခြင်းလို့ ခေါ်လဲဆိုတာက ငါသိပြီ… “

တစ္ဆေလောကပျံတက်ခြင်း ကျင့်စဉ်က ကျင့်ကြံနေချိန်တွင် လူကို သေခြင်းနှင့် နီးကပ်နေစေသည်။ ထိုအခြေအနေတွင် ခန္ဓာကိုယ်က ယင်စွမ်းအင်များကို အလွယ်တကူ စုပ်ယူနိုင်သော်လည်း အမှားတစ်စုံတစ်ရာ လုပ်မိပါက တစ်ခါတည်း တစ္ဆေလောကကို ရောက်သွားပေလိမ့်မည်။

အမှန်တကယ်တွင် အဆင့်၆နိုင်ငံအတွင်း၌ တစ္ဆေလောက ပျံတက်ခြင်းကျင့်စဉ်ကို လေ့ကျင့်ရဲသည့်လူ အများကြီး မရှိပေ။ စစ်ထူနန်က ထိုကျင့်စဉ်ကို အောင်မြင်ခဲ့သော လူအနည်းငယ်ထဲမှ တစ်ယောက်ဖြစ်သည်။ အဆင့်၆နိုင်ငံများမှ မိစ္ဆာဂိုဏ်းသားများ အားလုံးကြားထဲတွင် တစ္ဆေလောက ပျံတက်ခြင်း ကျင့်စဉ်သည် ထူးဆန်းသော ကျင့်စဉ်တစ်ခုအဖြစ် တည်ရှိနေသည်။

အဘယ်ကြောင့်ဆိုသော် ပြောင်းလဲမှုက အလွန်အမင်း ကွာခြားသောကြောင့် ဖြစ်သည်။ တချို့က ကျင့်ကြံခြင်းတွင် အကျိုးဖြစ်ထွန်း သွားကြသော်လည်း တချို့ကတော့ သေဆုံးသွားကြရသည်။

ဝမ်လင်းက ပျက်စီးနေသာ မြို့ပျက်ကြီးထဲတွင် နေထိုင်ခဲ့၏။ ညတိုင်း ယင်စွမ်းအင်ကို စုပ်ယူပြီး ကျင့်ကြံလာသည်မျာ တစ်လ ကုန်ဆုံးသွားပြီး ဖြစ်သည်။

တစ်လအတွင်းတွင် တစ္ဆေလောက ပျံတက်ခြင်းကျင့်စဉ်ကို လေ့ကျင့်ခြင်းအပြင် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်းပုတီးစေ့၏ ပြောင်းလဲမှုများကို တွေ့ရှိလိုက်ရ၏။ ပုတီးစေ့မှ ထုတ်ပေးလိုက်သော စိတ်ဝိညာဉ် ရေများတွင် စိတ်စွမ်းအင်များ ပါမလာတော့ဘဲ ယင်စွမ်းအင်များ ပါဝင်လာခြင်း ဖြစ်သည်။

ထိုအကြောင်းကို သိသွားသည့် အချိန်မှစ၍ ယင်စိတ်ဝိညာဉ်ရေများကို စတင်စုဆောင်းတော့သည်။ ယင်စိတ်ဝိညာဉ် ရေများကို ညသန်းခေါင်အချိန်တွင် ထုတ်ပေး၏။

ယင်စိတ်ဝိညာဉ်ရေက စိတ်စွမ်းအင်ပါသည့် သာမန်စိတ်ဝိညာဉ်ရေနှင့် ယှဉ်လိုက်လျှင် ယင်စွမ်းအင် ပမာဏအများကြီး ပါဝင်နေသည်။

တစ္ဆေလောက ပျံတက်ခြင်း ကျင့်စဉ်သည် လူတစ်ယောက်၏ ယင်စွမ်းအင်စုပ်ယူနှုန်းနှင့် အများကြီး သက်ဆိုင်နေသည်။ များများစုပ်ယူနိုင်ပါက ပိုပြီးစွမ်းအားကြီးလာမည် ဖြစ်သည်။ နောက်ဆုံးတွင် ဝမ်လင်းက ညအချိန်တွင် အပြင်ဘက်၌ လေ့ကျင့်ပြီး နေ့အချိန်တွင် အိပ်မက်နယ်မြေထဲသို့ ဝင်ရောက်ပြီး ယင်စိတ်ဝိညာဉ် ရေများကို အသုံးပြု၍ လေ့ကျင့်၏။

အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာသည်နှင့် အမျှ ဝမ်လင်းက ယင်စွမ်းအင်များကို ပိုမို စုပ်ယူလာနိုင်သည်။ ယခုဆိုလျှင် လေ့ကျင့်နေသည့် အချိန်တိုင်းတွင် သူ့ကိုယ်ထဲမှ ယင်စွမ်းအင်များက ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်လာပြီး အသက်ရှူနှုန်းကလည်း မခုန်တော့သည်ဟု ထင်ရလောက်အောင်အထိ နှေးကွေးသွား၏။

မနက်ခင်းတစ်ခုတွင် ဝမ်လင်းက မျက်လုံးဖွင့်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်…

“ယင်စွမ်းအင်အများကြီးကို ငါ စုပ်ယူပြီးနေပြီ… ဒီအချိန်ဆို ပထမအဆင့်ကို ချိုးဖြတ်သင့်နေပြီ…”

ရုတ်တရက် ဝမ်လင်းက စိတ်ထွေပြား ဝင်္ကပါ အစီအရင်ကို ဝေခွဲမရသော အကြည့်ဖြင့် ကြည့်လိုက်သည်။ အင်္ကျီလက်အိုးကို လွှဲရမ်းလိုက်ရာ မြူထဲတွင် လျှောက်လမ်းတစ်ခု ပေါ်လာ၏။

ဝမ်လင်းသည် အပြင်ဘက်သို့ ရောက်လာသောအခါ အပျက်အစီးများ ကြားထဲတွင် မည်းမည်း အရိပ်များကို တွေ့လိုက်ရသည်။ ထိုအရိပ်များသည် ဒဏ်ရာရထားပြီး အလင်းတိုင် ထွက်ပေါ်လာသည်ကို စောင့်နေကြသည့် သားရဲများ ဖြစ်၏။ သို့သော်လည်း ယခုအချိန်တွင်မူ အားလုံးက သေဆုံးနေလေပြီ။ သူတို့သေဆုံးသွားပုံက တစ်ယောက်ယောက်က အလင်းတိုင် ထွက်ပေါ်သည့်နေရာမှ အပျက်အစီးများ ကြားထဲသို့ ဆွဲခေါ်သွားခြင်း ခံထားရသည့်ပုံစံမျိုး ဖြစ်သည်။

“ဒီနေရာမှာ လူတွေ ရှိနေသေးတာလား…”

ဝမ်လင်း၏စိတ်ထဲတွင် အတွေးတစ်ခု ဝင်ရောက်လာသည်။

ဝမ်လင်းက ချက်ချင်း သူ့အခန်းပတ်လည်ကို စစ်ဆေးကြည့်လိုက်သည်။ သို့သော်လည်း သူ၏ဝင်္ကပါ အစီအရင်ကို တိုက်ခိုက်ထားသည့် လက္ခဏာတစ်ခုမှ ရှိမနေချေ။

သူက မေးစေ့ကို ပွတ်သပ်လိုက်ပြီး တောအုပ်ထဲသို့ ပြေးဝင်သွားကာ သားရဲအသေကောင်၂ကောင်ကို ကိုင်ပြီး တောအုပ်ထဲမှ ပြန်ထွက်လာ၏။ သားရဲအသေကောင်၂ကောင်ကို ဘေးတွင် ပစ်ချလိုက်ပြီး ဝင်္ကပါ အစီအရင်ထဲသို့ ပြန်ဝင်နေလိုက်သည်။ ထို့နောက် ဝင်္ကပါ အစီအရင်အားလုံးကို အသက်သွင်းလိုက်ရာ မြူများက ပိုပြီး ထူထပ်လာ၏။

ထို့နောက် ဝမ်လင်းက တည်ငြိမ်စွာဖြင့် ထိုင်ချလိုက်ပြီး နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ထားလိုက်သည်။ ယင်စိတ်ဝိညာဉ် ရေများကို သောက်လိုက်ပြီး သတိဝီရိယရှိရှိဖြင့် ပတ်ဝန်းကျင်ကို စောင့်ကြည့်ပြီး ကျင့်စဉ်ကျင့်နေလိုက်၏။

ညအချိန်သို့ ပြန်ရောက်လာ၏။ ဒီညတွင်တော့ ဝမ်လင်းက ယင်စွမ်းအင်များကို မစုပ်ယူတော့ဘဲ ပတ်ဝန်းကျင်ကိုသာ အာရုံစိုက် ထားလိုက်တော့သည်။ နတ်ဘုရား စိတ်အာရုံကိုလည်း အဝေးဆုံး ရောက်နိုင်တဲ့ နေရာအထိ ဖြန့်ကြက်ထား၏။

သားရဲ အသေကောင်၂ကောင်ကိုလည်း အာရုံစိုက်ထားသေး၏။ ဒီလို အပျက်အစီးတွေပဲ ရှိတဲ့ နေရာတစ်ခုမှာ ဘယ်လိုသက်ရှိမျိုး နေထိုင်ပြီး ညအချိန်မှ ထွက်လာရသလဲ သူ အလွန်သိချင်နေသည်။

တဖြည်းဖြည်းနှင့် ညသန်းခေါင်ယံ အချိန်သို့ပင် ရောက်တော့မည် ဖြစ်ပြီး ယင်စွမ်းအင်များကလည်း အလွန်သိပ်သည်း နေသည့်အချိန် ဖြစ်သည်။

သူ့၏နတ်ဘုရား စိတ်အာရုံ ဖြန့်ကြက်ထားသည့် အကွာအဝေး တစ်ဝှိုက်တွင် အားလုံးက တိတ်ဆိတ် ငြိမ်သက်နေ၏။ အပျက်အစီးများ အပြင်ဘက်ရှိ တောအုပ် တစ်ခုလုံးကလည်း ကြောက်စရာ ကောင်းလောက်အောင် တိတ်ဆိတ်နေ၏။

အရင်ရက်များကလည်း နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်ဖူးသည်။ သို့သော်လည်း ယခင်ရက်များက တောအုပ်အတွင်းမှ သားရဲအော်သံများကို တစ်ခါတစ်ရံ ကြားရသေး၏။ ယခုမူ ဘာကိုမှမကြားရဘဲ တိတ်ဆိတ်နေခြင်းက ပထမဆုံး အကြိမ်ဖြစ်သည်။

ရုတ်တရက် ဝမ်လင်း၏ အမူအရာက ပြောင်းလဲသွားပြီး အပျက်အစီးများ ကြားထဲသို့ စိုက်ကြည့်လိုက်၏။

ယင်စွမ်းအင်များ ပြည့်နေသော အပျက်အစီးများကြားထဲတွင် ပုံရိပ်တစ်ခုက လျင်မြန်စွာ ပေါ်ထွက်လာသည်။ ထိုပုံရိပ်၏အလျင်က မြန်ဆန်လွန်းလှ၏။ ဝမ်လင်းက နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ထားတာတောင်မှ သူ့ရှေ့မှ သားရဲအသေနှစ်ကောင် ပျောက်ကွယ်သွားသည်ကို အရိပ်သာ မြင်လိုက်ရ၏။

ဝမ်လင်း တုန်လှုပ်နေသည်။ ထိုပုံရိပ် ထွက်ပေါ်ချိန်တုန်းက ဝမ်လင်းက မည်သည့် ပုံသဏ္ဍာန်ဖြစ်သည်ကို မြင်လိုက်ရသည်။ အပြာရောင် အသားအရေနှင့် လူပုံစံ သက်ရှိတစ်ကောင် ဖြစ်သည်။

ထိုလူ၏အရေပြားကို ထူးဆန်းသော သင်္ကေတများဖြင့်လည်း ဖုံးအုပ်ထား၏။ ထို့အပြင် လက်မဝက် အရွယ်အစားရှိသော အဝါရောင် စက္ကူ၉ရွက်ကလည်း ခန္ဓာကိုယ်၏ အစိတ်အပိုင်းများတွင် ရှိနေ၏။

ထိုထူးဆန်းသောလူက နောက်တစ်ကြိမ် ထွက်ပေါ် လာပြန်သည်။ သူက ဝမ်လင်း၏ ဝင်္ကပါ အစီအရင် အပြင်ဘက်တွင် တစ်ခုခုကို တွေးနေဟန်ဖြင့် မတ်တပ်ရပ်နေ၏။

ထူးဆန်းသောလူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး မြူများကို စိုက်ကြည့်လိုက်၏။ သူက အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် မြူများကို တစ်ပတ် ပတ်ကြည့်လိုက်သည်။

ဝမ်လင်းက သူ၏စိတ်ကို ထူးဆန်သောလူထံ၌သာ အာရုံစိုက်ထားလိုက်၏။ ထိုထူးဆန်းသောလူက မည်သို့လုပ်မည်ကို သူ သိချင်နေသည်။

ထူးဆန်းသောလူက ဝင်္ကပါ အစီအရင်ကို လှည့်ပတ်ကြည့်ပြီးနောက် သိချင်စိတ် ပြင်းပြလာသည့် ဟန်ဖြင့် ဝင်္ကပါ အစီအရင်အတွင်းသို့ ပြေးဝင်လိုက်၏။

ဝင်္ကပါထဲသို့ ဝင်လာသည်နှင့် ဝမ်လင်း၏ မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်လာသည်။ သူ့ညာလက်ကလည်း အစီအရင်တစ်ခုကို ပြုလုပ်ပြီး အဖြူရောင် အလင်းတစ်ခုကို ဝင်္ကပါအစီအရင်ထဲသို့ ပစ်လိုက်၏။ ထိုအခါ မြူများက ဆူပွက်လာသကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလာ၏။

မကြာမီ ကျောက်တုံးများ ကွဲကြေသံများ ထွက်ပေါ်လာပြီး ဝင်္ကပါများ တစ်ခုပြီးတစ်ခု ပျက်စီး လာသည်။ မြူများ၏ သိပ်သည်းမှုကလည်း လျော့ကျလာ၏။

ဝမ်လင်းက ပါးစပ်ကို ဟပြီး အစိမ်းရောင်ဓားကို ထုတ်ကာ ထူးဆန်းသော လူဆီသို့ ပစ်လိုက်၏။ ‘ဘုန်း’ ဆိုသောအသံနှင့် အတူ ဓားက ထူးဆန်းသောလူကို ထိသွားပြီး ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ပြင်းထန်သော အားတစ်ခု ထွက်ပေါ်လာပြီး တောက်ပနေသော ကျောက်တုံးများက လေထဲသို့ မြောက်တက် သွားပြီး အမှုန့်ဖြစ်သွား၏။

မြူများပျောက်ကွယ်သွားသည်နှင့် သူက ဝမ်လင်းကို ကြည့်လိုက်ပြီး ဝမ်လင်းထံသို့ နီရဲနေသော မျက်လုံးများဖြင့် လျှောက်လာ၏။

ဝမ်လင်း၏ အမူအရာက တည်ငြိမ်နေပြီး လေထဲသို့ လက်ကို ဝေ့ရမ်းလိုက်ရာ ထူးဆန်းသော လူ၏နောက်တွင် အစိမ်းရောင်ဓားက ပေါ်လာသည်။ ထို့နောက် အစိမ်းရောင်ဓားက ထူးဆန်းသော လူ၏ရင်ဘတ်ကို ဖောက်ထွင်းသွားပြီး အပြာရောင် သွေးများ ဖြာထွက်သွား၏။

သွေးများ ထွက်ပေါ်လာသည်နှင့် သွေးများက ခဲသွားပြီး မြေပြင်ပေါ်သို့ ကျသွားသည်။

ထူးဆန်းသောလူက နာကျင်စွာ အော်ဟစ်လိုက်ပြီး နောက်သို့ ချက်ချင်း ဆုတ်သွား၏။ သူ့မျက်နှာတွင် ကြောက်လန့်နေသည့် အရိပ်ယောင်များ ပေါ်နေသည်။

ဝမ်လင်း မှင်တက်သွားသည်။ ထူးဆန်းသောလူက ဓားနဲ့ တိုက်ခိုက် ခံလိုက်ရတာတောင်မှ လှုပ်ရှား နိုင်နေသေး၏။ သူက ချက်ချင်း ဓားအိမ်ကို ထုတ်လိုက်ပြီး လက်ထဲတွင် ကိုင်ထားလိုက်သည်။ ထို့နောက် အစိမ်းရောင်ဓားကို လျင်မြန်စွာဖြင့် ဓားအိမ်ထဲသို့ ဝင်သွားစေလိုက်သည်။ ၅ပုံ၁ပုံခန့်သို့ ရောက်သောအခါ ဓား၏အရောင်က အပြာရောင်သို့ ပြောင်းသွားပြီး အနက်ရောင်သို့ ထပ်ပြောင်းသွားသည်။

ဝမ်လင်းက ဓားကို ဆွဲထုတ်ပြီး ချက်ချင်း ထူးဆန်းသော လူထံသို့ ပစ်လိုက်သည်။

ထူးဆန်းသောလူက အနက်ရောင်ဓားကို ကြည့်ပြီး ကြောက်လန့် နေဟန်ဖြင့် နောက်သို့ ခပ်ဝေးဝေးကို ဆုတ်သွား၏။ သို့သော်လည်း ဓားက သူ၏ရင်ဘတ်ကို ထိုးစိုက်သွားပြီး ပေါက်ကွဲသံများ ဆက်တိုက် ထွက်လာသည်။ ထူးဆန်းသော လူကလည်း အနောက်သို့ ကြိုးပျက်သွားသော စွန်ကဲ့သို့ လွင့်ထွက်သွား၏။

ဓားပေါ်တွင် ထူးဆန်းသော လူ၏သွေးများ စွန်းထင်သွားပြီး သူ့ခန္ဓာကိုယ်ထဲတွင် ဓားက ညပ်သွား၏။ ဝမ်လင်းက မည်မျှပင် အားစိုက်ထုတ်ပြီး ထွက်လာအောင် စေခိုင်းပါစေ။ ဓားက လှုပ်ပင် မလှုပ်တော့ချေ။ ထို့အပြင် ဓား၏ တည်နေရာ ပြောင်းရွေ့ခြင်းကိုလည်း အသုံးပြု၍ မရတော့ချေ။

ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်များက ပိုမို ပြင်းထန်လာသည်။

ဝမ်လင်းက သိုလှောင်အိတ်ထဲမှ ကျန်းဟူပေးခဲ့သော အဝါရောင်အဆောင်ကို ထုတ်ယူလိုက်၏။ ထိုအချိန်တွင် မြေပေါ်သို့ လဲကျသွားသော ထူးဆန်းသောလူ၏ ရင်ဘတ်ဒဏ်ရာမှ အပြာရောင်သွေးများ စီးကျနေသည်။

ထို့အတူ သူ့ခန္ဓာကိုယ်မှ သင်္ကေတများက ရှုပ်ထွေးသွားကာ တောက်ပလာပြီး သူ၏ဒဏ်ရာသည်လည်း လျင်မြန်စွာ ပြန်ကောင်းလာ၏။

ဝမ်လင်းကလည်း စိတ်စွမ်းအင်များကို အဝါရောင်အဆောင်စာရွက်ပေါ်သို့ ထွေးထုတ်လိုက်ရာ အဝါရောင် စာရွက်က ပူပြင်းသော အနက်ရောင် မီးတောက်တစ်ခု ဖြစ်သွားပြီး ထူးဆန်းသော လူ၏ဒဏ်ရာကို ထပ်မံ ထိမှန်သွားသည်။

ထူးဆန်းသောလူ၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် ပေါက်ထွက်သွားသဖြင့် နာကျင်စွာ အော်ဟစ်လိုက်၏။

“မသေသေးဘူးလား…”

ဝမ်လင်း အလွန်ကို အံ့အားသင့်နေသည်။ အဆောင်စာရွက်၏ တိုက်ခိုက်မှုကြောင့် ဓားက လွတ်လပ်သွားသည့် အတွက် သူ့ဘေးသို့ ပြန်ခေါ်လိုက်သည်။

ထူးဆန်းသောလူက နာကျင်စွာ ခံစားနေရဟန်ဖြင့် ကြိုးစားပြီး သူ့ကိုယ်မှ အဝါရောင် စာရွက်တစ်ခုကို ဆုတ်ဖြဲလိုက်သည်။ စာရွက်ပြဲသွားသည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်အနှံ့မှ အစိမ်းရောင် အငွေ့များ ထွက်လာပြီး သူ၏ တစ်ကိုယ်လုံးကို ဖုံးအုပ်သွား၏။

ဝမ်လင်း၏မျက်နှာက ထူးဆန်းသကဲ့သို့ ဖြစ်နေပြီး တုံ့ဆိုင်းခြင်းမရှိ ဓားကို ဓားအိမ်ထဲသို့ ၅ပုံ၃ပုံအထိ ထိုးသွင်းလိုက်၏။ ဓား၏အရောင်ကလည်း အနက်ရောင်မှ အနီရောင်သို့ ပြောင်းသွား၏။

၅ပုံ၃ပုံသည် ဓားအိမ်ထဲသို့ ထိုးသွင်းနိုင်သော ဝမ်လင်း၏ အမြင့်ဆုံး ကန့်သတ်ချက်ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ဖြင့် ဓားအိမ်ထဲသို့ ၅ပုံ၃ပုံသာ ထည့်နိုင်သေး၏။ သို့သော်လည်း ထိုဓားဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်း အလယ်အဆင့် ကျင့်ကြံသူများကို ယှဉ်တိုက်နိုင်သည်။

ထိုအချိန်တွင် ထူးဆန်းသော လူကလည်း ထွက်လာသော အစိမ်းရောင် အငွေ့များအားလုံးကို သူ့ကိုယ်မှ ပြန်စုပ်ယူလိုက်၏။ ထို့နောက် သူက ဝမ်လင်း၏ရှေ့သို့ ရောက်လာသည်။ ယခုအချိန်တွင် သူ့ခန္ဓာကိုယ်တွင် မည်သည့် ဒဏ်ရာမှ ရှိမနေတော့ဘဲ အကောင်းအတိုင်း ဖြစ်နေ၏။

သူက ဝမ်လင်းကို အလွန် မုန်းတီးသောအကြည့်ဖြင့် ကြည်နေသည်။ သို့သော်လည်း ဝမ်လင်းကိုတော့ ကြောက်လန့်နေဟန် ရှိသည်။

“မင်း ဘယ်သူလဲ…”

ဝမ်လင်းက မေးလိုက်သည်။ သူက ထူးဆန်းသောလူကို မတိုက်ခိုက်ချင်ပေ။ ထိုလူထံ၌ အဆောင်စာရွက်က ၉ခုတောင် ရှိနေသည်။ တစ်ရွက်ကို တစ်သက်နှင့် တွက်လျှင် အသက်၉သက် ရှိသည်နှင့် တူနေသည်။ တိုက်မယ်ဆိုလျှင်တောင်မှ နိုင်ဖို့အတွက် ဝမ်လင်း အတော်ကြိုးစား အားထုတ်ရမည် ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset