Switch Mode

အပိုင်း (၈၇)

အေးခဲအမြုတေ

ဝမ်လင်း၏စိတ်ထဲတွင် လျှောက်တွေးကြည့်လိုက်သည်။ တစ်ရက်တွင် မိသားစုတစ်ခုက ညစာစားနေတဲ့ အချိန်မှာ ဘေးဒုက္ခတစ်ခုက ရုတ်တရက် တိုက်ခိုက်လာမည်။ မြို့ထဲက လူတွေအားလုံး တုံ့ပြန်ချိန် မရလိုက်ဘဲ အားလုံး ပျက်စီး ဆုံးရှုံးသွားကြမည်။

ထိုအချိန်တွင် အပျက်အစီးများထဲမှ အအေးဓာတ် စွမ်းအင်များက ထွက်ပေါ်လာသည်။ တဖြည်းဖြည်းနှင့် အအေးဓာတ် စွမ်းအင်များက ပိုပြီး သိပ်သည်းသည်ထက် ပိုမို သိသည်းလာသည်။

“ဒီအပျက်အစီး အရွယ်အစားကို ကြည့်ပြီး ဒီမြို့မှာနေထိုင်တဲ့ လူဦးရေက အနည်းဆုံး သန်း၁၀လောက် ရှိလိမ့်မယ်… ဒီလူဦးရေ သန်း၁၀ကျော် သေဆုံးသွားတဲ့ ဒီနေရာက တစ္ဆေလော ကပျံတက်ခြင်း နည်းစနစ်ကို လေ့ကျင့်ဖို့ အကောင်းဆုံး နေရာတစ်ခုပဲ… “

ဝမ်လင်း တံခါးပိတ် လေ့ကျင့်နေစဉ်တုန်းက စစ်ထူနန်က ယင်ဒြပ်စင်များ သိပ်သည်းသော နေရာများ အကြောင်းကို ရှင်းပြထား၏။ ယင်သိပ်သည်းသော နေရာ၄မျိုး ရှိသည်။ ၎င်းတို့မှာ ကောင်းကင်ယင်၊ မြေကြီးယင်၊ လျှို့ဝှက်ဆန်းကြယ်ယင်၊ တစ္ဆေယင် တို့ ဖြစ်ကြ၏။

တစ္ဆေယင်သည် ရှာဖွေရ အလွယ်ကူဆုံး ဖြစ်သည်။ နေရာတစ်ခုတွင် လူသေများများ ရှိလေ ယင်ဓာတ်များ သိပ်သည်း များပြားလေ ဖြစ်သည်။

လျှို့ဝှက်ဆန်းကြယ်ယင်က ရှာတွေ့ရန် အနည်းငယ် ခက်ခဲသည်။ လျှို့ဝှက်ဆန်းကြယ် ယင်ကို အလွန်အေးသော နေရာများတွင်သာ ရှာတွင်နိုင်သည်။

မြေကြီးယင်က ရှာတွေ့ရန် အလွန်ခက်ခဲပြီး ကံကောင်းရန်လည်း လိုအပ်သည်။ မြေကြီးယင်က ကမ္ဘာမြေကြီး၏အလွန်နက်သော နေရာတွင်သာ ရှိ၏။

ကောင်းကင်ယင်ကတော့ ရှာတွေ့ဖို့ မဖြစ်နိုင်သည့် အရာတစ်ခု ဖြစ်သည်။ ကောင်းကင်ယင် ဖြစ်လာရန်အတွက် နေရာတစ်ခုတွင် တစ္ဆေယင်၊ လျှို့ဝှက်ဆန်းကြယ်ယင်၊ မြေကြီးယင် သုံးခုစလုံး တစ်ချိန်တည်းတွင် ဖြစ်ပေါ်လာရန် လိုအပ်သည်။ ယင်၃မျိုး အတူ ဖြစ်ပေါ်လာသည့် အချိန်တွင် ထိုယင်၃မျိုးက ကောင်းကင်ယင် အဖြစ်သို့ ပြောင်းလဲသွား၏။

ယင်ဒြပ်စင်၏အရည်အသွေးကောင်းလေလေ ကျင့်ကြံသူများအတွက် ပိုပြီး အကျိုးရှိလေ ဖြစ်သည်။

ဝမ်လင်းက ချက်ချင်း ညာလက်ဖြင့် အစီအရင်တစ်ခုကို ဖန်တီးပြီး လင်္ကာတစ်ခုကို ရွတ်လိုက်သည်။ ရုတ်တရက် အနီရောင် အလင်းမှုန်လေးတစ်ခု သူ့ရှေ့တွင် ပေါ်လာပြီး တဖြည်းဖြည်းနှင့် အနီရောင် အလင်းလုံးတစ်ခု ဖြစ်သွား၏။

ဤနည်းစနစ်က ယင်ဒြပ်စင် အရည်အသွေးကို စမ်းသပ်ရန် ဖြစ်သည်။ အလင်းရောင်၏အရောင်ပေါ် မူတည်ပြီး ယင်အမျိုးအစားကို ခွဲခြားနိုင်သည်။ အလင်းလုံးသည် ခရမ်းရောင်၊ အနက်ရောင်၊ ငွေရောင်၊ အနီရောင်သို့ ပြောင်းသွားလျှင် ကောင်းကင်ယင်၊ မြေကြီးယင်၊ လျှို့ဝှက်ဆန်းကြယ်ယင်၊ တစ္ဆေယင်ဟု အသီးသီး သတ်မှတ်နိုင်သည်။

ယင်အမျိုးအစား တစ်ခုတည်းတွင် ယင်အရည်အသွေးကို သာမန်ယင်၊ ကောင်းမွန်ယင်၊ သိပ်သည်းယင်၊ ပြင်းထန်ယင်ဟု ၄မျိုးခွဲခြားထား၏။

ယင်အရည်အသွေး တစ်ခုချင်းစီတွင်လည်း အဆင့်၁၀ဆင့် ရှိ၏။

သာမန်အားဖြင့် သာမန်အဆင့်၃ ယင်ဒြပ်စင်က တစ္ဆေလောကပျံတက်ခြင်း နည်းစနစ်ကို လေ့ကျင့်ရန် လုံလောက်သည်။ သာမန်အဆင့်၈ ယင်ဒြပ်စင် ဆိုလျှင်တော့ ကျင့်စဉ် တိုးတက်နှုန်းကို မြန်စေရန်အတွက် လုံလောက်၏။

အနီရောင် အလင်းလုံးက တဖြည်းဖြည်း တောက်ပလာပြီး နောက်ဆုံးတွင် ၅ကြိမ်တောက်ပပြီး ရပ်တန့်သွား၏။

ဝမ်လင်းက မေးစေ့ကို ပွတ်ပြီး စဉ်းစားလိုက်သည်။ ၅ကြိမ်တောက်ပခြင်းက သာမန်အဆင့်၅ ယင်ဒြပ်စင်ရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

အနည်းငယ် စဉ်းစားပြီးနောက် သူက အပျက်အစီးများ၏ အလယ်သို့ လျှောက်သွားလိုက်သည်။ ပတ်ဝန်းကျင်မှ ယင်စွမ်းအင်များကလည်း အလယ်နှင့် နီးလာသည်နှင့် ပိုမိုသိပ်သည်းလာ၏။ ယင်စွမ်းအင်များကြားတွင် လမ်းလျှော်ရခြင်းက ဝမ်လင်းကို ရေအောက်တွင် လမ်းလျှောက် နေရသကဲ့သို့ ခံစားရစေသည်။ ခြေလှမ်းရာကျော် လှမ်းပြီးသည့် နောက်တွင် အသက်ရှူ မဝတော့သကဲ့သို့ ခံစားလာရ၏။

ထိုအချိန်တွင် အလင်းလုံးကလည်း ၈ကြိမ်တောက်ပပြီး ဖြစ်သည်။

ဝမ်လင်းက မရပ်ဘဲ နောက်ထပ် ဆက်သွားပြီး အလင်းတိုင် ထုတ်လွှတ်သော ကျောက်တုံးကြီး၏ ရှေ့ရောက်မှ ရပ်လိုက်၏။ ရှေ့ဆက်ပြီးလည်း သွားလို့မရတော့ပေ။ အဘယ်ကြောင့်ဆိုသော် ယင်စွမ်းအင်များက သူ့ကိုယ်ထဲသို့ ဝင်ရောက်လာသည့် အတွက် သွေးကြောများက နာကျင်လာပြီး ကိုယ်ထဲမှ စိတ်စွမ်းအင်များကိုပါ မထိန်းချုပ် လာနိုင်တော့၍ ဖြစ်သည်။

အနီရောင် အလင်းလုံးကလည်း တစ်ခုမှ နှစ်ခုအဖြစ်သို့ ကွဲထွက်သွားသည်။ ထိုအရာကို မြင်ပြီး ဝမ်လင်းလည်း ပျော်ရွင်သွား၏။ ဤနေရာသည်‌ ကောင်းမွန်အဆင့်၁ ယင်ဒြပ်စင်ရှိသည့်နေရာ ဖြစ်သည်။

“ဒီနေရာက တစ္ဆေလောက ပျံတက်ခြင်း နည်းစနစ်ကို လေ့ကျင့်ဖို့အတွက် အကောင်းဆုံးပဲ… “

ထို့နောက် ဝမ်လင်းက သာမန်အဆင့်၅ ယင်ဒြပ်စင်ရှိသည့် နေရာထိ နောက်သို့ ပြန်ဆုတ်သွား၏။

သည်နေရာက သူ့ခန္ဓာကိုယ်နှင့် ကျင့်ကြံရန်အတွက် အသင့်တော်ဆုံး နေရာတစ်ခု ဖြစ်သည်။ တစ္ဆေလောက ပျံတက်ခြင်း နည်းစနစ်အတွက် ယင်သိပ်သည်းမှုက တဖြည်းဖြည်း များလာရမည်ဟု စစ်ထူနန်က အိပ်ပျော်မသွားခင် သူ့ကို ပြောခဲ့၏။

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ထိုင်ချကာ မျက်လုံးကို မှိတ်ပြီး စတင် ကျင့်ကြံလိုက်သည်။ သူ့စိတ်ထဲတွင် စစ်ထူနန်၏သင်ကြား ပိုချများက ပဲ့တင်ထပ်နေသည်။

တစ္ဆေလောက ပျံတက်ခြင်း နည်းလမ်းကို အလွှာ၉လွှာ ခွဲခြားထားသည်။ အလွှာ၃လွှာတိုင်းမှာ အေးခဲအမြုတေ တစ်ခုကို ဖြစ်ပေါ်စေသည်။ အလွှာ၉ခုစလုံး ပြီးဆုံး အောင်မြင်သွားတဲ့အခါ အေးခဲ အမြုတေ၃ခုက ပေါင်းစပ်သွားပြီး အမြုတေ ဖွဲ့တည်းခြင်းအဆင့်ကို ချက်ချင်း ရောက်သွားစေနိုင်သည့် သေချာသည့် အခွင့်အရေး တစ်ခု ဖြစ်လာသည်။

ထိုအချက်သည် ဝမ်လင်း တစ္ဆေလောက ပျံတက်ခြင်း ကျင့်စဉ်ကို ကျင့်ရခြင်း၏ အဓိကရည်ရွယ်ချက် ဖြစ်သည်။ စစ်ထူနန်ကလည်း ဒီကျင့်စဉ်ကို ဝမ်လင်းအား သင်ပေးရခြင်းမှာ အဆင့်တက်ရန် အလွန်လျင်မြန်သောကြောင့် ဖြစ်၏။

တကယ်တော့ တစ္ဆေလောက ပျံတက်ခြင်း ကျင့်စဉ်ထက် ပိုမြန်သော အမြုတေ ခိုးယူခြင်းကဲ့သို့ ကျင့်စဉ်များလည်း ရှိသည်။ သို့သော်လည်း ဝမ်လင်း၏ ကျင့်စဉ်အဆင့်ဖြင့် အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကို ဖမ်းဆီးရန် မဖြစ်နိုင်ပါချေ။

အေးခဲအမြုတေသည် ချီသွေးကြောများ နိုးထလာမှုပေါ် မူတည်သည်။ ချီသွေးကြောများ နိုးထခြင်း သော့ချက် ၃ခု ရှိသည်။ ၎င်းတို့မှာ တန်းထျန်း၊ ချီပင်လယ်၊ ဘိုးဘေးချီ သွေးကြောတို့ ဖြစ်သည်။

၃မျိုးထဲမှ တစ်မျိုးနိုးထလာသည်နှင့် အေးခဲအမြုတေတစ်ခု ဖြစ်ပေါ် လာလိမ့်ပေလိမ့်မည်။ အေးခဲအမြုတေ ဖြစ်ပေါ်လာသည်နှင့် ခန္ဓာကိုယ်ထဲရှိ စိတ်စွမ်းအင်များကလည်း အေးစက်လာလိမ့်မည်။

ချီသွေးကြောများ နိုးထရန် အောင်မြင်နှုန်းက လေ့ကျင့်သည့် ယင်အရည်အသွေးနှင့် သက်ဆိုင်နေသည်။

အချိန်တွေက လျင်မြန်စွာ ကုန်ဆုံးလာ၏။ ဝမ်လင်းမျက်လုံးကို ဖွင့်ကြည့်လိုက်ရာ အလင်းရောင်က စတင် ထွက်ပေါ်လာနေပြီး ယင်စွမ်းအင်များက လျင်မြန်စွာ ပျောက်ကွယ်နေသည်ကို တွေ့လိုက်ရသည်။ နေထွက်လာသည်နှင့် တစ်ပြိုင်နက် ယင်စွမ်းအင် အားလုံးကလည်း ပျောက်ကွယ်သွား၏။

ဝမ်လင်းသည် မတ်တတ်ထရပ်လိုက်ပြီး ဤနေရာတွင် လေ့ကျင့်ရန် ဆုံးဖြတ်ချက် ချလိုက်၏။ ထို့ကြောင့် နေစရာတစ်ခုတော့ ရှာရပေမည်။ ဘေးပတ်ပတ်လည်ကို လိုက်ကြည့်ပြီးနောက် ပြိုကျနေသော အိမ်တစ်လုံးကို သဘောကျသွားသည်။

ဝမ်လင်း၏ လက်တစ်ဖက် ဝေ့ရမ်းလိုက်သည်နှင့် အုတ်ကျိုး၊ အုတ်ပဲ့၊ တခြားပစ္စည ်းအစအနများက ဘေးဘက်သို့ ရောက်သွားပြီး အနီးအနားတစ်ဝှိုက် ရှင်းလင်းသွား၏။

အကုန်လုံး ရှင်းလင်းပြီးနောက် ဝမ်လင်းက ရှင်းလင်းထားသည့် နေရာ၏ အလယ်တွင် ထိုင်လိုက်ပြီး ထန်းမိသားစုမြို့က ဝယ်လာသည့် စာအုပ်ကို ထုတ်ပြီး ဂရုတစိုက် ဖတ်ကြည့်လိုက်သည်။

စာအုပ်ထဲတွင် ဝင်္ကပါ အစီအရင်များအကြောင်း၊ ဝင်္ကပါအစီအရင် ပြုလုပ်နည်းများ၊ ဝင်္ကပါအစီအရင် ထိန်းချုပ်နည်းများ အကြောင်းကို ရှင်းလင်းစွာ ဖော်ပြထား၏။

စာအုပ်ထဲမှ အကြောင်းအရာများကို မှတ်သားလိုက်ပြီးနောက် အနည်းငယ် စဉ်းစားလိုက်သည်။ လက်ကလည်း ဆက်တိုက်ဆိုသလိုပင် လေထဲတွင် တစ်ခုခုကို ဆွဲနေသကဲ့သို့ လှုပ်ရှားနေသည်။

နေ့အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး နေဝင်ဆည်းဆာ အချိန်ကို ရောက်ရှိလာမှ ဝမ်လင်း၏ မျက်လုံးပွင့်လာပြီး သက်ပြင်းချလိုက်၏။ သူ ရေရွတ်လိုက်သည်… “ဝင်္ကပါ အစီအရင်တွေက အရမ်းနက်နဲပြီး ရှုပ်ထွေးတာပဲ… ဒီစာအုပ်ကို တစ်နေ့လုံး လေ့လာတာတောင် နည်းနည်းပဲ နားလည်သေးတယ်… ဒါတောင် ဒီစာအုပ်က အခြေခံတွေပဲ ရေးထားတာမို့လို့ပေါ့… စာအုပ်ထဲက ပုံရိပ်ယောင် ဝင်္ကပါအစီအရင်က အရမ်းကို ရှုပ်ထွေးလွန်းတယ်… ဒီဝင်္ကပါ အစီအရင်က ခန့်မှန်းခြင်းအပေါ် မူတည်တယ်… များများ ခန့်မှန်းနိုင်လေ ဝင်္ကပါက ပိုပြီး အစွမ်းထက်လေပဲ… “

ဝမ်လင်းက အတွေးများကို ရပ်တန့်ပစ်လိုက်ပြီး ချက်ချင်း ကြိုးစားလိုက်သည်။ သူက အခန်း အပြင်ဘက်တွင် ဆွဲငင်အား နည်းစနစ်ဖြင့် ကျောက်တုံးများကို ရွေ့ထားလိုက်၏။

စာအုပ်ထဲမှအတိုင်း ဂရုတစိုက်ဖြင့် လိုက်လုပ်ပြီး အရိုးရှင်းဆုံး ဝင်္ကပါ အစီအရင်ဖြစ်သည့် စိတ်ထွေပြား ဝင်္ကပါအသေးကို ပြုလုပ်လိုက်သည်။

ဤဝင်္ကပါအစီအရင်က ဝင်္ကပါ အစီအရင်အလံများကို မလိုအပ်သည် အထိ အရမ်းကို ရိုးရှင်းလွန်း၏။ ဝမ်လင်းက ခါးသက်စွာ ပြုံးလိုက်ပြီး ကျောက်တုံးများကို ကြည့်ကာ စာအုပ်ကို ပြန်ကြည့်လိုက်သည်။ ထို့နောက် ဝမ်လင်းက အနည်းငယ် ပြင်ဆင်လိုက်ပြီးမှ စာအုပ်ထဲမှ ဝင်္ကပါနဲ့ တူသွား၏။

သူက အသက်ကို ဝအောင် ရှူပြီး အမိန့်ပေး အစီအရင်ကို လက်ဖြင့် ဖန်တီးလိုက်သည်။ ထို့နောက် မြူများ ပေါ်ထွက်လာပြီး နေရာတစ်ခုလုံးကို ဖုံးအုပ်သွား၏။

ဝမ်လင်းက မြူများကို ကြည့်ပြီး ခါးသက်စွာ ပြုံးလိုက်သည်။ ဒီဝင်္ကပါ အစီအရင်က သာမန်သေမျိုးများကိုသာ အရူးလုပ်၍ ရနိုင်သော်လည်း ကျင့်ကြံသူများကိုတော့ လုပ်၍ မရနိုင်ပေ။ ထိုကြောင့် ဤဝင်္ကပါက သူ လေ့ကျင့်နေစဉ် ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ရေရွတ်လိုက်သည်… “တစ်ခုနဲ့ မလုံလောက်ရင် နှစ်ခုထားမယ်… အဲ့တာမှ မလုံလောက်ရင် စာအုပ်ထဲက ဝင်္ကပါအစီအရင်တွေအကုန် ချထားလိုက်မယ်… ဒါဆိုရင်တော့ အကျိုးသက်ရောက်မှု တစ်ခုခုတော့ ရှိလိမ့်မယ်… “

ထိုသို့ တွေးပြီး ဝမ်လင်းက နောက်ထပ် ကျောက်တုံးများကို ရွေ့လာပြီး ဝင်္ကပါ အနည်းငယ်ကို ထပ်ချလိုက်သည်။ သည်လိုနှင့် ညအချိန်ကို ရောက်ရှိလာသည်။

ဝမ်လင်းက မြေပြင်ပေါ်တွင် ခြေချိတ်ထိုင်လိုက်ပြီး မကြာမီ ယင်စွမ်းအင်များ ထွက်ပေါ်လာ၏။ ဝမ်လင်းက အသက်ကို ဝအောင်ရှုလိုက်ပြီး လက်ကို ဒူးခေါင်းပေါ်သို့ တင်လိုက်ကာ စတင် ကျင့်ကြံလေသည်။ သူလေ့ကျင့်နေသည့် အသက်ရှူနည်းစနစ်က ငါးဆင့်ရှိုက် အသက်ရှူနည်းစနစ်ဖြစ်သည်။

ထိုအသက်ရှူနည်းသည် လေကို ပြန်ထုတ်သည့်အခါ ကြာချိန်သည် လေကို ရှူသွင်းလိုက်ချိန်၏ ၅ပုံ၁ပုံခန့်သာ ကြာမြင်၏။ ထို့ကြောင့် ဤနည်းစနစ်သည် ယင်စွမ်းအင်များကို စုပ်ယူရန် အမြန်ဆုံး နည်းစနစ်ဖြစ်သည်။

ယခုအခါတွင် ဝမ်လင်းသည် အပြင်ဘက်မှ စွမ်းအင်များကို ပထမဆုံးအကြိမ် စုပ်ယူပြီး ကျင့်ကြံခြင်း ဖြစ်သည်။ လွန်ခဲ့သည့်၂နှစ်လုံးလုံး ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အထဲတွင် စိတ်ဝိညာဉ်ရေများကို အသုံးပြုပြီး ကျင့်ကြံနေခဲ့၏။

ယင်စွမ်းအင်သည် အခြေခံအားဖြင့် စိတ်စွမ်းအင်နှင့် တူညီသည်။ ဝမ်လင်းသည် ကျင့်ကြံခြင်း လမ်းပေါ် ရောက်ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။ ထို့ကြောင့် ယင်စွမ်းအင်များကို စုပ်ယူလိုက်သည်နှင့် ကွာခြားမှုကို ချက်ချင်း သတိပြုမိ၏။ စိတ်စွမ်းအင်များကို စုပ်ယူသည့်အခါ စိတ်စွမ်းအင်များကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူနိုင်ခြင်းမှ ကာကွယ်ထားသည့် အလွှာပါးတစ်ခုက အမြဲတမ်း ရှိနေသည်။ ထို့ကြောင့် သူ စုပ်ယူခဲ့သော စိတ်စွမ်းအင် ပမာဏ အများအပြားသည် ပျောက်ကွယ်သွားရ၏။

သို့သော်လည်း ယခုတစ်ကြိမ်တွင် ယင်စွမ်းအင်များကို စုပ်ယူခြင်းမှ တားဆီးပေးသည့် အလွှာပါး မရှိသည့်အတွက် သူ့ကိုယ်ထဲသို့ ယင်စွမ်းအင်များက အလွန်မြန်ဆန်သည့် နှုန်းဖြင့် ဝင်ရောက်နေသည်။ သူ့ကိုယ်ထဲသို့ ဝင်ရောက်လာသော ယင်စွမ်းအင်များကိုလည်း ယခင်ကနှင့် မတူစွာ အပြည့်အဝ စုပ်ယူနိုင်၏။

ဝမ်လင်းက ထိုအကြောင်းကို အနည်းငယ် စဉ်းစားပြီးနောက် အဖြေ၃ခု ရလာသည်။ ပထမတစ်ခုက ယင်စွမ်းအင်သည် စိတ်စွမ်းအင်များနှင့် ကွာခြားပြီး သူ့အတွက် ကျင့်ကြံရန် ပိုသင့်တော်ခြင်း ဖြစ်နိုင်သည်။ ဒုတိယတစ်ခုက ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကျင့်ကြံသူက ချီစုစည်းခြင်းအဆင့်မှ ကျင့်ကြံသူထက် စုပ်ယူနိုင်စွမ်း မြင့်မားခြင်းကြောင့် ဖြစ်နိုင်သည်။ တတိယတစ်ခုက သူစုပ်ယူခဲ့သော ထန်းလီ၏ စိတ်ဝိညာဉ် အရင်းအမြစ်ကြောင့် သူ၏ပင်ကိုစွမ်းရည်လည်း တိုးတက်လာခြင်း ဖြစ်နိုင်သည်။

အဖြေက ဘယ်ဟာမှန်မှန် ဝမ်လင်းက နောက်ထပ် စဉ်းစားမနေဘဲ ကျင့်ကြံခြင်းတွင်သာ အာရုံ စိုက်ထားလိုက်၏။

အစပိုင်းတွင် ယင်စွမ်းအင်များ၏ အေးစက်သော သဘာဝကြောင့် ဝမ်လင်းက သက်တောင့်သက်သာ မဖြစ်ပေ။ ယင်စွမ်းအင်များကို စုပ်ယူပြီးနောက် ယင်စွမ်းအင်များက သူ၏ခန္ဓာကိုယ် အင်္ဂါများဆီသို့ ဖြတ်စီးဆင်းသွား၏။ သူ့ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော အအေးဓာတ်များက သူ့ကို ခိုက်ခိုက်တုန် သွားစေသည်။ ထိုအချက်က စိတ်စွမ်းအင်များကို စုပ်ယူသည့်အခါနှင့် လုံးဝမတူသည့် အခြေအနေတစ်ခု ဖြစ်သည်။ တစ်ခုက သူ့ခန္ဓာကိုယ်ကို နွေးထွေးပြီး သက်တောင့်သက်သာ ဖြစ်စေသည်။ တစ်ခုကတော့ သူ့ခန္ဓာကိုယ်ကို အေးခဲမတတ် ခံစားရစေသည်။

ဝမ်လင်းက ယင်စွမ်းအင်များကို ဆက်လက် စုပ်ယူနေသည်။ သူ့ခြေလက်များက အေးစက်လာပြီး သူ၏သွေးများက ပျစ်ခဲလာကာ နှလုံးခုန်နှုန်းတောင်မှ နှေးကွေးလာ၏။

သူ၏မျက်ခုံး၊ဆံပင်နှင့် တစ်ကိုယ်လုံးမှ မွေးညင်းပေါက်အားလုံးတွင် ဆီးနှင်းများ စတင် ဖြစ်ပေါ်လာသည်။ ခန္ဓာကိုယ်တွင်မှ အအေးဓာတ်မြင့်တက်လာမှုက ပတ်ဝန်းကျင်ကိုပါ ကူးစက်သွား၏။

အချိန်ကလည်း တဖြည်းဖြည်း ကုန်ဆုံးလာကာ ယင်စွမ်းအင်များကလည်း ပျောက်ကွယ်သွားသည်။ ထိုအခါ ဝမ်လင်း၏ မျက်ခွံများက လှုပ်လာပြီး မျက်လုံးကို ဖွင့်လိုက်၏။ တစ်ညလုံး လေ့ကျင့်ပြီးနောက် သူ၏တန်းထျန်းထဲတွင် သေးငယ်သော ယင်စွမ်းအင် အစုအဝေးလေး တစ်ခုလည်း ပေါ်လာသည်။ ယင်စွမ်းအင်အစုအဝေးလေးက နှေးကွေးစွာ လည်ပတ်လျက် ရှိနေပြီး ယင်စွမ်းအင်များကို ထုတ်လွှတ်နေ၏။

သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက ယင်စွမ်းအင်များကို ဆန့်ကျင်ခြင်း မပြုဘဲ တစ်ဖက်နှင့်တစ်ဖက် လျစ်လျူရှုထားသကဲ့သို့ ဖြစ်နေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset