ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး ထန်းလီ၏ ဝိညာဉ်ကို စုပ်ယူရန် ပြင်ဆင်လိုက်သည်။ ထန်းလီ၏ဝိညာဉ်အလုံးက ဖောင်းပွလာ၏။
သွေးလုံးကလည်း ဝိညာဉ်လုံးထဲသို့ ရောက်သွားပြီး ရောနှောသွား၏။ တဖြည်းဖြည်းနှင့် ဝိညာဉ်အလုံးက ပြန်ကျုံ့သွား၏။ ထို့နောက် အသားလုံးနှင့် အရိုးလုံးသည်လည်း ဝိညာဉ်အလုံးထဲသို့ ပေါင်းစပ်သွားသည်။
အားလုံး ပေါင်းစပ်ပြီးနောက် ဝိညာဉ်အလုံးက အကြီးအကျယ် ပြောင်းလဲသွား၏။
ယခုအချိန်တွင် ဝမ်လင်း၏ရှေ့ရှိ လေထဲတွင် လင်းလက်နေသော လက်စွပ်အရွယ်အစား ရှိသော ကွင်းတစ်ခုသာ ရှိ၏။
နောက်ဆုံးအဆင့်ကို ရောက်နေပြီ ဖြစ်၍ ဝမ်လင်းက အသက်ကို ဝအောင် ရှူလိုက်သည်။ ထို့နောက် ကွင်းလေးထဲသို့ သူ၏ဝိညာဉ်ကို ဂရုတစိုက်ဖြင့် ထည့်လိုက်၏။
အချိန် တော်တော်ကြာပြီး နောက်တွင် ရုတ်တရက် ကွင်းလေးက လွန်စွာ တောက်ပလာ၏။ ထိုအချင်းအရာကို မြင်ပြီး ဝမ်လင်း၏မျက်လုံးမှ အရောင် တောက်သွား၏။ တစ်ချိန်တည်းမှာပင် လျှာကို ကိုက်လိုက်ပြီး သွေးများကို ထွေးထုတ်လိုက်သည်။ သွေးများက ကွင်းလေးနှင့် ထိသွားပြီး တရှဲရှဲမြည်သံများ ထွက်ပေါ်လာကာ သွေးများအားလုံးက ချက်ချင်း ပျောက်ကွယ် သွား၏။
ကွင်းလေးက ဝမ်လင်း၏ သွေးများနှင့် ပေါင်းစပ် သွားပြီးနောက် တုန်ခါလာသည်။ ကွင်းလေးမှ အလွန် အားကောင်းကို ဖိအားတစ်ခုကို ထုတ်လွှတ်လေသည်။ ထိုဖိအားက ၁ကီလိုမီတာ အတွင်းရှိ သက်ရှိများ အားလုံးအပေါ် သက်ရောက်၏။ ဝမ်လင်းလည်း ချက်ချင်း ပြောင်းလဲမှုကို သတိပြုမိလိုက်သည်။
များစွာသော စွမ်းအားကောင်းသည့် အော်ရာများလည်း ထွက်ပေါ်လာပြီး ဝမ်လင်းဆီသို့ ပြေးဝင်သွား၏။
ဝမ်လင်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး ကွင်းကို သူ့ရင်ဘတ်နှင့် ပေါင်းစပ်စေသည်။ ကွင်းက သူ၏ ရင်ဘတ်အတွင်းသို့ ဝင်သွားပြီးသည်နှင့် စိတ်စွမ်းအင်များက တစ်ဟုန်ထိုး တိုးပွားလာပြီး သူ့တစ်ကိုယ်လုံးကို စီးဆင်းသွား၏။ ထို့အတူ သူ့မျက်နှာကလည်း နီရဲလာသည်။
ဝမ်လင်းက အသက်ကို ပြင်းပြင်း ရှိုက်လိုက်ပြီး သူ့ကိုယ်ကလည်း သစ်ခေါင်းထဲမှ ထွက်ကာ သစ်တောထဲသို့ ပြေးဝင်ပျောက်ကွယ် သွား၏။
သူထွက်သွားပြီး သိပ်မကြာခင် ကြီးမားသော စပါးအုံးမြွေကြီး တစ်ကောင် ရောက်လာပြီး နေရာတစ်ခုလုံးကို အနံ့လိုက်ခံကြည့်သည်။ ထို့နောက် စိတ်ရှုပ်ထွေးသည့် အမူအရာဖြင့် ခေါင်းကို ခါပြီး ထိုနေရာမှာ ထွက်ခွာ သွား၏။
မြွေကြီး ထွက်သွားပြီးနောက် မျောက်ဝံကြီး တစ်ကောင်က လျှပ်စီးကဲ့သို့ ရောက်လာပြီး သစ်ခေါင်းထဲသို့ ဝင်သွား၏။ အချိန် အနည်းငယ်ကြာအောင် ရှာပြီးနောက် စိတ်ရှုပ်ထွေးသည့် အမူအရာဖြင့် ပြန်ထွက်လာပြီး ထိုနေရာမှ ထွက်ခွာသွား၏။
စွမ်းအားကြီးသော သားရဲတချို့လည်း ရောက်လာပြီး စိတ်ရှုပ်ထွေးသည့် အမူအရာများနှင့် ပြန်ထွက် သွားကြသည်။
ဝမ်လင်းက တောအုပ်ထဲတွင် ပြေးလွှားနေသည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် စိတ်စွမ်းအင်များဖြင့် ပြည့်နေသည့်အပြင် ပြေးသည့်အခါ ခြေလှမ်းတိုင်းတွင် သူ၏ခန္ဓာကိုယ်ရှိ မွေးညင်းပေါက်များ အားလုံးမှ အမည်းရောင် အရည်များ စိမ့်ထွက်နေ၏။
ဝမ်လင်းသည် သူ့တစ်ကိုယ်လုံး နာကျင် စုတ်ပြဲနေသကဲ့သို့ ခံစားနေရသည်။ ထို့ကြောင့် နောက်ဆုံးတွင် ပြေးလွှားနေခြင်းမှ ရပ်တန့်ကာ အနီးအနားကို လျှောက်ပတ်ပြီး ကြည့်လိုက်သည်။ ရုတ်တရက် သူ့မျက်လုံးက အရောင် တောက်သွားပြီး ဆွဲငင်အား ပညာရပ်ဖြင့် လက်ကြီးနှစ်ဖက်ကို ဖန်တီးကာ မြေပြင်ကို စတင်ပြီး တူးလိုက်သည်။ သူ၏ကိုယ်ထဲတွင် စိတ်စွမ်းအင်များက လွန်စွာ ပြည့်ဝ များပြားနေသဖြင့် တူးရတာ မမောပန်းဘဲ မြန်ဆန်နေသည်။
မကြာမီ အလွန်နက်ရှိင်းလှသော ချိုင့်တွင်းကြီးတစ်ခု ဖြစ်သွား၏။
ဝမ်လင်းက ချိုင့်တွင်းထဲသို့ ခုန်ချလိုက်ပြီး မြေကြီးများကို ချိုင့်တွင်းထဲသို့ ပြန်ဖို့လိုက်၏။ ထိုအခါ အရာအားလုံးက ဘာမှမဖြစ်ခဲ့သည့် အတိုင်း ပုံမှန် အခြေအနေသို့ ပြန်ရောက် သွားသည်။
မြေအောက်ထဲတွင် ဝမ်လင်းက သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များအပေါ် အာရုံစိုက် ထားလိုက်သည်။ စိတ်စွမ်းအင်များက သူ့ခန္ဓာကိုယ်ကို ဆက်တိုက် သန့်စင်ပေးနေ၏။
မြေအောက်ထဲတွင် ဝမ်လင်းက ဘာအနှောင့်အယှက်မှ မရှိဘဲ ၃ကြိမ်မြောက် တံခါးပိတ် ကျင့်ကြံခြင်းကို စတင်လိုက်သည်။
အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာပြီး ၂နှစ်ဆိုသည့် အချိန်ကို ကျော်ဖြတ်လာ၏။
ဝမ်လင်း ကျင့်ကြံနေသည့် နေရာ၏အပေါ် မြေပြင်ထက်၌ ပုပ်သိုး ဆွေးမြည့်နေသော သစ်ရွက်များဖြင့် ပြည့်နေပြီး အဆိပ်ရှိသော ပိုးမွှားများကလည်း သစ်ရွက်များကြား သွားနေကြသည်။
တစ်ရက်တွင် မြေပြင်က ရုတ်တရက် တုန်ခါလာသည့် အတွက် အဆိပ်ရှိသော ပိုးကောင်များအားလုံး သစ်ရွက်များကြားမှ အလုအယက် ထွက်ပြေးကြ၏။ ထို့နောက် သစ်ရွက်ဆွေးများက အထက်သို့ လွင့်ပျံသွားပြီး မြေအောက်မှ ပုံရိပ်တစ်ခု ထိုးထွက် လာသည်။
ပုံရိပ်ပေါ်ထွက် လာသည်နှင့် ပိုးကောင်များ အားလုံးက ကြောက်လန့်တကြား အော်ဟစ်ပြီး ထိုနေရာမှ ထွက်ပြေးကြ၏။
“ဒီအခြေခံခိုးယူခြင်း နည်းစနစ်က တကယ်ကို ထူးခြား ဆန်းကြယ်တာပဲ… နောက်ဆုံးတော့ ငါလည်း ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ရောက်သွားပြီ… “မြေအောက်မှ ထွက်လာသော ပုံရိပ်ကား ဝမ်လင်း ဖြစ်၏။
ဝမ်လင်း၏ အကြည့်က လျှပ်စစ်နှင့် တူနေပြီး တစ်ကိုယ်လုံးတွင်လည်း အားကောင်းသော စိတ်စွမ်းအင်များဖြင့် ပြည့်နေသည်။ သူက ပါးစပ်ကို ဟလိုက်ပြီး အစိမ်းရောင် အလင်းကို ထုတ်လိုက်၏။ ထို့နောက် အစိမ်းရောင်အလင်းက အစိမ်းရောင် ဓားတစ်ချောင်း အဖြစ်သို့ ပြောင်းလဲ သွားသည်။
ဝမ်လင်းက လက်ကို မြှောက်လိုက်ရာ ဓားအိမ်ပေါ်လာပြီး သူ့ဘာသာ ရေရွတ်လိုက်သည်… “ဒီဓားအိမ်ကို ၂နှစ်ကြာအောင် သန့်စင်ထားလို့ ငါ့ဟာ ဖြစ်နေပြီလို့ ပြောလို့ရတယ်… ဒါကိုသာ ဓားနဲ့ တွဲပြီး အသုံးပြုလိုက်ရင် ဓားရဲ့အစွမ်းက အရမ်း ကြောက်ဖို့ ကောင်းသွားမှာပဲ…”
ဝမ်လင်းက ဓားနှင့်ဓားအိမ်ကို သိမ်းလိုက်ပြီးနောက် အနည်းငယ် စဉ်းစားလိုက်သည်။ ထို့နောက် ရင်ဘတ်မှ ပုတီးစေ့ကို စမ်းပြီး တွေးလိုက်သည်… “စစ်ထူနန်က ငါ့ကို ထန်းလီလက်က ကယ်ဖို့ စဦးစိတ်ဝိညာဉ် အဆီအနှစ်အများကြီး သုံးခဲ့ရတယ်… ထန်းဟွယွမ်ရဲ့ ကျိန်စာကနေလည်း ကာကွယ် ပေးထားသေးတယ်… အခု သူအိပ်ပျော်နေတာ ၁နှစ်ကျော်ပြီ … သူ ဘယ်အချိန်မှ ပြန်နိုးလာမလဲ ငါလည်း မသိဘူး… တစ္ဆေလောက ပျံတက်ခြင်း နည်းစနစ်ကို မှတ်မိနေလို့ ကံကောင်းသွားတယ်… အခု ယင်စွမ်းအင်များတဲ့ နေရာရှာပြီး လေ့ကျင့်ရမယ်…”
ထို့နောက် အသက်ကို ဝအောင်ရှူပြီး နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်ကာ မြောက်အရပ်သို့ ထွက်ခွာသွား၏။ မကြာမီ မြစ်ချောင်းတစ်ခုကို တွေ့ပြီး မြစ်ချောင်းထဲတွင် သူ့ကိုယ်မှ အညစ်အကြေးများ အားလုံးကို ဆေးကြောလိုက်၏။ သူ၏တစ်ကိုယ်လုံး သန့်စင်သွားပြီးနောက် ဝမ်လင်းက လန်းဆန်း သွားသကဲ့သို့ ခံစားလိုက်ရသည်။
မြစ်ချောင်းအနီးရှိ ကျောက်တုံး တစ်တုံးပေါ်တွင် ထိုင်ပြီး သေခြင်းတရားနှင့် နီးကပ်ခဲ့ရသည့် အကြောင်းများအား တွေးမိကာ အများကြီး နောင်တရမိသည်။ ကျန်းဟူ အသက်ရှင်သေးလား သို့မဟုတ် သေသွားပြီးလား ဆိုတာကို သူမသိချေ။ ကျန်းဟူ အသက်ရှင်ပြီး လွတ်မြောက် သွားပါစေဟုသာ ဆုတောင်း လိုက်တော့သည်။
ထို့နောက် သက်ပြင်းချလိုက်ပြီး အတွေးများကို သိမ်းဆည်းလိုက်၏။ ဝမ်လင်းက ညာဘက်လက်ဖြင့် အစီအရင် တစ်ခုကို ဖန်တီးပြီး အဖြူရောင် အလင်းတန်းတစ်ခုကို ထုတ်ဖော်လိုက်သည်။ အဖြူရောင် အလင်းက ထွက်ပေါ်လာသည်နှင့် ချက်ချင်း အရောင်ပြောင်း သွား၏။ အဖြူမှ မီးခိုးရောင်သို့ ပြောင်းသွားပြီး တဖြည်းဖြည်း နက်မှောင်လာကာ အနောက်အရပ်သို့ ပျံသန်းသွားသည်။
ဝမ်လင်းလည်း မှင်သက်သွား၏။ ဤနည်းစနစ်သည် ယင်စွမ်းအင်ရှိသော နေရာကို ရှာရန်အတွက် စစ်ထူနန်က သင်ပေးထားသည့် နည်းစနစ် ဖြစ်သည်။ အဖြူရောင်အလင်းက အနက်ရောင်ဘက်သို့ ပိုပြီး ပြောင်းသွားလေလေ ယင်စွမ်းအင်များ ရှိသောနေရာနှင့် နီးလေလေ ဖြစ်သည်။ အဖြူရောင်အလင်းက အနက်ရောင်လုံးလုံး ဖြစ်သွားသည်နှင့် ယင်စွမ်းအားများ ရှိသည့်နေရာကို ရောက်သည်ဟု ဆိုလိုခြင်း ဖြစ်၏။
ချက်ချင်းပင် ဝမ်လင်းက မီးခိုးရောင်သို့ ပြောင်းပြီးနေသည် ဖြစ်သည့် အလင်းနောက်သို့ လိုက်သွား၏။ အလင်းက တဖြည်းဖြည်း နက်မှောင်လာသည်။ အနက်ရောင်သို့ လုံးဝပြောင်းသွားသည့် အချိန်တွင် အလင်းက ချက်ချင်း ပျောက်ကွယ် သွား၏။
ဝမ်လင်းကလည်း အလင်းပျောက်ကွယ် သွားသည်ကို မြင်ပြီး ချက်ချင်း ရပ်တန့်လိုက်သည်။ သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး ဆွံ့အနေသည်။
သူ့ရှေ့တွင် အဆုံးမရှိသော အပျက်အစီးများဖြင့် ပြည့်နေသည်။ အဆောက်အဦများ၊ သစ်ပင်များအားလုံး မျက်စိတစ်ဆုံး မြင်ရသည်အထိ ပြိုလဲ၊ ပျက်စီးနေ၏။
အပျက်အစီးများကို သဘာဝပေါက်ပင်များက ဖုံးအုပ်ထားပြီး တိရစ္ဆာန်ငယ်လေးများက ဖြတ်ပြေးနေကြသည်။ တစ်ခါတစ်ရံတွင်လည်း အော်သံများ ထွက်ပေါ် လာတတ်၏။
ဝမ်လင်းသည် သူ့ရှေ့မှ အပျက်အစီများကို ကြည့်ပြီး မှင်တက်နေပြီးနောက် လေကို ပြင်းပြင်း ရှူလိုက်သည်။
ထိုအချိန်တွင် အပျက်အစီးများ ကြားထဲရှိ မျှော်စင်တစ်ခု အတွင်းမှ အဖြူရောင် အလင်းတိုင်လုံးတစ်ခု ထွက်ပေါ် လာသည်။
ဝမ်လင်း အလန့်တကြား ဖြစ်သွားကာ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ခေါင်းက တောအုပ်အတွင်းသို့ လှည့်ကြည့်လိုက်၏။ တောအုပ်အတွင်းမှ သွေးများဖြင့် သားရဲငယ် တစ်ကောင်က အလင်းတိုင်လုံး ရှိသည့်နေရာသို့ ဖြည်းဖြည်းခြင်း သွားနေသည်။ သူ၏ညာဘက် ခြေထောက်တွင် ဒဏ်ရာက အရိုးများပင် ပေါ်နေ၏။ သူ လျှောက်လာခဲ့သည့် လမ်းတစ်လျှောက်တွင် သူ့ညာဘက် ခြေထောက်မှ စီးကျနေသည့် သွေးစီးကြောင်းတစ်ခုက ကျန်ရစ်နေခဲ့သည်။
အချိန်တော်တော် ကြာပြီးနောက်တွင် ထိုသားရဲက အဖြူရောင် အလင်းတိုင်လုံးဆီသို့ ရောက်သွားပြီး ပျော်ရွှင်မှုကြောင့် အော်ဟစ်လိုက်၏။ စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် သူ့ခြေထောက်မှ ဒဏ်ရာက အပြည့်အဝ ပြန်ကောင်း သွားသည်။
ထို့နောက် သားရဲက ပျော်ရွှင်စွာ တောအုပ်ထဲသို့ ပြန်သွား၏။
သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး ဝမ်လင်း အံ့အားသင့်နေသည်။
ထိုအချိန်တွင် အလင်းတိုင်က ငွေရောင် အမှုန်အမွှားလေးများ အဖြစ် ပြောင်းလဲသွားကာ လေထဲတွင် ပျောက်ကွယ်သွား၏။ ဝမ်လင်းကတော့ ထိုနေရာကို သေချာ စောင့်ကြည့်နေသည်။ နာရီဝက်ခန့် ကြာသောအခါ အလင်းတိုင်းက ပြန်ပေါ်လာသည်။
အလင်းတိုင် ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေခြင်းကို ဝမ်လင်းက တစ်နေ့လုံး စောင့်ကြည့်နေခဲ့၏။ ထို့နောက် ဝမ်လင်းက တချို့အရာများကို သိလာခဲ့သည်။
ဝမ်လင်း၏ ထင်မြင်ချက်အရ အလင်းတိုင်သည် နေရောင်ခြည်နှင့် တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်နေရမည်။ ဤနေရာ တစ်ခုလုံးသည် ပျက်စီးနေပြီ ဖြစ်သော်လည်း နေရောင်ခြည်ကို စုပ်ယူပြီး အလုပ်လုပ်ဆဲ ဖြစ်နေသည့် အရာများလည်း ရှိနေသေး၏။ ထို့အတူ အလင်းတိုင်ကလည်း နေရောင်ခြည်ကို လုံလောက်အောင် စုပ်ယူပြီးမှ သူ၏စွမ်းရည်ကို ထုတ်ပြခြင်း ဖြစ်ရမည်။
သားရဲ တော်တော်များများက အလင်းတိုင်၏ စွမ်းအားကို သိနေကြဟန် ရှိသည်။ တစ်နေ့လုံးတွင် သားရဲအကောင်၂၀မက အလင်းတိုင်ဆီသို့ လာပြီး ဒဏ်ရာ ကုကြသည်ကို ဝမ်လင်း တွေ့ခဲ့ရ၏။
မှောင်လာသောအခါ ဝမ်လင်းက အလင်းတိုင်နောက်ဆုံး ပျောက်ကွယ်မည့် အချိန်ကို တွက်ချက်ပြီး တုံ့ဆိုင်းခြင်းမရှိ ရှေ့သို့ ပြေးထွက်သွားပြီး အလင်းတိုင်ကို လက်ဖြင့် ထိလိုက်၏။ အလင်းထဲတွင် သူ့လက်က အလွန် နွေးထွေးသည့်ကို ခံစားမိလိုက်သည်။ ဒီအရာက စိတ်စွမ်းအင်များ မဟုတ်ပေ။ သို့သော်လည်း ဒီလိုအရာကို ဝမ်လင်း တစ်ခါမှ မခံစားဖူးပေ။
အလင်းတိုင်မှ နွေးထွေးမှုကို ခံစားရင် ဝမ်လင်း၏မျက်လုံးက အရောင်တောက် သွား၏။ ဝမ်လင်က ချက်ချင်း သူ့လက်ကို လှီးလိုက်ပြီး လက်ကို အလင်းတိုင်အတွင်းသို့ ထည့်လိုက်၏။ မျက်တောင် တစ်ခတ် အတွင်းမှာတင် သူ့လက်မှ ဒဏ်ရာက ချက်ချင်း ပြန်ကောင်း သွားသည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး အပျက်အစီးများ ကြားထဲမှာ အကြီးဆုံး မျှော်စင်ဆီသို့ ပြေးသွားလိုက်၏။
မျှော်စင်၏ တချို့နေရာများက ပြိုကျပျက်စီးနေပြီ ဖြစ်သော်လည်း မျှော်စင်ကို ကြည့်ပြီး တစ်ချိန်က အလွန်ကြီးကျယ် ခမ်းနားခဲ့သည်ကို သိနိုင်သည်။ ထို့အပြင် ဘေး၌ မီတာ၃၀ခန့်မြင့်သော မျှော်စင်ပေါ်တွင် ဓားကိုင်ပြီး ရပ်နေသော ကြီးမားသော ရုပ်တုကြီး နှစ်ခုလည်း ရှိ၏။
ဝမ်လင်းက အပျက်အစီးများကို ကြည့်ပြီး တွေးကြည့် မိလိုက်သည်။ တစ်ချိန်က ကြီးကျယ် ခမ်းနားခဲ့သော်လည်း ယခုအချိန်တွင် အကြီးဆုံးမျှော်စင်က ထက်ပိုင်းကျိုးနေပြီး တချို့ အပိုင်းအစများက ရုပ်တုနှစ်ခုပေါ်ကို ပြိုလဲကျနေ၏။
အလင်းတိုင်သည် မျှော်စင်ထိပ်မှ ၂မီတာ အချင်းရှိသော ကျောက်တုံးကြီးမှ ထွက်လာခြင်း ဖြစ်သည်။
ဝမ်လင်းက ကျောက်တုံးကြီး ဘေးတွင် ရပ်လိုက်ပြီး တုံ့ဆိုင်းနေသည်။ ကျောက်တုံးကြီးက အလွန်ကြီးပြီး ရွေ့နိုင်ရန် မလွယ်ကူလှပေ။ ကျောက်တုံးကြီးက ဘယ်လို အကြောင်းများကြောင့် ဒဏ်ရာများကို ပြန်လည် ကောင်းမွန်အောင် လုပ်နိုင်သလဲ ဆိုတာကို သူမသိပေ။ သူသာ ရွေ့လိုက်လျှင် ပြန်လည် ကောင်းမွန်နိုင်သည့် အစွမ်းများ မရှိတော့မှာကို အလွန် စိုးရိမ်နေသည်။
ထိုအကြောင်းကို စဉ်းစားမိပြီး နောက်ဆုံးတွင် အလျင်စလို မလုပ်ရန် ဆုံးဖြတ်လိုက်ကာ တခြား နေရာများကို လေ့လာရန် စတင်လိုက်၏။
ကောင်းကင်ကြီးက ပိုပိုပြီး မှောင်လာသည့် အတွက် ဝမ်လင်းက အပျက်အစီများ ကြားထဲမှ လျင်မြန်စွာ ထွက်လာခဲ့သည်။ ကောင်းကင်ကြီးက လုံးဝ မှောင်သွားသည့် အချိန်တွင် ဝမ်လင်းက တောအုပ်အတွင်းသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။ သူက အပျက်အစီး နေရာကြီးကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။
***