အခန်း (၄)

ဆန်းအိမ်တော်

အပိုင်း (၄) ဆန်းအိမ်တော်

သူ့ခန္ဓာကိုယ် ပြန်လည် နေကောင်းလာပြီး နောက်ပိုင်း သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ သာမာန်လူ တစ်ယောက်ကဲ့သို့ ကျန်းမာ သန်စွမ်းလာသည်။ သို့သော် သူဆုံးရှုံးခဲ့ရသည့် အတွင်းအား များကိုတော့ ပြန်လည် ရရှိနိုင်ခြင်း မရှိသေးပေ။ ဆန်း အိမ်တော်မှာ လယ်ယာမြေ များစွာကို ပိုင်ဆိုင် သည့်အတွက် အဖိုးတန် ဆေးပင်များကို ရှာဖွေရန် လွယ်ကူနိုင်မည် ဖြစ်လေသည်။ ထို့ကြောင့်ပင် အိမ်တော်ထိန်းဝူ လာရောက် ခေါ်ဆောင်ခြင်း မရှိသည့်တိုင် ဆန်းလျန်က ဆန်းအိမ်တော်သို့ ပြန်သွားရန် စိတ်ကူး နေခဲ့လေသည်။

“ပညာ သင်ကြားခြင်းက လူအားလုံးအတွက်

သိုင်းပညာ သင်ကြားခြင်းက ငွေကြေးချမ်းသာသူများအတွက်”

ဆိုသည့် ဆိုရိုးအတိုင်း ကျင့်စဉ်လမ်းကို လျှောက်ခြင်းမှာလည်း ထိုနည်းတူပင် ဖြစ်လေသည်။

ကမ္ဘာပေါ်ရှိ ရှေးဟောင်းခေတ်ကို ပြန်ကြည့်မည် ဆိုလျှင်ပင် ကျော်ကြားသော တာအိုဆရာများမှာ ချမ်းသာကြွယ်၀သည့် မိသားစုများမှ ဖြစ်ကြလေသည်။ ကျင့်ကြံသူ လမ်းစဉ်ကို စတည် တည်ထောင်ခဲ့သည့် ဆရာသခင် ကျန်းတောက်လင်မှာ ကြွယ်ဝ ချမ်းသာသည့် မိသားစုမှ ဆင်းသက်လာသူ တစ်ယောက် ဖြစ်လေသည်။ လူသိများသည့် ကျင့်ကြံသူ ဆရာသခင် ဆန်းအန်းမှာလည်း မျိုးရိုးကောင်းသည့် မိသားစုမှ ဆင်းသက်လာသူ ဖြစ်လေသည်။ မင်းမျိုးမင်းနွယ် တစ်ယောက်ဖြစ်သည့် ကောဟုန်ပင်လျှင် တာအို ဟုန်ကျင်း၏ “တောင်များကို အုပ်ချုပ်သူ” အဖြစ် လူသိများ ကျော်ကြားလေသည်။

သူတို့၏ ကျင့်ကြံမှု လမ်းစဉ်များနှင့် အောင်မြင်မှုများကို လျစ်လျူရှု ထားသည့်တိုင် ဤတာအို လမ်းစဉ် ကျင့်ကြံသူများမှာ များစွာ ကြွယ်ဝချမ်းသာ ကြသူများ ဖြစ်ကြလေသည်။ သူတို့သည် မည်မျှပင် ပါရမီရှိသူများ ဖြစ်ကြပါစေ ဘဝ ရပ်တည်မှုအတွက် အခြေခံ ထောက်ပံ့မှုများ မရှိဘဲ အောင်မြင်နိုင်မည် မဟုတ်ပေ။

တကယ့် ဆန်းလျန်အစစ်မှာ ရေတွင်းထဲမှ ဖားတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။ ဆရာများ၏ လမ်းညွှန်ပေးမှု မရှိသောကြောင့် လျှို့ဝှက် ကျင့်စဉ်ကို ပြင်းပြင်းထန်ထန် လေ့ကျင့်လျှင် တစ်နေ့တွင် ဆရာတစ်ဆူ ဖြစ်လာ လိမ့်မည်ဟု ထင်မှတ်မှားနေခဲ့သည်။

တာအို ကျင့်စဉ်လမ်းနှင့် သိုင်းပညာ လေ့ကျင့်ခြင်းမှာ တစ်ဦးချင်းစီ၏ တိုးတက်မှု အပေါ်တွင် အာရုံစိုက် ရသည်။ ခေတ် အဆက်ဆက်မှ အသိပညာများကို စုဆောင်းရသည်။ ဆန်းလျန်ကတော့ ကျင့်ကြံသည့် လမ်းစဉ်မှာ လူတစ်ယောက်၏ စိတ်ကို ထိန်းချုပ်ခြင်းထက် အများကြီးပို၍ လိုအပ် သေးသည်ဟု သိရှိထားသည်။ ထို့ပြင် အသိပညာနှင့် အင်အားကို ပေါင်းစည်း နိုင်ရန်မှာလည်း အရေး ကြီးလေသည်။

ခေတ်သစ် ကာလတွင်တော့ ရိုးရှင်းသည့် သိပ္ပံစမ်းသပ်မှု စီမံကိန်းများတွင်ပင် နိုင်ငံတကာမှ ပူးပေါင်းလုပ်ဆောင် ကြလေသည်။ တိုးတက် ပြောင်းလဲမှု လမ်းကြောင်းအတွက် တိကျ ရှင်းလင်းသည့် လမ်းညွှန်မှု ရရှိရန်မှာ ဆန်းလျန် တစ်ယောက်တည်း ပြုလုပ်၍ မရနိုင်သည့် ကိစ္စဖြစ်လေသည်။

“နည်းလမ်း၊ လက်တွဲဖော်၊ အရင်းအမြစ်နှင့် မြေယာ” ဟု ရှေးလူကြီးများ ပြောခဲ့ကြသည်။

သူ သိပ်နားမလည်သော်လည်း “နည်းလမ်း” ဟုပြောလျှင် ကျင့်ကြံသည့် လမ်းစဉ်ကို သူ သတိ ပြုမိသည်။

“လက်တွဲဖော်” ဆိုသည်မှာ ကျင့်စဉ် လမ်းကြောင်းတွင် သူတွေ့ရမည့် ဝိညာဉ်များကို ပြောခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် သူ့ကို သင်ကြားပေးမည့် ကွန်ဖူးဆရာ အကျော်အမော် များကို ပြောခြင်းလည်း ဖြစ်နိုင်သည်။ အတွေ့အကြုံနှင့် သတင်းများကို မျှဝေပေးသည့် မိတ်ဆွေ သူငယ်ချင်း များလည်း ဖြစ် နိုင်သည်။ ခေတ်ပေါ် ကာလတွင်တော့ သိပ္ပံပညာရှင် များမှာ ညီလာခံများ တက်ရောက်ကြပြီး တက္ကသိုလ် များတွင်လည်း လေ့လာ ဆည်းပူးကြသည်။

“အရင်းအမြစ်” ဆိုသည်မှာ တာအိုဝါဒ ကျင့်စဉ်ကို ပြောခြင်းဖြစ်နိုင်သည်။ အသိဉာဏ် မရှိပါက ကျင့်စဉ် လမ်းကြောင်းနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို သိရှိနိုင်မည် မဟုတ်။

“မြေယာ” ဆိုသည်မှာတော့ အန္တရာယ် ကင်းပြီး တိတ်ဆိတ် ငြိမ်သက်သည့် အခန်းနေရာ ရှိရမည် ဖြစ်လေသည်။

သူလိုချင်သည့် အရာအားလုံး သူ့ဆီတွင် ရှိနေသည်ကတော့ အမှန်ပင်။ သို့သော် တိုးတက်ဖို့ အတွက်တော့ အများကြီး လိုအပ် နေသေးသည်။

လက်ရှိ အချိန်တွင်တော့ အရေးအကြီးဆုံး အချက်မှာ ကျင့်စဉ် လေ့ကျင့်ခြင်းထက် လက်တွဲဖော် လိုအပ်နေခြင်း ဖြစ်လေ သည်။

ခေတ်ပေါ် ကာလတစ်ခုမှ ရောက်လာသည့် လူတစ်ယောက်အနေဖြင့် “အဖော်မရှိဘဲ တစ်ယောက်တည်း သင်ယူနေခြင်းက အခြားသူများ၏ လျစ်လျူ ရှုမှုကို ခံရနိုင်သည်” ဆိုသည့် ဆိုရိုးကို ဆန်းလျန် လက်ခံလေသည်။

တကယ့် ဆန်းလျန်အစစ်မှာ သူ့ကို ညွှန်ပြပေးမည့် ဆရာသာ ရှိခဲ့လျှင် အားအင် ကုန်ခန်းပြီး အသက် ဆုံးသွားစရာ အကြောင်းမရှိပေ။

ကျင့်စဉ် ပညာရှင်များ စုစည်းထားသည့် ကျင့်ကြံသူ ကျောင်းတော်များစွာလည်း ရှိနိုင်လေသည်။

တကယ့် ဆန်းလျန်အစစ်၏ မှတ်ဉာဏ်များအရ ကျင့်စဉ်လမ်းကို လေ့ကျင့်မည့် သူများမှာ ကျင့်ကြံသူ ကျောင်းတော်များတွင် ပညာသင်ပြီးမှ အဆင့်တစ်ခုသို့ ရောက်ရှိ နိုင်သည်ကို သတိပြု မိလေသည်။

လွတ်လပ်စွာ တစ်ယောက်တည်း လေ့လာ ဆည်းပူးသည့် အလုပ်ကို မလုပ်ခင် ကျင့်ကြံသူ ကျောင်းတော်များတွင် အရင်သင်ယူ သင့်လေသည်။

အထက်တွင် ဖော်ပြခဲ့သည့် အကြောင်းအရာများကို အခြေခံပြီး မည်သို့ ဆက်လုပ်ရမည်ကို ဆန်းလျန် နားလည် ထားသည်။

ရေရှည်အတွက် ဆိုလျှင်တော့ ကျင့်ကြံသူ ကျောင်းတော်တစ်ခုကို ဝင်ခွင့်ရနိုင်ရန်မှာ အကောင်းဆုံး ဖြစ်ပေမည်။

လက်ရှိမှာတော့ သူ့ခန္ဓာကိုယ် ကျန်းမာရန်နှင့် ကြံ့ခိုင် သန်စွမ်းရန် လုပ်ရမည်ဖြစ်လေသည်။

သူ့ခန္ဓာကိုယ်က အားနည်းနေသော်လည်း ပုံမှန် လေ့ကျင့်ထားသည့်အတွက် ခိုင်မာသည့် ဝိညာဉ်ကို ပိုင်ဆိုင်ထားလေသည်။ သူက သေးငယ်သည့် အစိတ်အပိုင်း လေးများကိုပင် အာရုံ ခံနိုင်စွမ်း ရှိသည်။ သူလေ့ကျင့်ထားသည်များကို အတိုင်းအတာ တစ်ခုအထိ ကောင်းကောင်း အသုံးချ နိုင်လေသည်။ ထို့ကြောင့်ပင် သူ့ခန္ဓာကိုယ်ကို ထိခိုက်မှု မရှိစေဘဲ အမြင့်ဆုံး စွမ်းအင်ကို အသုံးချ နိုင်လေသည်။

တစ်နေ့ပြီးတစ်နေ့ လေ့ကျင့်မှုများ ပြုလုပ်ပြီးသည့် နောက်ပိုင်း လက်နှင့်မျက်လုံး ပူးပေါင်း လုပ်ဆောင်မှုနှင့် အာရုံခံ အစိတ်အပိုင်းများ၏ လုပ်ဆောင်မှုများမှာ ထိပ်တန်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

သူသာ ယခုအချိန်တွင် လက်ရှိခေတ်သို့ ပြန်လည် ရောက်ရှိသွားမည် ဆိုပါက အွန်လိုင်းဂိမ်းများကို မယုံကြည်နိုင် လောက်အောင် ဆော့နိုင်မည်ဖြစ်လေသည်။

အချိန် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး သူထွက်ခွာရမည့် နံနက်သို့ ရောက်ရှိလာသည်။

အိမ်တော်ထိန်းဝူ မောင်းသည့် မြင်းရထားထဲတွင် သက်သောင့်သက်သာ ထိုင်ပြီး လိုက်လာရသည့် ချောမွေ့သည့် ခရီးစဉ်မှာ ဆန်းလျန်အတွက် အခက်အခဲ အလျဉ်းမရှိခဲ့။ သူ့အနေဖြင့် ဆန်းအိမ်တော်ကိုလည်း ကျေးဇူးတင်ရမည် ဖြစ်သည်။ ဆန်းအိမ်တော်မှာ ကူးသန်း ရောင်းဝယ်ရေးကို လုပ်ကိုင်ကြသည့် အလျှောက် ဒေသတစ်ဝိုက် လမ်းပန်း ဆက်သွယ်ရေးများကို ကောင်းမွန်အောင် ဆောင်ရွက် ထားလေသည်။

ဆန်းအိမ်တော်မှ လမ်းများ ပြုပြင်ခြင်းနှင့် တံတားများ ခင်းခြင်းအတွက် ငွေအကြေး အမြောက်အများ သုံးဆွဲထားသည်မှာ ရေရှည် အကျိုးကို ကြည့်ပြီး စရိတ်ကုန်ကျ ခံထားခြင်းပင် ဖြစ်သည်။ ချင်ပြည်နယ် မြို့တော်တွင် ဆန်းအိမ်တော်၏ ဂုဏ်သတင်းမှာ ထင်ရှားကျော်ကြားလှသည်။ ပြည်နယ် တာဝန်ရှိသူများကပင် ဂုဏ်ပြုမှတ်တမ်း တင်ထားကြရ လေသည်။ ထို့ပြင် ဆန်းအိမ်တော် အတွက်လည်း နှစ်ဦးနှစ်ဖက် အဆင်ပြေလေသည်။

ဤလုပ်ငန်းများ အားလုံးကို ဆန်းသခင်ကြီးက ဦးဆောင်ပြီး လုပ်ကိုင်နေခြင်း ဖြစ်သည်။ ဆန်းလျန်၏ ဦးလေးများက သဘောမတူသော်လည်း ဆန်းသခင်ကြီးကတော့ သူ၏ လုပ်ဆောင်မှု အတွက်များစွာ ဂုဏ်ယူလေသည်။

ထိုသို့သော ကိစ္စများ လုပ်ခဲ့သည့်အတွက် ဆန်းသခင်ကြီးမှာ လေးစားဖွယ်ရာ ကောင်းကြောင်း မှတ်ချက် ချနိုင်သည်။ ဆန်းသခင်ကြီးမှာ စိတ်ရင်းကောင်းပြီး တိကျ ပြတ်သားသူ ဖြစ်သောကြောင့် ဆန်း မိသားစုမှာ ကြွယ်ဝ ချမ်းသာသည်ထက် ချမ်းသာလာသည်မှာ အံ့သြစရာတော့ မရှိ။

တကယ့် ဆန်းလျန်အစစ်၏ မှတ်ဉာဏ်များနှင့် သူ၏ သုံးသပ်မှုများကို ပေါင်းစပ်ပြီး ဆန်းသခင်ကြီး အကြောင်းကို ဆန်းလျန် တွေးတောနေမိသည်။

ဤသို့ ဆက်စပ်တွေးတော နိုင်သည်မှာလည်း ဝိညာဉ်စွမ်းအား မြင့်မားသောကြောင့် ဖြစ်လေသည်။ သူ၏ကျိုးကြောင်း ဆက်စပ် တွေးနိုင်သည့် စွမ်းရည်မှာ သိသိသာသာပင် တိုးတက် လာခဲ့ လေသည်။

သူ၏ ဝိညာဉ်စွမ်းအား မြင့်မားခြင်းနှင့် “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်ကြောင့် သူပိုပြီး တည်ငြိမ်လာပြီး ထက်မြက် လာခဲ့လေသည်။

“စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်အဖုံးမှ နတ်သမီးပုံကို သူရေးဆွဲသည့် အခါတိုင်း သူ၏ စိတ်ပူပန်မှုများမှာ ပျောက်ကွယ် သွားစမြဲပင် ဖြစ်လေသည်။

……

ချင်ပြည်နယ်မြို့တော်မှာ လူများနှင့် စည်ကားလျက် ရှိလေသည်။

မည်သူမျှ သတိမထားမိသော်လည်း ခမ်းနားသည့် မြင်းရထားတစ်စီးသည် ဂုဏ်သရေရှိ ဆန်း အိမ်တော်ရှေ့သို့ ရောက်ရှိ လာခဲ့သည်။

“အိမ်တော်ထိန်းဝူ တတိယ သခင်လေးကို အိမ်ကို ပြန်ခေါ်လာတာလား”

တံခါးစောင့်က နှုတ်ဆက်လိုက်သည်နှင့် မြင်းရထားက ရပ်တန့်သွားသည်။

“ဟုတ်တယ်”

အိမ်တော်ထိန်းဝူက ပြန်ပြောလိုက်သည်။

ဆန်းလျန်က မြင်းရထားထဲမှ ဖြည်းဖြည်းချင်း ဆင်းလာလိုက်သည်။ တကယ့် ဆန်းလျန်အစစ် အိမ်ပြန် မလာသည်မှာ ခြောက်နှစ် ခုနစ်နှစ်ခန့် ရှိပြီဖြစ်လေသည်။ သို့သော် သူ့မှတ်ဉာဏ်များကို ကြည့်လိုက်သည့် အခါတွင်တော့ ဆန်းအိမ်တော်မှာ အများကြီး ပြောင်းလဲ သွားခြင်းတော့မရှိ။

သို့သော် တံခါး တစ်ဖက်တစ်ချက်ဆီမှ ခြင်္သေ့ရုပ်ကြီး နှစ်ခုမှာတော့ အချိန်ကာလာ ကြာလာ သည်နှင့်အမျှ ပွန်းပဲ့ နေကြပြီဖြစ်လေသည်။

တံခါးမကြီး ပွင့်လာပြီး သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ထွက်လာသည်။ ထိုသူမှ ဆန်းလျန်၏ ဒုတိယဦးလေး ဆန်းချင်စန်း ဖြစ်လေသည်။

ဆန်းချင်းစန်းမှာ ငယ်စဉ်က သိုင်းပညာ လေ့ကျင့်ဖူးသူ ဖြစ်သည်။ သူက ကုန်ပစ္စည်းများ သယ်ယူ ပို့ဆောင်ရင်း ဓားပြဂိုဏ်း တစ်ဂိုဏ်းကို ဓားမပါဘဲ နှိမ်နင်းခဲ့ဖူးသည်ဟု ပြောသည်ကို ကြားဖူးလေသည်။ ချင်ပြည်နယ် မြို့တော်တွင် ဆန်းချင်းစန်းမှာ ရဲစွမ်းသတ္တိနှင့် ပြည့်ဝသည့် လူတစ်ယောက်အဖြစ် လူသိ များလေသည်။

အသက်အရွယ် ရလာမှုကြောင့် ဆန်းချင်းစန်းမှာ အနည်းငယ် ဝလာသည့်တိုင် ကြွက်သား များကတော့ အရင်အတိုင်း သန်မာဆဲ ဖြစ်လေသည်။ သူ့မျက်လုံးများက တောက်ပနေပြီး သာမာန် လူတစ်ယောက်ထက် စူးရှထက်မြက် နေလေ သည်။

ဆန်းချင်းစန်းက တူဖြစ်သူကို တစ်ချက် ကြည့်လိုက်သည်။ ဆန်းလျန်မှာ ပိန်လွန်းပြီး သူငယ်ငယ် ကလို သန်မာခြင်း မရှိဟု သူက တွေးလိုက်မိသည်။ ဒီနှစ်များ အတွင်းတွင် ဆန်းလျန်မှာ ပိုပြီး ပိန်လာပြီး ဝါးလုံးလေး တစ်လုံး ထောင်ထားသည်နှင့်ပင် တူနေလေတော့သည်။

ဆန်းချင်းစန်း၏ ဆုံးပါးသွားပြီ ဖြစ်သည့်ညီမ၊ ဆန်းလျန်၏ မိခင်နှင့် ဆန်းလျန်မှာ အလွန်ဆင်တူ သည်ကိုတော့ ဆန်းချင်းစန်း သတိပြုလိုက်မိသည်။

ဆန်းချင်းစန်းမှာ အစ်ကိုကြီး ဖြစ်သူထက် ပိုပြီး ညီမဖြစ်သူနှင့် ရင်းနှီးလေသည်။ သူ့အစ်ကိုကြီး ပညာသင်ရန်အတွက် အဝေးသို့ သွားနေသည့် အချိန်တွင် သူတို့မောင်နှမ နှစ်ယောက်သာ အိမ်တွင် အတူတူ နေခဲ့ရသည်။

သူသိုင်းပညာ သင်ယူရန်အတွက် အိမ်မှ ခုနစ်နှစ်ကြာ ထွက်ခွာသွားခဲ့သည့် အချိန်တွင်မှ သူတို့ မောင်နှမ နှစ်ယောက် ခွဲခွာခဲ့ရခြင်း ဖြစ်လေသည်။ သူပြန်လာသည့် အချိန်တွင်တော့ ညီမဖြစ်သူမှာ လက်ထပ် ထိမ်းမြားခြင်း မရှိဘဲ ကိုယ်ဝန် ရှိနေခြင်းက သူ့အတွက် အလွန် အရှက်ရစရာ ဖြစ်ခဲ့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset