ထန်းလီ၏မျက်လုံးက ရုတ်တရက် ပွင့်လာသည်။ သူ၏မျက်လုံးသည် ယခင်ကဲ့သို့ တောက်ပမှု မရှိတော့ဘဲ နီရဲနေ၏။ သူ၏နှုတ်ခမ်းများက တုန်ယင်နေပြီး မေးရိုးများကလည်း တင်းနေအောင် စေ့ထား၏။
ဝမ်လင်းက ညာလက်ဖြင့် ရှုပ်ထွေးသော သင်္ကေတ တစ်ခုကို လေထဲတွင် ဆွဲလိုက်သည်။ ထို့နောက် လက်ချောင်း တစ်ချောင်းကို ကိုက်လိုက်ပြီး သွေးစက်တစ်စက်ကို ထန်းလီ၏ ဦးခေါင်းပေါ်သို့ ဆတ်ခနဲ တောက်ထုတ်လိုက်၏။
ထန်းလီထံမှ ညည်းသံတစ်ချက် ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်က ဆန့်တငင်ငင် လှုပ်ရှားလာသည်။ သူ၏အရေပြားအောက်မှ အရာအားလုံးက လှုပ်ရှားလာပြီး ရင်ဘတ်ဆီသို့ စုဝေးလာ၏။
အချိန်တိုလေး အတွင်းမှာပင် ထန်းလီ၏ ၆ခန္ဓာကိုယ် တစ်ခုလုံးရှိ ကြွက်သားများ၊ အကြောများ အားလုံးသည် သူ၏ရင်ဘတ်နေရာတွင် အသားလုံး တစ်ခုအဖြစ် စုစည်းသွားသည်။
ဝမ်လင်း၏မျက်လုံးက အရောင် တောက်လာပြီး ညာလက်ကို ဝှေ့ယမ်းကာ နောက်ထပ် နည်းစနစ်တစ်ခုကို အသုံးပြုလိုက်သည်။ ထိုအခါ အသားလုံးကြီးက ထန်းလီ၏ကိုယ်မှ ခွဲထွက်လာ၏။ ယခုအချိန်တွင် ထန်းလီ၏ ခန္ဓာကိုယ်သည် အရိုးများ ထည့်ထားသော အိတ်တစ်ခုနှင့် တူနေ၏။
ဝမ်လင်းက စိတ်စွမ်းအင်များကို ပါးစပ်အပြည့် ထွေးထုတ်လိုက်ပြီး အသားလုံးထဲသို့ ဝင်သွားစေလိုက်သည်။ ထိုအခါ အသားလုံးကြီးက တဖြည်းဖြည်း ကျုံ့လာပြီး သွေးလုံးနှင့် အရွယ်အစား တူသောအခါ ကျုံ့နေခြင်းမှ ရပ်တန့်သွား၏။
ဝမ်လင်းလည်း ပင်ပန်းလာသဖြင့် ဘူးသီးခြောက်ကို ထုတ်ယူပြီး စိတ်ဝိညာဉ် ရေများကို သောက်သုံးကာ အားဖြည့်လိုက်သည်။ ထို့နောက် ထန်းလီ၏ ခန္ဓာကိုယ်ကို လက်က ညွှန်လိုက်သည်။
ရုတ်တရက် ကွဲကြေသွားသည့် အသံများ ထွက်ပေါ်လာသည်။ ထန်းလီ၏ ခန္ဓာကိုယ်ထဲမှ အရိုးများအားလုံး တစ်စစီဖြစ်ကာ အမှုန့်ဖြစ်သွားပြီး အရိုးမှုန့် အလုံးကြီးအဖြစ် စုစည်းသွား၏။
သွေးလုံး၊ အသားလုံး၊ အရိုးလုံး ၃လုံးသည် တန်းစီနေသည်။ ထိုအလုံး၃လုံးမှ မိစ္ဆာဆန်သော အော်ရာများ ထွက်ပေါ်နေသည်။
အလုံး၃လုံးကို လုပ်ပြီးနောက် ဝမ်လင်းက သက်ပြင်းချပြီး ရေရွတ်လိုက်သည် … “အခြေခံခိုးယူခြင်း နည်းစနစ်မှာ သွေး၊ အသား၊ အရိုး၊ ဝိညာဉ်၊ စိတ်ဝိညာဉ် အရင်းအမြစ် ၅ခုစလုံးကို ထုတ်ဖို့လိုတယ် … ပြီးတော့ သွေး၊ အသား၊ အရိုးတွေကို ထုတ်ယူနေချိန်မှာ အထုတ်ခံရတဲ့သူက မသေနိုင်သေးဘူး… ဒီနည်းစနစ်က အရမ်းကို ရက်စက်လွန်းတယ်…”
စစ်ထူနန်က ဖြည်းညင်းစွာ ပြောလိုက်သည်… “ဒါက ဘာမှ မဟုတ်သေးဘူး … ငါနေခဲ့တဲ့ တိုင်းပြည်မှာဆိုရင် အမြုတေခိုးတဲ့ မိစ္ဆာဂိုဏ်းတွေတောင် အများကြီး ရှိတယ်… ဒါကမှ ရက်စက်တယ်လို့ ခေါ်တယ်… အမြုတေ ထုတ်ယူ ခံလိုက်ရတဲ့ လူကလည်း ဝေဒနာ ခံစားရရုံတင် မဟုတ်ဘူး… ထုတ်ယူတဲ့လူကလည်း ဝေဒနာ ခံစားရတယ်… ပြီးတော့ အောင်မြင်နှုန်းက ၁ရာခိုင်းနှုန်းတောင် မရှိဘူး…”
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် လက်ရှိလုပ်နေသည့် အလုပ်အပေါ် အာရုံစိုက်လိုက်သည်။ သူ့လက်ကို ထန်းလီကို ညွှန်လိုက်ပြီး လင်္ကာကို ရွတ်ဆိုလိုက်သည်။ ဝမ်လင်းရွတ်နေသည့် လင်္ကာက တဖြည်းဖြည်း မြန်လာသည့် အချိန်တွင် ထန်းလီ၏ကိုယ်ထဲမှ ထုတ်ထားသော အသားလုံးထဲမှ အဖြူရောင် အငွေ့များ ထွက်လာ၏။
အချိန် ကြာလာသည်နှင့်အမျှ အဖြူရောင် အငွေ့များက အလွန် သိပ်သည်းလာပြီး ခပ်သေးသေးလူပုံစံ ဖြစ်ပေါ်လာသည်။ ထိုလူသေးသေးလေးကို သေချာ အနီးကပ် ကြည့်လိုက်မယ်ဆိုလျှင် ထန်းလီနှင့် တူနေသည်ကို တွေ့ရပေမည်။ ထိုအရာက ထန်းလီ၏ဝိညာဉ် ဖြစ်သည်။
ထန်းလီဝိညာဉ်၏ မျက်လုံးတွင် စိတ်ရှုပ်ထွေးသည့် အရိပ်အယောင်များ ပေါ်နေပြီးနောက် သူ၏ခန္ဓာကိုယ်က တုန်ခါသွား၏။ သူ့မျက်လုံးမှ စိတ်ရှုပ်ထွေးသည့် အရိပ်အယောင်များက ပျောက်ကွယ်သွားပြီး ဝမ်လင်းကို ဒေါသတကြီး ကြည့်ကာ အော်ပြောလိုက်သည်။ ထန်းလီဝိညာဉ်၏ အော်ဟစ် ပြောဆိုသံများက အလွန်ကို တိုးညင်းလှ၏။
ဝမ်လင်းက မျက်တောင်ပင် မခတ်ဘဲ သူ့အလုပ်ကို ဆက်လုပ်နေသည်။ သူ့လက်ကို ဝှေ့ယမ်း လိုက်ပြီးနောက် အနီရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ ထိုထန်းလီ၏ ဝိညာဉ်က အနီရောင် အလင်းတန်းကို ကြောက်နေသည့်ဟန် ရှိပြီး အနီရောင် အလင်းတန်းနှင့် မထိတွေ့စေရန် ထွက်ပြေးလိုက်၏။ သို့သော်လည်းပဲ ထန်းလီ၏ ခန္ဓာကိုယ်နှင့် ၃မီတာပတ်လည် အကွာအဝေးက လှောင်အိမ်တစ်ခုကဲ့သို့ ဖြစ်နေပြီး ထန်းလီ၏ဝိညာဉ်က ဘယ်လိုပင် ထွက်ပြေးရန် ကြိုးစားပါစေ ၃မီတာထက်ပိုပြီး ကျော်လွန်၍ သွားလို့ မရချေ။
နောက်ဆုံးတွင် ထန်းလီ၏ဝိညာဉ်က မလွတ်မြောက် နိုင်တော့သည်ကို သိလိုက်ပြီး ကြောက်စရာ ကောင်းသည့် အကြည့်ဖြင့် အနီရောင် အလင်းတန်းဆီသို့ ပြေးဝင် သွားလိုက်၏။
ဝမ်လင်းက မျက်နှာသေကြီးဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး အနီရောင် အလင်းကို ထန်းလီဝိညာဉ်အား အနည်းငယ် လှည့်ပတ်စေပြီးနောက် ထန်းလီဝိညာဉ်ကို အပြင်သို့ ဖြည်းဖြည်းချင်း ဆွဲထုတ်လာသည်။
ဝိညာဉ်ထုတ်ယူခြင်း အဆင့်က အလွန် အရေးကြီးသည်ကို ဝမ်လင်း သိ၏။ ဝိညာဉ်ကို ခန္ဓာကိုယ်နှင့် ၃မီတာအတွင်းမှ မပျက်မစီးဘဲ ဆွဲထုတ်ရမည် ဖြစ်သည်။ ပျက်စီးသွားသည့် ဝိညာဉ်က အခြေခံခိုးယူခြင်း နည်းစနစ်ကို မထိခိုက်စေသော်လည်း သူ၏ကိုယ်ပိုင် စွမ်းရည်ကို မြှင့်တင်ရန် အတွက် ထန်းလီ၏ စိတ်ဝိညာဉ် အရင်းအမြစ်ကို အသုံးပြု၍ မရတော့ပါချေ။
အနီရောင် အလင်းတန်းက သူ့ကို ဆွဲထုတ်နေသည့် အချိန်တွင် ထန်းလီဝိညာဉ်၏ မျက်နှာ၌ နာကျင်မှုဖြင့် ပြည့်နေ၏။ တဖြည်းဖြည်းနှင့် ၃မီတာပတ်လည် အတွင်းမှ ထန်းလီဝိညာဉ်၏ ခန္ဓာကိုယ်တစ်ဝက်က ထွက်လာပြီး ဖြစ်သည်။
ထိုအချိန်တွင် ထန်းလီ၏ ဝိညာဉ်ခန္ဓာကိုယ်မှ အဝါရောင် အလင်းတစ်ခု ထွက်ပေါ်လာပြီး အနီရောင် အလင်းတန်းကို ဖျက်ဆီး ပစ်လိုက်သည်။ ထို့နောက် ထန်းလီ၏ ဝိညာဉ်ကလည်း ၃မီတာပတ်လည် အတွင်းသို့ လျင်မြန်စွာ ဆုတ်သွား၏။ အဝါရောင်အလင်း၏ တောက်ပမှုကြောင့် ထန်းလီ၏ ဝိညာဉ်ကလည်း ပိုမိုသိပ်သည်း မာကျောလာသည်။
ဝမ်လင်း၏မျက်နှာက မည်းမှောင်သွားပြီး ထန်းလီ၏ဝိညာဉ်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် လက်ဖြင့် နည်းစနစ်တစ်ခုကို အသက်သွင်းလိုက် ပြန်သည်။ ထိုအခြင်းအရာကို မြင်ပြီး ထန်းလီ၏ဝိညာဉ်သည် ထိတ်လန့် ကြောက်ရွံ့သည့် အမူအရာများ ပေါ်လာ၏။
“မင်း ငါ့ကို သတ်ရင်… ငါ့အဘိုးကလည်း မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး… ငါ့အဘိုးက စဦးစိတ်ဝိညာဉ် အဆင့်ပဲ… ဒါကြောင့် မင်း ငါ့ကို သတ်ရင်… မင်းလည်း ကျိန်းသေ သေရလိမ့်မယ်…”
ထိုစကားကို ကြားပြီး ဝမ်လင်း၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင် တစ်ချက် လက်သွားပြီး စိတ်စွမ်းအင်းများကို ထွေးထုတ်လိုက်၏။ ထို့နောက် နည်းစနစ်တစ်ခုကို သုံးပြီး စိတ်စွမ်းအင်များကို ကြိုးတစ်ချောင်း အဖြစ် ပြောင်းလဲ သွားစေလိုက်သည်။
ထန်းလီ၏ဝိညာဉ်သည် ကြောက်လန့်လာပြီး ပြောလိုက်သည်… “ငါ့ရဲ့အဘိုးက ငါ ဒုက္ခရောက်နေတာကို သိပြီးပြီ… ဒါကြောင့် သူက ဒီနေရာကို အချိန်မရွေး ရောက်လာနိုင်တယ်… မင်း…”
သူ ပြောလို့မပြီးခင်မှာတင် ဝမ်လင်းက လက်ကို ဝှေ့ယမ်းလိုက်၏။ ကြိုးက ထန်းလီ၏ဝိညာဉ်ကို ချည်နှောင်လိုက်ပြီး ၃မီတာ ပတ်လည်အတွင်းမှ ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။
ထန်းလီ၏ဝိညာဉ်ကလည်း အပြင်းအထန် ရုန်းကန်နေရင် စူးစူးဝါးဝါး အော်လေတော့၏… “အဘိုး… ငါ့ကို ကယ်ပါ…”အဝါရောင် အလင်းကလည်း ပိုမိုလင်းလာပြီး ဝမ်လင်းကို ခုခံ၏။
ဝမ်လင်းလည်း နည်းနည်း အခက်ကြုံနေတာကို မြင်ပြီး သိုလှောင်အိတ်ကို လက်ဖြင့် ပုတ်လိုက်ကာ ဘူးသီးခြောက်ကို ထုတ်ယူလိုက်၏။ သူက စိတ်ဝိညာဉ်ရေကို ပါးစပ်အပြည့် မော့သောက်လိုက်ပြီး ထန်းလီ၏ဝိညာဉ်ကို ဆွဲထုတ်နေသည့် ကြိုးပေါ်သို့ စိတ်စွမ်းအင်ရေများ လောင်းချလိုက်ရာ ကြိုးက ပိုပြီးထူလာကာ ထန်းလီ၏ဝိညာဉ်ကို ထပ်ဆွဲထုတ်ပြန်သည်။
ဒီတစ်ကြိမ်တွင်တော့ ထန်းလီ၏ဝိညာဉ်မှ အဝါရောင် အလင်းသည် မည်မျှပင် တောက်ပပြီး မာကျောပါစေ ဝမ်လင်းကို ခုခံရန် မဖြစ်နိုင်တော့ချေ။ နောက်ဆုံးတွင် ထန်းလီ၏ ဝိညာဉ်ကို ၃မီတာ ပတ်လည်အတွင်းမှ အောင်မြင်စွာ ထုတ်ယူ နိုင်လိုက်၏။ ထန်းလီ၏ဝိညာဉ် အပြင်ကို ထုတ်ခံလိုက်ရသည်နှင့် အဝါရောင် အလင်းက အဝါရောင် အငွေ့ထုကြီး ဖြစ်သွားကာ အထဲတွင် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုပုံရိပ်က မကြည်မလင် ဖြစ်နေပြီး အသံတစ်ခု ထွက်ပေါ်လာ၏… “ကျင့်ကြံသူလေး… ကျေးဇူးပြုပြီး ရပ်ပေးလို့ ရမလား… ငါတို့ ဒီအကြောင်းကို ဆွေးနွေးရအောင်…”
ဝမ်လင်းက အလန့်တကြား ဖြစ်သွား၏။ သို့သော်လည်း စစ်ထူနန်က လျင်မြန်စွာ ပြောလိုက်သည်… “မစိုးရိမ်နဲ့…ဒါက စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူရဲ့ ပုံရိပ်ယောင် ကိုယ်ပွားတစ်ခုပဲ… ဒါက ရိုးရိုးကိုယ်ပွားနဲ့ မတူဘူး… ဒီပုံရိပ်ယောင် ကိုယ်ပွားက တိုက်ခိုက်လို့ မရဘူး… မင်းကို မမြင်နိုင်ဘူး… ပြီးတော့ မင်းရှိတဲ့ နေရာကိုတောင် မသိနိုင်ဘူး… ပုံရိပ်ယောင် ကိုယ်ပွားက လုပ်နိုင်တာ တစ်ခုပဲ ရှိတယ်… အဲဒါက သူပြောတဲ့စကားကို မင်း ကြားအောင် လုပ်ပေးနိုင်တာပဲ… ပြီးတော့ ဒီပုံရိပ်ယောင် ကိုယ်ပွားရဲ့ ပုံစံကို ကြည့်ပြီး ပြောရရင် စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူက ဒီနေရာနဲ့ အဝေးကြီးမှာ ရှိနေတာပဲ… ဒါကြောင့် ပုံက ဝါးနေတာ… ဘာပဲဖြစ်ဖြစ် သူက ထန်းလီကိုတော့ တော်တော်ချစ်တာပဲ… ဒါကြောင့် သူ့ရဲ့နတ်ဘုရား စိတ်အာရုံ အပိုင်းအစလေးကို ထန်းလီနဲ့ ထည့်ပေးထားတာ…”
စစ်ထူနန်၏ စကားကို ကြားပြီးသည်နှင့် တွေဝေနေခြင်း မရှိဘဲ ထန်းလီ၏ဝိညာဉ်ကို လက်ဖြင့် ညွှန်လိုက်၏။ ထန်းလီ၏ဝိညာဉ်က ချက်ချင်း ရပ်တန့်သွားပြီး အပြင်းအထန် ရုန်းကန်နေသည်။ ထန်းလီ၏ဝိညာဉ်က တဖြည်းဖြည်း ကျုံ့သွားပြီး နောက်ဆုံးတွင် ခရမ်းရောင် တောက်ပနေသည် အလုံးတစ်လုံး အဖြစ်သို့ ရောက်သွား၏။
ပုံရိပ်ယောင် ကိုယ်ပွားက ထန်းလီ၏ဝိညာဉ် သန့်စင်ခံလိုက်ရသည်ကို သတိပြုမိသွားပြီး အော်ပြောလိုက်သည်… “ထန်းမိသားစုဝင် တစ်ယောက်ကို မင်းက သတ်ရဲတယ်ပေါ့… မင်း ပြန်ပေးဆပ်ရမယ်… ငါ မင်းကို ရှာတွေ့တဲ့တစ်နေ့… ငါ မင်းကို သတ်မယ်…”
***
ဝမ်လင်း ရှိနေသည့်နေရာမှ မိုင်တစ်သောင်းမက ဝေးသော တောင်ထိပ် တစ်ခုပေါ်တွင် အနက်ရောင်ဝတ်ရုံကို ခြုံထားသော အဘိုးကြီး တစ်ယောက် သုန်မှုန်နေသော မျက်နှာထားဖြင့် မတ်တတ်ရပ်နေသည်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ရေရွတ်လိုက်၏… “လီအာ … မြေးအတွက် အဘိုးပြန်လက်စား ချေပေးပါ့မယ်…”
ထို့နောက် သူက ညာလက်ဖြင့် ရင်ဘတ်ကို ရိုက်ကာ သွေးမည်းများ အန်ထုတ်လိုက်သည်။ သူ၏ညာလက်ကပဲ လျင်မြန်စွာ သွေးမည်းများဖြင့် လေထဲတွင် သင်္ကေတများ ရေးဆွဲလိုက်၏။ ရေးဆွဲပြီးသွားသောအခါ ထူးဆန်သော သင်္ကေတများက လေထဲတွင် ရပ်တန့်နေသည်။
ထို့နောက် ခရမ်းရောင် လူသေးသေးလေး တစ်ယောက်က လေထဲတွင် ထိုင်လျက် ပေါ်လာသည်။
လူသေးသေးလေးက အော်လိုက်သည်… “ကျိန်စာ… ဖြစ်ပေါ်စမ်း…”
သူ၏လက်များက အစီအရင် တစ်ခုကို ရေးဆွဲလိုက်ပြီး သူ၏နတ်ဘုရား စိတ်အာရုံကို ခွဲထုတ်ကာ သင်္ကေတများအားလုံးနှင့် ပေါင်းစပ် ရောနှောသွား၏။
“ကျိန်စာ… ပြီးဆုံးခြင်း…”
အဘိုးကြီး၏ဝိညာဉ်က သိသိသာသာကို ကျုံ့သွား၏။ သူ့ပုံစံက သူ၏စွမ်းအားများ ဆုံးရှုံးသွားသည်ကို ဂရုမစိုက်သည့်ပုံစံမျိုး ဖြစ်သည်။ သင်္ကေတများက နတ်ဘုရား စိတ်အာရုံနှင့် ပေါင်းစပ်သွားပြီးနောက် မိစ္ဆာဆန်ဆန် အလင်းရောင်များ တောက်ပလာပြီး ကောင်းကင်ပေါ်တွင် ရပ်တန့်နေ၏။ ထိုသင်္ကေတများက ကောင်းကင် တစ်ဝက်လောက်ထိ ဖုံးလွှမ်းသွားပြီး အစီအရင်တစ်ခု ဖြစ်ပေါ်လာသည်။ အစီအရင်ကြောင့် မိုးခြိမ်းသံများကလည်း ထွက်ပေါ် လာသည်။
“ကျိန်စာ… လှည့်လိုက်စမ်း…”
အစီအရင်က တဖြည်းဖြည်း လည်လာ၏။ အစီအရင်က လည်ရင်းလည်ရင်း ကောင်းကင်ပေါ်တွင် သွေးရောင် တောက်ပနေသော လျှပ်စီးများ ပေါ်လာပြီး ထူးဆန်းသော စိန်ပုံသဏ္ဌာန်ကို ဖြစ်ပေါ်စေသည်။
“ကျိန်စာ… ပိတ်လိုက်စမ်း…” လူသေးသေးလေးက အော်လိုက်သည်။ သူ၏ဝိညာဉ် စွမ်းအားများကိုလည်း အစီအရင်ထဲသို့ ထပ်ပေါင်း ထည့်လိုက်သဖြင့် အစီအရင်က ပိုပြီး မြန်ဆန်စွာ လည်လာသည်။ သွေးရောင် လျှပ်စီးကလည်း ပိုပိုပြီး မာကျောလာသည်။ မကြာမီ အစီအရင်က ကျုံ့သွားပြီး သွေးရောင် လျှပ်စီးများ အားလုံးကို စိန်ပုံသဏ္ဌာန်ပေါ်တွင် တံဆိပ် ခတ်နှိပ်လိုက်၏။
စိန်ပုံသဏ္ဌာန် အစီအရင်က ကောင်းကင်ပေါ်မှ ကျလာပြီး လူသေးသေးလေး၏ နဖူးပေါ်သို့ ဖိချကာ နဖူးပေါ်တွင် စိန်ပုံသဏ္ဌာန်ကို ပေါ်လာစေသည်။
ထိုလူသေးသေးလေးက သုန်မှုန်နေသော အပြုံးဖြင့် ပြောလိုက်သည်… “မင်းက ထန်းမိသားစုဝင်ကို သတ်ရဲမှတော့… ငါကလည်း မင်းကို ကျိန်စာ မိစေရမှာပေါ့…”
***
သစ်ခေါင်းထဲတွင် ဝမ်လင်း၏ရှေ့ရှိ လေထဲတွင် အလုံး၄လုံးက ရပ်တန့်နေသည်။ သူက ထန်းလီ၏ ခန္ဓာကိုယ်မှ ကျန်ရှိနေသော အစိတ်အပိုင်း အားလုံးကို လက်ဖြင့် ညွှန်လိုက်ရာ ထိုအစိတ်အပိုင်းများမှ ရွှေရောင် အမှုန်များ အများအပြား ထွက်လာသည်။
ထိုအမှုန်များက အလွန် များပြားပြီး ၃ပုံ၁ပုံက ပတ်ဝန်းကျင်သို့ ပျံ့နှံ့ပြီး ပျောက်ကွယ် သွား၏။
ဝမ်လင်းက အသက်ဝအောင် ရှူလိုက်သည်။ ထိုရွှေရောင် အမှုန်များက စိတ်ဝိညာဉ် အရင်းအမြစ်များ ဖြစ်သည်ကို သူ သိနေသည်။ ထို့ကြောင့် သူက စိတ်စွမ်းအင်များကို ပါးစပ်ထဲမှ ထုတ်ပြီး စိတ်ဝိညာဉ် အရင်းအမြစ်များကို ဝါးမျိုလိုက်သည်။ စိတ်ဝိညာဉ် အရင်းအမြစ်က ဝမ်လင်း၏ဝါးမျိုမှုကို ငြင်းဆန်သည့်အတွက် နောက်ထပ် ၃ပုံ၁ပုံလည်း ပျောက်ကွယ် သွားရပြန်သည်။ ဝမ်လင်းက ထန်းလီ၏ စိတ်ဝိညာဉ် အရင်းအမြစ်ကို ၃ပုံ၁ပုံသာ ဝါးမျိုလိုက်နိုင်၏။
ထိုအချိန်တွင် ဝမ်လင်း၏ နဖူးပေါ်က တောက်ပလာပြီး နဖူးပေါ်တွင် ခရမ်းရောင် စိန်ပုံသဏ္ဌာန်တစ်ခု ပေါ်လာသည်။
ဝမ်လင်းက သူ့နဖူးတွင် တစ်ခုခု ဖြစ်သွားသည်ကို သတိပြုမိပြီး နဖူးကို လက်ဖြင့် စမ်းကြည့်လိုက်ရာ သူ့မျက်နှာက ချက်ချင်း ပျက်ယွင်း သွား၏။
စစ်ထူနန်က အံ့အားသင့်စွာ ပြောလိုက်သည်… “ဒီလူကတော့ တကယ်ပါပဲ… ဝမ်လင်း… မင်းတော့ စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူရဲ့ ကျိန်စာ ခတ်ခံလိုက်ရပြီ… ဒီကျိန်စာနဲ့ဆိုရင် မင်းနဲ့သူက သတ်မှတ်ထားတဲ့ အကွာအဝေးတစ်ခု အတွင်းမှာ ရှိနေမယ်ဆိုရင် ချက်ချင်း တည်နေရာ ပြောင်းရွေ့ခြင်းနဲ့ သူက မင်းနားကို ရောက်လာလို့ရတယ်… ဒီကျိန်စာကို လုပ်ဖို့ သူ့ရဲ့ဘဝ သက်တမ်းကို အဆုံးရှုံး ခံလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး…”
ဝမ်လင်းက ရုတ်တရက် မတ်တတ် ထရပ်လိုက်သည်။ သူ့မျက်နှာက သုန်မှုန်နေပြီး မေးလိုက်သည်… “ဒီကျိန်စာကို ဖျက်ဆီးဖို့ နည်းလမ်းရှိလား…”
စစ်ထူနန်က အနည်းငယ် စဉ်းစားပြီး ဂုဏ်ယူ ဝင့်ကြွားစွာ ရယ်မော လိုက်သည်… “ဒီကျိန်စာကို မစိုးရိမ်ပါနဲ့ … ဒီလိုကျိန်စာမျိုးက လူကို ဘာမှ ထိခိုက်အောင် မလုပ်နိုင်ဘူး… ဒါက မင်းဘေးနားကို တည်နေရာ ပြောင်းရွှေ့ခြင်းနည်း အသုံးပြုပြီး လာလို့ရအောင် လုပ်ပေးတာပဲ ရှိတယ်… ဒီလို ကျိန်စာမျိုးတွေကို အရင်က အချိန်ပေးပြီး လေ့လာခဲ့ဖူးတယ် … ကျိန်စာကို ဖျက်ဖို့အတွက်က အခုချိန်မှာ ငါ မလုပ်ပေးနိုင်သေးဘူး … ဘာလို့လဲဆိုတော့ ငါ့မှာ ခန္ဓာကိုယ် မရှိသေးလို့ပဲ… ဒါပေမဲ့ ဒါကို ဖျက်ဆီးဖို့တော့ ကူညီနိုင်ပါသေးတယ်…”
“ငါ့ရဲ့ အကူအညီနဲ့ မင်းရဲ့ အော်ရာကို ဖုံးကွယ် ထားပေးမယ်… မင်းက သူနဲ့ အရမ်း မနီးကပ်ဖူးဆိုရင် သူ မင်းကို ရှာမတွေ့နိုင်ဘူး… ဟီးဟီး… ဝမ်လင်း ဒီကျိန်စာက အသုံးဝင်တာ တစ်ခုရှိတယ်… ငါ သိထားတဲ့ ရှေးဟောင်း နည်းစနစ်တစ်ခုက ကျိန်စာခတ်တဲ့သူကို ပြန်ပြီး အကျိုး သက်ရောက်စေနိုင်တယ်… ဒါပေမဲ့ မင်းက အမြုတေအဆင့်ကို ရောက်မှ ဒါကို သုံးနိုင်လိမ့်မယ်… ဆေးတချို့ရယ် ငါ့ရဲ့နည်းစနစ်ကို ပေါင်းပြီး အသုံးပြုလိုက်မယ်ဆိုရင် သူ့ရဲ့ကျင့်စဉ် တစ်ဝက်ကို ယူလိုက်လို့ရတယ်… ဝမ်လင်း…မင်းရဲ့ကံက တကယ်ကို ကောင်းတာပဲ…”
***