စက္ကူကို ဓားဖြင့် ခွဲလိုက်သကဲ့သို့ အကွာအကွယ် အလွှာများက တစ်လွှာပြီး တစ်လွှာ လျင်မြန်စွာ ပျက်စီးနေသည်။
ဝမ်လင်းကတော့ အလောင်းကောင်နှင့် အလွန်ဝေးကွာနေပြီး အလောင်းကောင် ကလည်း ထန်းလီကိုသာ ပစ်မှတ်ထားသဖြင့် စွမ်းအင်လှိုင်းများက သူ့အပေါ် အများကြီး မသက်ရောက်ပေ။ စွမ်းအင်လှိုင်းများ ဝမ်လင်းထံသို့ ရောက်လာချိန်တွင် ဝမ်လင်းက ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်ပြီး ရှေ့သို့ ပစ်လိုက်သည်။ ကျောက်စိမ်းပြားက ချက်ချင်း ကွဲကြေသွားပြီး အဝါရောင် အငွေ့များ ထွက်ပေါ်လာကာ ဝမ်လင်းကို ဝန်းရံပြီး ကာကွယ် ထားလိုက်၏။
ဝမ်လင်းက အဝါရောင် အငွေ့များထဲမှ နေပြီး ထန်းလီကို ကြည့်နေသည်။
ပေါက်ကွဲမှုကြောင့် ဖြစ်လာသော စွမ်းအင်လှိုင်းများက ထန်းလီ၏ အကာအကွယ် အားလုံးကို ဖျက်ဆီးပစ်နေ၏။ နောက်ဆုံး အကာအကွယ် ပျက်စီးသွားချိန်တွင် ထန်းလီက သူ့လက်ကို အလောင်းကောင်ထံသို့ ညွှန်လိုက်ပြီး ဓားကို အလောင်းကောင်အား တိုက်ခိုက်နေခြင်းမှ ရပ်တန့်ရန် အမိန့်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် ထန်းလီက နောက်သို့ မီတာ၅၀ခန့် ဆုတ်လိုက်သည်။
အလောင်းကောင်ကို သူ တော်တော်လေး ကြောက်ရွံ့သွားသည်။ သူ့ထံ၌ ရတနာ ပစ္စည်းများစွာ မရှိပါက သေဆုံးပြီး ဖြစ်နေလိမ့်မည်။
သူက ခန္ဓာကိုယ် သန့်စင်ခြင်း နှောင်းပိုင်း အဆင့်သို့ ရောက်နေပြီး ရတနာများ ထုတ်သုံးတာ တောင်မှ ပေါက်ကွဲမှုလှိုင်းများကို ခုခံနိုင်ရုံသာ ရှိသည်။
သူ့စိတ်ထဲတွင်လည်း အလွန် ထိတ်လန့်နေပြီး အလောင်းကောင်က နောက်ထပ် အစိမ်းရောင် အမြုတေတစ်ခု ဖောက်ခွဲလိုက်မည်ကို အလွန် စိုးရိမ်နေသည်။ ယခုအချိန် သူ့စိတ်ထဲတွင် ဝမ်လင်းကို သတ်ဖြတ်ချင်စိတ်များလည်း ပျောက်ဆုံးကုန်ပြီး ဤနေရာမှ လွတ်မြောက်ချင် စိတ်ကသာ ကြီးစိုးနေသည်။
ဝမ်လင်းက ထန်းလီကို ကြည့်နေပြီး မသိမသာ ပြုံးလိုက်၏။ သူက ညာလက်ကို မြှောက်လိုက်ပြီး လက်ချောင်း နှစ်ချောင်းကို ပူးကာ ညင်သာစွာဖြင့် ရှေ့ကို ထိုးလိုက်သည်။
ထန်းလီသည် ရုတ်တရက် နောက်ကျောမှ နာကျင်မှုကို ခံစားရသဖြင့် လှည့်ကြည့်လိုက်ရာ အစိမ်းရောင်ဓားက သူ့နောက်ကျောကို တိုက်ခိုက်လိုက်သည်ကို တွေ့လိုက်ရသည်။ ထန်းလီ၏ စိတ်ထဲတွင် ကြောက်စိတ်များ ကြီးစိုးနေသဖြင့် နောက်ကိုပင် လှည့်မကြည့်တော့ပဲ ထွက်ပြေးတော့၏။
ဝမ်လင်းက မျက်မှောင်ကြုတ် သွားသည်။ ထန်းလီ၏ ကိုယ်ကျပ်အင်္ကျီက ပျက်စီးလုနီးပါး ဖြစ်နေတာတောင်မှ ဓားကို ဖောက်မဝင်နိုင်အောင် တားဆီး နိုင်လိုက်၏။ ဝမ်လင်းက လျှာကို ကိုက်ပြီး သွေးများကို ထွေးထုတ် လိုက်သည်။ အစိမ်းရောင် ဓားလေးက သွေးထဲတွင် ရုတ်တရက် ပေါ်လာပြီး တုန်ခါလာသည်။ ထို့နောက် ဓားက လျင်မြန်စွာဖြင့် ထန်းလီဆီသို့ ပြေးထွက်သွား၏။
ဝမ်လင်းက ဓားကို တည်နေရာ ပြောင်းရွှေ့ခြင်းဖြင့် ထန်းလီ၏ နောက်ကျောသို့ ရွှေ့လိုက်ပြီး ကျောကို ဓားဖြင့် ထိုးစိုက်လိုက်သည်။ ထန်းလီက နောက်သို့ လှည့်ကြည့် လိုက်သည်။ သူ့မျက်လုံးက နီရဲနေပြီး ကြောက်စရာ အလွန် ကောင်းနေ၏။ ထန်းလီ၏ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားများ ထွက်လာပြီး သူ့ခန္ဓာကိုယ်တွင် အကာအကွယ်များ ဖြစ်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် သူ့လက်ကို မြှောက်ပြီး ဝမ်လင်းကို ညွှန်လိုက်၏။ သူ၏ခန္ဓာကိုယ်မှဓားက ရုတ်တရက် ရပ်တန့်သွားကာ ဝမ်လင်းဆီကို အပေါ်မှအောက်သို့ တန်းတန်းမတ်မတ် ပိုင်းချလိုက်ပြီး အလောင်းကောင် ဆီကိုလည်း လျှပ်စီးလုံးများ ပစ်လွှတ်လိုက်သည်။
ဝမ်လင်း၏ဓားကပဲ သူ့ကို အရင်ထိုးမိမလား သို့မဟုတ် သူ့ဓားကပဲ ဝမ်လင်းကို နှစ်ပိုင်း ပိုင်းမလား ဆိုပြီး ထန်းလီက ဝမ်လင်းနှင့် အလောင်းအစား လုပ်လိုက်ခြင်းသာ ဖြစ်သည်။ ဝမ်လင်းကသာ တည်နေရာ ပိုင်းရွှေ့ခြင်းကို သုံးလျှင် ဓားကို ထိန်းချုပ်နိုင်မှု လျော့ကျသွားပြီး သူ့ကို ထွက်ပြေးရန် အချိန်ပေးလိုက် သကဲ့သို့ ဖြစ်သွားမည်။ သူ၏စိတ်စွမ်းအင်များက ကုန်ဆုံးလုနီးပါး ဖြစ်နေသဖြင့် ဒီနေရာ၌သာ ဆက်နေပါက ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်နေပေလိမ့်မည်။
ထိုအခြင်းအရာကို မြင်ပြီး စစ်ထူနန်က အော်လိုက်သည် …
“အရူး … မင်းက အရူးပဲ …”
ဝမ်လင်း၏ ဆုံးဖြတ်ချက်ကိုပင် စောင့်မနေတော့ပဲ စစ်ထူနန်က သူကို့ တည်နေရာ ပြောင်းပေးရန် ဆုံးဖြတ်ချက် ချလိုက်၏။ အပြာရောင် အလင်းများ ထွက်ပေါ် လာသည်နှင့် ဝမ်လင်းက အော်ပြော လိုက်သည် …။
“မလုပ်နဲ့ … နေရာပြောင်းဖို့ အချိန်မတန်သေးဘူး … ရပ်လိုက် …”
အပေါ်မှ ကျလာသည့်ဓားကို ဝမ်လင်းက လုံးဝမကြည့်ပဲ သူ၏ဓားကိုသာ ထိန်းချုပ် လိုက်သည်။ ဓားက ထန်းလီ၏ အတားအဆီး အလွှာများကို ရှောင်ပြီး ထန်းလီ၏ရှေ့တွင် ပေါ်လာသည်။
သူ့ရှေ့ပေါ်လာသော ဓားကို ကြည့်ပြီး ထန်းလီ၏ စိတ်ထဲတွင် ကြောက်စိတ်များ ထိန်းမနိုင်၊ သိမ်းမရ ဖြစ်လာသည်။ သူ့ဓားက ဝမ်လင်း၏ ဦးခေါင်းထက် မီတာဝက်တွင်သာ ရောက်သေး၏။ သို့သော်လည်း ဓား၏ စွမ်းအားကြောင့် ဝမ်လင်း၏နဖူးမှ သွေးများ စီးကျလာသည်။ ဝမ်လင်းကလည်း မျက်တောင်ပင် မခတ်ပဲ ကြိတ်မှိတ်ပြီး အော်လိုက်သည် …။
“သေစမ်း …”
အစိမ်းရောင်ဓားက ထန်းလီ၏ ကိုယ်ကျပ်အင်္ကျီနှင့် ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားပြီး သူ့နောက်တွင် သွေးများက ဖြာထွက်သွား၏။
တစ်ချိန်တည်းမှာပင် စစ်ထူနန်က ဝမ်လင်းကို နေရာပြောင်း လိုက်သည်။ ထန်းလီ၏ ဓားအောက်မှ အပြာရောင် အလင်းများနှင့် ဝမ်လင်း၏ ခန္ဓာကိုယ်က ဖျတ်ခနဲ ပျောက်သွားပြီး ထန်းလီ၏ ခန္ဓာကိုယ်ရှေ့တွင် ပေါ်လာ၏။
ကြီးမားသော ဓားကြီးက မြေပြင်ပေါ်သို့ ဆက်လက် ကျဆင်းသွားပြီး မြေပြင်ပေါ်တွင် အက်ကွဲကြောင်းကြီး ဖြစ်သွားစေသည်။
ဝမ်လင်းက နဖူးမှ သွေးများကို လျစ်လျူရှုပြီး ဒူးထောက်ကာ လက်ကို ထန်းလီ၏ကိုယ်ပေါ်တွင် တင်လိုက်သည်။ ဝမ်လင်း ဘာလုပ်ချင်နေသည်ကို စစ်ထူနန် သိသွား၏။ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့က ရုတ်တရက် တောက်ပလာပြီး စွမ်းအင် စီးကြောင်းတစ်ခု ထွက်လာကာ ထန်းလီ၏ကိုယ်ထဲသို့ စီးဝင်သွား၏။ ထန်းလီ၏ခန္ဓာကိုယ်က အေးခဲသွားပြီး ကြောက်လန့်တကြား ဖြစ်နေသော အမူအရာနှင့် ရေခဲရုပ်တု ဖြစ်သွားသည်။
အားလုံးက အချိန်တိုလေး အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ အဖြစ်အပျက် မြန်လွန်းလှ၍ အလောင်းကောင်သည် ဘာဖြစ်သွားမှန်းကိုပင် နားမလည်လိုက်ချေ။ ထန်းလီ အေးခဲသွားသည်ကို မြင်ပြီး သူက သတိထားနေသည့် အမူအရာဖြင့် ဝမ်လင်းကို ကြည့်လိုက်၏။
ယခုအချိန်၌ အလောင်းကောင်ဆီသို့ ပစ်လွှတ်ထားသည့် လျှပ်စီးလုံးများကလည်း ပျောက်ကွယ် သွားပြီး ဖြစ်သကဲ့သို့ ကြီးမားသော ဓားကြီးကလည်း မြေပြင်ပေါ်တွင် သေးငယ်သော ငွေရောင် ဓားလေးတစ်ချောင်း အဖြစ်သို့ ပြောင်းပြီး အက်ကွဲကြောင်း ထဲသို့ ပြုတ်ကျပြီး ဖြစ်၏။
ဝမ်လင်းက ရေခဲရုပ်ထုက ဆွဲယူပြီး နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ရင်း ဓားကို အလောင်းကောင်အား ချိန်ထား စေလိုက်သည်။
အလောင်းကောင်က ဝမ်လင်းကို စိုက်ကြည့်ပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ သူက ဝမ်လင်းဆီသို့ တစ်ဟုန်ထိုး ပြေးသွားမလို့ လုပ်သော်လည်း မြေပြင်ပေါ်မှ အက်ကွဲကြောင်းကြီးကို ကြည့်ပြီး တုံ့ဆိုင်းသွား၏။ အလောင်းကောင် တုံ့ဆိုင်းသွားသည်ကို မြင်ပြီး ဝမ်လင်းကလည်း ရသည့် အချိန်လေးကို အသုံးချကာ နောက်သို့ မီတာ၃၀၀ခန့်ထိ ဆုတ်ပြေးကာ တည်နေရာ ပြောင်းရွှေ့ခြင်းကို အသုံးပြု၍ ပျောက်ကွယ် သွားသည်။
အလောင်းကောင်က ဝမ်လင်း ထွက်ပြေး သွားသည်ကို မြင်ပြီး အားမလို၊ အားမရဖြစ်သည့် အမူအရာဖြင့် အော်ဟစ်လိုက်သည်။ သူက အက်ကွဲကြောင်းထဲသို့ ခုန်ချသွားပြီး ထန်းလီ၏ဓားကို စိတ်လှုပ်ရှားသည့် အမူအရာဖြင့် ကောက်ယူလိုက်ပြီး မျိုချလိုက်၏။
***
ဝမ်လင်းက ရေခဲရုပ်တုကို ကိုင်ထားပြီး သစ်တောထဲတွင် ပြေးနေသည်။ သူ၏မျက်နှာကလည်း ဖြူရော်နေ၏။ အလောင်းကောင် သူ့နောက် လိုက်မလာသည်ကို မြင်မှ စိတ်သက်သာရာ ရသွား၏။ ဘူးသီးခြောက်ကို ထုတ်ယူလိုက်ပြီး စိတ်ဝိညာဉ်ရေများကို တဂွတ်ဂွတ်မြည်အောင် သောက်ပြီး ခြေချိတ်ထိုင်ကာ ကျင့်ကြံလိုက်သည်။
တောအုပ်တစ်ခုလုံး တိတ်ဆိတ် နေသည်။ အချိန်တော်တော် ကြာပြီးနောက်တွင် စစ်ထူနန်၏ မကျေမနပ် ဖြစ်နေသော အသံကြောင့် မျက်လုံးကို ဖွင့်လိုက်၏။
“ကောင်စုတ်လေး … မင်း ရူးသွားပြီလား … ငါသာ နည်းနည်းလေး နောက်ကျ သွားကြည့် … မင်းတော့ သေပြီပဲ …”
ဝမ်လင်းကလည်း လေးလေးနက်နက် ပြန်ပြောလိုက်သည် …
“ထန်းလီကို သတ်ဖို့ ဒါက အကောင်းဆုံး အခွင့်အရေးပဲ … သူ့ရဲ့စိတ်စွမ်းအင်တွေ ပြန်ပြည့်သွားရင် ဒီလို အခွင့်အရေးမျိုး နောက်တစ်ကြိမ် ရမှာ မဟုတ်ဘူး … သူ ငါ့နောက်ကို လိုက်နေတာ … ရက်တော်တော်ကြာပြီ … ငါသာ သူ့ကို အသက်ရှင်ခွင့် ပေးလိုက်ရင် … နောင်တစ်ချိန် ငါ့ကို ပြန်သတ်ဖို့ ကြိုးစားဦးမှာပဲ … ဒါကြောင့်ပဲ ငါ စွန့်စားလိုက်တာ … သူ့ရဲ့ ဓားရဲ့အမြန်နှုန်းက သူ့မှာကျန်တဲ့ စိတ်စွမ်းအင် ပမာဏနဲ့ သက်ဆိုင်တယ် … သူ့ကိုယ်ထဲမှာ စိတ်စွမ်းအင် ဘယ်လောက်ကျန်မှာ မို့လို့လဲ … သူက အားပြတ်နေအချိန် … ဒါကြောင့် ငါ့ရဲ့ဓားထက် ဘယ်လိုလုပ် ပိုမြန်နိုင်မှာလဲ …”
ဝမ်လင်း၏စကားကို ကြားပြီး စစ်ထူနန် တိတ်သွားသည်။ ယခုမှသာ အစစ်အမှန် ဝမ်လင်းကို သိလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ အချိန် တော်တော်ကြာအောင် တိတ်ဆိတ်နေပြီးမှ သူက ပြောလိုက်သည် …
“မင်းရဲ့ ဉာဏ်ရည်နဲ့ဆိုရင် ကျင့်ကြံခြင်း လောကမှာ ဂိုဏ်းတစ်ခု ထူထောင်ဖို့ အရည်အချင်း ပြည့်မီတယ် …”
စစ်ထူနန်၏ အသံတွင် ယခင်ကဲ့သို့ မောက်မာမှုများ မပါပဲ လေးစားသည့် အရိပ်အယောင်များ အနည်းငယ်ပင် ပါနေသည်။ သူသာဆိုလျှင် ဝမ်လင်းကဲ့သို့ လုပ်ရဲမည် မဟုတ်ချေ။
ဝမ်လင်း ရေခဲများနှင့် ပိတ်မိနေသော ထန်းလီကို စိုက်ကြည့်ပြီး မေးလိုက်သည် …
“သူ့ရဲ့အခြေခံကို ယူဖိုအတွက် အဆင်ပြေတယ် မလား …”
ဝမ်လင်း၏မေးခွန်းကို ကြားပြီး စစ်ထူနန်က တုံ့ပြန်လိုက်သည် …
“ဒါက လုံးဝကို အဆင်ပြေတာပေါ့ … သူက ခန္ဓာကိုယ် သန့်စင်ခြင်း နှောင်းပိုင်းအဆင့် တစ်ယောက်မို့ သူ့ကို အသုံးပြုပြီး ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ချိုးဖြတ်တဲ့အခါ မင်းရဲ့ကျင့်စဉ် အဆင့်ကလည်း သာမန်ထက်ကို အလျင်အမြန် တိုးတက် လာလိမ့်မယ် … ပြီးတော့ သူရဲ့ပင်ကို စွမ်းရည် နည်းနည်းလောက် ကိုလည်း မင်းရလိမ့်မယ် … ဒါဆို မင်းရဲ့ပင်ကို စွမ်းရည်လည်း တိုးတက် သွားလိမ့်မယ် … ဒီကောင်လေးက အသက်ငယ်ငယ်နဲ့ တကယ်ကို အစွမ်းထက်တဲ့ကောင် … ပြီးတော့ သူ့ရဲ့ ပင်ကိုစွမ်းရည်ကလည်း အံ့အားသင့်ဖို့ ကောင်းတယ် … ဟဟ … ဒီတစ်ခါတော့ မင်းရဲ့ အရဲစွန့်မှုကြောင့် မင်းက ကောင်းတာလေးတွေ ရသွားတာပဲ …”
စစ်ထူနန်က အခြေခံ ခိုးယူခြင်းတွင် အသုံးပြုရမည့် လင်္ကာများကို ဝမ်လင်းအား ရှင်းပြလိုက်သည်။ နေဝင်မှသာ ဝမ်လင်းအား ရှင်းပြ၍ ပြီးသွား၏။ ဝမ်လင်းက ပါးစပ်ထဲမှ ဓားကို ထုတ်လိုက်ပြီး အနီးတွင်ရှိသော သစ်ပင်ကြီးတစ်ပင်ကို ထိုးစိုက်လိုက်သည်။
သစ်ပင်ထဲတွင် အခေါင်းလုပ်ပြီးနောက် ဝမ်လင်းက ထန်းလီကို ဆွဲကိုင်ပြီး သစ်ခေါင်းထဲသို့ ခုန်ဝင်သွားလိုက်၏။
သူ ဓားကို သိမ်းမထားသဖြင့် ဓားက သူ့ဘေးတွင် မျောနေသည်။
သစ်ခေါင်းက သိပ်တော့ မကြီးသော်လည်း စိုစွတ်နေ၏။ သို့သော်လည်း ဝမ်လင်းက ဂရုစိုက် မစိုက်ပါ … သူက နဖူးမှ ဒဏ်ရာကို စိတ်ဝိညာဉ်ရေဖြင့် ဆေးပြီး စတင် ကျင့်ကြံလိုက်သည်။
နောက်တစ်ရက် မနက်တွင် ဝမ်လင်းက စိတ်စွမ်းအင်များကို ပါးစပ်အပြည့် အန်ထုတ်ပြီး မြူများအဖြစ် ပြောင်းလဲ သွားစေသည်။ လက်ကလည်း အငြိမ်မနေပဲ အစီအရင်များကို ဖန်တီးနေပြီ အပြာရောင် အလင်းကို ပစ်လွှတ်လိုက်၏။
အပြာရောင်အလင်းက စိတ်စွမ်းအင်မြူထဲသို့ ဝင်သွားပြီးသည်နှင့် စိတ်စွမ်းအင်မြူများက ကျုံ့လိုက်၊ ပွလိုက် ဖြစ်နေလေသည်။
ဝမ်လင်း၏ အမူအရာက တည်ငြိမ်နေပြီး လက်ကလည်း လှုပ်ရှားနေကာ အပြာရောင် အလင်းများကို စိတ်စွမ်းအင်မြူထဲသို့ တစ်ခုပြီး တစ်ခု ဝင်ရောက် သွားစေ၏။ အပြာရောင် အလင်းတန်းများ တဖြည်းဖြည်း ဝင်လာတာ များလာလေ စိတ်စွမ်းအင်မြူများ၏ ကျုံ့ခြင်း၊ ပွခြင်းကလည်း မြန်လာလေ ဖြစ်နေသည်။
ထို့နောက် ဝမ်လင်းက ထန်းလီ၏ခန္ဓာကိုယ်ကို ဆွဲယူလိုက်၏။ စစ်ထူနန်က အလိုက်တသိပင် ရေခဲကို အရည်ပျော်အောင် လုပ်ပေးလိုက်သည်။
ထန်းလီကို ဝန်းရံနေသော ရေခဲများက လျှပ်တစ်ပြက် ဆိုသလိုပင် ပျောက်ကွယ် သွား၏။
ဝမ်လင်း၏ မျက်လုံးကလည်း အရောင်လက်လာပြီး စိတ်စွမ်းအင်မြူများကို လက်ဖြင့် ညွှန်လိုက်ရာ မြူများက ထန်းလီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။ ထန်းလီ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါသွားပြီး မျက်နှာတွင် နာကျင်သည့် အမူအရာများ ပေါ်လာသည်။ သို့သော်လည်း သူ၏မျက်လုံးများက ပိတ်နေတုန်းပင် ဖြစ်သည်။ မကြာမီတွင် မြူများအားလုံး ထန်းလီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွား၏။
ဝမ်လင်းက အသက်ကို ဝအောင် ရှူလိုက်ပြီး လေးနက်သည့် အမူအရာများ မျက်နှာတွင် ပေါ်လာသည်။ လျှာထိပ်ဖျားလေးကို ကိုက်လိုက်ပြီး ထူးဆန်းသော သွေးသင်္ကေတ တစ်ခုကို လက်ဖြင့် ရေးဆွဲလိုက်၏။
ဝမ်လင်းက လက်ကို ဝှေ့ယမ်းလိုက်ရာ သွေးသင်္ကေတသည် ထန်းလီ၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်။
ချက်ချင်း ထန်းလီ၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်းထန် လှုပ်ခါလာပြီး သွေးများက ဒွါရအပေါက်များမှ စီးကျလာသည်။ သို့သော်လည်း သွေးများက အောက်သို့ ကျသွားခြင်းမျိုး မဟုတ်ပဲ အတူတကွ ပေါင်းစည်း သွား၏။
မကြာမီ ထန်းလီ၏ ခန္ဓာကိုယ်ထဲမှ ကျိုးကြေသည့် အသံများ ထွက်လာပြီး သူ့မျက်နှာကလည်း နီရဲလာ၏။ သွေးစက်များကလည်း အရေပြားမှ စိမ့်ထွက်လာသည်။
ဝမ်လင်း၏ အမူအရာက အရေးကြီးသည့် အမူအရာမျိုး ဖြစ်လာသည်။ မျက်တောင် တစ်ချက်ပင် မခတ်ပဲ နောက်ထပ် သွေးသင်္ကေတ တစ်ခုကို ရေးဆွဲပြီး ထန်းလီ၏ရင်ဘတ်ဆီသို့ ပစ်လိုက်၏။
ရုတ်တရက် ထန်းလီက ပါးစပ်ကို ပွင့်သွားပြီး စိတ်မသက်မသာ ဖြစ်စေသည့် ညည်းညူသံတချို့ ထွက်ပေါ်လာသည်။ သူ၏ကိုယ်ထဲမှ သွေးကြောများ အားလုံးကလည်း ပျက်စီးသွားကာ တစ်ကိုယ်လုံးရှိ သွေးများကလည်း အပြင်သို့ စိမ့်ထွက်ပြီး လေထဲတွင် ပေါင်းစည်းနေ၏။
မကြာမီ ဝမ်လင်း၏ရှေ့ရှိ ထန်းလီ၏ကိုယ်ပေါ်တွင် သွေးလုံးကြီး တစ်လုံး ရှိနေသည်။ ထန်းလီ၏ခန္ဓာကိုယ်ကတော့ သွေးမရှိတော့သဖြင့် တစ်ကိုယ်လုံး ဖြူရော်နေသည်။
ဝမ်လင်း၏နဖူးတွင်လည်း ချွေးများ စို့နေလေပြီ။ သူက သွေးလုံးကြီးကို ကြည့်ပြီး လက်ဖြင့် အစီအရင်တစ်ခုကို အလျင်အမြန် ဖန်တီးလိုက်ပြီး သွေးလုံးကြီးဆီသို့ ပို့လွှတ်လိုက်၏။ မကြာမီ သွေးလုံးကြီးက ကျုံ့သွားပြီး လက်သီးဆုပ် အရွယ်ခန့်သာ ရှိတော့၏။ လက်သီးဆုပ် အရွယ်သွေးလုံးမှ သွေးနီရောင် အလင်းကို ထုတ်လွှတ်လျက် ရှိသည်။
ဝမ်လင်းက အသက်ဝဝ ရှူလိုက်၏။ ယခုအချိန်တွင် သူ၏တစ်ကိုယ်လုံးသည် ချွေးများဖြင့် ရွှဲနေပြီ ဖြစ်သည်။ လုံးဝ မနားပဲ စိတ်စွမ်းအင်များကို အန်ထုတ်ကာ မြူအဖြစ်ပြောင်းပြီး အပြာရောင် အလင်းများ ပစ်ထည့်လိုက်၏။ ထို့နောက် ဝမ်လင်း၏လက်က လှုပ်ရှားသွားပြီး စိတ်စွမ်းအင်မြူများက ထန်းလီ၏ကိုယ်ထဲသို့ ဝင်သွားပြန်သည်။
***