၂ရက်ကြာပြီးနောက် ဝမ်လင်းသည် ချောင်းငယ်လေးတစ်ခု ဘေးတွင် ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ဘူးသီးခြောက်ကို ရေဖြည့်နေသည်။
ရုတ်တရက် သူ၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး ညည်းညူလိုက်၏ …“ဒါက ဘယ်တော့မှ ပြီးဆုံးတော့မှာလဲ …”
ထို့နောက် ဘူးသီးခြောက်ကို သိမ်းလိုက်ပြီး ဓားကိုထုတ်ကာ ချောင်းငယ်လေးကို ဖြတ်ကာ သစ်တောထဲသို့ ပြေးဝင်သွား၏။
မကြာမီ ချောင်းငယ်လေးနားသို့ ထန်းလီ ရောက်လာသည်။ သူက ယခု အချိန်တွင် စိတ်စွမ်းအင်များကို အနည်းငယ်မျှပင် ထုတ်မသုံးရဲတော့ချေ။ သူ၏ပုံစံကလည်း အလွန် သနားချင်စဖွယ် ကောင်းလှသည်။ သူ၏အဝတ်အစားများက စုတ်ပြဲနေပြီး ကိုယ်ကျပ်အင်္ကျီကလည်း တောက်တောက် ပြောင်ပြောင် မရှိတော့ပေ။
သူ၏ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး မျက်နှာကလည်း ဖြူရော်နေသော်လည်း မျက်လုံးထဲတွင်မူ ဒေါသများဖြင့် ပြည့်နေသည်။ ဝမ်လင်းအပေါ် သူ၏မုန်းတီးမှုသည် မခန့်မှန်း နိုင်တော့သည့် အဆင့်တစ်ခုထိ ရောက်ရှိနေလေပြီ။ သူက အမြဲတမ်း ပါရမီရှင် တစ်ယောက်အဖြစ် ဆက်ဆံခံခဲ့ရသည်။ ယခုကဲ့သို့ သနားစဖွယ် အခြေအနေမျိုးသို့ ဘယ်တုန်းကမှ မရောက်ခဲ့ရဘူးပေ။
ယခုဖြစ်နေသည့် အကြောင်းရင်း အားလုံးသည် ဝမ်လင်းကြောင့် ဖြစ်၏။
လွန်ခဲ့သော နှစ်ရက်ခန့်က နွယ်ပင်များကြောင့် သေလုနီးပါး ဖြစ်ခဲ့ရသည်။ ထိုနွယ်ပင် သေးသေးလေးများက သူ့ကို သေစေနိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးဖူးပေ။ သူက နွယ်ပင်များကို ဓားဖြင့် ခုတ်သော်လည်း နွယ်ပင်များက မသေပဲ ပို၍ပင် ပွားလာသေး၏။
ဓားမှ ထုတ်ပေးသည့် လျှပ်စီးလုံးများနှင့်တောင်မှ နွယ်ပင်များကို မရပ်တန့်နိုင်ပေ။
ထို့အပြင် ဝမ်လင်း၏ ချောင်းမြောင်း တိုက်ခိုက်မှုကြောင့် သူ၏ညာဘက် လက်မောင်းက ထူးဆန်းသော ဓားကြောင့် ဒဏ်ရာ ရခဲ့ရသည်။
နောက်ဆုံးတွင် ထန်းလီက သူ၏ အဘိုးပေးထားသော အသက်ကယ် ရတနာကို အသုံးပြုလိုက် ရတော့၏။ ထိုရတနာက အလွန် အစွမ်းထက်သော်လည်း တစ်ခါသာ သုံးလို့ရသည်။ ထိုရတနာကို လက်ခံလိုက်သည့် အချိန်ကတည်းက တစ်ခါမှ သုံးရသည့် အခြေအနေမျိုးကို မကြုံခဲ့ရချေ။ ယခုမူ မသုံးလျှင် သူ၏အသက်ကို ကယ်နိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် အသုံးပြုလိုက်ရ၏။
ရတနာ၏ စွမ်းအားက နွယ်ပင်အများစုကို ဖျက်ဆီး ပစ်လိုက်သဖြင့် ကျန်နေသော နွယ်ပင်များကလည်း မြေအောက်ထဲသို့ ပြန်ထွက်ပြေး သွားသည်။ ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ထိုနေရာမှ လွတ်မြောက်လာ၏။
ထိုအကြောင်းကို တွေးမိပြီး ဝမ်လင်းကို ပိုပြီး မုန်းတီးမိသည်။
အထူးသဖြင့် ဝမ်လင်းက သူ့ကို ဘယ်တုန်းကမှ ထိပ်တိုင် ရင်မဆိုင်ခဲ့ချေ။ အမြဲတမ်း ချောင်းမြောင်း ပြီးတော့သာ တိုက်ခိုက်၏။ ထို့အပြင် ဝမ်လင်းက ထူးဆန်းသောဓားကို ပိုင်ဆိုင်ထားသဖြင့် သူ၏ဓားကို သူ့ဘေးတွင် အမြဲပျံဝဲခိုင်း ထားရသည်။
သူက ချောင်းငယ်လေးကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်ပြီး အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ချောင်းငယ်ထဲမှ ရေအနည်းငယ်ကို သောက်လိုက်၏။
လွန်ခဲ့သည့် ၅ရက်ကျော် ၆ရက်အတွင်း ဝမ်လင်းကိုသာ လိုက်ဖမ်း နေရသဖြင့် သူ့ကိုယ်က ညစ်ပတ်နေသည်။ ထို့ကြောင့် ရေကို သောက်လိုက်သောအခါ လန်းဆန်းသွားပြီး ရေက ချိုနေသလိုပင် ခံစားလိုက်ရ၏။ နောက်ထပ် သောက်ရန် ပြင်လိုက်စဉ်တွင် ရုတ်တရက် သူ့နှလုံးက အပြင်းအထန် ခုန်သွားသည်။ အစိမ်းရောင် ဓားသေးတစ်ချောင်းက သူ့ရှေ့တွင်ပေါ်လာပြီး သူ့ခေါင်းကို ခုတ်ဖြတ်လိုက်သည်။
ထန်းလီက တုံ့ဆိုင်းခြင်းမရှိ နောက်သို့ ဆုတ်လိုက်ပြီး သူ့ကိုယ် ကာကွယ်ရန် သူ၏ဓားကို ခေါ်လိုက်သည်။ ဓားနှစ်ချောင်းက ပြင်းထန်စွာ ရင်ဆိုင်မိကြပြီး အစိမ်းရောင်ဓားတွင် အက်ရာ အနည်းငယ် ထင်သွား၏။ ထို့နောက် အစိမ်းရောင်ဓားလေးက ရုတ်တရက် အလင်းရောင်များ တောက်ပလာပြီး နေရာမှ ပျောက်ကွယ် သွားသည်။
ထန်းလီက အစိမ်းရောင် ဓားကြောင့် ပြတ်သွားသည့် ဆံပင်များကို ကြည့်ပြီး အော်ဟစ် လိုက်သည် …
“ကောင်စုတ်လေး…. ငါ မင်းကို ဖမ်းမိလို့ကတော့ တစ်ကမ္ဘာလုံးက နှိပ်စက်နည်းတွေနဲ့ နှိပ်စက်ပြီး မင်းရဲ့ဝိညာဉ်ကို သန့်စင်ပစ်မယ် …”
ဝမ်လင်းက တောအုပ်ထဲတွင် ပြေးနေရင်း ရုတ်တရက် သူ့မျက်နှာက ဖြူရော်သွားပြီး ပါးစပ်ထဲသို့ ပျို့တက်လာသည့် သွေးများကို ပြန်မျိုချ လိုက်ရသည်။ သူ့ဘေးနားတွင် ပေါ်လာသည့် အစိမ်းရောင်ဓားလေးမှ အက်ရာများကို မြင်သွားပြီး သူ့နှလုံးသားထဲမှ နာကျင်သွား၏။
၅ရက်ကြာပြီးနောက် ညအချိန်တွင် ဝမ်လင်းနှင့်ထန်လီက တောအုပ်ထဲတွင် ပြေးလွှားနေကြသည်။ သူတို့က တဖြည်းဖြည်း တောနက်ထဲသို့ ဝင်လာကြသည်။
ထိုအချိန်တွင် ရုတ်တရက် ဝမ်လင်းက ရပ်တန့်လိုက်၏။
စစ်ထူနန်က အလျင်အမြန် ပြောလိုက်သည် …
“ကောင်လေး… မင်းလည်း သတိပြုမိတာလား … ဒီနေရာရဲ့ အနောက်မြောက် အရပ်မှာ အရမ်း အားကောင်းတဲ့ စိတ်စွမ်းအင် လှိုင်းတွေကို အာရုံခံမိတယ် … အဲဒီနေရာကို သွားပြီး စစ်ဆေးကြည့်လိုက် …”
လွန်ခဲ့သော ရက်အနည်းငယ် ကတည်းက စစ်ထူနန်က သူ၏ ဗဟုသုတများကို အသုံးပြုပြီး ဝမ်လင်းကို အန္တရာယ်များ တိမ်းရှောင်နိုင်အောင် ကူညီပေးနေခြင်းဖြစ်၍ ဝမ်လင်းက သူ့စကားအတိုင်း အနောက်မြောက် အရပ်ကို ပြေးသွားလိုက်၏။ တိုတောင်းလှသော အချိန်အတွင်း သူက စွမ်းအင်းလှိုင်းများ ထွက်ပေါ်လာရာ နေရာသို့ ရောက်သွားသည်။
သူ့ရှေ့မှ မြင်ကွင်းက သူ့ကို မျက်မှောင်ကြုတ် သွားစေသည်။
သူ့ရှေ့တွင် မြေပြင်ပေါ်၌ လဲလျောင်းနေသော လူသေတစ်ယောက်၏ ခန္ဓာကိုယ်တစ်ခုမှ လွဲပြီး ဘာမှ ရှိမနေချေ။
လူသေ၏ ဦးခေါင်းပေါ်တွင် အစိမ်းရောင် အလုံးတစ်လုံး ရှိနေပြီး လေထဲတွင် ရပ်တန့်နေကာ ပတ်ဝန်းကျင်မှ စိတ်စွမ်းအင်များကို စုပ်ယူပြီး များပြားလှသော စုပ်ဝဲများ ဖြစ်ပေါ်နေစေသည်။
စစ်ထူနန်က အံ့ဩသွားသည့် အသံဖြင့် ပြောလိုက်သည် …
“အစိမ်းရောင် အမြုတေ တစ်ခုပါလား … အဆင့်၄နိုင်ငံတစ်ခုက အစိမ်းရောင် အမြုတေတစ်ခုက ဒီမှာ ရှိနေလိမ့်မယ်လို့ ထင်မထားဘူး …”
“ဝမ်လင်းက မေးလိုက်သည် …”
“အစိမ်းရောင် အမြုတေဆိုတာ ဘာလဲ …”
“ဒါက အဆင့်၄နိုင်ငံရဲ့ မိစ္ဆာဂိုဏ်းက အထူးနည်းစနစ် တစ်ခုပဲ … အစိမ်းရောင် အမြုတေ ဒါမှမဟုတ် အယောင်ဆောင် အမြုတေလို့ခေါ်တယ် … မင်းမှာသာ အစိမ်းရောင် အမြုတေ အများကြီးရှိရင် မင်း ဆန္ဒရှိတာ အကုန်ဖြစ်ပြီပဲ … ငါ မှတ်မိသလောက် ပြောပြရရင် အရင်က အဆင့်၄ နိုင်ငံတစ်ခုမှာ အစိမ်းရောင် အမြုတေ သောင်းကျော်ရှိတဲ့ ကျင့်ကြံသူ တစ်ယောက် ရှိခဲ့ဖူးတယ် … အဆင့်၅နိုင်ငံက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူတွေတောင် သူ့ကို သွားမရှုပ်ရဲကြဘူး … ပြောကြတာကတော့ အစိမ်းရောင် အမြုတေက မင်းရဲ့ကျင့်စဉ်ကို မြန်စေတဲ့အပြင် ဖောက်ခွဲပစ်လို့လည်း ရတယ် … အမြုတေ တစ်ခုတည်းကတောင် ပေါက်ကွဲအား အရမ်းပြင်းရင် အမြုတေ တစ်သောင်းလုံးသာ ပေါက်ကွဲ သွားလို့ကတော့ တွေးကြည့်ပေါ့ …”
ဝမ်လင်း၏မျက်လုံးက အရောင်တောက်သွားပြီး ရုတ်တရက် မေးလိုက်သည် …
“ငါတို့ရှေ့က ဒီလူ့ဆီမှာရော ဘယ်နှလုံးလောက် ရှိမလဲ … မင်း ပြောနိုင်လား …”
“သူလား … တစ်ခုဆိုရင်ကို သူ့အတွက် တော်တော်များနေပြီ … ပြီးတော့ အဲဒီလူက အသက်ရှင်နေတဲ့ လူတစ်ယောက် မဟုတ်တော့ဘူး … အသိဉာဏ်ရှိတဲ့ အလောင်းကောင် တစ်ကောင်ပဲ … သူက အဆင့်၄နိုင်ငံက မိစ္ဆာလမ်း ကျင့်စဉ်တစ်ယောက် ဖြစ်နိုင်တယ် … သူက မသေခင် သူ့ကိုယ်ကို နည်းစနစ်တစ်ခု သုံးပြီး အလောင်းကောင် အဖြစ် ပြောင်းလဲလိုက်တာပဲ …”
အလောင်းကောင် သည်လည်း ဝမ်လင်းကို မြင်သည်။ သို့သော်လည်း သူက မလှုပ်ရှားပဲ လက်ချောင်းလေးကိုသာ ဆတ်ခနဲ လှုပ်ရှားလိုက်၏။ အစိမ်းရောင် အလင်းတန်း တစ်ခုက ဝမ်လင်း၏ နဖူးဆီသို့ ပြေးဝင်သွား၏။
ဝမ်လင်းက နောက်ကို ဆုတ်လိုက်ပြီး အစိမ်းရောင် အလင်းတန်းကို ရှောင်လိုက်သည်။
အစိမ်းရောင်အလင်းက ဝမ်လင်းနောက်သို့ ဆက်မလိုက်ပဲ စက်ဝိုင်းပုံ လှည့်ပတ်ပြီး ရပ်တန့်သွား၏။ အစိမ်းရောင် အလင်းတန်းဆီမှ မှုန်ဝါးဝါး ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး မပီမပြင် စကားသံတစ်ခုကို ပြောလိုက်သည်။
“ဒီနေရာကနေ … ထွက်သွား … မင်း … သေလိမ့်မယ် …” ပြောပြီးသည်နှင့် မှုန်ဝါးဝါး ပုံရိပ်သည်လည်း ပျောက်ကွယ်သွား၏။
ဝမ်လင်းက နောက်ကို ဂရုတစိုက် ဆုတ်သွားပြီးနောက် အနည်းငယ် စဉ်းစားလိုက်သည်။ ထို့နောက် ဝမ်လင်း၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လက်သွားပြီး သူက နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်ထားလိုက်ကာ သူ့ကိုဖမ်းရန် လာနေသည့် ထန်းလီကို စောင့်နေလိုက်၏။
ထန်းလီက သူ့ဓားကို ခန္ဓာကိုယ်ကို လှည့်ပတ်ပြီး ရောက်လာသည်။ သူက တစ်ခုခုကို သတိပြုမိသွားပြီး သူ့ဓားကို အသင့်ပြင် ထားလိုက်၏။
သူက ဝမ်လင်းကို မြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားသွားပြီး ဘေးပတ်ဝန်းကျင်ကို သတိဖြင့် ကြည့်လိုက်သည်။ ဝမ်လင်း၏ အပြုအမူတွေက သံသယဖြစ်စရာ ကောင်းလှ၏။ ပတ်ဝန်းကျင်တွင် ဘာမှ မရှိသည်ကို မြင်ပြီး သရော်ပြုံးလေးဖြင့် ပြောလိုက်သည် …
“မင်း မပြေးတော့ဘူးလား …”
ဝမ်လင်းက သူ၏ဓားကို ထုတ်ပြီး ထန်းလီဆီသို့ ပစ်လိုက်ပြီး ရှေးဟောင်း ကျောက်စိမ်းပြားကို ထုတ်ကာ စိတ်စွမ်းအင်များကို ကျောက်စိမ်းပြားထဲသို့ ပို့လွှတ်လိုက်သည်။
ကျောက်စိမ်းပြားမှ ရွှေရောင် သင်္ကေတ၄ခုက ပေါ်ထွက်လာသည်။
ထန်းလီကလည်း လက်ကို ကိုက်လိုက်ပြီး သွေးစက် တစ်စက်ကို သူ့ဓားပေါ်သို့ ချလိုက်သည်။ ရုတ်တရက် ထန်းလီ၏ဓားက တုန်ခါလာပြီး မိစ္ဆာဆန်သော အလင်းရောင်များ ထုတ်လွှတ်ကာ တဖြည်းဖြည်း ကြီးမားလာပြီး ကြီးမားသော ဓားကြီးတစ်လက် ဖြစ်သွား၏။ မရေမတွက်နိုင်သော လျှပ်စီးလုံးများကလည်း ဖြစ်ပေါ်လာသည်။
ကြီးမားသော ဓားကြီးက အေးစက်သော အလင်းရောင်များ ထုတ်လွှတ်လျက်ရှိပြီး ထန်းလီက ဓားကို လွှဲခုတ်လိုက်သည်။
ဝမ်လင်း၏ဓားလေးကလည်း တည်နေရာ ပြောင်းရွှေ့ပြီး ထန်းလီ၏ရှေ့ကို ရောက်သွား၏။ ထန်းလီက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ခေါင်းလောင်းတစ်ခု ထွက်ပေါ်လာပြီး သူ့ကိုယ်ကို ကာကွယ်လိုက်၏။
အစိမ်းရောင် ဓားလေးက ခေါင်းလောင်ကို ထိသွားပြီး ခေါင်းလောင်ပေါ်တွင် လှိုင်းတွန့်များ ဖြစ်ပေါ်သွား၏။
ဝမ်လင်းသည် သူ့ထံသို့ ကျဆင်းလာသို့ ဓားကြီးကို ကြည့်ပြီး ဓားဆီသို့ လက်ကို ညွှန်လိုက်ရာ ရွှေရောင်သင်္ကေတ၄ခုက ဓားဆီသို့ ပြေးဝင်သွားသည်။ ထို့နောက် ဝမ်လင်းက နောက်သို့ အလောင်းကောင် ရှိသည့် နေရာထိတိုင်အောင် ဆုတ်လိုက်၏။
သင်္ကေတ၄ခုစလုံးသည် ဓားနဲ့ ထိပ်တိုက် ရင်ဆိုင်မိပြီး ပေါက်ကွဲသွားပြီး ဓားကို ရပ်တန့် သွားစေသည်။ သို့သော်လည်း ဓားက ခဏတာသာ ရပ်တန့်ပြီး အောက်သို့ ဆက်လက် ကျဆင်းလာ၏။
ဓား၏ ဖိအားအောက်တွင် မြေကြီးများက စတင် အက်ကွဲလာသည်။ အနီးအနား တစ်ဝိုက်ရှိ သစ်ပင်ကြီးများ အားလုံး ပြိုလဲကုန်၏။ ဓားက ဝမ်လင်းနှင့် ထိတော့မည့် အချိန်တွင် ဝမ်လင်း၏ ခန္ဓာကိုယ်ကို အပြာရောင် အလင်းများ ဖုံးအုပ်သွားပြီး ၁၀၀မီတာ အကွာတွင် ပြန်ပေါ်လာသည်။ သို့သော်လည်း ဓား၏ ဖိအားကြောင့် နဖူးမှ သွေးစီးကြောင်း တစ်ခုက စီးကျလာသည်။
ဓားက မြေပြင်ပေါ်သို့ ကျသွားပြီး အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်း စူးစူးဝါးဝါး အော်သံကြီးတစ်ခု ပေါ်ထွက်လာပြီး တစ္ဆေလိုလို ပုံရိပ်တစ်ခုက ထန်းလီဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွား၏။
ထန်းလီ၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ဝမ်လင်းကို သံသယ ရှိနေသော်လည်း ဒီနေရာတွင် သက်ရှိတစ်ကောင် ရှိနေမည်ဟု ထင်မထားမိချေ။ ချက်ချင်း လက်ကို ရှေ့သို့ ညွှန်လိုက်ရာ လျှပ်စီးလုံးများက အလောင်းကောင်ဆီသို့ အရှိန်ပြင်းစွာ ပြေးဝင်သွားသည်။
လျှပ်စီးလုံးများက အလွန် စွမ်းအားကောင်းပြီး မသေမျိုးများ အားလုံး၏ အားနည်းချက် တစ်ခုလည်း ဖြစ်သည်။ လျှပ်စီးလုံးများက အလောင်းကောင်နှင့် ထိသွားသောအခါ သူတို့က ပေါက်ကွဲသွား၏။ အလောင်းကောင်သည် ကျယ်လောင်စွာ အော်လိုက်၏။ သူ့ခန္ဓာကိုယ်ကလည်း လွင့်ထွက်သွားပြီး အရိုးမည်းများ ပေါ်လာသည်။
ထန်းလီက သရော်ပြုံး ပြုံးလိုက်ပြီး သူ့ဘယ်လက်ကို ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် ထန်းလီ၏ ဓားဘေးတွင် လျှပ်စီးလုံးများ ၁၀ထက်မက ပေါ်လာပြီး အလောင်းကောင် ဆီသို့ ပြေးဝင်သွား၏။ ဓားကလည်း သူတို့နောက်မှ လိုက်သွား၏။
“မကောင်းတော့ဘူး …”
အလောင်းကောင်က ဤမျှအထိ အားနည်းလိမ့်မည်ဟု ဝမ်လင်း ထင်မထားမိချေ။ ထို့ကြောင့် ထွက်ပြေးရန် ပြင်လိုက်သည်။
သေခြင်းနှင့် ရှင်ခြင်း အခြေအနေတွင် ရောက်နေသော အလောင်းကောင် ကလည်း တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိပြီး စူးစူးဝါးဝါး အော်ကာ ပါးစပ်ထဲမှ အစိမ်းရောင် အမြုတေကို ထုတ်လိုက်သည်။ အစိမ်းရောင် အမြုတေက အပြင်ကို ရောက်လာသည်နှင့် ချက်ချင်း ပေါက်ကွဲ သွား၏။
ပေါက်ကွဲမှုမှ စွမ်းအင်လှိုင်းများက အလောင်းကောင်ကို ဗဟိုပြုပြီး အပြင်သို့ ပျံနှံ့သွား၏။ အနီးအနားရှိ သစ်ပင်များအားလုံး ချက်ချင်း အမှုန့်များ ဖြစ်သွားသည်။ ထန်းလီသည် အလောင်းကောင်းနှင့် အလွန် နီးကပ်နေ၏။ သူက လျှာကို ကိုက်ပြီး သူ့ကိုယ်ကို ကာကွယ် ပေးထားသော ခေါင်းလောင်းပေါ်သို့ သွေးများ ထွေးထုတ် လိုက်သည်။
ခေါင်းလောင်းပေါ်သို့ သွေးများ ကျသွားသည်နှင့် ခေါင်းလောင်းက ပိုပြီး မာကျောသွား၏။ ထို့အပြင် ရှေးဟောင်း သင်္ကေတ များစွာကလည်း ခေါင်းလောင်း ပေါ်တွင် ပေါ်လာသည်။
ထန်းလီဆီသို့ စွမ်းအင်လှိုင်းများ ရောက်လာသောအခါ ခေါင်းလောင်းက ပြင်းပြင်းထန်ထန် လှုပ်ခါသွားပြီး ၃စက္ကန့်ခန့် အကြာတွင် ကွဲကြေသွား၏။
ခေါင်းလောင်းက သူ့အတွက် အချိန်ဆွဲပေးနေချိန်တွင် ထန်းလီက နောက်ထပ် ရတနာတစ်ခုကို ထုတ်ယူလိုက်ပြီး အသုံးပြုလိုက်သည်။ ခေါင်းလောင်း ကွဲကြေသွားသည်နှင့် သူ့ရှေ့တွင် အကွာအကွယ် အလွှာများ တစ်ခုပြီး တစ်ခု ပေါ်လာသည်။
***