Switch Mode

အခန်း (၈၂)

အခြေခံခိုးယူခြင်း (၂)

လျှပ်စီးလုံးများက ဓားတစ်ချောင်းအလား အောက်သို့ ခုတ်ပိုင်း လာသည်။

စစ်ထူနန်က ဝမ်လင်းကိုပင် ပြောမနေတော့ပဲ ချက်ချင်း နေရာပြောင်း ပေးလိုက်၏။

ထန်းလီက မျက်မှောင်ကြုတ် သွားပြီး နှာခေါင်း တစ်ချက်ရှုံ့ကာ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည်။ ဓားက သူ့လက် လှုပ်ရှားသည့်အတိုင်း ဝမ်လင်း၏နောက်သို့ လိုက်သွား၏။

သက်တံရောင် အလင်းတန်းနှစ်က ရှေ့နှင့်နောက် ကောင်းကင်ကို ဖြတ်ပြီး ပျံသန်းနေကြသည်။ ထန်းမိသားစု စံအိမ်မှ တပည့်များကတော့ ခဏလောက်သာ လိုက်နိုင်ပြီး ဆက်မလိုက် နိုင်တော့သဖြင့် လက်လျှော့ သွားကြ၏။

ထန်းလီသည် ဝမ်လင်းနောက်ကို လိုက်ရင် တဖြည်းဖြည်း အံ့အားသင့် လာသည်။ သူ၏ ခန္ဓာကိုယ် သန့်စင်ခြင်း နှောင်းပိုင်း အဆင့်နှင့်တောင်မှ ဝမ်လင်းကို ဖမ်းရန် ကြိုးစားလိုက်သည့် အခါတိုင်း ဝမ်လင်းက တည်နေရာ ပြောင်းရွှေ့ခြင်းဖြင့် အဝေးသို့ ပြောင်းရွှေ့ သွား၏။

ဝမ်လင်း၏ တုံ့ပြန်မှုများကို ကြည့်ပြီး ထန်းလီ အလွန် စိတ်ဝင်စား လာသည်။ တည်နေရာ ပြောင်းရွှေ့ခြင်းသည် စဦးစိတ်ဝိညာဉ် အဆင့် နည်းစနစ်တစ်ခု ဖြစ်၏။ ဝမ်လင်းက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တောင် မရောက်သေးသော်လည်း တည်နေရာ ပြောင်းရွှေ့ခြင်းကို အသုံးပြု နိုင်နေသည်။

ထို့ကြောင့် ထန်းလီက ဝမ်လင်းထံတွင် တည်နေရာ ပြောင်းရွှေ့နိုင်သည့် ရတနာတစ်ခု ရှိနေသည်ဟု ကောက်ချက် ချလိုက်၏။

ထိုအကြောင်းကို တွေးပြီး နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ ရတနာ အတွက် ဝမ်လင်းအပေါ် သတ်ဖြတ်ချင် စိတ်များက ပြင်းထန်လာ၏။

ထန်းလီသည် အဘိုးကြီးကျိမို၏ အကြီးဆုံး တပည့်ချန်ကျုံးနှင့် မိတ်ဆွေကောင်းများ ဖြစ်ကြသည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ချန်ကျုံးထံမှ လူနှစ်ယောက်ကို သတ်ပေးရန် အသံထုတ်လွှင့်ခြင်း ကျောက်စိမ်းပြားမှ အသံကို လက်ခံ ရရှိလိုက်၏။ တစ်ယောက်ကတော့ ကျန်းဟူဖြစ်သည်။

ကျန်းဟူက အပြင် အကူအညီယူပြီး သူ့ဆရာကို သတ်ခဲ့ပြီး အဘိုးကြီးကျိမို၏ တပည့် သေဆုံးခဲ့ရသည်။ ဒီအကြောင်းကို အဘိုးကြီးကျိမိုက သိသွား၏။ ကျန်းဟူက သူ့ကို ထိန်းချုပ် ထားသည်မှာ အဆိပ်တစ်ခုတည်း ဟုသာ ထင်နေပြီး တပည့်များကို ထိန်းချုပ်ရန်အတွက် လျှို့ဝှက်နည်းစနစ် တစ်ခုကို အသုံးပြုထားသည်ကို ကျန်းဟူ မသိခဲ့ချေ။

ထိုနည်းစနည်းကို သုံးပြီး ဖြစ်ပျက်သမျှကို အဘိုးကြီးကျိမိုက မြင်တွေ့သွား၏။ ထိုနည်းစနစ်ဖြင့် ကျန်းဟူ၏ တည်နေရာအား ခန့်မှန်းနိုင်သွားပြီး သူ့အကြီးဆုံးတပည့် ချန်ကျုံးကို သူတို့ နှစ်ယောက်အား ဖမ်းဆီးခိုင်း လိုက်လေသည်။

ချန်ကျုံးက ထိုနေရာနှင့် အလွန်ဝေးနေသဖြင့် ထန်းလီထံသို့ ထိုကိစ္စအား ကူညီပေးရန် အကူအညီ တောင်းခဲ့ခြင်း ဖြစ်သည်။

ထန်းလီက ထန်းမိသားစုမြို့ထဲတွင် ရှာဖွေလိုက်ရာ ကျန်းဟူနှင့် သူ့အဖော်ကို ရှာတွေ့သွား၏။

ယခင်က ထန်းလီသည် ကူညီပြီး ဖမ်းပေးရုံသာ တွေးထားသော်လည်း ယခုမူ ဝမ်လင်းကို သတ်ပြီး ဝမ်လင်း၏ရတနာများကို ယူရန် ဆုံးဖြတ်လိုက်သည်။

ထိုအကြောင်းကို တွေးပြီး ဝမ်လင်းနောက်ကို လိုက်နေသည့် သူ၏အရှိန်ကို မြှင့်လိုက်၏။

ဝမ်လင်းက စိတ်ဝိညာဉ်ရေများကို သောက်ပြီး ပါးစပ်ဟလိုက်သည်။ သူ့ပါးစပ်ထဲမှ အစိမ်းရောင် အလင်းတန်းတစ်ခုက ထွက်လာ၏။ ထိုအစိမ်းရောင် အလင်းတန်း ပေါ်လာသည်နှင့် လေထဲတွင် သွေးနံ့များ ပျံ့နှံ့သွား၏။

ဝမ်လင်းက အစိမ်းရောင် အလင်းတန်းကို နောက်သို့ ပစ်လိုက်ပြီး သူကိုယ်တိုင်ကမူ ရှေ့သို့ ဆက်ပြေးသည်။

ထန်းလီက ဝမ်လင်း လုပ်နေသည်များကို နောက်မှ မြင်နေရ၏။ သူက အစိမ်းရောင် အလင်းကို ဂရုမစိုက်ပဲ နှာခေါင်းရှုံ့လိုက်သည်။ အစိမ်းရောင် အလင်းတန်းကို လက်ချောင်းလေးဖြင့် ညွှန်လိုက်ရာ လျှပ်စီးလုံတစ်လုံး ပေါ်လာပြီး အစိမ်းရောင် အလင်းတန်းဆီသို့ တိုးဝင်သွား၏။

“ဝုန်း …”

လျှပ်စီးလုံးနှင့် အစိမ်းရောင် အလင်းတန်းတို့ တိုက်မိပြီး ပေါက်ကွဲမှုကြီး ဖြစ်သွားသည်။

ထန်းလီက အထင်သေးသည့် အကြည့်ဖြင့် ပေါက်ကွဲမှုကို ကြည့်လိုက်စဉ်မှာပင် အစိမ်းရောင် အလင်းတန်းက ပေါက်ကွဲမှုထဲမှ ထိုးထွက်လာကာ သူ့ရှေ့ထိ ရောက်လာပြီး သူ့ခန္ဓာကိုယ်ကို ထိမှန်သွား၏။ သူ၏ အဝတ်အစားများက ချက်ချင်း စုတ်ပြဲကုန်သော်လည်း အဝတ်အစားအောက်မှ တလက်လက် တောက်ပနေသည့် ကိုယ်ကျပ်အင်္ကျီက ပေါ်လာသည်။

အစိမ်းရောင် အလင်းတန်းကလည်း ကိုယ်ကျပ်အင်္ကျီကြောင့် ရှေ့ဆက် မတိုးနိုင်တော့ပဲ ရပ်တန့်သွားပြီး အစိမ်းရောင် အလင်းတန်းက ချက်ချင်း အစအနပင် မကျန်ပဲ ပျောက်ကွယ် သွား၏။

ဝမ်လင်းက ပျံသန်းရင်းဖြင့် သူ့လက်ထဲက အစိမ်းရောင် ဓားလေးကို ကြည့်ကာ သက်ပြင်း ချလိုက်သည်။

ထန်းလီ၏နဖူးတွင် ချွေးများ စို့သွားသည်။ အစောပိုင်းတုန်းက အခြေအနေသည် သူ့အတွက် အလွန် အန္တရာယ်ရှိ၏။ သူ၏ခန္ဓာကိုယ် သန့်စင်ခြင်း နှောင်းပိုင်း အဆင့်နှင့်တောင်မှ ဓားက သူ့ကို ထိသွားပါက ဒဏ်ရာ အပြင်းအထန် ရသွားပေလိမ့်မည်။ ထိုဓားကလည်း ရိုးရှင်းသည့် လက်နက်တစ်ခု မဟုတ်နိုင်ဟု ခန့်မှန်းမိလိုက်၏။ ထိုဓားနှင့်သာ တစ်ကြိမ်ပြီး တစ်ကြိမ် ထိမိပါက သူလည်း သေသွားနိုင်သည်။

ထန်းလီက သူ့အဘိုး ပေးထားသည့် ကိုယ်ကျပ်အင်္ကျီကို ထိကြည့်လိုက်ပြီး အလွန် ကံကောင်းသည်ဟု ခံစားလိုက်ရ၏။ ထို့နောက် သူ့စိတ်ထဲတွင် ဝမ်လင်းကို သတ်ချင်စိတ်များက ပိုမို ကြီးထွားလာသည်။ သူက ရေရွတ်လိုက်သည် …

“တည်နေရာ ပြောင်းပေးနိုင်တဲ့ ရတနာရှိတဲ့အပြင် ဓားလည်း ရှိတာလား … ကောင်လေး… မင်းရဲ့ ရတနာတွေ အားလုံးက ငါ့ဟာ ဖြစ်ရမယ် …”

၃ရက်ကြာအောင် ထွက်ပြေးပြီးနောက် ဝမ်လင်းက ဘူးသီးခြောက်ထဲမှ စိတ်ဝိညာဉ်ရေများကို သောက်သုံးလိုက်ပြီး ရေရွတ်လိုက်သည် …

“စိတ်ဝိညာဉ်ရေက နည်းနည်းပဲ ကျန်တော့တယ် … စိတ်ဝိညာဉ်ရေကို ပြန်ဖြန်ဖို့ နည်းလမ်းတစ်ခု မြန်မြန် ရှာရမယ် …”

ထိုအချိန်တွင် စစ်ထူနန်က အားနည်းနေသည့် အသံဖြင့် ပြောလိုက်သည် …

“ကောင်လေး … ငါလည်း ဒီထက်ပိုပြီး ကူညီပေးဖို့ သိပ်မဖြစ်နိုင်တော့ဘူး … ဒီ၃ရက်အတွင်းမှာ မင်းကို ကူညီဖို့ ငါ့ရဲ့ စွမ်းအားတွေ တော်တော်များများ သုံးလိုက်ရတယ် … အခု ငါ့မှာ စွမ်းအား နည်းနည်းပဲ ကျန်တော့တယ် …”

ဝမ်လင်းက နောက်ကို လှည့်ကြည့် လိုက်သည်။ သူ့မျက်လုံးထဲတွင် စိတ်ဖြတ်ချင် စိတ်များဖြင့် ပြည့်နေပြီး အေးစက်စွာ ပြောလိုက်သည် …“သူ မီလာပြန်ပြီလား …” ထို့နောက် သူက အစိမ်းရောင်ဓားကို ထုတ်လိုက်ပြီး လက်ထဲတွင် ကိုင်ထားလိုက်၏။

ဓား၏ အရောင်ကလည်း မှိန်နေပြီး ဓားကိုယ်ထည်ပေါ်တွင် ပွန်းရာ၊ ခြစ်ရာများပင် ပေါ်နေလေပြီ။ ၃ရက်အတွင်းတွင် ဝမ်လင်းက ဓားဖြင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည်။ ထန်းလီက အစဉ်မပြတ် သတိထား နေသောကြောင့် ထိမှန်အောင် တိုက်ခိုက်ရန် ခက်ခဲလှသည်။ ထို့အပြင် ဝမ်လင်း၏ဓားက ထန်းလီ၏ ကိုယ်ကျပ်အင်္ကျီကို တစ်လက်မပင် မထိုးဖောက်နိုင်ပေ။

ဝမ်လင်းက ပျံသန်းနေရင်း နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ထားသဖြင့် သူ၏ညာဘက်တွင် သစ်တောတစ်ခုကို တွေ့လိုက်ရသည်။ သစ်တော တစ်ခုလုံးကို မြူအလွှာ တစ်ခုက ဖုံးအုပ်ထား၏။

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး သစ်တောဆီသို့ ဦးတည်လိုက်သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သစ်တောရှေ့သို့ ရောက်သွားပြီး မြေပြင်ပေါ်သို့ ဆင်းသက်ကာ သစ်တောထဲသို့ ဝင်သွားလိုက်၏။

ဝမ်လင်းက သူ့ထံတွင် စိတ်ဝိညာဉ် ရေများကလည်း ကုန်နေပြီး စစ်ထူနန်ကလည်း ဒီထက်ပိုပြီး မကူညီ နိုင်တော့ကြောင်း သိနေသည်။ ထို့ကြောင့် လေထဲတွင် ဆက်လက် ပျံသန်းနေပါက ကျိန်းသေ ဖမ်းမိ သွားပေလိမ့်မည်။

ပျံသန်းခြင်းထက် သစ်တောထဲ ခြေထောက်ဖြင့် ပြေးခြင်းက သူ့အတွက် ပိုကောင်း၏။ သစ်တောကို မည်သည့် အတွက်ကြောင့် မြူအလွှာတစ်ခုက ဖုံးအုပ်ထားမှန်း မသိသောကြောင့် နတ်ဘုရား စိတ်အာရုံကို ဖြန်ကြက်ပြီး အထဲသို့ စစ်ဆေး ကြည့်လိုက်ရာ သူ၏နတ်ဘုရား စိတ်အာရုံက သူ၏ပတ်ပတ်လည် မီတာအနည်းငယ်သာ မြင်နိုင်ကြောင်း သိလိုက်ရသည်။

ဝမ်လင်း သစ်တောထဲသို့ ဝင်သွားပြီး သိပ်မကြာမီတွင် သစ်တော၏ အပြင်ဘက် အစွန်းနားသို့ လူငယ်တစ်ယောက် ရောက်လာသည်။ သူက သစ်တောကို လေပေါ်မှ အနည်းငယ် လှည့်ပတ်ကြည့်ပြီး သစ်တော၏ရှေ့တွင် ရပ်လိုက်၏။ ၃ရက်အတွင်းတွင် ဝမ်လင်းနောက်ကို လိုက်ရသည့်အတွက် စိတ်စွမ်းအင်အများကို အသုံးပြုပြီး ဖြစ်သည်။ စွမ်းအင်ဖြည့်တင်းရေး ဆေးလုံးများသာ သူနှင့် မပါလာပါက ဝမ်လင်းကို သည်အထိ လိုက်ဖမ်းနိုင်လိမ့်မည် မဟုတ်ပေ။

ဝမ်လင်း ပိုင်ဆိုင်ထားသော ရတနာက သူ့ကို တမ်းတမ်း စွဲဖြစ်အောင် ဆွဲဆောင် ထားနိုင်သည်။ သူက ဝမ်လင်းကို သတ်နိုင်ပြီး ရတနာကို ယူချင်နေသော်လည်း ဝမ်လင်းက လှုပ်ရှားမှုများက အလွန် လျင်မြန်နေသည်။ သူတွေးထားသည်က ဝမ်လင်းသည် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို မရောက်သေးသဖြင့် ဝမ်လင်းက ကြာကြာ ပြေးနိုင်မည်ဟု မထင်မိချေ။

ထို့ကြောင့် သူက ဝမ်လင်းနောက်မှ လိုက်ပြီး ဝမ်လင်း၏ ကိုယ်ထဲမှ စိတ်စွမ်းအင်များ အားလုံး ကုန်ခန်းသွားမည့် အချိန်အထိ စောင့်ကာ တစ်ချက်တည်းနှင့် သတ်ပစ်ရန် စီစဉ်ထား၏။

သို့သော်လည်း ဒုတိယမြောက်နေ့တွင် ဝမ်လင်းက နှေးလာရမည့် အစား ပို၍ပင် မြန်လာသည်။ ၃ရက်ကြာအောင် လိုက်ပြီးနောက် ထန်းလီက လုံးဝကို အံ့အားသင့်သွား၏။

ဝမ်လင်းက မကြာမကြာ ဘူးသီးခြောက်ဘူးကို ထုတ်ကာ သောက်ပြီးနောက် သူ၏အမြန်နှုန်းက ပိုပြီး မြန်လာသည်ကို ထန်းလီ သတိပြုမိသည်။ ထိုကဲ့သို့ မြင်ကွင်းမျိုးကို ၃ရက်အတွင်းတွင် အကြိမ်ပေါင်းများစွာ မြင်ခဲ့ရသည်။

အချိန်ကြာလာလေ ဝမ်လင်းကို ပိုသတ်ချင်လေ ဖြစ်ရသည်။

ထန်းလီက သစ်တော အပြင်ဘက်တွင် ရပ်နေ၏။ သူ၏မျက်လုံးများက အေးစက် နေသော်လည်း သစ်တောအကြောင်းကို စဉ်းစားမိပြီး အနည်းငယ် ထိတ်လန့်နေသည် …

“ဒီသစ်တောက အရမ်းကို ထူးဆန်တယ် … သစ်တော တစ်ခုလုံးကို မြူအလွှာ တစ်ခုကလည်း အုပ်ထားသေးတယ် … ငါ့အဘိုးကတောင် ဒီသစ်တောကို ဝေးဝေးရှောင်ဖို့ ငါ့ကို ပြောထားတယ် … အခု ငါ သူ့ကို ဆက်လိုက်သင့်လား …”

အနည်းငယ် စဉ်းစားပြီးနောက် ထန်းလီက ဆုံးဖြတ်ချက် ချလိုက်၏။ ဝမ်လင်းပိုင်ဆိုင်သော ရတနာများက သူ့ကို အလွန် ဆွဲဆောင်နေသဖြင့် ဆက်လိုက်ရန် ဆုံးဖြတ်လိုက်သည်။

***

သစ်တောထဲတွင် အလွန်မြင့်ပြီး ကြီးမားသော သစ်ပင်ကြီးများ အများအပြား ရှိနေပြီး ထိုနေရာ တစ်ဝိုက်တွင် ကောင်းကင်ပေါ်ကို မော့ကြည့်ပါက သစ်ရွက်များဖြင့် ပြည့်နေပြီး နေပြောက်ပင် မထိုးချေ။ မြေပြင်တွင်လည်း ကြွေကျနေသော သစ်ရွက်များက မီတာဝက်ခန့် ထူ၏။ အဆိပ်ရှိသော ပိုးကောင်များက မြေပြင်ပေါ်တွင် လျှောက်သွားနေပြီး မြွေများကလည်း သစ်ရွက်များကြား လျှောက်သွား နေကြသည်။

နှစ်တစ်ထောင် ကျော်နေပြီဖြစ်သည့် သစ်ပင်များကို နေရာအနှံ့တွင် တွေ့နိုင်ပေသည်။ ပန်းပွင့်များ ပြည့်နေသည့် မြေပြင်များနှင့် သားရဲများ နေထိုင်ကြသည့် အသိုက်နေရာများလည်း မရေမတွက် နိုင်အောင် ရှိ၏။ တချို့ နေရာများတွင် သစ်ရွက်ဆွေးများနှင့် သားရဲ အညစ်အကြေးများမှ ဖြစ်လာသည့် အနံ့အသက်က ဆိုးရွားလွန်းလှ၍ လူကိုပင် သေစေနိုင်သည်။

သစ်တော တစ်ခုလုံးကို တစ်နှစ်လုံး မြူများက ဖုံးအုပ်ထား၏။ သစ်တောထဲတွင် ထူးဆန်းသော သစ်ပင်များကလည်း အလွန့်အလွန်ကို မြင့်မားကြပြီး စဦးစိတ်ဝိညာဉ် အဆင့်ကဲ့သို့ အားကောင်းသော သားရဲကြီးများလည်း ရှိနေသည်။ ဒီနေရာတွင် ဂရုမစိုက်ပါက ချက်ချင်း သေဆုံး သွားနိုင်သည်။

ဝမ်လင်းက နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ပြီး သစ်တောထဲသို့ မြန်မြန် ဝင်သွား၏။ ထိုအချိန်တွင် စစ်ထူနန်က လျင်မြန်စွာ အော်ပြောလိုက်သည် …

“ရပ် … မြန်မြန် ရပ် …”

စစ်ထူနန်၏အသံကို ကြားသည်နှင့် ဝမ်လင်းကလည်း ချက်ချင်း ရပ်တန့်လိုက်၏။

စစ်ထူနန်က ပြောလိုက်သည် …

“ဒီနေရာက ဘယ်နေရာမျိုးလဲ မသိဘူး … အပြာလိုင်း နွယ်ပင်တွေ ရှိနေသေးတာလား … ဒီအပြာလိုင်း နွယ်ပင်တွေက တကယ်ကို ကပ်ဆိုးပဲ … အရင်က အဆင့်၂နိုင်ငံတစ်ခုလုံး အပြာလိုင်း နွယ်ပင်တွေကြောင့် သေဆုံး သွားရဖူးတယ် …”

“အပြာလိုင်းနွယ်ပင် … ဟုတ်လား …” ဝမ်လင်း အလန့်တကြား ဖြစ်သွား၏။

စစ်ထူနန်က အလေးအနက် ထားကာ ပြောလိုက်သည် …

“မင်းရှေ့က နွယ်ပင်က အပြာလိုင်းနွယ်ပင်ပဲ … နွယ်ပင်ပေါ်မှာ အပြာရောင် မျဉ်းကြောင်းလေးတွေ ရှိတယ် တွေ့လား … ဘာလဲဟ … ခဏနေဦး … ဒါက အပြာလိုင်းနွယ်ပင် မဟုတ်ဘူး … ထူးဆန်းတယ် … ဒါက အပြာလိုင်း နွယ်ပင်ပေါက်လေးတွေ ဖြစ်နိုင်တယ် … ဘာပဲဖြစ်ဖြစ် ရှောင်သွားတာ အကောင်းဆုံးပဲ… ဘာလို့လဲဆိုတော့ အရွယ်ရောက်နေပြီ ဖြစ်တဲ့ အပြာလိုင်း နွယ်ပင်တွေက အမြုတေ အဆင့်အောက်က ကျင့်ကြံသူတွေအတွက် အိပ်မက်ဆိုးပဲ … ဒီနွယ်ပင်တွေက သွေးကို အာရုံခံနိုင်စွမ်း အရမ်းမြင့်ပြီးတော့ … တစ်ယောက်ယောက်ကို ဝါးမျိုစားသောက်ပြီးတာနဲ့ ဆင့်ကဲ ပြောင်းလဲ သွားကြတယ် … လူလိုဆိုရင်တော့ အဆင့်တက် သွားတာပေါ့ … အလယ်အလတ် အဆင့်ကို ရောက်သွားတဲ့ အပြာလိုင်း နွယ်ပင်တွေကို စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတွေတောင် မခုခံနိုင်ဘူး … သူတို့က စိတ်စွမ်းအင် လှုပ်ရှားမှုတွေကို အာရုံခံတဲ့ နေရာမှာလည်း အရမ်း အားကောင်းတာမို့လို့ အပြာလိုင်းနွယ်ပင်ကို တိုက်ခိုက်မယ်ဆိုရင် ဘာနည်းစနစ်ကိုမှ မသုံးပါနဲ့ …”

ဝမ်လင်း ဘေးပတ်ပတ်လည်ကို စိုးရိမ်နေသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး သူ့အရှေ့ ခပ်လှမ်းလှမ်းမှ နွယ်ပင်ကို သူ့အကြည့်က ရောက်သွား၏။

နွယ်ပင်၏ပုံစံက သာမန်နွယ်ပင်နှင့် တူပြီး နွယ်ပင်တွင် ပါးလွှာသော အပြာရောင် မျဉ်းကြောင်းတစ်ခု ရှိနေသည်။

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး စစ်ထူနန်၏ သတိပေးစကားကို နားမထောင်ချေ။ သို့သော်လည်း စိတ်စွမ်းအင်များကို အနည်းငယ်မျှပင် မထုတ်ပဲ ရှေ့ဆက် လျှောက်သွား လိုက်၏။ သူက ဂရုတစိုက်ဖြင့် နွယ်ပင်ကို လက်ညှိုး၊ လက်မဖြင့် ကိုင်ပြီး နောက်သို့ ဖြည်းညင်းစွာ ဆွဲယူလိုက်သည်။ ၃မီတာခန့် နွယ်ပင်ကို ဆွဲထုတ်လာပြီးနောက် နောက်သို့ဆုတ်ကာ လက်ညှိုးကို အနည်းငယ်ကိုက်ပြီး နွယ်ပင်ပေါ်သို့ ‌သွေးတစ်စက် ချလိုက်သည်။

နွယ်ပင်က သွေးစက်နှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် လှုပ်ယမ်းလာပြီး နောက်ထပ်နွယ်ပင် အနည်းငယ်ကလည်း အမြစ်ထဲမှ ထိုးထွက်လာပြီး ဝမ်လင်း ဆွဲထုတ်လာသည့် နွယ်ပင်နှင့် အတူ စုစည်းသွားကာ ဘေးပတ်ဝန်းကျင်ကို အတန်ကြာအောင် လှုပ်ယမ်းနေပြီးနောက် နောက်ဆုံးတွင် ပြန်လည် ငြိမ်သက်သွား၏။

သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး နဖူးတွင် ချွေးများ စို့သွား၏။ ဝမ်လင်းက အနည်းငယ် ပြုံးလိုက်ပြီးနောက် ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာ သွားသည်။

သူထွက်သွားပြီး မကြာမီ ထန်းလီသည် ထိုနေရာသို့ ရောက်လာ၏။ ထန်းလီက ဝမ်လင်းကို အမြန်ဆုံးဖမ်းနိုင်ရန် အတွက် နည်းစနစ်ကို အသုံးပြုထားပြီး လိုက်နေခြင်း ဖြစ်သည်။ ထန်းလီက မြေပြင်ပေါ်ရှိ နွယ်ပင်များကို မြင်သော်လည်း သာမန် နွယ်ပင်များဟု ထင်ပြီး စိတ်ထဲတွင် အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်း မရှိပါချေ။

သူ၏နတ်ဘုရား စိတ်အာရုံက ကန့်သတ်ထားခြင်း ခံထားရသော်လည်း ဝမ်လင်းသည် သူနှင့် အလွန် နီးကပ်နေသည်ကို ရှင်းလင်း ပြတ်သားစွာ ခံစားမိနေသည်။ သူက အလျင်မြန်ဆုံးနှုန်းဖြင့် ထွက်ခွာ သွားလိုက်သော်လည်း သူဖြတ်ကျော်လိုက်သည့် သာမန်နွယ်ပင်များဟု ထင်ထားသော နွယ်ပင်များက ရုတ်တရက် ပြောင်းလဲမှုလေး တစ်ခု ဖြစ်သွား၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset