ဘိုင်ကျန်းထံမှ ရရှိခဲ့သော ဓားသည် အလွန်ရှေးကျသော ဓားတစ်လက် ဖြစ်ပြီး မိစ္ဆာအော်ရာများကို ထုတ်လွှတ် နိုင်သည်။ ထိုအချက်သည် လူတစ်ယောက်ကို ဓားအား မကြည့်ပဲ မနေနိုင်အောင် ဖြစ်စေသည်။ အချိန်တော်တော် ကြာပြီးနောက်မှ ဝမ်လင်း သတိပြန်ဝင်လာ၏။ သတိ ပြန်ဝင်ဝင်လာချင်း သူက တချို့အရာများကို နားလည် သဘောပေါက် သွားဟန်ဖြင့် မျက်လုံးများက အရောင်လက် သွား၏။
၃ရက်ကြာပြီး နောက်တွင် ထန်းမိသားစုမြို့ တစ်ခုလုံးရှိ လမ်းများပေါ်၌ ကျင့်ကြံသူ ထောင်ပေါင်းများစွာ သွားလာ နေကြသည်။ ကျန်းဟူနှင့် ဝမ်လင်းသည်လည်း မနက်ကတည်းက အခန်းမှ ထွက်လာပြီး ဟိုဟိုဒီဒီ လျှောက်သွား နေကြ၏။
ကျန်းဟူက ဂျင်ဆင်းကို ရောင်းရန် လိုအပ်သဖြင့် ဝမ်လင်းနှင့် စကားအနည်းငယ် ပြောပြီး သူက တခြားနေရာသို့ ထွက်ခွာသွား၏။
ဝမ်လင်းက မြို့ထဲတွင် ဖြည်းဖြည်းသာ လှည့်ပတ်ပြီး တစ်ပိုင်တစ်နိုင် ရောင်းချနေသော ဆိုင်များ အားလုံးကို လိုက်ကြည့်နေသည်။ အချို့ ပစ္စည်းများသည် သူ့အား တကယ်ကို ဆွဲဆောင် နိုင်ပေသည်။ သို့သော်လည်း ဈေးနှုန်းများက အလွန်တရာ မြင့်မားနေသဖြင့် နောက်ကြောင်း ပြန်လှည့် ရသည်ချည်းသာ။
ဝမ်လင်းက လျှောက်ကြည့် နေရင်းက ရုတ်တရက် ရပ်တန့်လိုက်သည်။ သူ့ရှေ့တွင် ကျင့်ကြံသူ တစ်ယောက်က အမျိုးမျိုးသော ဓားများ၊ ကျောက်စိမ်းပြားများနှင့် စာအုပ်များကို ရောင်းချနေသည်။
ထိုထဲမှ စာအုပ် တစ်အုပ်ပေါ်တွင် “အခြေခံဝင်္ကပါ အစီအရင်ကျမ်း” ဟု ရေးသားထား၏။
‘ဝင်္ကပါပညာရပ်လား …’ ဝမ်လင်းက မေးစေ့ကို ပွတ်ပြီး စာအုပ်ကို ကောက်ယူ ကြည့်လိုက်သည်။ စာအုပ်သည် အနည်းငယ်ထူပြီး စာမျက်နှာ ၅၀၊ ၆၀ခန့် ပါ၏။
ရောင်းသူသည် အသက်၃၀ခန့် ရှိသည်။ သူက ခေါင်းကို မော့ကြည့်ပြီး ပြောလိုက်သည် …
“စာအုပ်အတွက် အလယ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံး ၁၀တုံးကျတယ် … မဝယ်နိုင်ရင် စာအုပ်ကို လက်လွတ်စပယ် မကိုင်ကြည့်ပါနဲ့ …”
ယခုအချိန်တွင် ဝမ်လင်းထံ၌ အလယ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံး ၁၀တုံးသာ ရှိ၏။ ဝမ်လင်းက အချိန် အနည်းငယ် ကြာအောင် စာအုပ်ကို လှန်လှော ကြည့်ပြီးနောက် ရောင်းသူသည် သူ့အား သည်းမခံနိုင်သော အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ဝမ်လင်းက အလယ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံးများကို ချပေးလိုက်ပြီး ထိုနေရာမှ ထွက်ခွာ လာခဲ့၏။
နောက်ထပ် လမ်းများတွင် လိုက်လံကြည့်ရှုရာ သစ်သား ဒြပ်စင်တချို့ကို တွေရသော်လည်း အလွန် ဈေးကြီးလှသည်။ သံမဏိသစ်သား အပိုင်းတစ်ခုတောင်မှ ဈေးက အလွန် မြင့်မားလွန်းနေ၏။
တစ်နေ့လုံး ကြည့်ရှုပြီးနောက် ဝမ်လင်းက အခန်းဆီသို့ တည်းခိုခန်းဆီသို့ ပြန်လာခဲ့သည်။ တည်းခိုခန်းထဲသို့ ဝင်ရန် ခြေလှမ်း လှမ်းလိုက်ချိန်တွင် သူ့မျက်ခုံးက အပေါ်သို့ မြင့်တက်သွားပြီး သူ့ခြေလှမ်းကို ရပ်တန့်လိုက်၏။
ပုံမှန်အားဖြင့် တည်းခိုခန်းက အသံများဖြင့် သက်ဝင် လှုပ်ရှားနေလေ့ ရှိသည်။ သို့သော်လည်း ယခုတွင်မူ တိတ်ဆိတ်နေသည်။
ဝမ်လင်းက နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ပြီး စစ်ဆေးကြည့်ရာ သူ့မျက်နှာက ပြောင်းလဲသွား၏။ တည်းခိုခန်း ပတ်ဝန်းကျင်တွင် သူ၏စိတ်အာရုံကို အထဲသို့ မဝင်ရောက် နိုင်စေရန် ထူးဆန်းသော အားတစ်ခုက တားဆီးထားသည်။
ဝမ်လင်းက ချက်ချင်း နောက်သို့ ဆုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ဆွဲငင်အား နည်းစနစ်ဖြင့် လေထဲသို့ ပျံတက်ကာ ထိုနေရာမှ အလျင်အမြန် ထွက်ပြေးလိုက်၏။
“ဘယ်လိုတောင်လား … မင်းရဲ့တုံ့ပြန်မှုက မြန်လှချည်လား …” အံ့အားသင့်နေသော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာကာ တည်းခိုခန်းထဲမှ လူတစ်ယောက် ထွက်လာသည်။ ထိုလူက အသက်၂၅ သို့မဟုတ် ၂၆နှစ်ခန့် ရှိပြီး အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ အင်္ကျီလက်တွင် အနက်ရောင် အခက်အလက်ပုံများကို ပန်းထိုးထား၏။
သူက နောက်သို့ လျင်မြန်စွာ ဆုတ်သွားသော ဝမ်လင်းကို ကြည့်ပြီး သရော်ပြုံးဖြင့် ပြောလိုက်သည် …
“ထန်းကျားနဲ့ထန်းယီ … မင်းတို့နှစ်ယောက် ကျန်းဟူကို စောင့်နေလိုက်ကြ … သူ့ရဲ့ကျင့်ကြံမှုကို ဖျက်ဆီးပြီး ထောင်ထဲပို့လိုက် … ငါ ဒီဉာဏ်ကောင်းတဲ့ ကောင်လေးကို လိုက်ဖမ်းလိုက်ဦးမယ် …”
သူပြောပြီးသည်နှင့် သူ့ဘေးတွင် လူနှစ်ယောက် ပေါ်လာသည်။ နှစ်ယောက်စလုံးသည် အသက်အရွယ် ကြီးရင့်နေပြီး ဖြစ်သည့် အဘိုးကြီး နှစ်ယောက် ဖြစ်၏။ နှစ်ယောက်ထဲမှ တစ်ယောက်က ပြောလိုက်သည် …
“သခင်လေး … သူတို့၂ယောက်က ထန်းမိသားစု မြို့ထဲမှာလေ … သူတို့ကို ဖမ်းလိုက်မယ် ဆိုရင် စည်းမျဉ်းနဲ့ ဆန့်ကျင်နေလိမ့်မယ် … ခေါင်းဆောင်က မေးရင် …”
ဝတ်စုံဖြူဝတ်လူက မျက်မှောင်ကြုတ်ပြီး ဝမ်လင်းကို စိုက်ကြည့်ကာ ပြောလိုက်သည် …
“ငါ့အဘိုးက မေးရင် … အမှန်အတိုင်းသာ ပြောလိုက် … ကျန်းဟူက အပြင် အကူအညီယူပြီး သူ့ဆရာကို ပြန်သတ်ခဲ့တယ် … ဒီလိုလူမျိုးတွေကို ငါက ဘယ်လိုလုပ်ပြီး လွှတ်ပေးလို့ ရမလဲ …”
ထို့နောက် သူ့ကိုယ်က လေထဲသို့ ပျံတက်သွားပြီး ဝမ်လင်းနောက်သို့ လိုက်သွား၏။
ကျန်နေခဲ့သော အဘိုးကြီး နှစ်ယောက်သည် ထွက်ခွာသွားသော ဝတ်စုံဖြူဝတ်လူငယ်ကို ကြည့်ပြီး သူတို့လည်း ထိုနေရာက ပျောက်ကွယ် သွား၏။
ဝမ်လင်းသည် သူ၏စွမ်းအား အကုန်သုံးပြီး အလျင်အမြန် ပျံသန်းနေသည်။ သူက မြို့တံတိုင်းကို မြင်လိုက်ချိန်တွင် လူအနည်းငယ်က ရုတ်တရက် ပေါ်လာပြီး အော်ပြောလိုက်၏ … “ထန်းမိသားစုမြို့ထဲမှာ ပျံသန်းခြင်းကို တားမြစ်ထားတယ် … ကျင့်ကြံသူလေး … ကျေးဇူးပြုပြီး ရပ်လိုက်ပါ …”
စကားတစ်ခွန်းမှ ပြန်မပြောပဲ ဘူးသီးခြောက်ကို ထုတ်ယူကာ များများစားစား သောက်လိုက်သည်။ စိတ်ဝိညာဉ်ရေ၏ လျှို့ဝှက်ချက်ကို စိုးရိမ်နေရန် သူ့အတွက် အချိန်မရှိချေ။ သူ့ကိုယ်ထဲတွင် စိတ်စွမ်းအင်များ ပြန်လည် ပြည့်လာပြီး သူ၏ အမြန်နှုန်းကလည်း ပိုမြန်လာကာ ရှေ့သို့ အလင်းတန်း တစ်ခုကဲ့သို့ ပြေးထွက်သွား၏။
ဝမ်လင်း၏လမ်းကို ပိတ်ထားသော ထန်းမိသားစု တပည့်များ၏ မျက်နှာက မည်းမှောင်သွားသည်။ ဝမ်လင်းက ဆွဲငင်အား နည်းစနစ်ကို သုံးပြီး လမ်းတွင် ပိတ်နေသည့် တပည့်များကို ဘေးသို့ လွှင့်ပစ်လိုက်ပြီး ရှေ့ဆက် ပျံသန်းသွား၏။
တားဆီးလို့ မရသည့် အင်အား တစ်ခုကဲ့သို့ ဝမ်လင်းက သူတို့ကို ဖြတ်ကျော်ကာ ထွက်ပြေးသွား၏။ သူ၏လုပ်ရပ်ကြောင့် ထန်းမိသားစု တပည့်၁၀၀ကျော်က ရတနာမျိုးစုံကို စီးနင်းပြီး ဝမ်လင်းနောက်သို့ လိုက်ကြသည်။
ဝမ်လင်းသည် သူ့နှလုံးသားထဲမှ ခါးသီးမှုကို ခံစားမိသည်။ ဘာဖြစ်နေသလဲ ဆိုတာကို သူ တကယ် မသိချေ။ တည်းခိုခန်းတွင် သူ့အား ဖမ်းဆီးရန် စောင့်ဆိုင်းနေသူများ ရှိနေပြီး သူသာ တစ်လှမ်းလောက် နောက်ကျသွားပါက အခုအချိန်တွင် ဖမ်းခံနေရလောက်ပြီ ဖြစ်သည်။
ကျန်းဟူအတွက် ကတော့ သူ့ဘာသာ အန္တရာယ်ကို ရှောင်နိုင်ပါစေဟုသာ ဆုတောင်း ရပေတော့မည်။
ထန်းမိသားစုမြို့မှ ထွက်လာပြီးနောက် ဝမ်လင်းက တောင်ဘက် အရပ်ဆီသို့ ဆက်လက် ပျံသန်းလိုက်၏။ ထန်းမိသားစု တပည့် ၁၀၀ကျော်ကလည်း နောက်မှ ပါလာသည်။ ထိုအချိန်တွင် ထန်းမိသားစုမြို့မှ အရိပ်တစ်ခု ထွက်ပေါ် လာသည်။ ထိုအရိပ်ဆီမှ အလင်းတန်းတစ်ခု ထွက်လာပြီး ထန်းမိသားစု တပည့်များ အားလုံးကို ဖြတ်ကျော်သွားကာ ဝမ်လင်းထံသို့ တိုးဝင်သွား၏။
ထိုအလင်းတန်းသည် ကြီးမားသော ပုံရိပ်ယောင် အလင်းဓားကြီး တစ်လက် ဖြစ်သည်။ ထိုဓားက ဝမ်လင်းကို ခုတ်ပိုင်းလိုက်သည်။ ထိုအချိန်တွင် လျှပ်စီးများက စုစည်းသွားပြီး မရေမတွက်နိုင်တဲ့ လျှပ်စီးလုံးများ ဖြစ်သွားကာ ဓားနှင့် ပေါင်းစပ်သွား၏။
ဝမ်လင်းက တစ်ကိုယ်လုံး ထုံထိုင်း သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအချိန်တွင် စစ်ထူနန်က အော်ပြောလိုက်သည် …
“ဒါက စဦးစိတ်ဝိညာဉ်အဆင့် ရတနာပဲ … ဝမ်လင်း… မင်းရဲ့ နတ်ဘုရား စိတ်အာရုံကို ရုပ်သိမ်းလိုက် … မင်းကို တည်နေရာ ပြောင်းပေးမယ် …”
ဝမ်လင်း၏လက်ထဲမှ အပြာရောင် သလင်းကျောက်များ ထွက်လာပြီး လျင်မြန်စွာ ပျံ့နှံ့သွားပြီး တစ်ကိုယ်လုံးကို ဖုံးအုပ်သွား၏။ ထိုအချိန်တွင် ကြီးမားသော ဓားကြီးကလည်း ဝမ်လင်းပေါ်သို့ ကျလာသည်။ မြေပြင် အက်ကွဲသံများလည်း ထွက်ပေါ်လာပြီး လျှပ်စီးလုံးများကလည်း လျှပ်စစ်လုံးများကို ဖြစ်ပေါ်လာစေသည်။
ဝမ်လင်း၏ခန္ဓာကိုယ်က ပျံသန်းနေရာမှ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ဓားကြီးကလည်း ထိုနေရာသို့ ကျရောက်သွား၏။ ဝမ်လင်း၏ ခန္ဓာကိုယ်က မီတာ၃၀၀အကွာတွင် ပြန်ပေါ်လာပြီး ချက်ချင်း အဝေးသို့ ထွက်ပြေး သွား၏။
စစ်ထူနန်က အားနည်းနေသည့် အသံဖြင့် ဝမ်လင်းကို ပြောလိုက်သည် …“ဒီကောင်စုတ်လေးက အသက်ငယ်ငယ်နဲ့ ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့်ကို ရောက်နေပြီ … မင်းသာ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ဆိုရင် ငါ မင်းရဲ့ခန္ဓာကိုယ်ကို ငှားပြီး နည်းစနစ်တချို့ကို သုံးလို့ရတယ် … အခုတော့ မင်းရဲ့ချီစုစည်းခြင်း အဆင့် ကျင့်ကြံမှုနဲ့ကျတော့ ငါ ဘယ်လောက်ပဲ ကူညီကူညီ … ခန္ဓာကိုယ် သန့်စင်ခြင်း အလယ်အဆင့်က ကျင့်ကြံသူကိုပဲ ရှင်းလင်းနိုင်လိမ့်မယ် …”
ထန်းလီက မျက်မှောင်ကြုတ်ပြီး ချက်ချင်း ပြုံးလိုက်သည် …
“အမြုတေ ဖွဲ့တည်ခြင်း အဆင့်အောက်က ကျင့်ကြံသူတွေတောင် ငါ့ တိုက်ခိုက်မှုကနေ မလွတ်မြောက်နိုင်ဘူး … မင်းကတော့ ပထမဆုံး လွတ်မြောက်သွားတဲ့လူပေါ့ … အစ်ကိုကျိမိုကသာ မတောင်းဆိုထားရင် မင်းကို ငါ သတ်မှာ မဟုတ်ဘူး …”
ဝမ်လင်းကတော့ နောက်ကိုတောင် လှည့်မကြည့်ပဲ လျင်မြန်စွာ ထွက်ပြေးနေသည်။ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင် ကုန်ဆုံးမှုက အလွန် ကြီးမားလှသည်။ သူက တုံ့ဆိုင်းခြင်းမရှိ ပျံသန်းနေရင်းဖြင့် ဘူးသီးခြောက်ကို ထုတ်ယူပြီး အနည်းငယ်သောက်ကာ သူ၏အမြန်နှုန်းကို ထပ်မံ တိုးမြှင့်လိုက်၏။
ထန်းလီ၏မျက်လုံးများက အေးစက်သွားပြီး ပြောလိုက်သည် …
“မင်း ဘယ်လောက်တောင် နေရာ ထပ်ပြောင်းနိုင်ဦးမလဲ … ငါ သိချင်တယ်…”
ပြောပြီးသည်နှင့် သူက ဝမ်လင်းကို လက်ချောင်းလေးဖြင့် ညွှန်လိုက်ရာ ကောင်းကင်ကြီးက မှောင်သွားပြီး ကြီးမားသောဓားကြီးက တစ်ဖန် ပြန်ပေါ် လာပြန်သည်။
***
우와