Switch Mode

အခန်း (၈၀)

သွေးသန့်စင်ခြင်း နည်းစနစ်

၃ကြိမ် တည်နေရာ ပြောင်းပြီးနောက် ဓား၏အရောင်က အစိမ်းရောင် ဖြစ်သွား၏။ ဓားမှ ထွက်ပေါ်နေသော အသံနှင့်အလင်းက ဓားသည် အလွန်အားနည်းနေပြီ ဖြစ်ကြောင်းကို သိသာစွာ ဖော်ပြနေသည်။

အချိန် ခဏလောက် ကြာပြီးနောက် ဓားက တည်နေရာ မပြောင်းနိုင်တော့ပဲ ရွှေရောင် သင်္ကေတ၂ခုကြောင့် ထောင်တစ်ခုတွင် ကပ်နေလိုက်ရ၏။ ဝမ်လင်းက နောက်ထပ် စိတ်စွမ်းအင်များကို ပါးစပ်အပြည့် ထွေးထုတ်ပြီး ဓားကို ဝန်းရံစေလိုက်သည်။ စိတ်စွမ်းအင်များကြောင့် ဓားက ချုပ်နှောင် ခံထားရသလို ဖြစ်နေပြီး ရွှေရောင်သင်္ကေတ ၂ခုကလည်း ဓားကို ရွှေရောင်နဂါး နှစ်ကောင်ကဲ့သို့ လှည့်ပတ်နေသည်။ ဓားက လွတ်မြောက်ရန် ကြိုးစားသည့်အခါတိုင်း ရွှေရောင် သင်္ကေတများက ဓားကို ဖိအားပေးပြီး ဘယ်မှ ထွက်မသွားနိုင်အောင် တားဆီးထား၏။

အချိန်ကြာလာသော်လည်း ဓား၏ရုန်းကန်မှုက မလျော့လာသည့်အပြင် ပို၍ပင် ပြင်းထန်လာသည်။ ဓားကို ဝန်းရံထားသည့် စိတ်စွမ်းအင်များ ကလည်း တဖြည်းဖြည်း လျော့နည်းလာ၏။ ဝမ်လင်းက အံကြိတ်လိုက်ပြီး‌ နောက်ထပ် စွမ်းအင်များကို ပါးစပ်အပြည့် ထုတ်လိုက်ပြီး သန့်စင်ခြင်းကို ဆက်လက် လုပ်ဆောင်လိုက်သည်။

တစ်ညလုံး သန့်စင်တာတောင်မှ ဓား၏ရုန်းကန်မှုက အနည်းငယ်သာ လျော့ကျသွား၏။ ယခုအချိန်တွင် စိတ်စွမ်းအင်များ ထုတ်ရလွန်း၍ ဝမ်လင်း၏မျက်နှာက သွေးမရှိတော့ပဲ ဖြူရော်နေသည်။

သူ၏အလွှာ ၁၅ကျင့်ကြံမှုနှင့် စိတ်ဝိညာဉ် ရေများ၏ အကူအညီနှင့်တောင်မှ ဓားကို ထိန်းထား နိုင်ရုံထက် အနည်းငယ်သာ သာ၏။

မနက်ခင်း အလင်းရောင်က အခန်းထဲသို့ ဖြာကျနေပြီ ဖြစ်သော်လည်း ဝမ်လင်းကို ဓားကို ဆက်လက် သန့်စင်နေသည်။ ဓားက ရုန်းကန်ခြင်း မရှိတော့ပဲ လေထဲတွင် ရပ်တန့်နေကာ ဝမ်လင်း၏ စိတ်စွမ်းအင်များက ဓားထဲသို့ နည်းနည်းချင်း ဝင်နေ၏။

ထိုအချိန်တွင် ကျန်းဟူ၏အသံကို ကြားလိုက်ရသဖြင့် ဝမ်လင်း၏ အမူအရာက ပြောင်းလဲ သွားသည်။

“ဝမ်လင်း … မင်း ငါနဲ့အတူ လက်နက် အရောင်းဆိုင်ကို သွားချင်လား …”

ဝမ်လင်းက အသက်ကို ဝဝရှူပြီး ပြောလိုက်သည် …

“ကျန်းဟူ … ငါ ဓားကို သန့်စင်နေတာ အရေးကြီးတဲ့အချိန်ကို ရောက်နေပြီး ဒါကြောင့် ငါမင်းနဲ့ လိုက်လို့ မရဘူး …”

ကျန်းဟူက မှင်တက်သွားပြီး အနည်းငယ် စဉ်းစားကာ ဘာစကားမှ ထပ်မပြောတော့ပဲ … ဝမ်လင်း၏ အခန်းတံခါးရှေ့တွင် ထိုင်ချလိုက်၏။

ဝမ်လင်းက ကျန်းဟူကို ဂရုစိုက်မနေတော့ပဲ ဓားကို ဆက်ပြီးတော့ သန့်စင်လိုက်သည်။ အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာကာ ညအချိန်ကို ရောက်လာသည်။ စိတ်ဝိညာဉ်ရေအပြည့် ဘူးသီးခြောက်၃ဘူး ကုန်အောင် သောက်လိုက် ရသော်လည်း သန့်စင်ခြင်းက မပြီးဆုံးသေးပေ။

နောက်ဆုံးတွင် ကြံရာမရဖြစ်ပြီး စစ်ထူနန်ကို အကြံဉာဏ် တောင်းလိုက်၏။

စစ်ထူနန်က ပြန်ဖြေလိုက်သည် …

“ကောင်လေး… မင်း နောက်ဆုံးတော့ ငါ့ဆီလာရပြီ မဟုတ်လား … မင်း ၁၀နှစ်လောက် တံခါးပိတ် ကျင့်ကြံပြီး စိတ်ဝိညာဉ်ရေတွေ အများကြီး သုံးမယ် ဆိုရင်တော့ သန့်စင်တာ အောင်မြင်ဖို့ အခွင့်အလမ်း ရှိတယ် … ငါ ပြောတာ တကယ့် အပြင်ဘက်မှာနော် … ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ရဲ့ အိပ်မက် နယ်မြေထဲမှာ မဟုတ်ဘူး …”

ဝမ်လင်းက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည် …

“အဲဒီလောက်တောင် ကြာမှာလား …”

စစ်ထူနန်က ပြောလိုက်သည် …

“ဒါက အမြုတေအဆင့် ရတနာတစ်ခုပဲ … ပြီးတော့ အမြုတေအဆင့် ရတနာတွေထဲမှာမှ အမြင့်ဆုံးကို ရောက်နေတဲ့ ရတနာတစ်ခု ဆိုလည်း ဟုတ်တယ် … အမြုတေ အဆင့်ကျင့်ကြံသူ တစ်ယောက်က စဦးစိတ် ဝိညာဉ်အဆင့်ကို အောင်အောင်မြင်မြင် ရောက်ရှိနိုင်မယ့် အခွင့်အရေးကို ရင်းပြီး ဒီဓားကို လုပ်ခဲ့တာ ဖြစ်ရမယ် … အဲဒီ ကျင့်ကြံသူက တကယ်ကို အရူးစစ်စစ်ပဲ … ငါလည်း ဒီလိုလုပ်ဖို့ တွေးဖူးတယ် … အချိန်တော်တော် ကြာအောင် စဉ်းစားပြီးတော့မှ မလုပ်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာ … စဦးစိတ် ဝိညာဉ်အဆင့်ကို ချိုးဖြတ်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးရတာက အရမ်းကြီး မဆိုးရွားပေမဲ့ စဦးစိတ်ဝိညာဉ်အဆင့်ကို ချိုးဖြတ်တာက အရမ်းကို အန္တရာယ်များတဲ့ အချိန်ပဲ … တစ်ချက် မှားတာနဲ့ မင်းရဲ့ဝိညာဉ်က လုံးဝ ပျောက်ကွယ် သွားရလိမ့်မယ် …”

“ဘိုင်ကျန်းက ဒီဓားကို လုပ်တဲ့လူဆီက အကူအညီကို ရပြီး သူ့ရဲ့ကိုယ်ပိုင် လက်နက်အဖြစ် သန့်စင်နိုင်ခဲ့တာ ဖြစ်ရမယ် … ငါ့မှာ ခန္ဓာကိုယ် ရှိသေးရင် မင်းကို ကူညီပြီး သန့်စင်ပေးဖို့က လွယ်တယ် … အခုက ငါလည်း မကူညီပေးနိုင်ဘူး … ဒါပေမဲ့ …”

စစ်ထူနန်သည် တခြားလူများအား ဆွဲဆောင်ရသည်ကို ကြိုက်နှစ်သက်သည့် လူတစ်ယောက် ဖြစ်ပြီး စစ်ထူနန်၏ စိတ်ကို ဝမ်လင်းက နားလည်နေသဖြင့် ဝမ်လင်းက ဘာမှမစိုးရိမ်ပဲ စောင့်ဆိုင်း နေလိုက်သည်။

ခဏ ကြာပြီးနောက် စစ်ထူနန်က သက်ပြင်းချပြီး ရေရွတ်လိုက်သည် …

“မေ့လိုက်ပါတော့ … ငါ မင်းကို ပြောပြပါ့မယ် … မင်းက သာမန် နည်းလမ်းကို သုံးမယ်ဆိုရင် အချိန်တွေ အများကြီး လိုလိမ့်မယ် … မင်းကို သွေးသန့်စင်ခြင်း နည်းစနစ်ခေါ်တဲ့ နည်းစနစ်တစ်ခုကို သင်ပေးမယ် … အကျိုးကျေးဇူးကတော့ ချက်ချင်း ဓားကို မင်းရဲ့လက်နက်အဖြစ် သန့်စင်နိုင်လိမ့်မယ် … ဒါပေမဲ့ အားနည်းချက်က … ဓား တစ်ခုခုဖြစ်သွားရင် မင်းလည်း ဒဏ်ရာရလိမ့်မယ် … ပုံမှန် နည်းလမ်းတွေနဲ့ သန့်စင်ထားတဲ့ လက်နက်ပျက်စီးလို့ ဒဏ်ရာ ရတာထက်ကို အဆပေါင်းများစွာ ပိုပြင်းထန်လိမ့်မယ် … ဒါပေမဲ့ သန့်စင်ဖို့ လိုအပ်တဲ့အချိန်နဲ့ တွက်ကြည့်ရင် တန်ပါတယ် …”

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည် …

“ငါ့ကို သွေးသန့်စင်ခြင်း နည်းစနစ် သင်ပေးပါ …”

စစ်ထူနန်က ဝမ်လင်းကို စိတ်ထင့်အောင် လုပ်ချင်သေးသော်လည်း ဝမ်လင်းက သူ့စကားများကို လျစ်လျူရှုတတ်ကြောင်း သိနေသဖြင့် ဘာမှ ဆက်မပြောတော့ပဲ နည်းစနစ်ကို သင်ပေးရန် ဆုံးဖြတ်လိုက်ကာ အခြေအနေ တစ်ခုကို တောင်းဆိုလိုက်သည်။

“ငါ မိန်းမတွေကို မထိတွေ့ရတာ နှစ်တွေ အများကြီး ရှိနေပြီ … ဘာပဲဖြစ်ဖြစ် ငါ့ကို ကျေနပ်အောင် လုပ်ပေးရမယ် … ကြည့်နေရလည်း အဆင်ပြေတယ် …”

ဝမ်လင်းက မရေရာသည့် အဖြေတစ်ခုကို ပေးလိုက်ပြီး စစ်ထူနန် သင်ပေးသည့် နည်းစနစ်အတိုင်း လိုက်လုပ်တော့သည်။ ဝမ်လင်းက လက်သင်္ကေတဖြင့် ထူးဆန်းသော အစီအရင်တစ်ခုကို ဖန်တီးပြီး လျှာကို ကိုက်ကာ စိတ်စွမ်းအင်များ ပြည့်နေသော သွေးများကို ပါးစပ်အပြည့် ထွေးထုတ်လိုက်၏။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ရာ လေထဲတွင် ထူးဆန်းသော သင်္ကေတတစ်ခု ပေါ်လာသည်။

သင်္ကေတ ပေါ်လာသည်နှင့် ထွေးထုတ်ထားသည့် သွေးများက သင်္ကေတအတွင်းသို့ ဝင်သွား၏။ မကြာမီ သင်္ကေတက သွေးများကို စုပ်ယူပြီးနောက် သွေးရောင် သင်္ကေတတစ်ခု အဖြစ်သို့ ပြောင်းလဲ သွားသည်။ ဝမ်လင်းက နောက်ထပ် လက်ကို ဝှေ့ယမ်းလိုက်ရာ သင်္ကေတက ဓားပေါ်သို့ ကျရောက်သွား၏။

ထို့နောက် ဓားက တုန်ခါလာပြီး အဖြူရောင် အငွေ့အမျှင်များကို ထုတ်လွှတ်တော့သည်။

ဝမ်လင်းက နောက်ထပ် ပါးစပ်အပြည့် သွေးများကို ချက်ချင်း အန်ထုတ်လိုက်သည်။ ဝမ်လင်း၏ အသွင်အပြင်က အားနည်းနေကြောင်း သိသာနေသော်လည်း သူ၏မျက်လုံးထဲတွင် ခိုင်မာသော စိတ်ဆုံးဖြတ်မှုများဖြင့် ပြည့်နေ၏။ သူက နောက်ထပ် သွေးသင်္ကေတ တစ်ခုကို ဖန်တီးပြီး ဓားဆီသို့ ပျံသန်း သွားစေလိုက်သည်။

သန့်စင်ခြင်း လုပ်ငန်းစဉ်က နာရီပေါင်းများစွာ ကြာသွား၏။ မနက်ခင်းတွင် ထက်ရှသော ဓားတစ်လက်၏ တဝီဝီမြည်သံများ ဝမ်လင်း၏ အခန်းတွင်းမှ ထွက်ပေါ်လာသည်။ ထိုအသံများကြောင့် တစ်ချိန်လုံး ဝမ်လင်း၏ အခန်းတံခါး အပြင်ဘက်တွင် ထိုင်နေသော ကျန်းဟူက ရုတ်တရက် ထရပ်လိုက်သည်။

တံခါးက တိတ်ဆိတ်စွာ ပွင့်လာပြီးနောက် ဝမ်လင်း၏မျက်နှာ ပေါ်လာ၏။ သူ့မျက်နှာတွင် တောက်ပသော အပြုံးတစ်ခုကို ဆင်မြန်းထားသည်။ ယခုအချိန်တွင် သူ၏စိတ်ခံစားမှုက အရမ်း ကောင်းနေသည်။ သူက ကျန်းဟူကို ကြည့်ပြီး ပြောလိုက်သည် …

“ကျေးဇူးပါ … ကျန်းဟူ …”

ကျန်းဟူက ဝမ်လင်းကို ထူးဆန်သည့် အကြည့်ဖြင့် ကြည့်ပြီး မေးလိုက်သည် …

“စောနက မင်း အခန်းထဲကနေ ဓားလေတိုးသံတွေ ကြားရတယ် … မင်း ဘာလုပ်နေတာလဲ …”

ဝမ်လင်းက ပါးစပ်ကို ဟပြလိုက်ရာ ပါးစပ်ထဲမှ သေးငယ်သော အစိမ်းရောင် ဓားတစ်ချောင်း ပျံသန်း ထွက်ပေါ်လာသည်။ ဓားထွက်လာသည်နှင့် သွေးနံ့တစ်မျိုးက နေရာတစ်ဝိုက် ပျံနှံ့သွား၏။

ကျန်းဟူက အံ့အားသင့်သွားကာ မေးလိုက်သည် …

“ဒါ… ဒါက ငါ့ဆရာရဲ့ ဓားမလား … မင်း ဒါကို သန့်စင် နိုင်သွားပြီလား … ပြီးတော့ ဘာလို့ သွေးနံ့တွေ ထွက်နေရတာလဲ …”

ဝမ်လင်းက ခေါင်းညိတ်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားက သူ့ဘေးသို့ ပြန်ရောက်လာပြီး ပါးစပ်ထဲသို့ ပြန်ဝင်သွား၏။ သွေးနံ့အတွက်မူကား စစ်ထူနန်ကို ဝမ်လင်း ဒေါသတော်တော် ထွက်သည်။ သွေးသန့်စင်ခြင်း နည်းစနစ်ကို သုံးပြီး သန့်စင်လိုက်သည့် ရတနာများဖြင့် လူသတ်ပါက သွေးနံ့က ပိုပြင်းထန် လာပေလိမ့်မည်။ ထိုအကြောင်းကို ဝမ်လင်းအား စစ်ထူနန်က သန့်စင်ပြီးမှ ပြောပြခဲ့၏။

ကျန်းဟူက လေကို ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည် …

“ဝမ်လင်း … ငါ မင်းကို တကယ် အားကျတယ် … ဒီဓားနဲ့ဆိုရင် မင်းနဲ့ အဆင့်တူတွေထဲက တစ်ယောက်မှ မင်းရဲ့ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်တော့ဘူး … ဒီဓားရဲ့အထူးစွမ်းရည်က နေရာရွေ့တာပဲ … အကွာအဝေးကတော့ အသုံးပြုတဲ့သူရဲ့ စိတ်စွမ်းအားပေါ် မူတည်တယ် … တိုက်ခိုက်တဲ့ အချိန်ကျရင် ဒါက အရမ်းကောင်းတဲ့ ဝှက်ဖဲတစ်ခု ဖြစ်လာမှာပဲ …”

နှစ်ယောက်သား စကားအနည်းငယ် ပြောပြီးနောက် ကျန်းဟူက မထွက်သွားခင် ဈေးပွဲတော်က နောက်၃ရက်ဆိုလျှင် စပြီဖြစ်ကြောင်း ဝမ်လင်းအား သတိပေးသွား၏။

ကျန်းဟူ ထွက်သွားပြီးနောက် ဝမ်လင်းက ဓားအိမ်ကို ထုတ်လိုက်သည်။ စစ်ထူနန်က ဓားအိမ်ကို ခဏခဏ ချီးမွမ်းသော်လည်း ဓားအိမ်က မည်သည့် အဆင့်ရတနာ ဖြစ်ကြောင်း မသိချေ။

ဓားနှင့်ဓားအိမ်က အစုံလိုက် ဖြစ်ရမည်ဟု ဝမ်လင်းက ရိုးရိုးလေးသာ တွေးထား၏။ သို့သော်လည်း ဓားကို သန့်စင်ပြီးနောက် ဓားနှင့် ဓားအိမ်ကြားမှ ကွာခြားမှုများကို ဝမ်လင်း သတိပြုမိလိုက်သည်။

ဝမ်လင်းသည် ဓားအိမ်ကို စစ်ဆေးကြည့်ရာ ဓားအိမ်က အလွန်ပြင်းထန်သော သတ်ဖြတ်ခြင်း စိတ်ဆန္ဒကို ထုတ်လွှတ်၏။ ဝမ်လင်း ပိုပြီး နီးနီကပ်ကပ် ကြည့်လေ သတ်ဖြတ်ခြင်း စိတ်ဆန္ဒက ပိုမိုပြင်းထန်လာလေ ဖြစ်သည်။ နောက်ဆုံးတွင် သူ၏စိတ်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားပြီး ဓားပုံရိပ်ယောင်လေး တစ်ခုသာ မြင်ရတော့၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset