ကျန်းဟူက လက်ထဲ ကျန်နေသော အာလူးကို ပါးစပ်ထဲ သိပ်ထည့်လိုက်၏။ ပါးစပ်ထဲမှ အာလူးကို ကုန်အောင် စားပြီးနောက်မှ ဝမ်လင်းကို ကြည့်ပြီး ပြောလိုက်သည် …
“ထန်းမိသားစုမြို့က ကျောင်းနိုင်ငံ မြောက်ပိုင်းက ကျင့်ကြံခြင်း မိသားစုကြီးတစ်ခုပဲ … ပြောကြတာတော့ သူတို့မိသားစုမှာ စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ ရှိတယ်တဲ့ … ကျင့်ကြံသူ တစ်ယောက်က မြို့ထဲကို ဝင်တဲ့အခါ အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံး ပေးရတယ် … အဲဒီမြို့မှာ နေချင်ရင် တစ်လကို အလယ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံး ပေးဆောင်ရတယ် … ငါ စုဆောင်းထားတဲ့ စိတ်ဝိညာဉ် ကျောက်တုံးတွေနဲ့ဆိုရင် မြို့ထဲမှာ ၆လလောက်တော့ နေနိုင်လိမ့်မယ်”
ဝမ်လင်းက မေးစေ့ကို ပွတ်ပြီး မေးလိုက်သည် …
“ကျန်းဟူ … ထန်းမိသားစုမြို့မှာ ဈေးပွဲတော်တွေ ရှိလား …”
ကျန်းဟူက ခေါင်းညိတ်လိုက်သည် …
“လတိုင်းမှာ ဈေးပွဲတော် အကြီးကြီးရှိတယ် … အဲဒီနားပတ်ဝန်းကျင်က ကျင့်ကြံသူတွေ အကုန်လုံး ဈေးပွဲတော်ကို လာကြတယ် … မင်းတစ်ခုခု ဝယ်ချင်လို့လား …”
ဝမ်လင်းက ခေါင်ညိတ်ပြီး ပြုံးပြလိုက်၏ …
“ဘာလဲ … မင်းနောက် လိုက်လာမှာကို မကြိုက်ဘူးလား … ငါ့မှာ စိတ်ဝိညာဉ် ကျောက်တုံးတွေ အများကြီး မရှိဘူး … ဒါကြောင့် မင်းကိုပဲ အားကိုးရမှာ …”
***
ထန်းမိသားစုသည် ကျောင်းနိုင်ငံ မြောက်ပိုင်းတွင် အလွန် ကျော်ကြားသော မိသားစုကြီး ဖြစ်သည်။ မိသားစု ခေါင်းဆောင် ထန်းရှင်းစန်းသည် စဦး စိတ်ဝိညာဉ် အဆင့်ကို လွန်ခဲ့သော နှစ်၅၀၀ အတွင်းက ရောက်ရှိခဲ့သောကြောင့် အဆင့်၄ နိုင်ငံစစ်ပွဲတွင် ပါမသွားခဲ့ပေ။
ထန်းရှင်းစန်းက ဝူဖုန်တောင်ကြား၏ အကြီးအကဲ တစ်ယောက် ဖြစ်သဖြင့် သူ့အဆင့်အတန်းက အလွန် မြင့်မားသည်။
ထန်းမိသားစု၏ ဘိုးဘေး တစ်ယောက်လည်း ဖြစ်နေသောကြောင့် မည်သူကမှ သူ့ကို လာမရှုပ်ရဲကြပေ။ ဂိုဏ်းကြီးမှ ကျင့်ကြံသူများ တောင်မှ သူနှင့် ပြဿနာ မတက်ချင်ကြချေ။
ထျန်းမိသားစု၏ ဈေးပွဲတော်က ကျင့်ကြံသူများ အတွက် စီစဉ်ပေးထားခြင်း ဖြစ်သည်။ ထို့ကြောင့် လတစ်လ၏အစတိုင်းတွင် ထန်းမိသားစုမြို့သည် အလွန် အလုပ်များ၏။
ဈေးပွဲတော် ရှိသောကြောင့် လူတွေလည်း အဝင်အထွက် များသကဲ့သို့ သူတို့ ကြားတွင်လည်း သဘောထား ကွဲလွဲမှုများရှိကာ တစ်ခါတစ်ရံ တိုက်ခိုက်သည်အထိ ဖြစ်ကြသည်။ ထို့ကြောင့် ထန်းမိသားစု၏ ဘိုးဘေးထန်းရှင်းစန်းက မြို့ထဲတွင် မတိုက်ခိုက်ရ အမိန့်ထုတ်လိုက်၏။
ထိုစည်းမျဉ်းကို မြို့ထဲရှိ လူအားလုံးက လိုက်နာရသည်။
ထိုစည်းမျဉ်း ထွက်လာပြီးနောက် ရန်ပွဲတစ်ခုမှ အမြုတေ အဆင့် ကျင့်ကြံသူ တချို့ကို ထန်းရှင်းစန်း သတ်ပစ်လိုက်ပြီးနောက် မြို့ထဲရှိ လူအားလုံးက ထိုစည်းမျဉ်းကို အပြည့်အဝ လိုက်နာ သွားကြခြင်း ဖြစ်၏။
တစ်ရက်တွင် လူနှစ်ယောက်က ကောင်းကင်ယံတွင် ပျံသန်းကာ ထန်းမိသားစုမြို့စု ဦးတည်ပြီး လာနေသည်။ ထိုနှစ်ယောက်ထဲမှ တစ်ယောက်က ပြောလိုက်သည် …
“ဝမ်လင်း … မြို့ထဲမှာက ပျံသန်းခြင်းကို တားမြစ်ထားတယ် … ဒါကြောင့် ဒီနေရာကနေ ငါတို့ လမ်းလျှောက်ကြရမယ် …”
ထိုလူနှစ်ယောက်ကာ ဝမ်လင်းနှင့်ကျန်းဟူ ဖြစ်၏။
ဝမ်လင်း၏အကြည့်က သူ့ရှေ့မှ ထန်းမိသားစုမြို့သို့ ရောက်သွား၏။ မြို့က အရမ်းကြီး မကြီးချေ။ အမှန်အတိုင်းသာ ဆိုရလျှင် မြို့ငယ်လေး တစ်ခုနှင့်ပင် ပို၍ တူသည်။
မြို့အပြင်ဘက်တွင် ထန်းမိသားစုမှ တပည့်နှစ်ယောက်က မြို့ထဲသို့ ဝင်လာသူများကို အပြုံးနှင့်ကြိုဆိုပြီး တိုကင်ပြားများ ပေးဝေနေသည်။
ဝမ်လင်းက နတ်ဘုရား စိတ်အာရုံဖြင့် ကြည့်လိုက်ရာ ထိုအစောင့်တပည့် နှစ်ယောက်က အလွှာ၃၌သာ ရှိသေး၏။
ဝမ်လင်းက သူ့ရှေ့မှ မြို့ထဲသို့ တန်းစီပြီး ဝင်နေရသာ လူအတန်းကြီးကို အလျင်စလို ဖြစ်မနေပဲ လူတိုင်းကို နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေး ကြည့်နေသည်။ အားလုံးထဲတွင် အသန်မာဆုံးသည် အလွှာ၁၃သာ ရောက်သေး၏။
အချိန် တော်တော် ကြာပြီးနောက် ဝမ်လင်းနှင့် ကျန်းဟူတို့သည် ဂိတ်တံခါးရှေ့သို့ ရောက်လာသည်။ ထိုအချိန်တွင် ရုတ်တရက် အဝေးမှ ပုံရိပ်တစ်ခု ပေါ်လာ၏။ ထိုပုံရိပ်မှ အလွန် အားကောင်းသော အော်ရာကို ထုတ်လွှတ်လျက် ရှိသည်။ ဝမ်လင်းက နတ်ဘုရား စိတ်အာရုံဖြင့် ကြည့်လိုက်ရာ မှင်တက်သွား၏။ ထိုလူက အသက်၃၀ပင် ခန့်သာ ရှိသေးသော်လည်း သူ၏ကျင့်ကြံမှုက ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ရောက်ရှိပြီး ဖြစ်နေသည်။
ထိုလူက ဂိတ်တံခါးရှေ့သို့ လျင်မြန်စွာ ရောက်လာပြီး သူ့လက်ကို ဝှေ့ယမ်းကာ လေပြင်းတစ်ခုကို ဖန်းတီးပြီး လူတိုင်းကို အဝေးသို့ လွင့်စဉ် သွားစေသည်။ ကျင့်ကြံမှုနိမ့်သော ကျင့်ကြံသူ တချို့ဆိုလျှင် မြေပြင်ပေါ်သို့ လိမ့်သွား၏။
ဝမ်လင်းသာ ကျန်းဟူကို မဖမ်းထားပါက ကျန်းဟူလည်း မြေပြင်တွင် လိမ့်သွားမှာ အသေအချာပင်။
ဝမ်လင်း ကိုယ်တိုင်လည်း ခြေလှမ်း အနည်းငယ် နောက်သို့ ဆုတ်လိုက်ရ၏။ သူက တည်ငြိမ်စွာ ဖြင့်ပင် ထိုလူကို အေးစက်စွာ ကြည့်လိုက်သည်။
ထိုလူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဂိတ်တံခါးဆီသို့ လျှောက်သွား လိုက်၏။ သူက တိုကင်တစ်ခုကို ပစ်ပေးလိုက်ရာ အစောင့်နှစ်ယောက်က အလွန် လေးစားသော အမူအရာဖြင့် ကြိုဆို လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က မြို့အတွင်းထဲထိပင် လိုက်ပို့ပေး၏။
ကျန်းဟူက မနာလိုသည့် အမူအရာဖြင့် မေးလိုက်သည် …
“သူ့ရဲ့အဆင့်က ဘယ်လောက်တောင် မြင့်နေလို့ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ ဒီလောက်တောင် စွမ်းအား ပြင်းနေရတာလဲ …”
ဝမ်လင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏ …
“ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် …“
မြို့ထဲသို့ သူတို့နှစ်ယောက် ဝင်ရမည့် အလှည့်သို့ ရောက်သောအခါ ကျန်းဟူက အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံး နှစ်တုံးကို ပေးပြီး မြို့ထဲသို့ နှစ်ယောက်သား ဝင်သွားကြသည်။
ကျန်းဟူက ဒီကို ခဏခဏ ရောက်ဖူးသဖြင့် ဝမ်လင်းကို သူက ဦးဆောင် ခေါ်သွားလေသည်။ မြို့ထဲသို့ ဝင်လာပြီးနောက် အလယ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံး၂တုံးကို ပေးဆောင်ပြီး နေဖို့ အခန်း၂ခန်း ငှားလိုက်၏။
ကျန်းဟူက ပြုံးပြီး ပြောလိုက်သည် …
“ငါတို့မှာ ငွေအများကြီး မကျန်တော့ဘူး … ဒီနှစ်၅၀၀ ဂျင်ဆင်းက ဈေး ကောင်းကောင်းနဲ့ ရောင်းထွက်ပါစေလို့ပဲ ဆုဆောင်းရမှာပဲ … အကျိုးအမြတ်ကိုတော့ အညီအမျှ ခွဲယူမယ် …”
နှစ်ယောက်သား အနည်းငယ် လမ်းလျှောက် ပြီးနောက် သူတို့၏ အခန်းဆီသို့ ပြန်လာခဲ့ကြ၏။
ဝမ်လင်းက အခန်းထဲသို့ ပြန်ရောက်ပြီးနောက် ခြေချိတ်ထိုင်ကာ ကျန်းဟူ၏ ဆရာထံမှ ရရှိခဲ့သောဓားနှင့် ဓားအိမ်ကို ထုတ်ယူလိုက်သည်။ အချိန် တော်တော်ကြာအောင် ကြည့်ရှု လေ့လာပြီးနောက် သူ၏မျက်လုံးများက အရောင် တောက်လာပြီး ဓားကို လေထဲသို့ ပစ်လိုက်သည်။ လက်ကလည်း အစီအရင်တစ်ခုကို အသက်သွင်းပြီး ဓားဆီသို့ ညွှန်လိုက်၏။ ရုတ်တရက် ဓားမှ ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး ဓားက အဝေးသို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
ဓားက အခန်းတစ်ဝက်ခန့် သွားပြီးနောက် မမြင်နိုင်သော နံရံတစ်ခုနှင့် တိုက်မိသွား၏။ ထို့နောက် ဓားက ဘက်ပြောင်းပြီး နောက်တစ်ကြိမ် ထွက်ပြေးပြန်သည်။ သို့သော်လည်း နောက်တစ်ကြိမ် ရပ်တန့် သွားရပြန်၏။ ဦးတည်ရာအရပ် အနည်းငယ်မျှ ပြောင်းလဲပြီးနောက် ဓားက ရပ်တန့်သွားသည်။ ထို့နောက် ဓားမှ တဝီဝီအသံများ ထွက်ပေါ်လာပြီး ဝမ်လင်းထံသို့ အရှိန်ဖြင့် တိုးဝင် တိုက်ခိုက်လိုက်၏။
ဝမ်လင်းက တည်တည်ငြိမ်ငြိမ်ဖြင့် ရှေးဟောင်း ကျောက်စိမ်းပြားကို ထုတ်ယူပြီး ရွှေရောင် သင်္ကေတများကို ဖော်ထုတ်လိုက်သည်။ ဓားက ထိုရွှေရောင် သင်္ကေတများကို ကြောက်ရွံ့ဟန်ဖြင့် ဓားက အနောက်သို့ ပြန်ပြေးသွား၏။
ဝမ်လင်းက ညာဘက်လက်ကို ဝှေ့ယမ်းပြီး ရွှေရောင်သင်္ကေတများကို သူ့ခန္ဓာကိုယ်အား လှည့်ပတ် စေလိုက်သည်။ ထိုအခါ ဓားက ဝမ်လင်းကို နောက်တစ်ကြိမ် မတိုက်ခိုက်ရဲတော့ပဲ မမြင်ရသည့် နံရံကြီးအား တစ်ကြိမ်ပြီး တစ်ကြိမ် ပြင်းထန်စွာ ဝင်တိုက်နေတော့သည်။
ဝမ်လင်းက မျက်တောင်ပင် မခတ်ချေ။ သူက စိတ်စွမ်းအင်များကို ပါးစပ်ထဲမှတစ်ဆင့် ထုတ်လိုက်ပြီး ဓားကို ဝန်းရံစေလိုက်သည်။ လေထဲတွင် ပျံသန်းနေသော ဓားက ရုတ်တရက် ပျောက်ကွယ် သွားပြီး တံခါးရှေ့တွင် ပေါ်လာ၏။
ထိုအချိန်တွင် ဓားက အနက်ရောင်မှ အပြာရောင်သို့ ပြောင်းလဲသွားပြီး တဝီဝီသံများ ထွက်ပေါ်လာကာ ဓားက အားနည်သည်ထက် အားနည်းလာသည်။
ဝမ်လင်းက ညာလက်ကို ဓားဆီသို့ ညွှန်လိုက်ရာ ရွှေရောင်သင်္ကေတများက ဓားဆီသို့ ပျံသန်းသွား၏။
ဓားက ကြောက်လန့်မှု အရိပ်အယောင်များ ပေါ်လာသကဲ့သို့ တဝီဝီအသံများ ပေါ်ထွက်လာသည်။ ရွှေရောင် သင်္ကေတများက ဓားနှင့် နီးကပ် လာသောအခါ ဓားက ရုတ်တရက် ပျောက်ကွယ်သွားပြီး ပြတင်းပေါက် နားတွင် ပြန်ပေါ်လာသည်။
ဓား၏ အရောင်ကလည်း ရုတ်တရက် အပြာရောင်မှ အစိမ်းရောင် အဖြစ်သို့ ပြောင်းလဲသွား၏။ ယခုမှသာ ဓားက ဓားအိမ်ထဲသို့ မဝင်ခင်က အတိုင်း ဖြစ်သွားသည်။
ဝမ်လင်းက အခန်းကို ဖျတ်ခနဲ ကြည့်လိုက်ပြီး ဓား၏တည်နေရာ ရွှေ့ပြောင်းခြင်း စွမ်းရည်မှာ ဓား၏အရောင်နှင့် ပတ်သက် နေရမည်ဟု သတိပြုမိ လိုက်သည်။ ဓားမှ တည်နေရာ ပြောင်းရွှေ့ခြင်းက စိတ်စွမ်းအင်များ အမြောက်အမြား ကုန်ဆုံးဟန် ရှိ၏။
စစ်ထူနန်က ဖြည်းဖြည်းချင်း ပြောလိုက်သည် …
“ဒီဓားမှာ ရှိတဲ့ အသိဉာဏ်က တခြားရတနာ ပစ္စည်းတွေရဲ့ အသိဉာဏ်ထက် အများကြီး ပိုသာတယ် … ပိုပြီးတော့လည်း သန့်စင်ရ ခက်ခဲလိမ့်မယ် … သန့်စင်တဲ့ လူကိုတောင် သတ်ပစ်နိုင်တယ် … ဒါကြောင့်ပဲ မင်းလက်ထဲက ဓားက တခြားပစ္စည်းတွေထက် အများကြီး ပိုအစွမ်းထက် နေတာပဲ …”
ဝမ်လင်းက မျက်မှောင်ကြုတ် သွား၏။ သူသည် ဓားတွင် အသိဉာဏ်နှင့် တည်နေရာ ရွှေ့ပြောင်းပညာရပ် ရှိသည်ကို သိနေပြီး ဖြစ်သည်။ ပိုပြီးတော့ သန့်စင်ရ ခက်ခဲလေ ဝမ်လင်းကလည်း ပိုလိုချင်လေ ဖြစ်နေသည်။
ဓားက လွတ်မြောက်ရန် ကြိုးစား နေသည်ကို ကြည့်ပြီး ဝမ်လင်းက ရွှေရောင်သင်္ကေတ၂ခုကို ဓားဆီသို့ ပျံသန်းသွားစေသည်။ ရွှေရောင်သင်္ကေတ၂ခုက ဓား၏လမ်းကြောင်းကို ပိတ်လိုက်သည်။ ဓားက နောက်တစ်ကြိမ် တည်နေရာ ပြောင်းရွှေ့လျှင်တောင်မှ အဝေးသို့ ပြေးနိုင်တော့မည် မဟုတ်ချေ။
***