Switch Mode

အခန်း (၄၇၆)

ကောင်းကင်မြို့တော်၌ အခြေချနေထိုင်ခြင်း

ဝမ်ပေါင်လဲ့မှာ အရွယ်ရောက်လာပြီးနောက်ပိုင်း သူ၏မိဘများနှင့်အတူ ပထမဆုံး အကြိမ်အဖြစ် ယခုကဲ့သို့ ခရီးအရှည်ကြီး ထွက်ဖူးခြင်းဖြစ်သည်။ သူတို့မှာ တောင်စဉ်တန်းများအပေါ်မှ ဖြတ်ပျံကာ မြစ်များကို ကျော်ဖြတ်ခဲ့ကြ၏။ ထို့အပြင် တောအုပ်ကြီးများနှင့် ကန္တာရကြီးများကိုလည်း ဖြတ်ကျော်ခဲ့ကြသေးသည်။

ရက်စက်ကြမ်းကြုတ်သော သားရဲကြီးများဖြင့် ပြည့်နှက်နေသည့် အန္တရာယ်များသော နေရာတစ်ခုဖြစ်စေ၊ လူသူကင်းမဲ့ကာ ခြောက်ကပ်နေသည့် နယ်မြေတစ်ခုဖြစ်စေ သို့မဟုတ် ရာသီဥတုများ ဆိုးရွားလွန်းသောကြောင့် သာမန်သူများ အနားသို့ပင် မကပ်ရဲကြသည့် နေရာများဖြစ်စေ မရှိပေ။ ဝမ်ပေါင်လဲ့၏ လက်ရှိ အမြုတေအဆင့် ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် သူသည် သူ၏မိဘများအား ကမ္ဘာပေါ်ရှိ တားမြစ်နယ်မြေအချို့မှလွဲ၍ အခြားမည်သည့်နေရာကိုမဆို ဘေးမသီရန်မခ ခေါ်သွားနိုင်ပေသည်။

လက်ရှိပြည်ထောင်စုကြီးထဲတွင် အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့်မှာ ယွမ်ယင်အဆင့်ဖြစ်၏။ သို့ဖြစ်ရာ အမြုတေအဆင့်၌ ရှိနေကြသူများကို … ပြည်ထောင်စုကြီးထဲရှိ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်များအဖြစ် သတ်မှတ်နိုင်ပေသည်။

ထို့အပြင် ဝမ်ပေါင်လဲ့မှာ ဒုပဏာမအဆင့်နှစ် အရာရှိတစ်ယောက်အဖြစ် ရာထူးတိုးခံလိုက်ရပြီးနောက် ထိုအဆင့်နှင့် ထိုအဆင့်၏အထက်ရှိ ပုဂ္ဂိုလ်များသာ ဖတ်ရှုခွင့်ရှိသော ထိပ်တန်းအဆင့် လျှို့ဝှက်ချက်များကို ဖတ်ရှုနိုင်ခဲ့၏။ ထိုသို့ဖြင့် သူသည် မဟာကမ္ဘာမန္တန်အစီအရင်ကြီး၏ အကြောင်းရေးသားထားသည့် စာရွက်စာတမ်းများကို ဖတ်ရှုခဲ့လေသည်။ ထိုစာရွက်စာတမ်းများထဲတွင် ဒုပဏာမအဆင့်နှစ်နှင့် အထက်တွင်ရှိသော အရာရှိများမှာ မဟာကမ္ဘာမန္တန်အစီအရင်ကြီးအား ထိန်းချုပ်ခွင့်ရှိကြောင်း ရေးသားထား၏။ သူသည် အတိုင်းအတာတစ်ခုအထိသာ ထိန်းချုပ်နိုင်မည် ဖြစ်ပါသော်လည်း ထိုကဲ့သို့ ထိမ်းချုပ်နိုင်ရုံမျှဖြင့် သူ့ထက် အဆင့်နိမ့်သည့်လူများ သူ့အား ပြဿနာလာမရှာရဲအောင် တားဆီးနိုင်ပေသည်။

ထိုသို့ဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော ထိုခရီးစဉ်ကြီးမှာ တစ်လကျော်ကြာမြင့်သွားချိန်တွင် သူ၏မိဘများမှာ လူမပင်ပန်းသေးပါသော်လည်း စိတ်ပင်ပန်းနေကြပြီဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သတိထားမိလိုက်၏။ ထို့ကြောင့် သူသည် ထိုအားလပ်ရက်ခရီးစဉ်အား အဆုံးသတ်လိုက်ပြီး သူတို့အား ကောင်းကင်မြို့တော်ဆီသို့ ခေါ်သွားလိုက်တော့သည်။

ကောင်းကင်မြို့တော်မှာ ဖီးနစ်ငှက်မြို့တော်ထဲ အဆပေါင်းများစွာပို၍ သာလွန်ပြီး အလွန်အင်မတန်မှ ကြီးကျယ်ခမ်းနား၏။ မြို့တော်ကြီး၏ အရွယ်အစားနှင့် လူဦးရေ အရေအတွက်တို့အပြင် မြို့တော်ထဲ၌ရှိသည့် အစွမ်းထက်ကျင့်ကြံသူများကြောင့် ကောင်းကင်မြို့တော်မှာ ကမ္ဘာပေါ်ရှိ အဓိကမြို့ကြီးဆယ့်ခုနစ်မြို့ထဲမှ ထိပ်ဆုံးငါးမြို့ထဲတွင် ရှိနေသည်ဟု သတ်မှတ်နိုင်ပေသည်။

ကောင်းကင်တာအိုကျောင်းမှာလည်း မြို့တော်ကြီး၏ ဘေးတွင်ရှိနေသည်ဖြစ်ရာ ၎င်း၏ ခုခံကာကွယ်ရေးစနစ်များမှာလည်း သိသိသာသာပို၍ အစွမ်းထက်ပေသည်။ ထို့အပြင် ၎င်းမှာ ပြည်ထောင်စုကြီးထဲရှိ အနောက်တောင်ဒေသ၏ အလယ်ဗဟိုတွင် ရှိနေသည်ဖြစ်ရာ ၎င်း၏ ဩဇာအာဏာလွှမ်းမိုးမှုများမှာ ထိုဒေသတစ်ခုလုံးအား ကွက်ရက်ကြီးတစ်ခုကဲ့သို့ လွှမ်းခြုံထား၏။ ထို့ကြောင့် ၎င်းအား အနောက်တောင်ဒေသထဲရှိ အင်အားကြီးမြို့တော်တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

ထို့ကြောင့်လည်း ကျင့်ကြံသူပေါင်း မြောက်မြားစွာနှင့် သာမန်ပြည်သူများမှာ ကောင်းကင်မြို့တော်သို့ နေ့စဉ်နေ့တိုင်း ရောက်ရှိလာကြခြင်းဖြစ်သည်။ သူတို့ထဲမှ အများစုမှာ ဤမြို့တော်ကြီးသို့ ပြောင်းရွှေ့လာကြသူများ၊ အလုပ်လာရှာကြသူများနှင့် စီးပွားရေးလာလုပ်ကြသူများ ဖြစ်ကြ၏။ ထို့ကြောင့် ထိုမြို့တော်ကြီးမှာ အမြဲတမ်း စည်ကားသိုက်မြိုက်နေ၏။ နေ့အချိန်တွင် လမ်းပေါ်၌ လူစီးယာဉ်များနှင့် လမ်းသွားလမ်းလာများဖြင့် ပြည့်နေပြီး ညအချိန်သို့ရောက်လျှင် ရောင်စုံမီးရောင်များဖြင့် လင်းလက်တောက်ပနေ၏။

ထို့ကြောင့်လည်း ကောင်းကင်မြို့တော်ထဲတွင် အရာရာတိုင်းမှာ ဖီးနစ်ငှက်မြို့တော်ထက် ပို၍‌ဈေးကြီးပေသည်။ အထူးသဖြင့် မြေကွက်များဆိုလျှင် အလွန်အင်မတန်မှ တန်ဖိုးကြီးမားပြီး ရောင်းလိုအားထက် ဝယ်လိုအားက အမြဲတမ်းပို၍ မြင့်မားနေတတ်သည်။

ကောင်းကင်မြို့တော်မှာ အနောက်တောင်ဒေသ၏ ဒေသမြို့တော် ဖြစ်နေသည်မဟုတ်ပါလော။ ၎င်းမှာ ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်းနေခဲ့စဉ်တုန်းကသာမက မတည်မငြိမ် ဖြစ်နေခဲ့သည့် အချိန်တုန်းကပါ စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံရေးလုပ်ငန်းများ၏ ဗဟိုအချက်အချာ နေရာတစ်ခု ဖြစ်နေခဲ့၏။ ထို့ကြောင့် သူဌေးသူကြွယ်ပေါင်းမြောက်မြားစွာမှာ ကောင်းကင်မြို့တော်ထဲ၌ စုဝေးနေကြပြီး ငွေကြေးအရင်းအနှီး အမြောက်အမြားကိုလည်း လူများမသိအောင် ထိုမြို့တော်ထဲ၌ ရင်းနှီးမြုပ်နှံထားကြသည် ဖြစ်သည်။

သို့ဖြစ်ရာ ကောင်းကင်မြို့တော်၏ လမ်းမများပေါ်၌ ရှိနေကြသည့် မည်သူ့ကိုမှ မလျှော့တွက်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် အပြင်ပန်းတွင် တုံး,အနေသည့်ပုံ ပေါက်နေသောလူတစ်ယောက်မှာ လူအများကို အံ့အားသင့်သွားစေနိုင်လောက်သည့် ချမ်းသာကြွယ်ဝမှုများကို ပိုင်ဆိုင်ထားနိုင်သောကြောင့်ပင်။ ၎င်းမှာ မထူးဆန်းပေ။

ထိုကဲ့သို့ အဘက်ဘက်မှ သာလွန်နေသောကြောင့် ကောင်းကင်မြို့တော်ထဲတွင် နေထိုင်နေကြသည့် လူများမှာ အပြင်လူများထက် အများကြီးပို၍ သာလွန်နေသည်ဟု ခံစားနေရ၏။ ထို့အပြင် ကောင်းကင်မြို့တော်အား ပထမဆုံးအကြိမ်အဖြစ် လာလည်သည့် ခရီးသွားအများစုမှာ ကောင်းကင်မြို့တော်၏ အဆင့်အတန်းနှင့် ကြွယ်ဝချမ်းသာမှုတို့ကို မြင်လိုက်ရသည့် အချိန်တိုင်း အံ့ဩတုန်လှုပ်သွားရမည်သာဖြစ်သည်။ သူတို့မှာ ဤမြို့တော်ကြီး၏ ခမ်းနားကြီးကျယ်မှုများကြောင့် သိပ်ငယ်စိတ်များ ဝင်သွားရမည်သာဖြစ်သည်။

ဝမ်ပေါင်လဲ့၏ မိဘများမှာ တစ်သက်လုံး ဖီးနစ်ငှက်မြို့တော်ထဲ၌သာ နေထိုင်ခဲ့သည့် သာမန်လူများဖြစ်ကြ၏။ ဝမ်ပေါင်လဲ့၏ ဖခင်ဖြစ်သူမှာ အလုပ်ကိစ္စဖြင့် ယခင်တုန်းက ကောင်းကင်မြို့တော်သို့ ရောက်ခဲ့ဖူးပါသော်လည်း ယခုတွင်မူ ခရီးစဉ်အမျိုးအစားမှာ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူတို့မှာ ထိုမြို့တော်ထဲ၌ အခြေချနေထိုင်ကြတော့မည် မဟုတ်ပါလော။ ထို့ကြောင့် သင်္ဘောပျံကြီး မြို့တော်နားသို့ ချဉ်းကပ်လာသောအခါ သူသည် ခံစားချက်မျိုးစုံ ခံစားလိုက်ရ၏။ ဝမ်ပေါင်လဲ့၏ အမေမှာလည်း ထိုနည်းတူပင်။

” ဒီမြို့ကြီးက တော်တော်ကိုကြီးတာပဲ။ အမေတို့ရဲ့ ဖီးနက်ငှက် မြို့တော်လောက်တော့ မကောင်းဘူး ”

” အရွယ်အစား ကြီလွန်းပါတယ်ကွာ။ လူတွေလည်းအများကြီးပဲ။ လူတွေက အမေတို့ကို ဖော်ဖော်ရွေရွေ ဆက်ဆံကြပါ့မလား… ”

‌” ပေါင်လဲ့။ ဒီလိုမြို့တော်ကြီးတွေထဲက လူတွေက အပြင်လူတွေကို ဝိုင်းပြီးတော့ ပယ်ထားတတ်တယ်လို့ အမေ ကြားဖူးထားတယ် ” ဝမ်ပေါင်လဲ့၏ အမေမှာ ခရီးလမ်းတစ်လျှောက်လုံ ထိုအ‌တွေးများ မတွေးမိခဲ့ပါသော်လည်း အနားသို့ရောက်လာမှသာ ချီတုံချတုံဖြစ်လာသဖြင့် နားပူနားဆာ လုပ်နေတော့သည်။

ဝမ်ပေါင်လဲ့မှာမူ သူ၏အမေဘေး‌၌ စိတ်ရှည်ရှည်ဖြင့်ရပ်၍ ပြုံးကာ သူမအား ချော့မော့နေလိုက်၏။ ထိုအခါမှသာ သူမသည် အနည်းငယ်ခန့်ပြန်၍ တည်ငြိမ်သွားသည့်ပုံပင်။ သို့သော် သူမ၏ နှလုံးသားထဲ၌ စိုးရိမ်စိတ်များစွာ ကျန်ရှိနေဆဲပင်။ သူမ၏သားမှာ မည်မျှပင်အစွမ်းထက်နေ‌သည်ဖြစ်စေ သို့မဟုတ် သူမ စိုးရိမ်နေသည့် အရာများမှာ မည်သည့်အရာများ ဖြစ်နေမှန်း မသိနိုင်လောက်အောင် ဖြစ်နေရသည် ဖြစ်စေ၊ ယခုလက်ရှိ ကြုံတွေ့နေရသည့် အရာအားလုံးမှာ ယုံချင်စရာမရှိလောက်အောင် ဖြစ်နေသည်ဟု သူမက ခံစားနေရ၏။

ဝမ်ပေါင်လဲ့မှာ သူမ၏ခံစားချက်ကို နားလည်ပေသည်။ ထို့ကြောင့် သူသည် အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် လင်းယုံဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်သောအခါ သင်္ဘောပျံကြီးတစ်စင်းမှာ ကောင်းကင်မြို့တော် လေဆိပ်ဆီသို့ ရောက်ရှိလာ၏။

လင်းယုံမှာ ဝမ်ပေါင်လဲ့၏ အကြောင်းကြားစာကို လက်ခံရရှိလိုက်သည့် အချိန်တုန်းက သူ၏နေအိမ်ထဲတွင် ရှိနေခဲ့ပြီး သူ၏ရှေ့တွင်ရှိနေသော သစ်ပင်ကြီးအိုကြီးတစ်ပင်ကို ကြည့်ရှုနေခဲ့၏။ သူ၏ လက်ထဲတွင်လည်း ဝိညာဉ်ကျောက်တုံးတစ်တုံးကို ကိုင်ထားခဲ့သေးသည်။ သို့သော် သူသည် ကျင့်ကြံခြင်း လေ့ကျင့်နေခဲ့ခြင်းမဟုတ်ဘဲ လွှတ်တော်ကြီးနှင့်ပတ်သက်သည့် အကြောင်းအရာများကိုသာ စဉ်းစားတွေးတောနေခဲ့ခြင်းဖြစ်သည်။ သူ့ဆီတွင် အကျင့်တစ်ခုရှိသည်။ သူသည် စဉ်းစားခန်းဖွင့်သည့်အချိန်တိုင်း ဝိညာဉ်ကျောက်တုံးတစ်တုံး၏ ချောမွေ့သောမျက်နှာပြင်အား ပွတ်သတ်ရသည်ကို အလွန်အင်မတန်မှ နှစ်သက်၏။ သူသည် ထိုအကျင့်အား သားရဲစစ်ပွဲထဲ၌ ရရှိခဲ့ခြင်းဖြစ်သည်။

လင်းယုံမှာ ဝမ်ပေါင်လဲ့၏ အသံလွှင့်အကြောင်းကြားစာအား လက်ခံရရှိလိုက်ပြီးနောက် သူ၏အတွေးများကို ခဏမေ့ထားလိုက်၏။ ထို့နောက် သူသည် သူ၏အသံလွှင့်လက်စွပ်ကို ဖွင့်ကာ တစ်ချက်ကြည့်လိုက်ပြီးနောက် ရယ်မောလိုက်သည်။ သူသည် ဝမ်ပေါင်လဲ့အား အများကြီးမျှော်လင့်ထားသည်ဖြစ်ပြီး ယခုတွင် လင်းတျန်ဟောက်မှာလည်း ဝမ်ပေါင်လဲ့နှင့် တွဲဖက်မိနေပြီဖြစ်သည်။ ထို့အပြင် လက်ရှိတွင် လင်းယုံနှင့် ဝမ်ပေါင်လဲ့တို့မှာ ရာထူးအဆင့်အတန်း တူညီနေပြီလည်းဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့၏ မိသားစု သူ၏မြို့တော်သို့ ပြောင်းရွှေ့လာမည့်ကိစ္စကို အလွန်အင်မတန်မှ အလေးထားသောကြောင့် ချက်ချင်းပင် စီစဥ်မှုများ ပြုလုပ်လိုက်၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့၏ သင်္ဘောပျံကြီး ကောင်းကင်မြို့တော်၏ လေဆိပ်ထဲသို့ ရောက်ရှိလာသည့်အချိန်တွင် သူသည် လင်းယုံကိုယ်တိုင် သူ၏ ခြွေ‌ရံသင်းပင်းများနှင့်အတူ သူ့အား ကြိုဆိုရန် စောင့်ဆိုင်းနေကြသည်ကို မြင်လိုက်ရ၏။ ဝမ်ပေါင်လဲ့မှာ အပြင်ဘက်သို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ လင်းယုံအား အရိုအသေပေးလိုက်၏။ လင်းယုံကမူ ရယ်မောကာ ရှေ့သို့လှမ်းလာပြီး ဝမ်ပေါင်လဲ့အား လက်ဖြင့်ပုတ်လိုက်သည်။

သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် အပြင်ဘက်၌ ဆုံတွေ့ဖူးသည့် အကြိမ်အရေအတွက်မှာ သိပ်မများပါသော်လည်း မကြာခဏဆိုသလို အပြန်အလှန်ဆက်သွယ်နေခဲ့၏။ ထို့ကြောင့် သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် စိမ်းနေခြင်းမရှိဘဲ ပျော်ရွှင်မြူးထူးစွာ စကားစမြည်များ ပြောဆိုနေကြတော့သည်။ ထို့အပြင် လင်းယုံမှာ ဝမ်ပေါင်လဲ့၏ မိဘနှစ်ပါးကိုလည်း တရိုတသေ ပြောဆိုဆက်ဆံနေ၏။

သူတို့၏ရှေ့တွင် ရှိနေသောလူကြီးမှာ ကောင်းကင်မြို့တော်၏ မြို့တော်သခင်ဖြစ်ကြောင်း သိလိုက်ရသောအခါ ဝမ်ပေါင်လဲ့၏ မိဘများမှာ အနည်းငယ်ခန့် စိုးထိတ်သွားကြ၏။ လင်းယုံမှာ သူတို့၏ စိုးရိမ်စိတ်များကို အာရုံခံမိလိုက်သဖြင့် နွေးထွေးသိမ်မွေ့စွာ ပြုံးပြကာ သာမန်လူတယောက်ကဲ့သို့သာ ပြုမူပြောဆိုနေလိုက်သည်။ ထို့နောက် သူသည် ရင်းနှီးဖော်ရွေမှုရှိသော အိမ်နီးနားချင်းတစ်ယောက်ကဲ့သို့ အရွှန်းဖောက်နေလိုက်တော့သည်။

” အစ်ကိုဝမ်။ အစ်မဝမ်။ ဒီမြို့မှာ အခြေကျပြီးရင် အစ်ကိုတို့ အစ်မတို့ရဲ့သားကို ကျနော့် ကောင်းကြောင်းလေးတွေ ပြောပေးပါဦး။ ပြောရမှာ အားတော့အားနာဖို့ကောင်းတယ်။ ဒါပေမဲ့ ကျနော့်ရဲ့ တစ်ဦးတည်းသောသားမိုက်လေးက အခု ဝမ်ပေါင်လဲ့ လက်အောက်မှာ အလုပ်လုပ်နေတာလေ ”

ဝမ်ပေါင်လဲ့၏ မိဘများမှာ ထိုစကားကိုကြားလိုက်ရသောအခါ ဟက်ဟက်ပက်ပက် အော်ရယ်မိလိုက်၏။ လင်းယုံမှာ အရွှန်းဖောက်နေခြင်းသာဖြစ်ကြောင်း သူတို့က သဘောပေါက်လိုက်ကြသည်။ သူသည် သူတို့အား စိတ်အေးအေးထားနိုင်ရန် ကူညီပေးနေခြင်းဖြစ်၏။ တစ်ချိန်ထဲမှာပင် သူသည် ဝမ်ပေါင်လဲ့မှာ သာမန်လူတစ်ယောက် မဟုတ်တော့ကြောင်း သူတို့အား သတိပေးနေခြင်းလည်း ဖြစ်၏။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့အား ပို၍ပင် ယုံကြည်လာရတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကြောင့် စိတ်နှလုံးလှုပ်ရှားသွားရပြီး လင်းယုံအား ထပ်၍ ဦးညွှတ်အရိုအသေ ပေးလိုက်ပြန်သည်။

လင်းယုံမှာ ကြိုတင်စီစဉ်မှုများကို အကွက်စေ့အောင် ပြုလုပ်ထားခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ မိသားစုအား ကြိုဆိုလိုက်ပြီးနောက် သူတို့အား မြို့တော်သခင် အိမ်ရာအနီးရှိ အတွင်းပိုင်းမြို့တော်ဒေသဆီသို့ ခေါ်သွားလိုက်၏။ ထို့နောက် သူသည် အရွယ်အစား အတော်အသင့်ကြီးမားသော အိမ်တစ်လုံးကို ဝမ်ပေါင်လဲ့အား ချေးငှားလိုက်၏။

သူ၏နှုတ်မှသာ ချေးငှားပေးသည်ဟု ပြောနေပါသော်လည်း လက်တွေ့တွင်မူ လက်ဆောင်ပေးလိုက်ခြင်းသာဖြစ်သည်။

ထိုအိမ်ရာမှာ အလွန်အင်မတန်မှ ကျယ်ဝန်းပြီး မြက်ခင်းများနှင့် ဥယျာဉ်များသာမက အဆောင်သုံးဆောင်လည်း ရှိနေသေးသည်။ ထို့အပြင် ထိုနေရာကြီးတစ်ခုလုံးမှာ တန်ဆာဆင်ပစ္စည်း အစုံအလင်ဖြင့် ကျက်သရေရှိကာ တိတ်ဆိတ်ငြိမ်သက်နေ၏။ ယခုလို ပျားပန်းခတ် အလုပ်ရှုပ်နေသည့် လူမျိုးစုံဖြင့် ဆူညံပွက်လောရိုက်နေသော မြို့တော်ကြီးထဲတွင် ထိုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုမှာ အလွန်အင်မတန်မှ ဈေးမြောက်နေမည်သာ ဖြစ်သည်။ ထို့အပြင် ၎င်းမှာ အတွင်းပိုင်းမြို့တော်ဒေသထဲတွင် ရှိနေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ဘေးကင်းလုံခြုံမှု ကိစ္စများနှင့် ပတ်သက်၍လည်း စိတ်အေးသွားရ၏။

လင်းယုံမှာ အစေခံများကိုလည်း စီစဉ်ပေးထားသေးသည်။ သို့သော် ဝမ်ပေါင်လဲ့၏ မိဘများမှာ အစေခံ မထားဖူးပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ကမ်းလှမ်းချက်အား လိမ္မာပါးနပ်စွာဖြင့် ငြင်းဆိုလိုက်ပြီးနောက် လင်းယုံမှာလည်း ထွက်ခွာသွားတော့သည်။

လင်းယုံနှင့် သူ၏နောက်လိုက်များ ထွက်ခွာသွားပြီးသည့်တိုင်အောင် ဝမ်ပေါင်လဲ့၏ မိဘများမှာ ထို အိမ်ရာကြီးအား ငေးကြည့်နေကြဆဲပင်။ သူတို့မှာ အိပ်မက်ထဲတွင် ရောက်နေသကဲ့သို့ ခံစားနေရ၏။ ထို့နောက် သူတို့၏ သားရတနာလေးအား ပို၍ပင် ဂုဏ်ယူမိနေကြတော့သည်။

လင်းယုံမှာ လိုအပ်သည့်စီစဉ်မှုများကို ထပ်မံပြုလုပ်ပေးလိုက်၏။ ထို့ကြောင့် သူသည် ရက်အနည်းငယ်ခန့်အကြာတွင် ဝမ်ပေါင်လဲ့၏ မိသားစုနှင့် ဆွေးနွေးလိုက်ပြီးနောက် မြို့တော်ထဲရှိ ရှေးဟောင်းသုတေသနဌာနထဲ၌ ဝမ်ပေါင်လဲ့၏ ဖခင်အား ကြီးကြပ်ရေးမှူးအသစ်တစ်ယောက်အဖြစ် ခန့်အပ်ပေးလိုက်၏။

ထို့နောက် မြို့တော်ထဲရှိ ပညာရေးဌာနထဲတွင်လည်း လုပ်ပိုင်ခွင့်အာဏာ အတော်အသင့်ရှိသည့် ရာထူးတစ်ခုကို ဖန်တီးပေးလိုက်ပြီး ဝမ်ပေါင်လဲ့၏ မိခင်အား ထိုရာထူး အပ်နှင်းပေးလိုက်၏။

ဝမ်ပေါင်လဲ့၏ မိဘများအား မြို့တော်အသစ်ထဲ၌ နေသားကျသွားအောင် ကူညီပေးနိုင်မည့် အကောင်းဆုံးနည်းလမ်းမှာ ဝမ်ပေါင်လဲ့မှာ မည်သူမည်ဝါဖြစ်ကြောင်း လိုက်လံကြေညာကာ သူ၏ မိသားစုအား ဖော်လံဖားမည့် လူများကို စည်းရုံးခြင်း မဟုတ်ကြောင်း လင်းယုံက နားလည်ထား၏။ ဝမ်ပေါင်လဲ့၏ မိဘများအတွက် ကောင်းကင်မြို့တော်ထဲရှိ အစိုးရအသိုင်းအဝိုင်းထဲတွင် နေရာတစ်ခု ဖန်တီးပေးလိုက်မည်ဆိုပါက သူတို့မှာ မိတ်ဆွေအသစ်များ အလိုလိုရရှိသွားကြမည်သာဖြစ်သည်။

သို့ဖြစ်ရာ သူတို့၏ အကြောင်းများကို ကြွားဝါပြောဆိုနေရန် မလိုအပ်သလို အတင်းကြီး လိုက်လံဖုံးဖိနေရန်လည်း မလိုအပ်ပေ။ သူတို့၏ ဘဝအား ပုံမှန်အတိုင်း နေထိုင်ခြင်းသာလျှင် အကောင်းဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ပေါင်လဲ့၏ မိဘများ မည်ကဲ့သို့သော အခက်အခဲမျိုးနှင့် ကြုံရကြုံရ ဝမ်ပေါင်လဲ့နှင့် လင်းယုံ‌တို့ ဖြေရှင်းပေးနိုင်စွမ်းရှိနေသရွေ့ ပြဿနာမရှိနိုင်ပေ။

ထိုသို့ဖြင့် သူ၏မိဘနှစ်ပါးမှာ သူတို့၏ လုပ်ငန်းခွင်အသစ်များထဲသို့ စတင်ဝင်ရောက်သွားကြတော့သည်။ ထို့ကြောင့် သူတို့မှာ သူတို့၏ ပတ်ဝန်းကျင်အသစ်အား ကျင့်သားရသွားပြီး အချိန်များ အလဟဿ ဖြစ်မနေကြတော့ပေ။ ထိုသို့ဖြင့် သူတို့မိသားစုမှာ ကောင်းကင်မျိုးနွယ်စုထဲ၌ တဖြည်းဖြည်းနှင့် အခြေကျလာတော့သည်။

ဝမ်ပေါင်လဲ့၏အဖေမှာ အလုပ်ထဲ၌သာ အာရုံစိုက်ထား၏။ သို့သော် သူ၏အမေမှာ ဝမ်ပေါင်လဲ့၏ ထိမ်းမြားမင်္ဂလာပွဲကိစ္စအတွက်သာ စိတ်ရောက်နေသည်။ ထို့ကြောင့် သူမသည် သူမ၏သားအတွက် သင့်တော်မည့် သတို့သမီးလောင်းကို ရှာဖွေရင်းဖြင့်သာ သူမ၏ အချိန်အများစုအား ကုန်ဆုံးစေခဲ့၏။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ကောင်းကင်တာအိုကျောင်းသို့ ပြန်သွားရန် စဉ်းစားနေ၏။ သူသည် အမြုတေအဆင့် ကျင့်ကြံခြင်းပညာရပ်အသစ်တစ်ခုကို သွားယူရင်း အချို့သောကိစ္စများကို လက်စသတ်ရမည်ဖြစ်သည်။

ထို့ကြောင့် ရက်အနည်းငယ်ခန့် ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ မနက်ခင်းတစ်ခု၌ သူ၏အိမ်မှ ထွက်ခွာလာ၏။ သူသည် သက်တံ့ကွေးတစ်ခုအသွင် ပြောင်းလဲသွားပြီး ကောင်းကင်တာအိုကျောင်းဆီသို့ ဦးတည်သွားလိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset