Switch Mode

အခန်း (၄၇၅)

လက်တွဲဖော်

ဝမ်ပေါင်လဲ့မှာ သူ၏အမေ သူ့ပါးကို ဆွဲဆိတ်ရန် ရောက်လာသည်ကို မြင်လိုက်ရသောအခါ ကြောက်လန့်တကြားနှင့် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းစွမ်းအားများကို အလောတကြီး ချုပ်တည်းလိုက်ရ၏။ ထို့နောက် သူ၏အမေ လက်နာသွားမည် စိုးသောကြောင့် သူ၏ မျက်နှာကြွက်သားများကို လျှော့လိုက်၏။ ထိုသို့ လုပ်ရသည်မှာ ခက်ခဲပါသော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် အပြင်ခန္ဓာကိုယ်ကြောင့် သူ၏မိဘများ ထိခိုက်ဒဏ်ရာရသွားမည်ကို သူက စိုးရိမ်မိနေ၏။

ကံကောင်းစွာပင် ဝမ်ပေါင်လဲ့မှာ အလျင်အမြန် တုံ့ပြန်နိုင်ခဲ့ပေသည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ချုပ်တည်းထားပြီး သူ၏ မျက်နှာကြွက်သားများကို လျှော့ထားသောကြောင့် သူ၏အမေမှာ သူ၏ပါးကို ဆွဲဆိတ်လိုက်ပါသော်လည်း အခြားမည်သည့်အရာကိုမှ သတိမထားမိလိုက်ပေ။ သူမ၏ မျက်ဝန်းများထဲရှိ စိတ်မကောင်းဖြစ်နေသည့် အရိပ်အယောင်များနှင့် နာကျင်မှုအရိပ်အယောင်များကြောင့် ဝမ်ပေါင်လဲ့မှာ ရင်ထဲ၌ နွေးသွားရ၏။

ထိုကဲ့သို့သော နွေးထွေးမှုမျိုးကို အင်္ဂါဂြိုဟ်ပေါ်၌ မရနိုင်ပေ။ သူသည် သူ၏မိတ်ဆွေများနှင့် ရှိနေခဲ့စဉ်တုန်းကတောင် ယခုကဲ့သို့ မခံစားခဲ့ရပေ။ ထို့ကြောင့် သူသည် ပြုံးဖြဲဖြဲနှင့် သူ၏ဗိုက်ကို ပုတ်ပြလိုက်၏။

” အမေ ဒီမှာကြည့်ပါဦးဗျ။ ဒီဗိုက်ကြီးဆို ဖောင်းကားလို့။ စိတ်မပူပါနဲ့။ သား ဝိတ်ကျသွားမှာ မဟုတ်ပါဘူး ”

” သားဗိုက်လည်း သေးသွားလိုက်တာ ” ဝမ်ပေါင်လဲ့၏အမေမှာ သက်ပြင်းချလိုက်ပြီး ဝမ်ပေါင်လဲ့အား ဆိုဖာပေါ်သို့ ဆွဲခေါ်ကာ အင်္ဂါဂြိုဟ်ပေါ်၌ ကြုံခဲ့ရသည့် ဖြစ်ကြောင်းကုန်စင်ကို အသေးစိတ် မေးမြန်းလိုက်တော့သည်။ သူမ၏ မျက်ဝန်းများထဲ၌ ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်လာသဖြင့် ဝမ်ပေါင်လဲ့မှာလည်း နှလုံးသားထဲ၌ နွေးထွေးမှုများကို ခံစားလိုက်ရပြီး စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားတော့သည်။

” ရည်းစားလား။ ရှိတာပေါ့ဗျ။ အမေ့ကို သား ပြောပြရမယ်။ သားမှာ ရည်းစားတွေမှ အများကြီး။ များလွန်းလို့ ခေါင်းရှုပ်နေရတဲ့ အထိပဲ ”

” သားကို ဂရုစိုက်ပေးဖို့လူလား။ အမေ။ သားက အခု ဒုပဏာမအဆင့်နှစ် အရာရှိတစ်ယောက်ဖြစ်နေပြီဗျ။ သားအကြိုက် လိုက်လုပ်ပြီးတော့ သားခိုင်းသမျှလုပ်ဖို့ စောင့်နေတဲ့လူတွေမှ တစ်ပုံကြီး။ သားမှာ ကိုယ်ရံတော်တွေတောင် ရှိနေပြီးသား။ စိတ်မပူပါနဲ့ ”

” ဒါနဲ့ အမေ‌ ရုပ်တောင် ပိုနုလာသလားလို့။ ဒီ အဝတ်အစားတွေ ဘယ်ကနေ ဝယ်တာလဲဗျ။ တော်တော်ကိုခေတ်မီတာပဲ ” ဝမ်ပေါင်လဲ့မှာ လိမ္မာပါးနပ်စွာဖြင့် စကားလမ်းကြောင်းပြောင်းကာ သူ့အမေအား အာရုံလွှဲလိုက်၏။ ထို့နောက် သူ၏နည်းဗျူဟာမှာ အလုပ်ဖြစ်ကြောင်း သိလိုက်ရသဖြင့် ချီကျုးစကားများ ထပ်၍ ပြောနေလိုက်တော့သည်။

နောက်ဆုံးတွင် ဝမ်ပေါင်လဲ့၏အမေမှာ ရယ်မောကာ ဝမ်ပေါင်လဲ့၏ ‌ခေါင်းအား လက်ဖြင့်ပုတ်လိုက်၏။ သူမ၏ မျက်ဝန်းထဲမှ ချစ်ခြင်းမေတ္တာများလည်း ပို၍ပင် ယိုဖိတ်လာတော့သည်။ သူမသည် မီးဖိုချောင်ထဲ၌ ပန်းကန်များ ထုတ်နေသည့် သူမ၏ခင်ပွန်းကိုပင် တစ်ချက်ကလေးမှ လှမ်းမကြည့်ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ သူ၏အဖေအား သနားသွား၏။

ခဏအကြာတွင် ပန်းကန်များအားလုံး ထမင်းစားစားပွဲပေါ်သို့ ရောက်လာပြီဖြစ်သောကြောင့် မိသားစုသုံးယောက်မှာ နှစ်ပေါင်းများစွာ ခွဲခွာခဲ့ရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြန်၍ ထမင်းလက်ဆုံစားလိုက်ကြတော့သည်။ ဝမ်ပေါင်လဲ့မှာ စကားများ ရွှန်းရွှန်းဝေအောင်ပြောနေသဖြင့် သူ၏အမေမှာ မပင်မပန်း ရယ်မောကာ သူ၏အဖေမှာ မကျေမနပ်ဖြစ်နေသည့် အမူအရာဖြင့် နှာများမှုတ်နေတော့သည်။

ထိုသို့ဖြင့် သူတို့၏စကားဝိုင်းမှာ ဝမ်ပေါင်လဲ့၏ အကြောင်းမှ မြေးများ၏အကြောင်းသို့ ရောက်ရှိသွား၏။ ဝမ်ပေါင်လဲ့၏အမေမှာ ထိုကိစ္စနှင့်ပတ်သက်၍ စိုးရိမ်နေသည့်ပုံပင်။

” ပေါင်လဲ့။ သားမှာ ရည်းစားတွေအများကြီးရှိတယ်လည်း ပြောသေးတယ်။ ဘာလို့ ဒီတစ်ခေါက် အိမ်ကိုခေါ်မလာတာလဲ။ သား မြန်မြန်လေး အခြေကျမှဖြစ်မယ်… မဖြစ်သေးပါဘူး။ မနက်ဖြန် သား အမေနဲ့လိုက်ခဲ့။ သားကို အောင်သွယ်ပေးရမယ်။ လက်ထောက်မြို့တော်သခင်ရွှီရဲ့ သမီးဆို သားနဲ့ တော်တော်လိုက်ဖက်မှာ။ သူက အမေနဲ့တွေ့တိုင်း အမြဲတမ်း ဖော်ဖော်ရွေရွေနဲ့။ ပြီးတော့ သူ့ပုံစံက သားလေးတွေပဲ မွေးပေးမယ့်ပုံစံ ”

ဝမ်ပေါင်လဲ့မှာ ထိုစကားကိုကြားလိုက်ရသောအခါ မှင်တက်သွားရ၏။ သူသည် အောင်သွယ်မှုများအား ရှက်စရာကောင်းသည်ဟု တစ်သက်လုံး မှတ်ယူထားခဲ့သည်ဖြစ်သည်။ အထူးသဖြင့် သူ့လို လူပုဂ္ဂိလ်မျိုးအတွက်ဆိုလျှင် ပို၍ပင် ရှက်စရာကောင်းပေသည်။ သူသည် ပြည်ထောင်စုကြီး တစ်ခုလုံးထဲ၌ ရုပ်အချောဆုံးပုဂ္ဂိုလ်ဖြစ်ရာ အဘယ်ကြောင့် သူ့အား အောင်သွယ်ပေးရန် လိုအပ်မည်နည်။

” အဓိပ္ပါယ်မရှိတာ‌ ” ဝမ်ပေါင်လဲ့ စကားတစ်ခွန်းမှ ပြန်မပြောနိုင်ခင်မှာပင် သူ၏အဖေမှာ ထမင်းစားတူအား အောက်သို့ချကာ မေးငေါ့၍ တည်ကြည်စွာ ဆိုလိုက်၏။

” ပေါင်လဲ့က လွှတ်တော်အမတ်တစ်ယောက်နဲ့ အထူးဒေသမြို့တော်တစ်ခုရဲ့ မြို့တော်သခင်တစ်ယောက် ဖြစ်နေပြီလေ။ သူ့ရဲ့ ထိမ်းမြားမင်္ဂလာပွဲကိစ္စကို အခုလို ပေါ့ပေါ့တန်တန်သဘောထားလို့ ဘယ်ဖြစ်ပါ့မလဲ ”

” အဘိုးကြီးဝမ်။ ရှင်က ကျမကို ပြန်အော်ပြောရဲလောက်အောင်ကို သတ္တိတွေ ကောင်းနေပြီပေါ့။ ကျမသားကြောင့် စိန်နားကပ်ရောင်နဲ့ ပါးပြောင်နေတဲ့ ရှေးဟောင်းသုတေသနအဖွဲ့ ခေါင်းဆောင်လေးတစ်ယောက်ကများ ကျမရှေ့လာပြီးတော့ ဟိတ်တွေဟန်တွေ ထုတ်ပြနေသေးတယ် ” ဝမ်ပေါင်လဲ့၏အမေမှာ ဝမ်ပေါင်လဲ့အား အမြဲတမ်း အကြင်နာ‌မေတ္တာအပြည့်ဖြင့် ပြောဆိုဆက်ဆံခဲ့ပါသော်လည်း သူမ၏ခင်ပွန်းဖြစ်သူနှင့် စကားပြောဆိုရာတွင်မူ အလွန်အင်မတန်မှ ခက်ထန်တင်းမာ၏။ ယခုတွင်လည်း သူမသည် မျက်လုံးများ ကျွတ်ထွက်လာလုမတတ် သူ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏အဖေမှာ စကားပြန်မပြောရဲတော့ဘဲ ခေါင်းငုံ့သွားပြီး ရေရွတ်လိုက်တော့သည်။

” သူက ငါ့သားဆိုလည်း ဟုတ်တယ်လေ ”

” ပါးစပ်ပိတ်ပြီး ထမင်းသာစားစမ်းပါရှင် ”

ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကိုကြည့်ရင်း ပြုံးကာ ‌မျက်လုံးများ မှေးသွား၏။ သူသည် ရုတ်တရက်ဆိုသလို ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ အရင်တစ်ခေါက် အိမ်သို့ ပြန်လာခဲ့စဥ်တုန်းက ယခုကဲ့သို့ မခံစားခဲ့ရပေ။ သို့သော် ယခုတွင်မူ သူသည် သူ၏မိဘများအား မချန်ရစ်ခဲ့ချင်ဘဲ ဖြစ်နေရတော့သည်။

ထို့ကြောင့် သူသည် သူ၏ ရည်မှန်းချက်ပန်းတိုင်နောက်သို့ ဇောက်ချ၍ လိုက်နေခဲ့သောကြောင့် အိမ်တွင်ကျန်ရစ်ခဲ့သော သူ၏မိဘများအား လျစ်လျူရှုထားမိသလို ဖြစ်နေသည်လောဟု တွေးနေမိတော့သည်…

သို့သော် သူသည် သူမမိဘများအား မကြာခဏဆိုသလို ဆက်သွယ်ခဲ့ပြီး ဆေးလုံးအချို့ကိုလည်း သူတို့ဆီသို့ ခဏခဏ ပေးပို့ခဲ့၏။ သူ၏ မိဘများမှာ ကျင့်ကြံခြင်းလေ့ကျင့်ရန် ပါရမီအထုံ ပါမလာကြပါသော်လည်း ထိုဆေးလုံးများကြောင့် ရှေးဟောင်းသိုင်းပညာထိပ်ဆုံးအဆင့်ထိ တက်လှမ်းနိုင်ခဲ့၏။

ထို့ကြောင့် သူတို့၏ သက်တမ်းမှာလည်း အတိုင်းအတာတစ်ခုအထိ ပို၍ရှည်လျားလာခဲ့သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို အလွန်အင်မတန်မှ ကြောက်ရွံ့သွားရတော့သည်။ သူသည် ကျင့်ကြံခြင်း လေ့ကျင့်နေရင်း တရွေ့ရွေ့ ကုန်ဆုံးနေခဲ့သည့်အချိန်များကို ကြောက်ရွံ့နေရ၏။ တစ်နေ့နေ့ သူ တံခါးပိတ်ကျင့်စဉ်တစ်ခုထဲမှ ပြန်ထွက်လာချိန်တွင် ကမ္ဘာကြီးတစ်ခုလုံးပြောင်းလဲသွားပြီး သူနှင့် သိကျွမ်းသော လူများအားလုံး မရှိတော့မည်ကို သူက စိုးရိမ်မိနေတော့သည်။

” မမလေး။ ဒီကမ္ဘာကြီးထဲမှာ သာမန်လူတစ်ယောက်ရဲ့ သက်တမ်းကို ဆွဲဆန့်ပေးနိုင်တဲ့ ဆေးလုံးတို့ ရှားပါးသဘာဝပစ္စည်းတို့လို အရာတွေ ရှိလားဗျ ” ဝမ်ပေါင်လဲ့မှာ သူ၏စိတ်ထဲ၌ လေသံတိုးတိုးဖြင့် မေးလိုက်၏။

မမလေးမှာ အမှောင်အဆောင်ပစ္စည်းထဲတွင် ရှိခဲ့စဉ်တုန်းက ပြန်အိပ်တော့မည်ဟု ဆိုခဲ့သည့် အချိန်မှစ၍ ယခုအထိ စကားတစ်ခွန်းမှ မပြောခဲ့ပေ။ ဝမ်ပေါင်လဲ့မှာ အမှောင်အဆောင်ပစ္စည်းထဲမှ ထွက်ခွာလာခဲ့စဉ်တုန်းက သူမအား လှမ်း၍ ဆက်သွယ်ခဲ့ပါသော်လည်း သူမမှာ အကြောင်းမပြန်ခဲ့ပေ။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ မမလေး၏ စကားသံမှာ တိုးတိုးကလေး ပဲ့တင်ထပ်သွား၏။ သူမ၏ စကားသံထဲတွင် ဝမ်းနည်းညှိုးငယ်စိတ်များနှင့် အတိတ်ကိုလွမ်းဆွတ်သတိရနေသည့် စိတ်များအပြင် ကရုဏာသက်နေသည့် စိတ်များ ရောယှက်နေ၏။

” ရှိတယ် ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူမိသွားပြီး ပြုံးသွား၏။ ထိုကဲ့သို့သော အရာများ ရှိနေသရွေ့ သူသည် ၎င်းတို့အား ပိုင်ဆိုင်နိုင်အောင် ကြိုးစားမည်သာဖြစ်သည်။ သို့မှသာ သူ၏ စိုးရိမ်သောကများ ပျောက်ကွယ်သွားနိုင်ပြီးဖြစ်သည်။ ထို့နောက် သူသည် သူ၏မိဘများအား ကြည့်လိုက်ပြီးနောက် ရယ်မောကာဆိုလိုက်၏။

” အမေ။ သားတို့တွေ အိမ်ပြောင်းရအောင်။ ကောင်းကင်မြို့တော်ထဲမှာ ရှိတဲ့ ကောင်းကင်တာအိုကျောင်းရဲ့ ဘေးနားမှာ ပြောင်းနေကြစို့ဗျာ ”

ဝမ်ပေါင်လဲ့၏အဖေမှာ ထိုစကားကို ကြားလိုက်ရသဖြင့် စကားပြောရန် ပြင်လိုက်စဉ်တွင် သူ၏အမေမှာ နှာမှုတ်လိုက်၏။ ထိုအခါ သူသည် ချက်ချင်းဆိုသလိုပင် ခေါင်းပြန်ငုံ့သွားပြီး ထမင်းသာ ဆက်စားနေတိုက်တော့သည်။ သူသည် သူ၏ဇနီးပြောသည့်အတိုင်း တဝေမတိမ်းလိုက်နာကာ အခြားမည်သည့် ဟင်းပန်းကန်ကိုမှ မထိဘဲ ထမင်းတစ်မျိုးတည်းကိုသာ စားနေ၏…

” ပေါင်လဲ့။ အဲ့ကိစ္စနဲ့ ပတ်သတ်ပြီးတော့ သားမပြောရင်တောင် အမေကပြောဖို့ စီစဉ်ထားပြီးသား။ ဖီးနစ်ငှက်မြို့တော်ထဲမှ နေရတာ အရင်တုန်းကလောက် စိတ်လွတ်ကိုယ်လွတ်မရှိတော့ဘူး။ အဲ့တာမလို့ အိမ်ပြောင်းတာပဲ ကောင်းတယ်လို့ အမေ ထင်တယ် ” ဝမ်ပေါင်လဲ့၏အမေမှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ခေါင်းညိတ်သဘောတူလိုက်၏။ သူမမှာ ထိုသို့အိမ်ပြောင်းရသည့် အကြောင်းအရင်းကို သိထားပြီးသာဖြစ်သောကြောင့် အသေးစိတ်မေးမြန်းမနေတော့ပေ။ သူ၏သားဖြစ်သူမှာ လူအများစံထားရသည့် အဆင့်မြင့်အရာရှိတစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ မိဘများအနေနှင့် ယခုကဲ့သို့သော အချိန်များတွင် သူတို့၏ သားသမီးများအား အခက်တွေ့အောင် မလုပ်မိစေရန်သာ လိုအပ်ပေသည်။

သူတို့၏ သားဖြစ်သူမှာ အိမ်ပြောင်းသင့်ကြောင်း ပြောနေပြီဖြစ်ရာ သူတို့မှာလည်း သဘောတူလိုက်မည်သာဖြစ်သည်။

ထို့အပြင် သူမသည် အောင်သွယ်ပေးမည့် ကိစ္စကိုလည်း ထည့်တွက်ခဲ့၏။ ကောင်းကင်မြို့တော်ကဲ့သို့သော မြို့တော်ကြီးတစ်ခုထဲတွင် သူမစိတ်ကြိုက် ရွေးချယ်နိုင်မည့် အနာဂတ်ချွေးမလောင်းများ ပို၍ ရှိနေမည် မဟုတ်ပါလော။ ထို့ကြောင့် ဖီးနစ်ငှက်မြို့တော်နှင့် ယှဉ်လိုက်မည်ဆိုပါက ရွေးချယ်ခွင့် အများကြီး ပိုရှိနေမည်ဖြစ်သည်။

ထိုသို့ဖြင့် သူတို့မှာ နွေးနွေးထွေးထွေးနှင့် ညစာစားလိုက်ကြပြီးနောက် ညဉ့်နက်သန်းခေါင်ယံအချိန်သို့ ရောက်ရှိသွား၏။ ဝမ်ပေါင်လဲ့မှာ သူ၏ အိပ်ခန်းငယ်လေးဆီသို့ ပြန်သွားလိုက်ပြီး သူ၏ ခုတင်လေးပေါ်၌ လဲလျောင်းကာ အပြင်ဘက် ကောင်းကင်ယံကြီးထဲရှိ လမင်းကြီးအား ငေးကြည့်နေလိုက်တော့သည်။ သူသည် တရားထိုင်ခြင်း မရှိသလို လေ့ကျင့်နေခြင်းလည်း မရှိဘဲ စိတ်လွတ်ကိုယ်လွတ်နေကာ မျက်လုံးများမှိတ်လိုက်တော့သည်။ ထို့နောက် သူသည် အိပ်မက်များပင် မက်နေတော့သည်။ သူ ထိုကဲ့သို့ အိပ်မက်မမက်ခဲ့သည်မှာ အချိန်အတော်အတန် ကြာပြီဖြစ်သည်။

ထိုသို့ဖြင့် အချိန်များကုန်လွန်သွားပြီး ပဉ္စမမြောက်နေ့တွင် သူမမိဘနှစ်ပါး လိုအပ်သည်များအားလုံးကို စီစဉ်ပြီးသွားကြသောအခါ သူတို့မိသားစုတစ်ခုလုံးမှာ ဝမ်ပေါင်လဲ့၏ သင်္ဘောပျံကြီးပေါ်သို့တက်ကာ ပြောင်းရွှေ့သွားကြတော့သည်။

လျှိုတောက်ပင်း၏ ဖခင်ဖြစ်သူမှာ သူတို့ ပြောင်းရွှေ့သွားကြသည်ကို လက်မခံချင်ပါသော်လည်း ဝမ်ပေါင်လဲ့၏ လက်ရှိရာထူးအဆင့်အတန်းနှင့် ကျင့်ကြံခြင်းအဆင့်များအရ သူ၏မိဘများမှာ ဤမြို့တော်ထဲ၌ ဆက်၍နေထိုင်ရန် သင့်တော်မှု မရှိတော့သည်ကို သိထား၏။ အခြားကိစ္စများအားလုံးကို ထည့်မတွက်လျှင်တောင် သူတို့၏ ဘေးကင်းလုံခြုံမှုကို အာမခံပေးနိုင်မည် မဟုတ်ပေ။ ဖီးနစ်ငှက်မြို့တော်မှာ မြို့တော်ငယ်လေးတစ်ခုသာဖြစ်ရာ ကောင်းကင်တာအိုကျောင်း၏ ဘေးတွင်ရှိသော ကောင်းကင်မြို့တော်နှင့် ယှဉ်နိုင်မည်မဟုတ်ပေ။ ၎င်းမှာ ခံတပ်တစ်ခုနီးပါး လုံခြုံမှုရှိသည့်ဖြစ်ပြီး မည်သူကမှ အလွယ်တကူ ထိုးဖောက်နိုင်မည်မဟုတ်ချေ။

ဝမ်ပေါင်လဲ့၏ ရာထူးအဆင့်အတန်းကြောင့် ကောင်းကင်မြို့တော်မှာ သူ၏မိဘနှစ်ပါးကို ကောင်းမွန်စွာ စောင့်ရှောက်ပေးထားမည်သာ ဖြစ်သည်။ သူတို့မှာ လက်ကျန်ဘဝတစ်လျှောက်လုံးတွင် မည်သည့်အခက်အခဲနှင့်မှ ကြုံတွေ့ရတော့မည်မဟုတ်ပေ။

ဝမ်ပေါင်လဲ့၏ မိဘများမှာ ထိုအခြင်းအရာများကို နားလည်ထားသောကြောင့် သူတို့၏ ချီတုံချတုံဖြစ်နေသော စိတ်များကို မျိုသိပ်ထားလိုက်တော့သည်။ သူတို့မှာ သူတို့၏ သားနှင့်အတူ သင်္ဘောပျံကြီးပေါ်သို့ တက်သွားကြစဉ်တွင် လူအုပ်ကြီးတစ်ခုက သူတို့အား လိုက်လံနှုတ်ဆက်လိုက်ကြ၏။ နောက်ဆုံးတွင် ထိုသင်္ဘောပျံကြီးမှာ လေပေါ်သို့ ပျံတက်သွားပြီး ကောင်းကင်မြို့တော်ဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ သင်္ဘောပျံကြီးအား ဖြည်းဖြည်းလေးသာ မောင်းနှင်ခဲ့၏။ ထိုသို့ မောင်းနှင်ရသည့် အကြောင်းအရင်းမှာ သူ၏မိဘများအား ခရီးစဉ်တစ်လျှောက်လုံး၌ သက်တောင့်သက်သာရှိစေချင်သောကြောင့်ဖြစ်၏။ ထို့အပြင် သူ၏အဖေမှာ ရှေးဟောင်းသုသေသနအဖွဲ့ဝင်တစ်ယောက် ဖြစ်သောကြောင့် မကြာခဏဆိုသလို မြို့တော်ထဲမှ ထွက်ခွာ၍ အပြင်ဘက်‌၌ လှည့်လည်သွားလာဖူးပါသော်လည်း သူ၏အမေမှာ သူမ၏ ဘဝတစ်လျှောက်လုံး၌ မြို့တော်ကြီး၏ အဝေးသို့ လုံးဝမသွားခဲ့ဖူးပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဤအခွင့်အရေးကိုအသုံးချ၍ သူ၏မိဘများအား ခရီးစဉ်တစ်လျှောက် လှည့်လည်ပြသရန် စီစဉ်ထား၏။

ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာ ပြိုင်ဘက်ကင်းသည့် အဆင့်အထိ မရောက်သေးသည့်တိုင်အောင် သူ၏မိဘများအား ကမ္ဘာပေါ်၌ ကာကွယ်ပေးနိုင်စွမ်းတော့ ရှိပေသည်။ ထိုသို့ဖြင့် သူ၏မိဘနှစ်ပါး ဇာတိမြို့မှ ထွက်ခွာလာခဲ့သောကြောင့် ခံစားနေခဲ့ရသည့် ဝမ်းနည်းမှုများမှာ ကမ္ဘာကြီး၏ ရှုခင်းအလှများကို မြင်လိုက်ရသည့်အချိန်တွင် ပျောက်ကွယ်သွားကြတော့သည်။ သူတို့မှာ တောင်စဉ်တန်းများပေါ်မှ ဖြတ်၍ပျံသန်းသွားပြီး နှင်းများဖုံးနေသည့် တောင်ထိပ်တစ်ခုပေါ်၌ ဆင်းသက်လိုက်ကြ၏။ ထို့နောက် သူတို့မှာ ထိုနှင်းများကို အရည်ပျော်အောင်လုပ်ကာ လက်ဖက်ရည်ဖျော်ရင်း ကောင်းကင်ယံကြီးထဲရှိ တိမ်တိုက်များနှင့် နှင်းတောင်များ၏ အောက်ခြေရှိ ရေကန်ပြာကြီးများကို ငေးကြည့်နေကြတော့သည်။

သူတို့မှာ သစ်တောအုပ်ကြီးများထဲမှ ဖြတ်သွားကြသောအခါ သစ်တောကြီး၏ အတွင်းပိုင်းရှိ ကျေးငှက်များကို မြင်ခဲ့ရပြီး ပန်းပွင့်များကိုလည်း နမ်းရှုပ်ခဲ့ကြ၏။ ထို့အပြင် သူတို့မှာ ကြောက်မက်ဖွယ်ရာကောင်းကာ ရက်စက်ကြမ်းကြုတ်နေရမည့် သားရဲကြီးများ ခွေးပေါက်လေးများအဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့အား ချွဲနေကြသည့် မြင်ကွင်းများကိုလည်း မြင်ခဲ့ရသေးသည်။

ထို့နောက် သူတို့မှာ သဲကန္တရာကြီးများကို ကျော်ဖြတ်ရင်း အိုအေစစ်ရေအိုင်များထဲမှ ကြည်လင်အေးမြသော ရေများကိုလည်း သောက်သုံးခဲ့သေးသည်။

ထိုသို့ဖြင့် သူတို့မိသားစုသုံးယောက် စီးနင်းလာသော သင်္ဘောပျံကြီးမှာ အပြာရောင်ကောင်းကင်ကြီးအောက်ရှိ တိမ်တိုက်များကို ထိုးခွင်းကာ တောင်စဉ်တန်းများနှင့် တောအုပ်များပေါ်မှ ဖြတ်၍ ပျံသန်းသွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ မိဘများမှာ ကျင့်ကြံသူတစ်ယောက်၏ ဘဝအကြောင်းအား တစ်စိတ်တစ်ပိုင်းခန့် သိမြင်လိုက်ရတော့သည်။

” အမေ။ ကျနော် ကလေးဘဝတုန်းက အမေနဲ့ အဖေ့ကို ကျနော်နဲ့အတူ ကမ္ဘာပတ်ဖို့ ခေါ်သွားမယ်လို့ ပြောခဲ့ဖူးတယ်နော် ” ဝမ်ပေါင်လဲ့မှာ သူ၏ မိဘနှစ်ပါး၏ ပြုံးပျော်နေသော မျက်နှာများနှင့် ရောက်သည့်နေရာတိုင်း ဓါတ်ပုံများ ရိုက်နေကြသည်ကို ပြုံးပြုံးကြီးနှင့် ကြည့်ရင်း သင်္ဘောပျံကြီးပေါ်၌ ရပ်ကာ စိတ်ထဲ၌ ကြည်နူးနေမိတော့သည်။ ၎င်းမှာ ဒုပဏာမအဆင့်နှစ်အရာရှိအဖြစ် ရာထူးတိုးခံခဲ့ရစဉ်တုန်းက ခံစားခဲ့ရသည့် ပျော်ရွှင်မှုမျိုးထက် အဆပေါင်းများစွာပို၍ သာလွန်သော ပီတိတစ်မျိုး ဖြစ်ပေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset